Friday, 11 February 2011
အာဏာရှင်နှင့် လက်သိပ်ထိုး အရင်းရှင်များ သတိ
-ဘိုဘိုကျော်ငြိမ်း-
ဘာလင်တံတိုင်းကို ဂျာမန်ပြည်သူလူထုက ၁၉၈၉ ခုနှစ်တွင် ဖြိုချခဲ့ပြီးနောက် ကမ္ဘာတဝှန်း ပြည်သူ့ အုံကြွမှုများဖြစ်ပြီး အစိုးရ အပြောင်းအလဲများ ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ကွန်မြူနစ် စနစ်ဆိုးအောက်မှ ပြည်သူများ ရုန်းထွက်ကြသည့် ကာလဖြစ်တာကြောင့် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့ ကူးပြောင်း သည့် ကာလလို့လဲ ဆိုနိုင်ပါသည်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြားသည် ဈေးကွက်စီးပွားရေးစနစ်သို့ သုတ်ခြေတင် ပြောင်းလဲကြသော်လည်း ဒီမိုကရေစီ အနှစ်မပါပါက အာဏာရှင်တို့ ဉာဉ်အတိုင်း မိမိနှင့် နီးစပ်သူများကိုသာ အခွင့်အရေးပေးသည့် အကျင့်ကို မဖျောက်ဖျက်နိုင်ကြ။ ထို့ကြောင့် ဈေးကွက်စီးပွားရေးစနစ် ဆိုပါသော်လည်း လက်တွေ့မှာ နီးစပ်သူများကိုသာ စီးပွားရေး အခွင့်အရေးပေးကာ လာဘ်စားမှုကို မထိန်းနိုင်သောကြောင့် လက်တဆုပ်စာ လူများသာ ချမ်းသာလာသော နီးစပ်သူ လက်သိပ်ထိုး အရင်းရှင်စနစ် Crony Capitalism လမ်းပေါ် ရောက်သွားကြသည်။ Crony Capitalism က အာဏာရှိသူများနှင့် နီးစပ်ရာ ရေပေါ်စီ လူတန်းစားတရပ်ကို ဖော်ထုတ်ပေးပြန်သည်။
ဈေးကွက်စီးပွားရေးစနစ် အောင်မြင်မှုသည် လူတန်းစားမရွေးဘဲ ဈေးကွက်တွင် ပစ္စည်းကောင်း ထုတ်လုပ်နိုင်သူတို့ လူတော်များကို မြေတောင်မြှောက်ပေးကာ ထုတ်လုပ်မှုကို တိုးပွားတိုးတက်စေခြင်းဖြင့် အနိုင်ယူခြင်း ဖြစ်သည်။ တချိန်က နေမဝင်အင်ပါယာ အင်္ဂလိပ်များ ကျဆုံးရခြင်း အကြောင်းတရပ်မှာ ပဒေသရာဇ် အမျိုးသာ လူရာဝင်ပြီး အခွင့်အရေး ရစေသောကြောင့် လူတန်းစားအရေး မပေးသော၊ လူတော်များကိုသာ အရေးပေးသော အမေရိကန်နိုင်ငံက ၂ဝ ရာစုအစတွင် ကျော်တက်သွားနိုင်ခဲ့သည်။
လူတန်းစားခွဲခြားပြီး ဦးစားပေးသည်နှင့်၊ အခွင့်အရေးရရှိမှု မညီမျှသည်နှင့် တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါသည်။ ဥပမာ ပဒေသရာဇ်မျိုးမှ အခွင့်အရေးရလျှင် ပဒေသရာဇ် မဟုတ်သူများက ထွန်းပေါက်ခွင့်မရှိလျှင် အောင်မြင်သည့် ကုမ္ပဏီတသိန်း ပေါ်ပေါက်ရမည့်အစား တထောင်ပဲ ပေါ်နိုင်မည်။ ကုမ္ပဏီတသိန်းက လူတသန်းကို အလုပ်ပေးနိုင်လျှင် ကုမ္ပဏီတထောင်က လူတသောင်းကိုပဲ အလုပ်ပေးနိုင်မည်။ ကျန်လူများမှာ အလုပ်လက်မဲ့နှင့် ပြဿနာလာဖြစ်မည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် ကျဆုံးရခြင်းမှာလည်း အဆုံးတွင် အစိုးရကပဲ ရင်းနှီးငွေ (Capital) နှင့် ထုတ်ကုန်အားလုံးကို ကိုင်ထားပြီး၊ အားလုံးကို Plan အစီအစဉ်နှင့် လုပ်မည်ဟု ကြံလိုက်ရာ တကယ်တမ်း လုပ်ကြသည့်အခါ လူဆိုတာ လူပါပဲ။ ကိုယ့်ကိုယ်ကျိုး မပါတော့ (မလုပ်) နှင့် (မလုပ်) (မရှုပ်)(မပြုတ်) စိတ်ဓာတ် ကြီးစိုးပြီး ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးသည့် နိုင်ငံတိုင်း မွဲတေခဲ့ကြရပါသည်။ မရှိတော့ ခိုးနဲ့ စာရိတ္တများလည်း ထိခိုက်ကုန်ပါသည်။
