ဆရာကိုမိုးဟိန်းသို့ အမှတ်တရ
မိုးသီးဇွန်
တစ်။ 
ဆရာကိုမိုးဟိန်းတယောက် လည်ချောင်းကင်ဆာနဲ့ ဆုံးသွားပြီကြားတော့  ကျနော် အထူးစိတ်မကောင်းဖြစ်မိတယ်။  ကင်ဆာရောဂါ လည်း ကျနော်အချစ်ဆုံး မိတ်ဆွေတွေဝိညဉ် ကိုထုတ်နေတာတွေ့ရတော့ “ဟယ်- ကင်ဆာကျဆုံးပါစေ’’ လို့ ပြည်တိုင်းတုန်အောင် ဟစ်ကြွေးလိုက်ချင် လာတယ်။ သူအကြောင်းကို နေနွယ်နဲ့ ကျနော် ဒီမနက် ပြောမိကြတယ်။ ကိုနေနွယ် က နိုင်ငံရေးအကျဉ်သားဟောင်းတဦး နဲ့အယ်ဒီတာတဦး။ သူဆီမှာအင်္ဂလိပ်စာသင်ခဲ့တဲ့အကြောင်းနဲ့ သူဆီကရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ပညာတွေရခဲ့အကြောင်းကို  ကိုနေနွယ်ကို ကျနော်ပြောပြ မိတယ်။  ကိုနေနွယ်ကလည်း ဆရာကိုမိုးဟိန်းနဲ့ရင်းနှီးတယ်။ သူက ''အေးဗျ သီလ၊ သမာဓိ၊ ပညာ ပြည့်ဝလှတဲ့သူတွေနဲ့ပြောကြတဲ့အခါမှာ သူ တို့ရဲ့ပြည့်ဝမှုက တခြားသူကို ကူးဆက်နိုင်စွမ်းရှိတယ်'' လို့ ဆိုတယ်။ သူပြောတာဟုတ်ပါတယ်။ဆရာမိုးဟိန်းဟာ ကျနော့်ကို စွမ်းအားတွေပါပေးခဲ့တယ်။ 
နှစ်။ 
ကျနော် ကိုးတန်းကျောင်းသားဘ၀မှာ အင်္ဂလိပ်စာကို အရမ်းကိုတတ်ခြင်နေတယ်။ တတ်ခြင်တဲ့အကြောင်းက နိုင်ငံရေးလုပ်ခြင်လို့ပါ။ ဒသနိကတွေ။ စီးပွားရေးအကြောင်းတွေနဲ့ ကမ္ဘာကြီးဘာဖြစ်နေတာလဲ ဆိုတာကိုသိခြင်နေတာ။ သိခြင်တဲ့ဆန္ဒက ဘွိုင်လာအိုးတခုလို ဆူပွက်နေတယ်။  ဆုံးဖြတ်တာတခုတော့မှန်သွားတယ်။ ဒါက နိုင်ငံရေးကိုသိချင်ရင် အင်္ဂလိပ်စာတတ်အောင်လုပ်ရမယ်။ 
ပညာတတ်အောင်လုပ်ရမယ်။ အောင်ရမည့်ဦးရမည့်ဦးရန်အောင်ကစ၊ ရှင်သုမနဘီအေ၊ ကေတီ ဦးကျော်တင့်၊ ချစ်သိန်းဦး၊ ဆရာသာနိုးတို့အလယ်၊ ဆရာကြီး တက်တိုးအဆုံး အားလုံးကို ကျေးဇူးတင်ပါတယ်လို့ တွေ့ရင်ပြောချင်လှပါတယ်။
ဒီထဲမှာ ဆရာကြီးဦးရွှေကျော်နဲ့ ဆရာ ကိုမိုးဟိန်း တို့က အမှတ်တရအဖြစ်ရဆုံးတွေ။ ငယ်သေးတော့ ဘယ်လို စရမှန်းမသိဘူး။ အင်္ဂလိပ်စာတတ်ခြင်ရင် အင်္ဂလိပ်စာကိုများများဖတ်လို့ တချို့ဆရာတွေက အကြံပေးလာတယ်။ ဒီတော့ သမ္မာကျမ်း၊ တိုင်းမ်စ်၊ ရီးဒါးဒိုင်ဂျက် စတဲ့စာအုပ်တွေကနေစပြီ ဂန္ထာဝင် ဝတ္ထုတွေပါမကျန် သဲကြီးမဲကြီးဖတ်တော့တယ်။ နားမလည်ပါ။ မီးနင်းတွေသာ များလာတယ်၊ ခရီးမပေါက်လှဘူး။ မှော်ရုံတောမှာ တ၀ဲလည်လည်ဖြစ်နေတယ်။ 
တယောက်က အကြံပေးတယ် အင်္ဂလိပ်စာတတ်ခြင်ရင် သမာကျမ်းက စဖတ်လို့ဆိုတယ်။ ဒီတော့ သမ္မကျမ်းစာ သစ်နဲ့အဟောင်းကို ကျမ်းစာ အသင်းမှာသွားဝယ်တယ်။ ဒီဆိုင်က   ရှေ့ဆောင်ရုပ်ရှင်ရုံဘေးမှာ။ ဖတ်တယ်။ နားမလည်ဘူး ။ ရှုပ်ထွေးလှတဲ့ နာမည်နဲ့ ဖြစ်ရပ်တွေ၊ ဆရာလို အပ်နေပြီ။   ဆရာတယောက်တွေ့ကိုတယ်။ ဆရာရစ်ချဒ် ( ကိုဖရန်ကီမိုးမြင့်လွင်အကို) ဆီမှာ တနှစ်လောက်  Bible ကို ဖတ်တယ်။  ဝေံဂေလိက ဆရာညီညီဆီမှာတခါသွားဖတ်တယ်။  
ဝေံဂေလိက ကျနော်တို့အိမ်နားမှာပဲ ။ တယောက် သမာကျမ်းစာ (   Bible )  ဖတ်တာလည်းဖတ်ပေါ့။ ကျနော်အချစ်ဆုံးမိတ်ဆွေ ကိုညို က ရသစာပေတွေ လည်း ဖတ်ဗျလို့ဆိုလာတယ်။  သူက ဘွဲ့ရပြီးလို့ဘိုင်အို ဆရာလုပ်နေတယ်။ ကျနော်က ကိုးတန်း ဆိုတော့သူ့စကားကိုအလေးနက်ထားရတယ်။ နောက်ပိုင်းမှာ သူ၊ကိုသိန်းဇော်နဲ့ကိုဇော်မင်းတို့က ကျနော်နဲ့ နိုင်ငံရေး ဆွေးနွေးဖက်ဖြစ်လာတယ်။အနီးကပ်ဆုံးရဲဘော်တွေဖြစ်လာတယ်။ သူတို့ကဘွဲရပြီးကုန်ပြီ။ 
