Sunday, 20 February 2011

သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ

အပိုင်း (၁)

(ခေတ်နှစ်ခေတ် တိုက်ပွဲနှစ်ခုရဲ့ ခေါင်းဆောင်မှုကို နှိုင်းယှဉ်ဆန်းစစ် တင်ပြဖို့ကြိုးစားရင်း အနှစ် (၂၀) ကျော် တိုက်ပွဲရဲ့ သုံးသပ်ချက်အကျဉ်းချုပ် စာတမ်းငယ်လို ဖြစ်သွားပါတယ်။ အကိုးအကား စာအုပ်စာတမ်း ခေါင်းပါးတာကြောင့် ကျောင်းကြီးဆင်း လူတတ်များလို ဖုနုတ်(Foot-note) တွေ၊ အင်နုတ်(in-note)တွေ ဘေးနုတ်(margin-note) တွေနဲ့ သက်သေမထူနိုင်တော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတဲ့ စကားကို အားကိုးတင်ပြလိုက်ပါတယ်။ အတ္တာနောမတိ အမြင်နဲ့သာ ဝေဘန်ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ အချက်အလက်အမှား၊ ကောက်ချက်အမှားများကို ထောက်ပြမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်။)

ကျုပ်တို့အဖြစ်က မောင်းကြီးကျကွဲကာမှ ဥက္ကဋ္ဌကြီး လုပ်ပါဦးဆိုသလိုဖြစ်နေပြီ။ တခါတုန်းက ရွာတရွာမှာ ဘုရားပွဲလုပ်ဖို့ အလှူခံထွက်ကြတယ်။ ဘုန်းကြီးကျောင်းက မောင်းကြီးကိုငှားပြီး လူငယ်လူရွယ်တွေထွက်ကြတယ်။ အထိန်းအကျောင်းအဖြစ် လူကြီးတဦးလည်းပါတယ်။ ဒီလူကြီးကြောင့် ခရီးမတွင်ဘူးလို့ လူငယ်တွေက ထင်ကြတယ်။ လူကြီးကလည်း တုံ့နှေးနှေးနဲ့ စည်းကမ်းတကျရှိဖို့ ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်နဲ့လို့ ထိန်းကျောင်းတယ်။ ဒါကို လူငယ်တွေက သူတို့ဘာသာ လုပ်နိုင်တဲ့ အလုပ်ကို ဒီလူကြီး ပါလာတာ အပိုပဲ။ ဗျစ်တောက် ဗျစ်တောက်နဲ့ နားငြီးတယ်လို့ ထင်တယ်၊ အလုပ်ရှုပ်တယ်လို့ ထင်တယ်။ ဒီလိုနဲ့ သွားကြရင်း တယောက်ကိုတယောက် တွက်ကပ်တွန်းတိုက်ကြရင်း ငှားလာတဲ့ မောင်းကြီး ကျကွဲသွားလေရော။ အဲဒီတော့မှ ဥက္ကဋ္ဌကြီးလုပ်ပါဦး၊ ဥက္ကဋ္ဌကြီး လုပ်ပါဦးနဲ့ ဝိုင်းအော်ကြသတဲ့။ အော်ရမှာပေါ့ မောင်းကြီးက ငှားလာတာဆိုတော့ လျှော်ရမှာကိုး။

တန်ဘိုး မညှိအပ်တဲ့အရာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ဝေဘန်ဆွေးနွေးကြရာမှာ မှတ်ချက်ပေးကြတဲ့ တချို့ သော စာဖတ်သူတွေကတော့ အမည်မဖော်သော်လည်း ရိုးသားစွာနဲ့ သူတို့အမြင်တွေကို တင်ပြထားတယ်လို့ မြင်ပါတယ်။ ဒီအမြင်တွေထဲမှာ တချို့သောလူတတ်ကြီးများရဲ့ သမိုင်းတဖြတ်အမြင်နဲ့ မနူးမနပ် စကားတွေကို နားယောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နှိုင်းယှဉ်ကာ ပြစ်တင် ဝေဘန်ထားတာ ဂုဏ်အရည်အသွေးကို ထိပါးတဲ့ ကောက်ချက်တွေ ပြုထားတာကို တွေ့ရပါတယ်။