နိုင်ငံတိုင်း၏ ဦးတည်ချက်မှာ ဈေးကွက်စီးပွားရေးစနစ် အောင်မြင်လာသည်နှင့်အမျှ လူလတ်တန်းစား Middle-class ဦးရေတိုးပွားလာကာ လူအများကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရန် ဖြစ်သည်။ သို့သော် Crony capitalism ကို ကျင့်သုံးသော နိုင်ငံများတွင် နီးစပ်သူ လူချမ်းသာများသည်သာ တနေ့တခြား ချမ်းသာသည်ထက် ချမ်းသာလာကာ လူအများမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြ။ လူချမ်းသာများ သုံးဖြုန်းပျော်မြူးနေချိန်တွင် လူအများက နေ့ညမှန်အောင်ပင် ဝဝလင်လင် မစားနိုင်ကြ။ လမ်းပေါ်မှ လူနှင့် လူချမ်းသာတို့ ကွာခြားမှုသည် ပိုမိုကြီးထွားလာသည့်အခါ လူထုအုံကြွမှု ပေါ်ပေါက်လာသည်။
ယနေ့ဖြစ်ပေါ်လျက်ရှိသော အုံကြွမှုများသည် ဒီမိုကရေစီတောင်းဆိုမှုသာ မဟုတ်။ လူတန်းစားကွာခြားမှု ဆင်းရဲချမ်းသာ ကွာခြားမှုပါ ပါလာကြပေပြီ။ ဝေးဝေးမကြည့်ပါနှင့် ထိုင်းနိုင်ငံတွင်ပင် ဘန်ကောက် ရေပေါ်ဆီတို့နှင့် တောရွာလယ်သမားတို့ ကွာခြားမှု ပြဿနာမှာ မသေးလှပါ။ အာရပ်နိုင်ငံအများစုသည် ရိုးရာအစဉ်အလာအရ ဒီမိုကရေစီနှင့် မနီးပါ။ ဆော်ဒီကဲ့သို့ နိုင်ငံများတွင် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို ကျင့်သုံးဆဲ။ အများစုမှာ အာဏာရှင်များ ဖြစ်ကြရုံမက အနှစ် ၂ဝ၊ အနှစ် ၃ဝ ဆက်တိုက် အုပ်ချုပ်လျက်ရှိသော အာဏာရှင်ကြီးများ ဖြစ်ကြသည်။ ထို့အပြင် အာဏာ၏ ဖျက်ဆီးမှုအရ မိမိတို့၏ သားများကို အာဏာလွှဲရန် ကြိုးစားလာကြရာ ခေတ်သစ် ပဒေသရာဇ်စနစ်ကို ထူထောင်လာကြသည်။ ဥပမာ - ဆီးရီးယားနိုင်ငံတွင် အာဆတ်က သူ့သားကို အာဏာလွှဲပေးခဲ့ကာ အီဂျစ်မှ မူဘာရက်၊ လစ်ဗျားမှ ကဒါဖီ၊ ယီမင်မှ စလေး (Saleh) တို့ သားများကို အာဏာလွှဲရန် ပြင်ဆင်ခဲ့ကြသည်။ ထို့ကြောင့် ပြဿနာပေါ်သောအခါ မူဘာရက်က သားကို ချက်ချင်း အင်္ဂလန်သို့ပို့ကာ ယီမင်သမ္မတကလည်း သက်တမ်းဆုံးလျှင် အာဏာဆက်မယူပါ။ မိမိ၏ သားကိုလည်း မဆက်ခံစေပါဟု ဂယောင်ခြောက်ခြား ထကြေညာခဲ့ရပေသည်။
စတာက တူနီးရှားက စတင်ခြင်း ဖြစ်သည်။ ၈၈ ခုနှစ်တုန်းကလို မထင်မှတ်သည့် နေရာက စဖြစ်ခဲ့သည်။ တူနီးရှားသမ္မတ ဘင်အာလီ Ben Ali (၇၄ နှစ်အရွယ်) သည် ၁၉၈၇ ခုနှစ်တွင် ရာသက်ပန်သမ္မတ ဟာဘစ် Habib Bourguiba ထံမှ အာဏာသိမ်းပြီးကတည်းက ဓားမိုးအုပ်ချုပ်လာခဲ့သည်မှာ ၂၃ နှစ် ကြာခဲ့ပေပြီ။ သူ့ထက် အသက် ၂ဝ နှစ်ကျော် ကွာသည့် ဒုတိယမိန်းမ (ယခင် ဆံပင်အလှပြုပြင်သူ) သည် အင်မတန်မှ ငွေမက်၊ အကောင်းကြိုက်သဖြင့် ဖီလစ်ပိုင်မှ အီမယ်လ်ဒါမားကို့စ် Imelda Marcos နှင့် နှိုင်းရအောင် နာမည်ပျက်သည်။ တခါ ၂၄ နှစ်အရွယ် သမီးကို ဘီလျံနာတဦးနှင့် ပေးစားပြီး သားမက်ကို အရိုက်အရာ ဆက်ခံစေရန် စီစဉ်နေပြန်သည်။ ဝီကီလိခ် Wikileaks ကျေးဇူးကြောင့် ဇနီးဖြစ်သူသည် ဒိန်ချဉ်ကိုပင် ပြင်သစ်မှ မှာစားသည်။ ဇိမ်ခံပစ္စည်း အစားအသောက်များကို ကိုယ်ပိုင်လေယာဉ်ဖြင့် မှာယူကြသည်များကို ပြည်သူများ သိခွင့်ရခဲ့ကြသည်။ တိုင်းပြည်၏ စီးပွားရေး အချက်အချာမှန်သမျှသည် သမ္မတ၏ မိသားစုနှင့် ရောင်းရင်းအပေါင်းအသင်းများ လက်ထဲမှာ ရှိနေသဖြင့် ရေပေါ်စီများ အလွန်အကျွံ သုံးဖြုန်းနေကြသည့် အချိန်တွင် ပြည်သူအများမှာမူ နပ်မှန်အောင်ပင် မစားနိုင်ကြ။