ဒီတော့ ဆရာ မောင်သာနိုး ရဲ့အင်္ဂလိပ်စာသင် တန်းကျောင်းကိုလည်းတက်ဖြစ်ခဲ့တယ်။ သူက လည်းအသင်ကောင်းတယ်။ရသတွေကတဆင့်အင်္ဂလိပ်စာကိုထိုးဖေါက်နေမိတယ်။ တယောက်ကအင်္ဂလိပ်လို တတ်ချင်ရင် အင်္ဂလိပ်မီးနင်းတွေသိထားရမယ်ဆိုတယ်။ ဒီတော့ အင်္ဂလိပ်အဘိဓာန်ကြီးကိုပေါင်ကြားထဲထည့်ပြီး မိုက်မိုက်ကန်းကန်း ကို အလွတ်ကျက် တော့တယ်။ တနှစ်ကျော်ကြာသွားတယ်။ စာလုံးတွေသိလာတယ်။ သိပ်ခရီးမပေါက်ပြန်ဘူး။ ဒါပေမဲ့ အကျိုးမဲ့တော့မဖြစ်ခဲ့ဘူး။ 
သူငယ်ချင်း တယောက်က မင်းဟာ မဟုတ်သေးဘူး။ တကယ်အင်္ဂလိပ်အစစ်သင်တာက ပိုပြီး အင်္ဂလိပ်လို တတ်တယ်။ အသံထွက်မှန်တယ်လို့ပြောလာတော့ အင်္ဂလိပ်အစစ်ကိုရှာပုံတော်ထွက်ပြန်တယ်။ အင်္ဂလိပ်အစစ်ဆရာကိုမတွေ့ဘူး။ ယောက်လမ်းက အင်ဒီးယန်း - ဗမာ ကပြားမ ဆရာမကြီးကိုသွား တွေ့တော့ တပည့်ခံလိုက်ပြန်တယ်။ ဆရာမကြီးနာမည်တော့မမှတ်မိတော့ပါ။ သူဆီမှာ လည်း လေးငါးခြောက်လ သဒ္ဒါတွေတက်ခဲ့တယ်။ 
အင်္ဂလိပ်စာတတ်ခြင်ရင် အင်္ဂလိပ်သီချင်းတွေလည်းဆိုဖို့လိုတယ် တယောက်ကအကြံပေးလာတယ်။  ဒါနဲ့ ဘားလမ်းက ကိုဖရန်ကီမိုးမြင့်လွင်ဆီကိုရောက်တယ်။ ဂစ်တာတီးသင်တယ်။ အင်္ဂလိပ်သီချင်းစာအုပ်ကြီးရှေ့ချပြီးသူကသင်ပေးပါတော့တယ်။  ပထမဆုံးသင်ပေးတဲ့သီချင်းက    ရော့ဒ်စတီးဝပ်ရဲ့ You got a nerve ။ ဘီးတဲလ်   Yesterday၊    Who will stop the rain   စတဲ့သီချင်းတွေ ဟဲတော့တာပေါ့။ (ကိုဖရန် ကလည်းလူထူးလူဆန်းတဦး။ ဆုံးသွားရှာပြီ။ သူအကြောင်းကို နောင်သပ်သပ်ပြောပါမယ်။) 
ဆရာတွေကလည်းကောင်းပါတယ်။ဒါပေမဲ့ကျနော်သိချင်နေတဲ့ နိုင်ငံရေးတွေမဟုတ်ဘူး။ ဒီတော့ အာသာမပြေဖြစ်နေတယ်။ ဆရာရှာနေတယ်။  နိုင်ငံရေးစာအုပ်တွေက အင်္ဂလိပ်လို ရှိနေပြီ။ဖတ်လို့ကမတတ်ဘူး။   ကျနော်ကြီးပြင်းတဲ့ခေတ်က ခေတ်ကြီးပျက်ဖို့အတွက် ပညာကို စတင် ဖျက်ဆီးရတဲ့အချိန်ကာလ ဖြစ်နေတယ်။  
အင်္ဂလိပ်ခေတ်နဲ့ဦးနုခေတ်မှာက လွတ်ရလပ်မှုအတော်ကိုရှိသေးတော့ စာပေလွတ်လပ်ခွင့်ရှိနေတယ်။ ဒီတော့ စာအုပ်ပေါင်းစုံကို အင်္ဂလိပ်လိုရှိတယ်။ မြန်မာ လိုတွေလည်းရှိနေတယ်။ လွတ်လပ်ရေးလှုပ်ရှားမှုကြီးရဲ့အရှိန် ဆိုရှယ်လစ် တော်လှန်ရေးကြီးတွေရဲ့အရှိန်ကြောင့်  တော်လှန်တဲ့ာပေတွေက မူရင်းရော မြန်မာ လိုပါရှိနေတယ်။ ၁၉၆၂ခုနှစ် ဦးနေ၀င်းအာဏာသိမ်းတော့ နိုင်ငံရေးခေတ် ( အင်္ဂလိပ်ခေတ်၊ဦးနုခေတ်) က စာအုပ်လက်ကျန်တွေရှိနေတယ်။ ခေတ်ပျက်ခါနီးမှာ လူတွေက စာအုပ်တွေကို ပိသာ ဈေးနဲ့ရောင်းစားကြတယ်။ ဒီစာအုပ်တွေကိုတန်ဖိုးမရှိတော့ဘူးလတဲ့ သဘောထားလာကြလေသလား။ စားစရာမရှိတော့ကြလေသလား။ စာကြီးပေကြီးတွေဟာ အလုံးအရင်းနဲ့ စက္ကူအဟောင်းတန်းဆိုင်တွေကိုရောက်လာကြတယ်။ စာပေချစ်စိတ်ရှိသူတွေက ၀ယ်ယူသိမ်းဆည်းကြတယ်။ စာအုပ်တွေက သိမ်းမကုန်၊ ထောင်လို ရာလိုပုံ။  အများစုက  စက္ကူဆိုင်ကိုရောက်ကုန်တယ်။ ဈေးသည်တွေဆုတ်ဖြဲပြီးဈေးထုတ်နေကြတယ်။ 
ဒီတော့ ကုလားဆိုင်က ပိသာလုံးနဲ့ ကျနော်ဝယ်ထားတဲ စာအုပ်တွေကဂန္ဓီ၊ လီနင်၊ စတာလင်၊ နေရူး၊ ဗိုလ်ချုပ်အောင်ဆန်း 
ဦးနု၊ စကိုင်းဦးဖိုးသင်း၊ရွှေဥဒေါင်း၊ အထုပတ္တိ တွေကနေ လက်ရွေးစင်ကျမ်းကနေ နိုင်ငံတကာ စာပေမျိုးစုံပါနေတော့တယ်။ 
