Wednesday, 27 October 2010

လူသားဆန်တဲ့ ထိုင်း အစိုးရ


-မြတ်စိုး-
၁၀.၂၇.၂၀၁၀

ထိုင်းအစိုးရ က ထိုင်းနိုင်ငံအတွင်း ၂၉ ခရိုင်မှာ ရေဘေးဒဏ်ခံခဲ့ကြရတဲ့ ထိုင်းပြည်သူတွေ အတွက် ထိုင်းဘတ်ငွေ ၅ ဘီလီယံ အရေးပေါ် ငွေကြေးထောက်ပံ့ကူညီဖို့ဆုံးဖြတ်ခဲ့ကြပြီး၊ လာမည့် တနင်္လာနေ့ မှာ ဒီ ငွေကြေးအကူအညီ တွေ ကို အမြန်ဆုံးရရှိအောင် ဆောင်ရွက် ပေးသွားမယ် လို့ ထိုင်းဝန်ကြီးချုပ် က ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဘယ်လောက် မိသားစုဝင် ရှိရှိ၊ ဘယ်လောက်ဆုံရှုံးမှုတွေ ကွာခြားမှုရှိရှိ ရေဘေးဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စုတိုင်းကို ဘတ်ငွေ ၅၀၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေနှင့် သတင်းမီဒီယာ တွေ ကနေ ထိုင်းအစိုးရက ထုတ်ပြန်ကြေညာ သွားခဲ့ပါတယ်။


ရေဘေးဒဏ် ခံခဲ့ကြတဲ့ ထိုင်းပြည်သူများအား အရေးပေါ် အကူအညီ အတွက် ထိုင်းအစိုးရက ထိုင်းဘတ်ငွေ ၁၀ ဘီလီယံ ဖိုး အကုန်ကျခံသုံးစွဲဖို့ ခန့်မှန်းထားပါတယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က သတင်းထောက် တွေနဲ့ တွေ့ဆုံ မေးမြန်းခန်းများ မှာလည်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။


သက်ဆိုင်ရာ ထိုင်းအစိုးရ၀န်ကြီးဌာနတိုင်းကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေနှင့် အကူအညီပေးရေးလုပ်ငန်း တွေ မှာ ထင်သာမြင်သာရှိအောင် နဲ့ စံနစ်တကျပြင်ဆင်ပြီး၊ ထောက်ပံ့ပေးမှု အကူအညီ တွေကို အမြန်ဆုံးဆောင်ရွက်ကြဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတယ်။

ထိုင်းပြည်သူတွေ ကံကောင်းကြတယ်လို့ပြောရလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူသားဆန်တဲ့ အစိုးရအောက်မှာ နေထိုင်နေရလို့ပဲ။

No comments :