တူနီရှားနိုင်ငံတွင် လူအများစုသည် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များ ဖြစ်ကြပြီး၊ နိုင်ငံခြား ခရီးသည်များနှင့် ထိတွေ့မှု ရှိသည်။ ဆိုရှယ်ကွန်ယက် Social networking ဟု ခေါ်ကြသည့် Facebook ၊ twitter တို့ကို ကောင်းကောင်း ကျွမ်းကြသည်။ သဘောက ခေတ်မီသည်၊ ကွန်ပြူတာ အတတ်ပညာများကို လိုက်မီသည်။ ပြဿနာမှာ အစိုးရက လက်သင့်ရာ စားတော်ခေါ်ပြီး နီးစပ်ရာမိတ်ဆွေများကိုသာ အခွင့်ရေးပေးထားသဖြင့် ခေတ်ပညာတတ် လူငယ်များ အလုပ်ရှာမရကြဖြစ်သည်။ ထို့ကြောင့် ဆီဒီဘိုဇ်ီဟု ခေါ်သည့် တောမြို့လေးတွင် ဘွဲ့ရပြီးသား ၂၆ နှစ် အရွယ်ရှိ လူငယ်လေး မိုဟာမက်အာယ်ဘူဇီဇီသည် လက်တွန်းလှည်းနှင့် သစ်ရွက်သစ်သီးများကို လှည်းပေါ်တင်ပြီး လှည့်ရောင်းရသည်။ မိုဟာမက်နေသည့် မြို့တွင် ယောက်ျားလေး ၂၅ % ၊ မိန်းကလေး ၄၄ % ကျော်ကျော် ဘွဲ့ရပြီးသည်ပင် အလုပ်ရှာ၍ မရဖြစ်နေကြသည်။ အာဏာရှင် လက်အောက်ရှိ ပုလိပ်များ လုပ်နေကျအတိုင်း ထိုလူငယ်လေးကို လိုင်စင်မရှိဟုဆိုပြီး ပုလိပ်များက ရစ်ပြီး လှည်းကို သိမ်းလိုက်ကြသည်။ ဘွဲ့ရပြီးသော်လည်း အလုပ် မရနိုင်သောကြောင့် လမ်းပေါ်တွင် သစ်ရွက်သစ်သီး လှည့်ရောင်းနေရသည်ကိုပင် ကောင်းရောင်းကောင်းဝယ် မလုပ်နိုင်သော ထိုလူငယ်လေးခမျာ သေမထူး နေမထူးတော့သဖြင့် မိမိကိုယ်ကို ရေနံဆီလောင်းပြီး သတ်သေရန် ကြိုးစားခဲ့ရာ ချက်ချင်းမသေဘဲ ဆေးရုံပေါ်တွင် ဝေဒနာ ခံစားနေရရှာသည်။
၎င်းအဖြစ်အပျက်ကို မှီတည်ပြီး လူများက မကျေနပ်ဖြစ်ကြကာ လမ်းပေါ်ကိုထွက် ဆန္ဒပြကြရာ တပြည်လုံး ပြန့်သွားပါရော။ အစိုးရက ပထမ လုံထိန်းများကို သုံးပြီး၊ ရက်ရက်စက်စက်ပစ် နှိမ်နင်းသေးသည်။ သို့သော် နှစ်ရှည်လများ ခံစားလာရသော လူအုပ်ကြီးက ကြောက်မသွားဘဲ ကြီးသထက် ကြီးလာသောကြောင့် စစ်တပ်မပါဘဲ မရတော့။ တူနီးရှား စစ်တပ်က သေးသေးလေး ကြည်းတပ်၊ ရေတပ်၊ လေတပ် အမျိုးသား ကာကွယ်ရေးတပ် National Guards အားလုံးပေါင်းမှ သုံးသောင်းကျော်ကျော်ပဲ ရှိသည်။ သို့သော် စစ်သားပီသသော စစ်တပ် Professional Army ဖြစ်သည်။ ထို့ကြောင့် မိမိပြည်သူများကို ပစ်ရန် သမ္မတက ပစ်မိန့်ပေးသည့်အခါ စစ်တပ်က ငြင်းလိုက်သည်။ ထို့ကြောင့် သမ္မတက မနေနိုင်ဘဲ ဆော်ဒီအာရေးဗီးယားကို ထွက်ပြေးရသည်။
သမီးတော် နက်စ်စလင်း Nesrine Ben Ali ၊ သူ့ခင်ပွန်းနှင့် မောင်းမအချွေအရံများ ပြင်သစ် ဒစ်စနီလင်း Disneyland က ဈေးကြီး ဟော်တယ်သို့ ရှောင်ပြေးရင်း ပိတ်မိနေကြသည်။ သမ္မတနှင့် ဇနီးတို့က သမီးရှိရာကိုအလာ ပြင်သစ် သမ္မတ ဆာကိုဇီက လေယဉ်ဆင်းခွင့် မပေးတာကြောင့် ဆော်ဒီကို ပြေးရသည်ဟု သတင်းအချို့က ရေးသားထားပါသည်။
အာရပ်ကမ္ဘာတွင် လက်ဝဲအန္တရာယ် မရှိတော့ပါ။ ပြဿနာက ဘာသာရေးနိုင်ငံရေးသမားများ ဖြစ်သည်။ ဘင်လာဒင်တို့၏ အယ်လ်ကိုင်ဒါးက အခုမှ ပေါ်သည်။ မူဆလင်ညီအကိုတော်များ Muslim Brotherhood (MB) ဟု ခေါ်သည့် အသင်းက ၁၉၂၉ ခုနှစ် ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက ပေါ်ခဲ့သည်။
Muslim Brotherhood က ညက်သည်။ သူက လူတဦး၊ ရပ်ကွက်၊ တိုင်းပြည်၊ မူဆလင်တိုင်းပြည်များ အဆင့်တိုင်းမှာ ဘုရားဟော ကိုရန်အတိုင်း လိုက်နာကျင့်သုံးရမည်။ သို့သော် အဓိကကျသော အချက်က ဘင်ကြီးတို့လို အကြမ်းနည်းကို လက်မခံ။ အကြမ်းမဖက်သော နည်း Non-violence ဖြင့် သွားရမည်ဟူသည့် ခံယူချက်။