ဒီစာအုပ်တွေ ကို မဖတ်နဲ့ဦး စာအုပ်ကိုကြည့်ရတာကိုက  အဓိပ္ပါယ်လေးနက်နေတယ်။ ဟိုခေတ်ကစာအုပ်တွေက စာရွက်သား၊ဖွဲ့စည်းပုံ၊ အမှာ ၊မျက်နှာဖုံး၊ စာအုပ်တိုက် အကုန်လုံးဟာ ကျက်သရေရှိတယ်။ သိက္ခာရှိတယ်။ အဆင့်မြင့်တယ်။ လူတွေရဲ့အသိညဏ်နဲ့ စိတ်ဓါတ်၊ ယဉ်ကျေးမှု မြင့်မားနေမှုကို စာအုပ်တွေက ဖေါ်ပြနေတယ်။
သုံး။ 
တနေ့တော့ ၃၃ လမ်းစာအုပ်ဆိုင်တွေမှာ စာအုပ်တွေ မွှေရင်းနဲ့စာအုပ်တအုပ်ကို ကောက်ကိုင်ပြီးဖတ်လိုက်တယ်။ စာအုပ်က  အသုံးများသော   Phrasal Verbs  များဆိုတဲ့  စာအုပ်။ ရေးတဲ့သူနာမည်က ဦးရွှေကျော်ပါ။ ဆရာဦးရွှေကျော်ရေးတဲ့စာအုပ်ကို သိပ်ကြိုက်သွားတယ်။သူရှာဖွေပြုစုထားတဲ့ စကားစုတွေ  ကိုတွေကို နှစ်သက်နေတယ်။  နေစဉ်အလွတ်ကျက်နေတော့တယ်။ 
သူုပြုစုထားတဲ့စကားစုတွေကိုနားလည်လာလေ ဆရာကြီးကို လေးစားပြီး တွေ့ခြင်လာတယ်။ စာအုပ်ထဲမှာပါတဲ့ စာပုံနိပ်တိုက်လိပ်စာကနေ နောက်ဆုံး ဆရာကြီးဦးရွှေကျော်ကိုရှာပုံတော်ဖွင့်တော့တယ်။ 
နှစ်ရက်သုံးရက်လိုက် ရှာ ပြီးတော့မှသူ့ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရပါတော့တယ်။  သူက ရခိုင်အမျိုးသား၊ အသားညိုညို ၊ မျက်နာလေးထောင့်သွယ်သွယ်၊ မျက်နှာ ကအချိုးညီ (   Symmetric )  ရှိတဲ့အတွက်လူချောတယောက်လို့ သတိပြုမိတယ်။ 
မျက်မှန်ထူထူမှာ ညဏ်ပညာနဲ့ ရင်ကျက်မှုကိုတွေ့ရတယ်။ အရပ်မနိမ့်မမြင့် မှာ ခင်မင်လေးစားဖွယ်ရာမျက်နှာ ကိုတွေ့ရတော့ ကျနော်အားတက်သွားတယ်။ ကျနော်ကို အင်္ဂလိပ်စာ သင်ပေးဖို  သူကို မေတ္တာရပ်ခံလိုက်တယ်။  
သူက တခြားဆရာတွေလို ကျူရှင်ဖွင့်ထားတဲ့သူမဟုတ်ဘူး။ ဘာသာပြန်တွေရေးတယ်။ သံရုံး မှာ စာသင်တယ်။ ဒါပဲ။ အဓိပ္ပါယ်ကသူက မအားဘူး။ ကျနော်လို လာပြီးသင်တဲ့သူလည်းရှိပုံမရဘူး။ 
သူက ‘’ မင်းဘာလို့အင်္ဂလိပ်စာကိုသင်ချင်တာာလဲ’’  လို့မေးပါတယ်။ ကျနော်အဖြေရကြပ်နေတယ်။ သဒ္ဒါသင်ချင်တာလို့ပြောရမှာလား။ ရသ လို့ပြောရမှာလား ။ တကယ်ပြောချင်တာက နိုင်ငံရေး စာအုပ်တွေကိုဖတ်ခြင်တာလတဲ့  ပြောလိုက်ချင်တာ ပါးစပ်ယားနေတယ်။ဒါပေမဲ့ ဆရာ က ဘယ်လိုလူလဲ။  ငါဒီလို ပြောလိုက်ရင် ငကြောင်တကောင်လို့ထင်သွားမှာလည်းစိုးရိမ်နေတယ်။   သူမေးတာကလည်းသဘ၀ကျသဗျ။ ဒီတုံး က အင်္ဂလိပ်စာကိုနိုင်ငံခြားသွားအလုပ်လုပ်မဲ့သူနဲ့  သဘောင်္သားတွေလောက်ပဲ အုံးအုံးကြက်ကြက်သင်နေကြတာကိုး။ 
ကျနော် က တက္ကသိုလ်ပထမနှစ်စတင်တက်နေပါပြီ။ ကျောင်းသားအများစုက ကျောင်းမှာ ပြဌာန်းထားတဲ့ အင်္ဂလိပ်စာလောက်ကိုပဲသင်ကြားလေ့ရှိပြီးအင်္ဂလိပ်စာသက်သက်ကိုလေ့လာာလိုက်စားတာက ရှိတော့ရှိတယ်။အလွန်နည်းပါတယ်။ 
ဒီထဲမှာကျနော်တယောက်အပါဝင်ဖြစ်နေတယ်။ ကျနော် ရင်ထဲက ဆန္ဒမှန်ကို အတတ်နိုင်ဆုံးဖုံးဖိထားပြီတော့  ‘’ စာဖတ်ချင်တယ်ခင်ဗျ ‘’ ၊ ရေးချင်တယ်ခင်ဗျ ‘’ လို့  ခတ်တိုတိုဖြေလိုက်တယ်။  
ဆရာကတော့ကျနော်အခြေအနေကိုကြည့်လိုက်တာနဲ့အတော့ကိုဂယောင်လိုက်နေပြီဆိုတာသဘောပေါက်လိုက်ပုံရပါတယ်။သူကဘာတွေဖတ်ဘူးလဲလို့ဆရာမေးလာတော့ ကျနော်အကွက်ဝင်သွားတယ်။ ဖတ်ဘူးတဲ့ စာအုပ်တွေကို တသီကြီးရွတ်ပြလိုက်တယ်။
ဆရာက လူနာရဲ့ရောဂါ အခြေအနေကိုပိုပြီးသဘောပေါက်သွားပုံရတယ်။ 
‘’ ကဲကဲ ဟုတ်ပြီ ၊ ငါတပည့် မင်းကြည့်ရတာ တော်တော်ကိုအင်္ဂလိပ်စာ တတ်ချင်ပုံပဲကွ။ ကဲ ဒီလိုလုပ်ကွာ ငါကလည်းမအားဘူးကွ။ အလုပ်ကပြန်လာတဲ့ အချိန် မှာ ငါမင်းကို သင်ပေးမယ်။ည ကိုးနာရီ ကနေ ဆယ်နာရီ တနေ့ ကိုတနာရီသင်ပေးမယ်။ မင်းဖြစ်လား။ 
‘’  သူသင်ပေးမယ်လို့ကတိပြုလိုက်တော့ ကျနော်ဝမ်းသာသွားတယ်။ ဒါပေမဲ့ စာသင်ချိန်က ညကိုး နာရီကနေ ဆယ် နာရီ ဆိုတာကတော့ အတော့်ကို အကြပ်ဆိုက်သွားတယ်။ 
ဘာဖြစ်လို့လည်းဆိုတော့ ကျနော်နေတာက သင်္ကန်းကျွန်း၊သူနေတာက ကျောက်မြောင်း။ ညဖက်မှာ လိုင်းကား က ပြသနာရှိတယ်လေ။ သူကလည်း တနေကုန်အလုပ်များသူပါ။ နောက်ဆုံးမှာသူပေးနိုင်တဲ့အချိန်ကိုပဲတက်ဖို့သဘောတူလိုက်တယ်။ တလဘယ်လောက်ပေးရမလဲလို့မေး လိုက်တယ်။ သူက မပေးနဲ့ လို့တုံးတိတိဖြေပါတယ်။ 
မင်းဒီလောက်တတ်ချင်နေလို့ငါသင်ပေးတာပါ။ မလိုဘူးလို ပြောတယ်။ ကျနော်လည်းကြောင်သွားတယ်။ အော် စိတ်ကောင်းရှိတဲ့သူပါလားလို့တွေးမိတယ်။ ဒါနဲ သူ့ ဆီမှာ အင်္ဂလိပ်စာ စသင် တော့တယ်။စက်ဘီနဲ့ သူဆီကိုလာတယ်။ သချို င်း နှစ်ခုကို ဖြတ်ပြီးသူဆီလာခဲ့တယ်။ တာမွေသချိုင်း နဲ့ကျောက်မြောင်း တရုပ်သချိုင်း  ။ 
တက်ကြွနေတဲ့ကျနော့်အတွက် ဝေးလှတဲ့ ခရီးနဲ့သချိုင်းနှစ်ခုက မခြောက်ခြားနိုင်ခဲ့ကြပါဘူး။  ပထမဆုံးစသင်ပေးတဲ့သခန်းစာကတော့ ရီလေးတစ်ပရိုနောင်း ( Relative Pronoun )တွေကိုသူကစသင်ပေးတယ်။  သူဆီမှာကျနော်တနှစ်ခွဲနစ်နှစ်ခန့်သင်ခဲ့တယ်။ 
အလွန်ကံကောင်းတဲ့တိုက်ဆိုင်မှုကတော့  သူကလည်းကျနော်ဘာကောင်းမှန်းမသိ၊ကျနော်ကလည်းသူဘာမှန်းမသိပဲ  ဆုံဖြစ်တယ်။ နောက်တော့ ကျနော်တတဲ့နှစ်ဦး ဟာရည်ရွယ်ချက်တူ၊ ခရီးတခုကို အတူသွားမဲ့ သူတွေဖြစ် နေပါတော့တယ်။  ဒါကတော့ နိုင်ငံရေးပဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ရေးအတွက်လမ်းကြောင်းကိုရှာဖွေနေသူတွေဖြစ်လာတယ်။ သူက တကသ၊ ဗကသ၊ ရကသ စတဲ့ကျောင်းသားသမဂတွေမှာ ပါဝင်ပတ်သက်ခဲ့သူ။ သူ့ သူငယ်ချင်းတွေ က ကိုသက်တို့ကိုဗဆွေလေး တို့ဖြစ်ကြောင်း ကျနော်နောက်မှသိလာရပါတော့တယ်။  
အင်္ဂလိပ်စာသင်တာတခုတည်းမဟုတ်တော့ပဲ နိုင်ငံရေးကိုဆွေးနွေးမိ လာကြတယ်။ သမဂ သမိုင်းကြောင်းတွေနဲ့ သမဂအလံ၊သမဂပေါ်လစီတွေ၊ နိုင်ငံတကာကျောင်းသားသမဂအဖွဲ့ ချုပ် (      International Student’s Unions – IUS)  အကြောင်းတွေ၊ ပေါ်လစီတွေ သူတတဲ့ခေတ် ကျောင်းသအားလှုပ်ရှားမှုအတွေ့အကြုံတွေ ကိုခပ်တိုးတိုးပြောလာတယ်၊  
အမှောင်ခေတ်ကြီးမှာ အရာခတ်သိမ်းတိတ်ဆိတ်နေတယ်။ ဒီထဲမှာ ဆရာကြီးရဲ့အသံတိုးတိုး က အလွန်ပြင်းထန်တဲ့ပဲတင်သံအဖြစ်ရင်ထဲမှာဟိန်းထလာတယ်။ နိုင်ငံရေးဟာ မကောင်းဆိုးဝါကောင်တခုလတဲ့မဆလ အစိုးရကပုံဖျက်ထားတယ်။  နိုင်ငံရေး အကြောင်းကိုလူတွေမပြောချင်ကြဘူး။ ဒါပေမဲ့ နိုင်ငံရေးအကြောင်းကို ကျနော်တတဲ့  မပြောရင် နိုင်ငံရေးက ကျနော်တတဲ့ အကြောင်းကိုပြောမဲ့အခြေအနေဖြစ်လာနေတယ်။ တတိုင်းပြည်လုံးချွတ်ခြုံကျစပြုနေပြီ။လူတွေကျပ်တည်းနေပြီ။ကျနော်အတွက်အဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေဖြစ်လာခဲ့ရတော့တယ်။  
ကျနော်ကလည်း အလွန်တက်ကြွတယ်။ ၈၅-၈၆ ခုနစ် လောက်ကျတော့ ကိုဇော်မင်းနဲ့နှစ်ယောက် သမဂကိုမြေအောက်ဖွဲ့ စည်းဖို့ပြင်ဆင်ကြတော့  ဆရာကြီးကို ကျနော် က သမဂအနေနဲ့ ဘင်္ဂလားဒေါရ်ကျောင်းသားသမဂကိုကန့် ကွက်တဲ့စာ ( သူတို့က ၈၆ ခုနစ်မှာ သူတို့အစိုးရ ကိုဆန္ဒပြတယ်။ သူတို့ရဲ့ ပိုစတာမှာ   We are not Burmese Students  လို့ရေးထားတာကို ကျနော်တွေ့တော့ဒေါသအမြက်ချောင်းချောင်းထွက်တယ်။ ကန့် ကွက်စာကိုရေးပြီး ဆရာကြီးကိုဘာသာပြန်ခိုင်းတယ်။ နောက်သူတို့ဆီကိုပို့တယ်။ 