မူဆလင်ညီအကိုတော်များ၏ ခေါင်းဆောင်များထဲတွင် သြဇာအရှိဆုံးက Sayyid Qutb ဆိုသည့် Milestone စာအုပ်ကို ရေးခဲ့သည့် ပညာရှင်ဖြစ်သည်။ သူ၏ အဆိုအရ Sharia ဆိုသည့် အစ္စလမ်ဘာသာ၏ ဥပဒေ ပြန်လည်ထူထောင်ပြီး အစ္စလာမ်ဘာသာကို ပြန်လည်ထူထောင်ရန်၊ ပြီးမှ အစ္စလာမ်မဟုတ်သည့် အုပ်ချုပ်ရေး စနစ်များကို တွန်းလှန်ဖျက်ဆီးရမည်ဟု ရေးထားသည်။
မူဆလင်ညီအကိုတော်များက အာရပ်နိုင်ငံများတင်မက ဥရောပမှာလည်း ရှိသည်။ မူဆလင်ညီအကိုတော်များက ဘာသာရေးကို ဦးထိပ်တင်လာသဖြင့် အာရပ်နိုင်ငံအများက အာဏာရှင်များနှင့် အနောက်နိုင်ငံများက ကြောက်ကြသည်။ ထို့ကြောင့် အလယ်အလတ် အစ္စလာမ်နိုင်ငံဟု သတ်မှတ်ခံရသည့် တူနီးရှားကဲ့သို့ နိုင်ငံများမှာ မိန်းမများ ခေါင်းမြီးခြုံစရာ မလိုဆိုပြီး ဘာသာရေးမှာ ပျော့ပြောင်းသော်လည်း နိုင်ငံရေးတွင် အာဏာဖြင့် ဖိနှိပ်တာကို အနောက်နိုင်ငံများက လျစ်လျူရှုခဲ့ကြသည်။ တဖက်က တည်ငြိမ်သည်၊ ခိုင်မာသည်ဆိုသည့် အချက်နှင့် မက်လုံးပေးထားသော်လည်း တဖက်က အာဏာရှင်စနစ်ဆိုးကြောင့် Crony capitalism ကို ကျင့်သုံးကြလျက်ရှိရာ ပြည်သူများက မွဲသထက်မွဲ၊ အာဏာရှင်များက ချမ်းသာပြီးရင်း ချမ်းသာနှင့် ကွာခြားမှုသည် ကြောက်ခမန်းလိလိ ကြီးထွားလာကြသည်။ အာဏာရှင်စနစ် ဆိုသည်က ဒီမိုကရေစီစနစ်ကဲ့သို့ အပြန်အလှန် ထိန်းကွပ်မှု check and balance မှ မရှိတာ။
အီဂျစ်မှာ ၁၉၅၂ ခုနှစ်ကတည်းက စစ်တပ်အာဏာသိမ်းပြီး ဘုရင်စနစ်ကို ဖြုတ်ချခဲ့သည်။ ကိုလိုနီဗြိတိသျှများက ဝန်ကြီးချုပ်သည် ဝင်ရိုးစွန်းနိုင်ငံများနှင့် ပက်ပင်းသည်ဟူသော စွဲချက်ဖြင့် ဝန်ကြီးချုပ်ကို ဖြုတ်ရန် တပ်ရင်းတရင်းကို နန်းတော်ထဲ ခေါ်လာပြီး လူပါးဝတောင်းဆိုခဲ့သည်ကို မျိုးချစ်စိတ်ပြင်းသည့် စစ်ဗိုလ်နာဆာက နာကျည်းခဲ့သည်။ အင်္ဂလိပ်များ မန္တလေးနန်းတော်ကို ချီတက်လာပြီး မြန်မာများကို လူပါးဝ၊ ဘုရားပေါ် ဘွတ်ဖိနပ်များ စီးပြီး လူမျိုးနှင့် ဘာသာကို စော်ကားခဲ့ကြသလိုပေါ့။ မျိုးချစ်စိတ်ပြင်းသည့် မျိုးချစ်တပ်မတော်သားများသည် ပျော့ညံ့သည့် ဘုရင်နှင့် အင်္ဂလိပ်သြဇာက ကင်းဝေးသည့် လွတ်လပ်သော အရာရှိများ Free Officers အုပ်စုကို ဖွဲ့ခဲ့သည်။ ၎င်းအဖွဲ့တွင် မည်သူများ ပါသည်ဆိုခြင်းကိုပင် တဦးနှင့် တဦး မသိကြ၊ နာဆာ တဦးသာ သိသည်။
၁၉၅၂ ခုနှစ်တွင် ဘုရင်က လွတ်လပ်သော အရာရှိများမှာ မည်သူများပါကြောင်း သိသွားပြီဟု သတင်းပေးသူက ပေးလာသဖြင့် လက်ဦးအောင် နာဆာ ခေါင်းဆောင်သည့် လွတ်လပ်သော အရာရှိများအုပ်စုက အာဏာသိမ်းခဲ့သည်။ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ တုန်းကကဲ့သို့ နာဆာက ရာထူးငယ်နေသဖြင့် (ထိုစဉ်က ဒုဗိုလ်မှူးကြီး) ဗိုလ်ချုပ် Muhammad Naguib ကို ခေါင်းဆောင်တင်ပြီး သမ္မတခန့်ခဲ့ကြသည်။ မကြာခင်မှာပဲ ၎င်းတို့နှစ်ဦးအကြား ကွဲလွဲမှုများ ရှိလာကြပြီး ဗိုလ်ချုပ်နာဂုဘ်က မူဆလင်ညီအကိုများအုပ်စု၊ ကွန်မြူနစ်နှင့် ကျန်သည့် အဖွဲ့များနှင့် ပေါင်းရန် လုပ်လာခဲ့သည်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် နာဆာက အလက်ဇန္ဒြားမြို့၌ မိန့်ခွန်းပေးနေစဉ် မူဆစလင်ညီအကိုများ အဖွဲ့ဝင်တဦးက သေနတ်နှင့်ပစ်၍ လုပ်ကြံရန် ကြိုးစားခဲ့သည်။ ၈ ချက်ပစ်ရာ တချက်မှမထိ။ နာဆာက မူဆလင်ညီအကိုများ အပါအဝင် ကွန်မြူနစ်နှင့် ဗိုလ်ချုပ်နာဂုဘ်နှင့်နီးသည့် စစ်ဗိုလ်များကို အကုန် ရှင်းတော့သည်။ လူ ၂ သောင်းကျော်ဖမ်း၊ မူဆလင်ညီအကိုများ ၈ ဦးကို သေဒဏ်ပေး၊ ဗိုလ်ချုပ်နာဂုဘ်ကို အိမ်အချုပ်ထားပြီး နာဆာက သမ္မတဖြစ်လာသည်။ နာဆာသည် စက်တင်ဘာလ ၂၈ ရက်နေ့ ၁၉၇ဝ ခုနှစ်တွင် နှလုံး သွေးကြောပိတ်ပြီး ဆုံးသွားရှာသည်။