ဆရာကြီးကို အိန္ဒယ ကျောင်းသားသမဂ္ဂတို့ကိုဆက်သွယ်တယ်စာတွေကိုရေးခိုင်းပါတယ်။  ဒီကာလ ကိုးရီးယားကျောင်းသားလှုပ်ရှားမှုတွေ ကမ္ဘာကျောင်းသားလှုပ်ရှားမှု တွေထဲမှာရှေ့တန်းကိုရောက်နေတယ်။ ပတ်ချုံဟီး စစ်အစိုးရကို ဆန်ကျင်နေတယ်။  ဒီကျောင်းသားလှုပ်ရှားမှုတွေကို ကျနော်တတဲ့က ထောက်ခံတယ်။ ထောက်ခံကြောင်း  စာတွေရေးခိုင်းတယ် ဆရာကြီးကလည်းအားရ၀မ်းသာ ရေးပေးခဲ့တာခြည်းပဲ။ ကျနော်က ဗကသအနေနဲ့ပို့တဲ့ စာတွေဟာ ဒီသမဂ္ဂတွေဆီရောက်မရောက်တော့မသိဘူး။အကျိုးရှိမရှိမသိဘူး။ ထောက်လှမ်းရေးသိသွားရင်တော့ ဆရာကြီးရောကျနော်ပါ မော်စကိုရောက်မှာသေချာတယ်။ ( ဟိုတုံးက နိုင်ငံရေးကြောင့်အဖမ်းခံရင် ထောင်ကျရင် မော်စကိုရောက်တယ်လို့သုံးကြတယ်။ )   
ဆရာကြီး က ပထမပိုင်းမှာ ကျနော်ကို မဆလ က လွတ်လိုက်တဲ့ထောက်လှမ်းရေးလားလို့စဉ်းစားမိတယ်လို့ဆိုတယ်။ မယုံတ၀က်ဖြစ်နေတယ်။ ဒါကိုကျနော်မသိဘူး။ ဒါပေမဲ့ကြာလာတာနဲ့အမျှ ကျနော် စိတ်ထဲက ရှာဖွေနေတဲ့လမ်းကြောင်းကို ဆရာသိလာတယ်။ သံသယတဖြေးဖြေးနဲ့ကင်းလာတယ်လို့သူက နောင်ပိုင်းမှာ ကျနော့်ကိုပြန်ပြောပြတယ်။ သူကလည်း သမဂ္ဂတွေကလာတဲ့သူဆိုတော့ နောက်ကြောင်းမလုံဖြစ်နေတယ်။ ခေတ်ကလည်း ထောက်လှမ်းရေးမျက်မှန်တင်ဦးရဲ့ဆိုက်ဝါးက အတော့လေးကို တာသွားတယ်။ လင်မယားခြင်းတောင်မှာ နိုင်ငံရေးမဆွေးနွေး ရဲဘူး။
သင်တန်းချိန် ကိုးနာရီက နေ ဆယ်နာရီ က ကိုးနာရီကနေ ၁၁ နာရီတွေဘာတွေဖြစ်လာတယ်။ ကျနော်တို့ဆွေးနွေးမှုတွေက အပျော်တမ်းဆွေးနွေးမှုတွေမဟုတ်တော့ဘူး။ လေးနက်လာတယ်။သူကလည်းဖတ်သင့်တဲ့စာအုပ်တွေညွန်းလာတယ်။ မင်းတွေ့သင့်တယ်ဆိုပြီး သူ မိတ်ဆွေတွေနဲ့ လည်းမိတ်ဆက်ပေးလာတယ်။ ကျနော်အတွက် စိတ်အ၀င်စားစာရာကောင်းတဲ့သူတွေ။ သူတို့ကတော့ ဆရာကိုမိုးဟိန်း၊ ကိုဖိုးထင် ( တကသ အမူဆောင်ဟောင်း)  ၊ ဆရာကြီးဝင်းတင်တို့ဖြစ်တယ်။  
လေး။ 
၁၉၈၃ ခုနစ်လောက်ဖြစ်မယ်။ ကိုမိုးဟိန်း (ခ) သားဂျာနယ်ကျော်ကို ကျနော်ကိုပထမဆုံးမိတ်ဆက်ပေးဖတဲ့စီစဉ်လာပါတယ်။ တနေ့ တော့ ဆရာကြီးက ‘’ ငါတပည့်မင်းကို င့ါသူငယ်ချင်းတယောက်နဲ့မိတ်ဆက်ပေးခြင်တယ်လို့ဆိုတယ်။’’  ဘယ်သူလည်းဆရာကြီး လို့မေးတော့ ကိုမိုးဟိန်း  လို့ဆိုတယ်။ သူက ဆက်ပြီးတော ‘’ မင်း ဂျာနယ်ကျော်ဦးချစ်မောင်ကို မင်းသိတယ်ဟုတ်လားကွ။’’   
‘’ဦးချစ်မောင်အကြာင်းရေးထားတဲ့ ‘’သူလိုလူကို   ‘’ သိပ်ကြိုက်တယ်လို ‘’့ဖြေလိုက်တယ်။  အေးသူက ဂျာနယ်ကျော် ဦးချစ်မောင် နဲ့ဒေါ်မမလေးတတဲ့သားပဲ ကွလတဲ့ဆိုတယ်။ ကျနော်တတဲ့ မြို့ ထဲကလဘက်ရည်ဆိုင်တဆိုင် မှာ ဆုံဖြစ်တယ်။ ဆရာကြီးနဲ့ရွယ်တူလောက်ဖြစ်မယ်။ အသက် ၄၀  ကျော်  ။  အရပ်မြင့်မြင့် ခါးကိုင်းကိုင်း အလွန်ထူတဲ့မျက်မှန်ဝိုင်းတပ်ထားတယ်။ သူကိုမြင်လိုက်တာနဲ့စာထည်းမှာဖတ်ဖူးတဲ့ ဂျာနယ်ကျော်ဦးချစ်မောင် ပုံကို မြင်ယောင်မိတယ်။  ကိုမိုးဟိန်းရဲ့ဖခင်ကြီးဂျာနယ်ကျော် ဦးချစ်မောင်က ကျနော် ရဲ့ စံပြပုဂိုလ်တဦး။ သူရဲ့အလုပ်ကြိုးစားမှု၊ ရိုးသားမှု၊ညဏ်ကောင်းမှုတွေကိုကျနော်ကအကြီးအကျယ်အားကြနေတယ်။သူဖခင်ကြီးဈာပနမှာဗိုလ်ချုပ်အောင်ဆန်းလာပြီးပြောခဲ့စကား ကို ပြန်အမှတ်ရလာတယ်။ ဗိုလ်ချုပ်က လွတ်လပ်ရေးသာရရင် ဒီလို ပုဂိုလ်မျိုးဟာရေတိမ်နစ်ရမှာမဟုတ်ဘူး။  ဦးချစ်မောင်ဟာ  အလုပ်ကို အစွမ်းကုန်လုပ်ဆောင်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားရှာတယ်။ အခုသူသား က ကျနော်ရှေ့မှာ။ ဦးချစ်မောင်ရှင်သန်လာတယ်လတဲ့ကျနော်ခံစားနေရတယ်။ 
ကျနော်မိုးဟိန်းပါလို့သူကိုသူမိတ်ဆက်တယ်။ သူမှာလည်း  ထူးခြားမူကတော့ လူတဖက်သားကို လေးလေးစား ဆက်ဆံတယ်။ တောက်ပနေတဲ့ပညာရောင်ဝါကကျနော်ကိုပါကူးစက်တယ်။ခွန်အားတွေဖြစ်လာတယ်။  ဆရာကြီးနဲ့ကိုမိုးဟိန်းတို့ဟာ တယောက် ကိုတယောက်လေးလေးစားရှိတဲ့ရဲဘော်ရဲဘက်တွေဆိုတာသတိပြုမိတယ်။ 
ကျနော်တို့သုံးယောက်လဘက်ရည်ဆိုင်မှာထိုင် လိုက်ကြတယ်။ ဆရာကြီးက ကိုမိုးဟိန်း ကျနော်ပြောတဲ့ မောင်မျိုးဆိုတာ သူပဲ။ ( ကျနော်နာမည်အရင်းကမျိုးသန်းထွဋ်) ဆရာကြီးက ကျနော်ကို မောင်မျိုးလို့ခေါ်တယ်။  ၈၈ ဖြစ်လာတော့ ကျနော်ကို - မိုးသီးလို့ပြောင်းခေါ်ပါတယ်။ တဆက်ထည်းမှာပဲ  ကျနော်ကို ကြည့်ပြီး ကြည်စမ်း ကိုသက်နဲ့မတူဘူးလားလို့ ပြောပါတယ်။ ကိုမိုးဟိန်းက ဟုတ်တယ်ဗျ၊ ဒါကို ကျနော်ကြည့်နေတာလို့ဆိုတယ်။ 
ကိုသက်ဆိုတာက ၁၉၆၂ ခုနစ်တုံးက  ဗကသ အမှုဆောင်၊ သူတို့အချစ်ဆုံးသူငယ်ချင်း၊အလွန်တော်ဆိုပဲ။ နောက်တော့ ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်တဲလက်နက်ကိုင်တော်လှန်ရေးကိုကူးပြောင်းသွားတယ်။ရောဝတီတိုင်းစစ်ဆင်ရေးတခုမှာကျဆုံးသွားတယ်လို့သူတို့ပြောပြပါတယ်။ သူတို့ အချစ်ဆုံးသူငယ်ချင်း ကိုသက်နဲ့ ကျနော်ကိုတူတယ်ပြောတော့ ကျနော် အတော့လေးကို ပီတီဖြစ်မိတယ်။  ခပ်မြောက်မြောက်ဖြစ်လာသဗျ။ 
နောက်ပိုင်းမှာ ဆရာမိုးဟိန်းက လည်း ကျနော်ရဲ့ဆရာတဦးဖြစ်လာပြန်ပါတယ်။  ဆရာကြီးဦးရွှေကျော်ကို ကျနော်က ဆရာကြီးလို နှုတ်ကျိုးနေပြီး၊ ကိုမိုးဟိန်းကိုတော့ ဆရာကြီးခေါ်တဲ့ကိုမိုးဟိန်း ဆိုတာကို ကျနော်က ဆရာတလုံဖြည့်လိုက်ပြီး ဆရာကိုမိုးဟိန်းလို့ခေါ်ပါတယ်။  သူကနုတာလည်းပါတယ်။ ဆရာကြီးကတောင် သူကို အင်္ဂလိပ်စာ တော်တယ်လို့ချီးကြူး တော့ ကျနော့်အတွက်အတိုင်းနဲ့အလွန် တခွန်နဲ့ကုက္ကား။  ကျနော်တို့ခေတ်မှာ   မြန်မာ ပြည်မှာ အင်္ဂလိပ်စာ အတော်ဆုံးဆရာကြီး တွေ က လက်ချိုး  ရေလို့ရတယ်။ အဲ့ဒီအထဲမှာ သူပါတယ်။ ကျနော် ရဲ့  ဘာသာဗေဒတခုထက် ပို ပြီး သိချင်နေတဲ့ခံစားချက်ကို သူနားလည့်နေ ပုံရတယ်။ 
ဆရာကြီးက ‘’ ကဲမင်းသိချင်တာတွေသူကိုမေးနော်၊ သူက ငါထက်ပိုရှင်းပြနိုင်တယ် ‘’ လို့ဆိုတယ်။ ဆရာကိုမိုးဟိန်းက တကယ်ကို တော်တယ်။   နိုင်ငံရေးဒသနိက တွေ၊ စာပေ တွေကို အဆွေးနွေးပေးနိုင်ဆုံးသူုဖြစ်လာတယ်။ တခါတရံမှာ သူနေတဲ့ဘောက်ထောအိမ်မှာ ကျနော်တို့တွေ့ဖြစ်ကြတယ်။   ကျနော့် ကျနော်မမီလိုက်တဲ့နိုင်ငံရေးခေတ် လမ်းစဉ်ပေါင်းစုံကိုသူကရှင်းပြလေ့ ရှိတယ်။ 
ဒီမိုကရေစီတွေ …… ။ ပြည်သူဒီမိုကရေစီ၊  အမျိုးသားဒီမိုကရေစီ၊ လက်ဘရယ်ဒီမိုကရေစီ နောက် မော်စီတုံးရဲ့ ဒီမိုကရေစီသစ်  တွေကို ဆရာကရှင်းပြတယ်။ သဘောတရားတွေက ကျနော်တတဲ့ခေတ်မှာသိပ်ကိုရိုက်ခတ်နေတယ်။  နိုင်ငံရေး အုပ်စုတွေထဲမှာ 
အနှစ်သာရ၊ရပ်တည်ချက်နဲ့ နည်းနာတွေဟာ သတိထားရသုံးစွဲ၊ ဆွေးနွေးရတဲ့အရာတွေဖြစ်နေတယ်။ 