နာဆာပြီးသည့်အခါ ဆဒတ် သမ္မတဖြစ်လာပြီး ဆဒတ်သည် နာဆာ၏ လူယုံ လွတ်လပ်သော အရာရှိများ အဖွဲ့ဝင် ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် အီဂျစ်အကျိုးကို ရှေးရှုပြီး အစ္စရေးများနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ခဲ့သည်။ အစွန်းရောက်သည့် ဘာသာရေးသမားများက ဆဒတ်ကို သစ္စာဖောက်အဖြစ် သတ်မှတ်သည်။ သတင်းရသဖြင့် လူ ၁၅ဝဝ ခန့်ကို ဖမ်းပြီး၊ နှိမ်နင်းရန် ကြိုးစားသော်လည်း စစ်တပ်ထဲက ဘာသာရေးဆဲလ်တခု လွှတ်သွားသည်။ ၎င်းဆဲလ်ကပဲ စစ်ရေးပြ အခမ်းအနားတခုတွင် ဆဒတ်ကို လုပ်ကြံနိုင်ခဲ့သည်။
ဆဒတ်ပြီးတော့ မူဘာရက် တက်လာသည်။ ဆဒတ် အသတ်ခံရသည့်အခါ မူဘာရက်က ဆဒတ်၏ လူယုံ ဒုသမ္မတ။ အမှန်မှာ အီဂျစ်တွင် စစ်တပ်က အာဏာသိမ်းထားသည်က ၁၉၅၂ ခုနှစ်ကတည်းကပင်။ ထူးခြားသည်မှာ မူဘာရက်က လေတပ်ဦးစီးချုပ်။ အီဂျစ်နိုင်ငံ၏ နိုင်ငံရေးတွင် စစ်တပ်က စိုးမိုးထားပေမယ့် ရှေ့တန်းကနေရာ ယူထားခြင်း မဟုတ်ပါ။ ဦးနေဝင်း လုပ်ခဲ့သလို ပါတီထောင်ပြီး ပါတီကတဆင့် အုပ်ချုပ်ခြင်းပင်။ ပထမအဆင့်အနေဖြင့် လုံထိန်းများက အာဏာတည်မြဲရေးကို တာဝန်ယူရသည်။
အီဂျစ်တပ်မတော်သည် ကမ္ဘာ့စစ်တပ်များအနက် အကြီးဆုံးနံပါတ် ၁ဝ ချိတ်ပါသည်။ အားလုံးပေါင်း တပ်သား ၁ သန်း ခန့်ရှိပြီး ၇၅ % က ကြည်းတပ်တွင် ဖြစ်သည်။ အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးကတည်းက အမေရိကန်က တနှစ်လျှင် (၁.၅ ဘီလျံ) ဒေါ်လာသန်းပေါင်း ၁၅ဝဝ ကျော် အထောက်အပံ့ပေးပြီး အများစုကို စစ်တပ်အတွက် ပေးသည်။ ထို့ကြောင့် စစ်တပ်သည် အမေရိကန်လက်နက်များချည်း ဖြစ်နေသည်။ ကာကွယ်ရေးဝန်ကြီးဌာန အောက်၌ အထွေထွေထောက်လှမ်းရေးဌာန General Intelligence Directorate (GID) ရှိပါသည်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက် DDSI နှင့် ဆင်တူပင်။ စစ်ထောက်လှမ်းရေး၊ ပြည်တွင်းပြည်ပ ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေး၊ အကြမ်းဖက်သမားနှိမ်နှင်းရေး အားလုံးမှာ GID အောက်တွင် ရှိသည်။ ၁၉၉၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ထောက်လှမ်းရေးကို ဒုသမ္မတအဖြစ် လောလောဆယ် ခန့်အပ်ခံရသူ ဗိုလ်ချုပ်ဆူလေမန်က ကိုင်ခဲ့သည်။ သူသည် ထောက်လှမ်းရေးနှင့် နိုင်ငံရေးတွင်သာမက အပြောအဆိုမှာပါ အင်မတန်ညက်သည်။ ထို့ကြောင့် ယခု ပြဿနာပေါ်သည့်အခါ အရိုက်အရာကိုခံရန် ဆူလေမန်ကို ပွဲထုတ်လာရခြင်း ဖြစ်သည်။ ဆူလေမန်တင်မက သူ့လူများလည်း အင်မတန်ညက်ကြသည်။ ဥပမာ အတိုက်ခံများဟာ ကြိုက်သလောက် အစိုးရကို ဆဲလို့ရသည်။ လက်တွေ့တွင်မူ မလုပ်နှင့် လုပ်လျှင် ဖမ်းမည်။ ပေးဆဲထားသည်က စိတ်ပြေအောင် ထွက်ပေါက်ပေးခြင်းပင်။