ဘာကြောင့် လယ်ယာမြေပြသာနာဟာ ဗမာပြည်တော်လှန်ရေးရဲ့ဝင်ရိုးလို့ ကွန်မြူနစ်ပါတီက ဆိုတာလဲ၊ ကိုလိုနီတပိုင်းပဒေသရာဇ်တပိုင်းဆိုတာကရော၊မေးခွန်းတွေအများကြီးကျနော်မေးခဲ့တယ်။ သူက တခါမှ ဆရာ လုပ်တာမရှိဘူး။ ဆရာတယောက်လတဲ့မထင်ရဘူး။မိတ်ဆွေတယောက်လိုဖြစ်နေတယ်။ဆယ်ကျော်သက်တဦးဖြစ်တဲ့ကျနော်ကိုရဲဘော်ရဲဘက်တယောက်လို ဆက်ဆံခဲ့မှုကတော့ ဆရာကိုမိုးဟိန်း ကို အထူးအမှတ်ရစရာပဲ။
သူရဲ့ဆွေးနွေးချက်တွေကိုနားထောင်ပြီးအိမ်ကိုပြန်တိုင်း ကျနော် အားသစ်မွေးဖွားလာခဲ့တယ်။သဘောကျစရာအကောင်းဆုံးကတော့ သူရဲ့မျှတတဲ့ လူသားဆန်တဲ့အမြင် ဖြစ်တယ်။ ခပ်ဝေးဝေးအထိသူကြည့်နိုင်စွမ်းရှိတယ်။ သူဟာ တယူသန် (   Blind Faith)   မဟုတ်ဘူး။  ကြောင်းကျိုးတရား (Reason) ကိုကျယ်ပြန့် စွာ လက်ခံသူ တဦး။  ကျနော်ဘ၀မှာ ဒီလိုဆရာတွေနဲ့တွေ့ခဲ့တာအလွန် ကံကောင်းလေစွလို့အမြဲ တွေးမိတယ်။ တနေ့ မှာ  သူရဲ့ကလေးနှစ်ဦးနဲ့ပါကျနော်ကိုမိတ်ဆက်ပေးပါတယ်။ သူ့ ရဲ့သမီးနဲ့ သား ။ အသက် ၁၄ နစ် ၁၂ နစ်ဝန်ကျင်လေးတွေ။ ကျနော် တက္ကသိုလ် တတိယနှစ် ၊ နောက်ဆုံးနစ်တွေရောက်လာတော့သူနဲ့အတွေ့နည်းလားတယ်။
မြေအောက်လှုပ်ရှားမှုတွေ၊ဆွေးနွေးမှုတွေကထည်ထည်ဝင်ဝင်ဆက်စပ်မှုတွေဖြစ်လာနေပြီ။ အခင်းအကျင်းက  အန္တရယ်များ တယ်။ ကွန်မြူနစ်ပါတီ၊ ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ စတဲ့ ပါတီတွေရဲ့မူဝါဒတွေ တိုက်ပွဲသတင်းတွေ၊ သခင်ဗသိန်းတင်၊ ဗိုလ်ချုပ်ကျော်ဇော်၊ ဗိုလ်မြ၊ နိုင်ရွှေကျင်ဆိုတဲ့ နာမည်တွေ က ဆွေးနွေးချက်တွေထဲမှာပါလာပြီ။ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့အတိုင်းအဆကို ကိုယ်သိထားရတော့မယ်။ ဒီတော့  ဆရာကြီးတွေနဲ့ ဆက်ဆံရေးကို ကျဖက်က ကျဲလိုက်ရတယ်။သူတတဲ့လုံခြုံရေးအတွက်ပါ။မတ်လကျောင်းသားလှုပ်ရှားမှုဇွန်လကျောင်းသားလှုပ်ရှားမှုတွေဆက်တိုက်ဖြစ်လာတယ်။ကျောင်းသားလှုပ်ရှားမှုကနေ၈လေးလုံးလူထုလှုပ်ရှားမှုကြီးက အရှိန်အဟုန်ပြင်းထန်စွာပေါက်ကွဲလာတယ်။ကျနော်တတဲ့မက်ခဲ့တဲ့အိမ်မက်ကြီးက တကယ်ဖြစ်လာခဲ့ချေပြီတကား။ 
ငါး။ 
ကျနော် ဗကသ မှာ အထွေအထွေအတွင်းရေးမှုးဖြစ်လာတယ်။ ရန်ကုန် ဆေးရုံးကြီး မှာ ကျနော်တို ဗကသ ဌာနချုပ်ဖွင့်ခဲ့တယ်။ 
ကျနော်တို့လှုပ်ရှားမှု က ကြားဖြတ်အစိုးရမွဲ့ စည်းနိုင်ရေးကြိုးပန်းကြတယ်။ မြို့ လုံးကျွတ် ဆန္ဒုပြပွဲကြီးကို လုပ်ပြီး ကျနော်တို့ ချီတက်လာတယ်။ ကျနော်လူထုတွေကို ဦးဆောင်ပြီးချီတက်လာတုံး ဘားလမ်းလောက်မှာ ဆရာကိုမိုးဟိန်းကို တွေ့ရတယ်။လမ်းဘေးကနေသူအားပေးနေတယ်။   ကျနော်သူကို ၀မ်းသာအားရ အော်ပြီးနှုတ်ဆက်လိုက်တယ်။ သူပျော်သွားတယ်။ သူတယောက်ထည်းမဟုတ်ဘူး။ သူကလေးနှစ်ဦးနဲ့  ၊ သူမျက်နှာ မှာခံစားချက်မျိုးစုံ တွေ့ရတယ်။ ၀မ်းသာမှုတွေ အားရမှုတွေ။ မျက်လုံးမှာ မျက်ရည်ဝဲနေတယ်။ ဒီတခါ သူခံစားချက်တွေကိုကျနော်နားလည်ခဲ့ပြီ။ ဆရာကြီးဦးရွှေကျော်နဲ့ဆရာမိုးဟိန်းတို့ သင်ပေးခဲ့တဲ့  ပညာတွေ ကို  ကျနော် အကောင်းဆုံး အသုံးချနေတာကို သူတွေ့ရပြီ။ ၈လေးလုံးပြည်သူရင်ပြင်မှာ မျိုးဆက်ဟောင်းနဲ့မျိုးဆက်သစ်ပေါင်းစည်းမိခဲ့လေပြီတကား။ 