လုံထိန်းနှင့် ရဲများက ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ရှိပါသည်။ လုံထိန်းများသည် ဆန္ဒပြသူများနှင့် ရင်ဆိုင် နှိမ်နှင်းရသူများ ဖြစ်သည်။ ၎င်း Riot Police များသည် အင်အား ၃၂၅,ဝဝဝ ခန့် ရှိပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် General Directorate for State Security Investigations Sector (SSIS) ဆိုသည်လည်း ရှိပါသေးသည်။
မူဘာရက်က အာဏာရှိလာသည်မှာ ကြာပြီဖြစ်သဖြင့် အန်တိုနေပြီ။ ထို့ကြောင့် ၈၈ ခုနှစ်မှာကဲ့သို့ ပထမ ရိုက်ကြည့်သည်။ မရတော့ အကျဉ်းသားများကို လွှတ်ပေး၊ လုံထိန်းများကို ဖျောက်လိုက်ပြီး chaos ဖရိုဖရဲဖြစ်အောင် လုပ်ကြည့်သည်။ ကံကောင်းချင်တော့ မြန်မာများလို ခေါင်းဖြတ်တာများ မပေါ်ခဲ့ဘူး။ ဆင်းပေးမည်၊ ငါ့သက်တမ်း ပြီးအောင်စောင့် ဆိုပြီး မျှော်လင့်ချက်ပေးပြန်သည်။ တဖက်တွင်လည်း ငါဆင်းပေးတာနှင့် တိုင်းပြည် ဖရိုဖရဲဖြစ်ပြီး မူဆလင်အစွန်းရောက်များ တက်လာသည်ကို မြင်ချင်သလားဆိုပြီး ခြိမ်းခြောက်ပြထားသဖြင့် အနောက်နိုင်ငံများကလည်း အရမ်းမတွန်းရဲပါ။
စစ်တပ်က မပစ်ဘူးဟု ဆိုထားသော်လည်း မသိမသာ အစိုးရအတွက် ဝင်ကာပေးသည်။ နောက်ဆုံး စစ်တပ်က ကယ်တင်ရှင်လုပ်ပြီး မူဘာရက်ကို ဆူလေမန်နှင့် အစားထိုးမည်။ စစ်တပ်က ဒိုင်လူကြီးလုပ်ပြီး (လူအပြောင်းအလဲ လုပ်ပြီး) နောက်ကနေ ကြိုးကိုင်နိုင်လျှင် မူဘာရက်လည်း ခုံရုံးအတင်မခံရ၊ မူဆလင်အစွန်းရောက်များလည်း အာဏာမရ၊ အနောက်နိုင်ငံများ၏ အကျိုးလည်း မထိခိုက် (အချိန်) ဆွဲပြီး အကြံပိုင်သော ငခွေးလုပ်ခြင်း ဖြစ်သည်။ အီဂျစ်တွင် ရပ်နိုင်လျှင် ဂျော်ဒန်၊ ဆူဒန်၊ အယ်ဂျီးရီးယား၊ ဆော်ဒီအားလုံး အစိုးရအပြောင်းအလဲ အန္တရာယ်က လွတ်ထွက်နိုင်သည်။ ဤသည်က အနောက်နိုင်ငံ မူဝါဒ ဖော်ဆာင်သူများ၏ မျက်စိနှင့် ကြည့်ခြင်း ဖြစ်ပါသည်။ အီဂျစ်သာ အီရန်ကဲ့သို့ ဖြစ်ခဲ့လျှင် တကမ္ဘာလုံးအတွက် အန္ထရာယ်ရှိနိုင်သည်။
မူဆလင်ညီအကိုတော်များအဖွဲ့ကလည်း နိုင်ငံရေး လျင်ပါသည်။ လူများ စိုးရိမ်မှန်းသိသောကြောင့် ရှေ့မထွက်ဘဲ နောက်ကပဲ နေသည်။ မြန်မာနိုင်ငံတွင် လူမှုရေးသည် နိုင်ငံရေးမဟုတ်ဟု ထင်သူများ ရှိသော်လည်း MB အဖွဲ့က လူမှုရေးအကူအညီများကို ဗလီများမှတဆင့် ပေးပြီး နိုင်ငံရေး စည်းရုံးလျက် ရှိပါသည်။ ပြီးလျှင် လူသိများသည့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က ဒေါက်တာ Mohamed ElBaradei ကို ဆွေးနွေးခွင့် ရှိသူအဖြစ် ရှေ့တန်းတင်ထားပါသည်။ နောက် လူငယ်ခေါင်းဆောင်လေးများကို ရှေ့တန်းတင် နေရာပေးထားပါသည်။
လူငယ်အဖွဲ့များက စိတ်ဝင်စားဖို့ ကောင်းသည်။ အီဂျစ်မှာလည်း လူငယ်များက များလာသည်။ လူဦးရေ၏ သုံးပုံတပုံမှာ အသက် ၁၅ နှစ်မှ ၂၉ နှစ် အရွယ်ဖြစ်ကြသည်။ လူငယ်ဖြစ်သဖြင့် ကွန်ပြူတာ ကျွမ်းကြသည်။ သို့သော် အများက နိုင်ငံရေးနှင့် ကင်းကွာနေကြသည်။ စတင်သည်က ၂ဝဝ၄၊ ၂ဝဝ၅ ခုနှစ်တွင် သမ္မတ ဘုရှ်၏ ဖိအားကြောင့် မူဘာရက်က ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးပြီး နိုင်ငံရေး ဖိနှိပ်မှုကိုလည်း လျှော့ပေးလာသည်။ ရွေးကောက်ပွဲက တရားမျှတမှု မရှိသော်လည်း တက်ကြွက်လှုပ်ရှားသူများအတွက် လှုပ်ရှားခွင့်နှင့် ဆန္ဒပြခွင့်များ ရလာကြသည်။ ထိုအခွင့်အရေးက လက်ဝဲများ၊ ဆိုရှယ်လစ်များ၊ ဘာသာရေးသမားများ လျော့လျော့ရဲရဲ ပူးပေါင်းထားသည့် ကီဖာရာ Kefaya ဆိုသည့် အုပ်စုပေါ်လာသည်။ အာရပ်လို Enough (တော်လောက်ပြီ) ဟု အဓိပ္ပာယ် ရပါသည်။ သူတို့က ဝါဒရေးရာများ မဆွေးနွေးကြ။ သူတို့အားလုံး သဘောတူသည်က မူဘာရက်၏ သားဖြစ်သူ ဂမား Gamal ကို အာဏာမလွှဲရေး ဖြစ်သည်။ ကီဖာရာ ပေါ်ပြီး မကြာခင်မှာ Wael Abbas အမည်ရသည့် ဘလော့ဂါက ကီဖာရာနှင့် ပတ်သက်သမျှကို တင်ပေးရာ လူကြိုက်များခဲ့သည်။