‘’ ကိုမိုးသီး ဒါ ကျနော့် သမီးနဲ့သားပဲ’’  ဆိုပြီးကလေးတွေကိုထပ်မိတ်ဆက်ပေးတယ်။ ကလေးတွေကို ‘’ မှတ်မိလား သမီးတို့အကိုကို ‘’ လို့ပြောတယ်။ ၀မ်းသာအားရ သူတို့ခေါင်းညှိတ်ပြကြတယ်။  
‘’ ဒီမိုကရေစီရရှိရေး- ဒို့အရေး၊ ‘’ 
‘’ ကြားဖြတ်အစိုးရ- ဖွဲ့ စည်းရေးဒို့အရေး’’   ဆန္ဒပြလူထုရဲ့  တခဲနက်ကြွေးကြော်သံတွေ က ကျနော်တို့ပျော်ရွင်မှုတွေကိုဖုံးလွမ်းပြစ်လိုက်တယ်။ ပင်လယ်ကမ်းစပ်မှာ လှိုင်းလုံးကြီးကဖုံးလိုက်တာကို ကဲရေကူးသူတွေက ပျော်ရွင်လိုက်ရသလိုမျိုး။ ကျနော်တတဲ့ ပျော်ရွှင်စွာ အော်ဟစ်ပြီးပြောကြတယ်။ 
‘’  လာဆရာ ကျနော်တို့ချီတက်ကြမယ်။ ‘’ 
ကျနော်တို့  အားလုံးလက်တွဲလိုက်ကြတယ်။ လူအုပ်ထဲကို တိုးဝင်လိုက်ကြတယ်။ ကျနော်သူကို တွေ့ခဲ့တာ ဒါနောက်ဆုံးပဲ။ 
ခြောက်။ 
ဆရာကြီးနဲ့ ပြန်လည်ဆုံဆည်းခြင်း  
ဆရာမိုးဟိန်း ကွယ်လွန်သွားပြီဆိုတော့  ကျနော်တတဲ့သုံးဦးပြန်မဆုံဖြစ်ကြဘူး။ ဒါက အကြေကွဲရဆုံး။ ဒီမိုကရေ စီရရင် လုပ်ဖတဲ့တေးထားတဲ့ အရာတွေထဲမှာ ဆရာနှစ်ဦးနဲ့ပြန်ဆုံခြင်တဲ့အသီသ ကျနော်မှာပြင်းပြင်းပျပျ ရှိတယ်။ ဆရာကိုမိုးဟိန်းနဲ့ကျနော်လူခြင်းပြန်မဆုံဖြစ်ပေမဲ့ ဆရာကြီးနဲ့တော့ ပြန်ဆုံဖြစ်ခဲ့တယ်။
သြဂစ်လ ၊ ၂၀၁၀ ခုနစ်မှာ ဆရာကြီးအမေရိကားအရောက်မှာ ပထမဆုံးပြန်ဆုံ ဖြစ်ကြတယ်။ ဆရာကြီးရှိတဲ့  မေရီလန်း၊ တွုင်းပရုဒ် ( Twin Brooks) က တိုက်ခန်းလေးကို ကျနော်သွားခဲ့တယ်။ ဆရာကြီး က ၈၈ မှာပါခဲ့။ ထောင်ကျခဲ့ရတယ်။ ၂၀၀၇ ခုနစ်ရွှေ ၀ါရောင်မှာ ဇနီးသည်နဲ့အတူသံဃာတွေနဲ့အတူလိုက်ပါချီတက်ပြန်တယ်။ ဒီတော့သူနယ်စပ်ကိုပြေးရတော့တယ်။ ဒုက္ခသည်အဖြစ်နဲ့အမေရိကန် ပြည်ထောင်စုကို ရောက်လာတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါးက အင်္ဂလိပ်စာ လာသင်တဲ့ လူငယ်လေးတယောက် ရဲ့ခြေလှမ်းမျိုး နဲ့ သူဆီကို ကျနော် သွားခဲ့တယ်။ သူရောကျနော်ပါရုပ်တွေပြောင်းလဲသွားကြပြီ။ ဒါပေမဲ့ ကျနော်တို့အိမ်မက်တွေ  မပြောင်း ။ ယုံကြည်ချက်အတွက် ပေးခဲ့တဲ့ ဆုံးရှုံးမှု တွေအတွက် ကျနော်တို့နစ်ယောက်စလုံးနောင်တမရကြ။   ဆရာကြီးက တခြားအင်္ဂလိပ်စာ ဆရာတွေလို ကျူရှင်မဖွင့်ခဲ့တော့တပည့်မရှိဘူး။ တပည့်က တယောက်ပဲရှိခဲ့တယ်။ ဒါကတော့ ကျနော်ပဲ။ 
ဟဲ့ ညည်းအကိုကို သပျစ်သီးကျွေးစမ်း  သူသမီးငယ်ကိုလှမ်းပြောတယ်။  သူစိတ်ဓါတ်က သပျစ်သီးတွေလို လတ်ဆတ်နေဆဲ။ ချိုမြနေဆဲ။ ကျနော်တို့အတူ မက်မြင်ခဲ့တဲ့ အိမ်မက်တွေက ဆက်လက်ရှင်သန်နေဆဲ။  
ဆရာကိုမိုးဟိန်းအကြောင်း၊ ဦးဖိုးထင်အကြောင်း၊ ဆရာဦးဝင်းတင်အကြောင်း ၊ အားပါတရပြန်ပြောဖြစ်ကြ။ ပြန်ခါနီးမှာ သူစားပေါ်က ပွင့်လျက် ရောမ မရင်းဝက်စတာ(Merriam - Webster ) အင်္ဂလိပ်အဘိဓါန် ကြီးကို  ကျနော်မျက်စီရောက်သွားတယ်။
ဆရာကြီးက '' တယောက်လာပေးသွားတာ၊ ကောင်းလိုက်တာကွာ မင်းလိုခြင်ရင်ယူသွားလေ။  '' 
ဆရာသုံးပါလို့ကျနော်ဆို ။ သူ့ ကို   နှုတ်ဆက်ပြီးအားပါတရကျနော်ထွက်လာတယ်။ 
 နေခင်းအိမ်မက်တွေ (Day Dreams) ကို ဆက်လက် အကောင်ထည်ဖေါ်ဖို့ ပါ။ 
ဆရာကိုမိုးဟိန်း ကောင်းရာသုဂတိ သို့လားပါစေ 
မိုးသီးဇွန်  
စက်တင်ဘာ၂၅၊၂၀၁၀ 
1 comment :
မနေ့ က ညက ကွန်မန့် လဲမ၀င်ဘူး။
ရွေးကောက်ပွဲကို ဘာ့ကြောင့် အယုံအကြည်မရှိတာလဲ ဆိုတာကို အချက် 7 ချက်နဲ့ ကွန်မန့် လဲမ၀င်ဘူး
ဘာဖြစ်လို့ လဲမသိဘူးနော်
Post a Comment