အီဂျစ်နိုင်ငံတွင် နိုင်ငံရေးပါတီများ ရှိသော်လည်း သူတို့သည် ဘာမှအလုပ်မဖြစ်ကြ။ ၂ဝဝ၅ ခုနှစ် ရွေးကောက်ပွဲတွင် အေမင်နော Ayman Nour ဆိုသည့် ရှေ့နေက အဲလ်ဂတ် El Ghad နိုင်ငံရေး ပါတီထောင်ပြီး ဝင်ပြိုင်ရာ ၇ % နှင့် ဒုတိယ ရခဲ့ပါသည်။ အီဂျစ်သည် လူမှုရေး စည်းကမ်းကြီးသည့် နိုင်ငံဖြစ်သည့်အတွက် လူငယ်လေးများ နေရာမရပါ။ အစည်းအဝေးများ ထိုင်ပြီး အစိုးရငြိုငြင်မှာကို တိုင်ပင်နေကြခြင်းဖြင့် အချိန်များ ကုန်နေသောကြောင့် လူငယ်များ စိတ်ပျက်ပြီး ထွက်လာကြသည်။
Esraa Rashid နှင့် Amed Maher ဆိုသည့် လူငယ် ၂ ဦးသည် Ghad လူငယ်အုပ်စုတွင် တွေ့ကြသည်။ “မဟာ” က ပါတီကို စွန့်ခွါပြီး၊ ကီဖာရာ Kefaya လူငယ်အုပ်စုတွင် ပါဝင်လှုပ်ရှားကာ လမ်းပေါ်တွင် ဆန္ဒပြရင်း အဖမ်းခံရသည်။ ရာရှစ်ကလည်း နှေးကွးလှသည့် ပါတီဗျူရိုကရေစီကို စိတ်ပျက်နေချိန်တွင် ရာရှစ်ဆီကို မဟာဆီက မက်ဆေ့ခ်ျ ဝင်လာသည်။ ဧပြီလတွင် Mahalla al-Kobra ဆိုသည့် မြို့၌ အလုပ်သမားများ ဆန္ဒပြရန် စီစဉ်နေကြသည်။ ငါတို့လူငယ်များ တခုခုလုပ်ပြီး ထောက်ခံရရင် မကောင်းဘူးလားပေါ့။ ဒါနှင့် ရာရှစ်နှင့် မဟာတို့ နှစ်ယောက် အကြံဉာဏ် တောင်းကြရအောင်ဆိုပြီး Facebook ၌ ဧပြီလ ၆ ရက်နေ့ ဆန္ဒပြအုပ်စု ဆိုပြီး ဖွင့်လိုက်ကာ သူတို့ ၂ ယောက်က ကြီးကြပ်သူများအဖြစ် နေရာယူလိုက်ကြသည်။ နေ့ချင်း ညတွင်းချင်းမှာပဲ ထောင်နှင့်သောင်းနှင့် ဝင်ပါလာကြသည်။ အစိုးရပုလိပ်များ ခြိမ်းခြောက်သော်လည်း လူငယ်လေးများ မကြောက်ကြတော့ပါ။ ဆန္ဒပြမည့်နေ့ ရောက်သည့်အခါ ယခုနာမည်ကြီးနေသည့် Tahrir Square အနီးရှိ ကင်တာကီ ကြက်ကြော်ဆိုင်၌ ဆုံကြမည် ဆိုပြီး သူဝတ်လာမည့် အဝတ်အစားနှင့် ဆဲလ်ဖုံးနံပါတ်ကို ရာရှစ်က ကြေညာလိုက်သည်။
ကိုဖရာမြို့တွင် ဆန္ဒပြပွဲဖြစ်ပြီး လူ ၃ ဦး သေဆုံးကာ၊ အချို့ အဖမ်းခံရသည်။ နောက်ဆုံး ရာရှစ်လည်း အဖမ်းခံရသည်။ လူများက ချက်ချင်း Facebook တွင် ရာရှစ်ပုံတပ်ပြီး လွှတ်ပေးရန် ဝိုင်းတောင်းဆိုကြသည်။ ဝန်ကြီးချုပ်က ကိုင်ရိုတက္ကသိုလ်သို့ လာရောက်စကားပြောတော့လည်း ရာရှစ်ကို လွှတ်ပေးရန် ဝိုင်းအော်ကြသည်။ နှစ်ပတ်ခန့်ကြာတော့ ရာရှစ်လွတ်လာပြီး Facebook ကောင်မလေးဆိုပြီး နာမည်ကြီးသွားသလို ဆိုရှယ်ဆိုက်များ၌ လူစုခြင်းသည်လည်း နာမည်ကျော်ခဲ့ရပါပြီ။ ဤသည်က ၂ဝဝ၉ ခုနှစ်ထဲတွင် ဖြစ်ခဲ့တာပါ။
ဘလော့များနှင့် လူစုတာက ဆာဗာကို ပိတ်လိုက်လျှင် ရသည်၊ Facebook တို့လို ဆိုရှယ်မီဒီယာများကျတော့ ပိတ်လိုက်လျှင် အားလုံးထိမည်။ ထို့ကြောင့် အစိုးရတွင် အခက်အခဲရှိလာသည်။ လက်ရှိအရေးအခင်းတွင် အစိုးရက အင်တာနက်ရော၊ ဆဲလ်ဖုံးများပါ ပိတ်သော်လည်း သူတို့ပါ ထိသဖြင့် ကြာကြာမပိတ်နိုင်ခဲ့ပါ။
ဘီဘီစီနှင့် ..အင်တာဗျူးတခုတွင် …. ထောက်လှမ်းရေးအရာရှိတဦးက …. လက်ရှိအရေးအခင်းကို စစ်ပွဲဟု သတ်မှတ်သောကြောင့် စစ်ပွဲတပွဲနွှဲသလို စီစဉ်ရင်ဆိုင်သည်။ အတိုက်အခံများဘက်က နိုင်ငံရေးတိုက်ပွဲဟုသာ သတ်မှတ်သည်။ ထို့ကြောင့် ဗျူဟာဖော်ထုတ်ကြတာချင်း မတူပါ။ သတိပြုစေချင်သည်က ၂ ခု ရှိသည်။ ယခုလို အရေးအခင်းများတွင် အရေးကြီးသည်မှာ နှစ်ချက်ရှိသည်။ တခုက အချိန်၊ အရှိန်ရတုန်းမှာ တရှိန်ထိုး ”တွန်း” နိုင်လျှင် ရှစ်လေးလုံးကကဲ့သို့ ကြောက်စိတ်ကို ကျော်နိုင်ရမည်။ ဒါမှ ဘေးထိုင်နေသူများ၊ အစိုးရဝန်ထမ်းများ၊ စစ်သားများ ပါလာရမည်။ အရေးအကြီးဆုံးက (စစ်တပ်) စစ်တပ်ကို ထိုင်ဆဲနေရုံဖြင့် စစ်တပ် ပါမလာပါ။ စစ်တပ်လက်ခံနိုင်မည့် လူများ ရှိရမည်။ လေးစားလောက်သော အတိုက်ခံခေါင်းဆောင်များ ရှိရမည်။ နောက်မို့ဆို အခွင့်အရေးရနေသော စစ်တပ်သည် ဘာ့ကြောင့် အခွင့်အရေးများ အဆုံးအရှုံးခံရမည်လဲ။
နိုင်ငံရေးဆိုသည် မျဉ်းဖြောင့် မဟုတ်ပါ။ လိုအပ်ချက်ကို နားလည်ရမည်။ ဗျူဟာရှိရမည်၊ ပြင်ဆင်မှု ရှိရမည်။ အပေးအယူ လုပ်တတ်ရမည်။ အခွင့်အရေးကို နားလည်၊ ယူတတ်ရမည်။ သူနိုင်ကိုယ်နိုင် အသေသတ်ချင်ရုံ သက်သက်ဖြင့် အောင်ပွဲမခံနိုင်ပါ။ တကယ်တမ်း တိုက်ပွဲဝင်လျှင် ခေါင်းဆောင်မှု ရှိကိုရှိရပါမည်။ ခေါင်းဆောင်မှု မရှိလျှင် လှုပ်ရှားမှုဖြစ်နိုင်သော်လည်း အောင်ပွဲခံသည်အထိ ရောက်ရန် မလွယ်ကူပါ။
အီဂျစ်အရေးအခင်း မပြီးသေးပါ။ သင်ခန်းစာယူတတ်လျှင်၊ အတုယူတတ်လျှင် နှစ်ဖက်လုံးအတွက် ယူစရာများ အများကြီးပါ။ သေချာတာက ဆင်းရဲချမ်းသာ သိပ်ကွာခြားလာလျှင် တချိန်တွင် ပေါက်ကွဲမှာ ဖြစ်သည်။ တကယ်တော့ လူတန်းစား မရှိသင့်ပါဘူး။ တိုင်းပြည်ကိုချစ်လျှင် နိုင်ငံအတွင်း နေထိုင်သူ အားလုံးသည် မိမိနိုင်ငံသား အားလုံးကို ချစ်ရမှာပါ။ ယနေ့ခေတ်တွင် လွတ်လပ်ခွင့်သာမက တန်းတူခံစားခွင့်ပါ အရေးကြီးလာပါပြီ။ ဆင်းရဲချမ်းသာ ကွာခြားမှုမှာ အာဏာရှင် နိုင်ငံများမှာသာမဟုတ် အမေရိကန်နိုင်ငံမှာပါ ပြဿနာ ရှိသည်။
ဉာဏ်ရှိသည့် ခေါင်းဆောင်များကမူ အခွင့်အရေးကို ဖွင့်ပေးပြီး၊ အများကို ပေးစားခွင့်ပြုပြီး မကျေနပ်မှုကို ထိန်းထားသည်။ ဥပမာ - တရုတ်ပြည်တွင် ပါတီက အုပ်ချုပ်ရေးအာဏာကို ကိုင်ထားသော်လည်း စီးပွားရေးကို ဖွင့်ပေးသဖြင့် သန်းကြွယ်သူဋ္ဌေးများ၊ ဘီလျံနာများ ပေါလာပြီး လူလတ်တန်းစား ပေါလာသောကြောင့် အုပ်ချုပ်သူ ပါတီကို နာကျည်းမှု နည်းလာသည်။ တိုင်းပြည်ကြီးပွားလာသဖြင့် မျိုးချစ်စိတ်နှင့် တိုင်းပြည်ကို ဂုဏ်ယူလာကြသည်။ တရုတ်ပြည်တွင် လာဘ်စားမှုရှိသော်လည်း အားလုံး ဝဝလင်လင် စားနေရသဖြင့် ဖုံးထားနိုင်သည်။ အဓိကက အားလုံးကို စားရန် အခွင့်အရေးပေးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ တိုးတက်ပါစေသော်
ခေတ္တဇင်းမယ်
ဖေဖော်ဝါရီလ ၇ ရက်၊ ၂ဝ၁၁ ခုနှစ်)
at 11:59
Subscribe to:
Post Comments
(
Atom
)
1 comment :
That's a good analysis.
Post more of those to solve the most important problem in Burma which is rising food prices.
Generals need to know that just raising salary will not solve it. They are not solving the problems just making it worse.
Post a Comment