ဒီကောက်ချက်တွေကို “ဆလံတင်တယ် မျိုးဆက်သစ်ရယ်ဆိုတဲ့ ငိုခြင်းတပုဒ် ရေးခဲ့ခြင်တယ်“ လို့ လူငယ်တွေကို အားမလို အားမရ မှတ်ချက်ချခဲ့တဲ့ တမလွန်က ဆရာကြီး ဒေါက်တာသန်းထွန်းသာကြားရင် ဆယ်ခါပြန် ဆလံတင်ပြီး ငိုခြင်းဆယ်ပုဒ်လောက်များ ရေးလေမလား မသိပါဘူး။

ဒါဟာ မနှိုင်းယှဉ်သင့်တာကို နှိုင်းယှဉ်တာဖြစ်တယ်။ နိုင်ငံရေးမှာ အကြောင်းအရာတခု (လူ၊ အဖြစ်အပျက်၊ လုပ်ငန်းစဉ်၊ အယူအဆစသည်) ကို တခြားအကြောင်းအရာတခုနဲ့ ပုံတူပြုနိုင်တာ ရှိသလို မပြုနိုင်တာလဲ ရှိတယ်။ နှိုင်းယှဉ်ချိန်ထိုးလို့ ရတာလည်း ရှိသလို မရတာလည်း ရှိတယ်။ တန်ဘိုးညှိလို့ ရတာရှိသလို တန်ဘိုးညှိမရတာတွေလည်း ရှိတယ်။ အရှိတရားအရ ဖြစ်တည်မှု (အချိန်၊ နေရာ၊ ဝန်းကျင်၊ အဖြစ်အပျက်) သီးခြားဖြစ်မှုကြောင့် ဖြစ်တယ်။ မတူညီမှုကြောင့် ဖြစ်တယ်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သမီး လက်ရှိလူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ဟာ နေရာ (တိုင်းပြည်) တခုသာ တူညီပြီး ကျန်တဲ့အချက်တွေ ကွဲပြားခြားနားတဲ့ လူမှုလှုပ်ရှားမှု တခုကို ဦးစီးဦးဆောင် ပြုကြတယ်။ ဒီနှစ်ခုကို နှိုင်းယှဉ် ချိန်ထိုးလို့ မရပါဘူး၊ တန်ဘိုးညှိလို့ မရပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ခေါင်းဆောင်အဖြစ် တို့ဗမာအစည်းအရုံးမှာ အတွင်းရေးမှူးလုပ်ခဲ့တဲ့ (၁၉၃၉) ကနေ လုပ်ကြံခံရတဲ့(၁၉၄၇)အထိ(၈)နှစ်တာ ကာလအတွင်းမှာ ပြည်သူတွေလိုလားတဲ့ လွတ်လပ်ရေး အရယူပေးသွားနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင်အဖြစ် အနှစ်(၂၀) ကျော်လာ တာတောင် လူထုလိုလားတောင့်တမှုကို ပြည့်ဝအောင် မဆောင်ရွက်နိုင်သေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းလောက် မတော်ဘူး၊ တာဝန်မကျေဘူးလို့ ပြောရင် ဒါ ဟာမတရားဘူး။ သမိုင်းအမြင် နိုင်ငံရေးအမြင် ခေါင်းပါးတဲ့ ကောက်ချက်တခု ဖြစ်ပါတယ်။

လူပုဂ္ဂိုလ်က နှစ်ဦး

ဗိုလ်ချုပ်အောင်ဆန်း ဒီလို(၈)နှစ်တာကာလအတွင်းမှာ အမျိုးသားရည်မှန်းချက်ကို အောင်မြင်ပေါက် မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာမှာ သူကိုယ်တိုင်ရဲ့ ကိုယ်စွမ်းကိုယ်စတွေကြောင့်လဲ ပါသလို သူဦးဆောင်မှု ပေးခဲ့ရတဲ့ (သို့မဟုတ်) သူ့ကိုဝန်းရံထောက်ကူခဲ့တဲ့ ကျောထောက်နောက်ခံ ခေတ်စနစ် လူထုနဲ့ အဖွဲ့အစည်း များရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ အဲဒီ့ ကျောထောက်နောက်ခံ အခြေအနေများက အောင်ပွဲခံ နိုင်လောက်တဲ့ အခြေအနေတွေ ရှိပြီးဖြစ်တယ်။ တနည်းပြောရရင် အခြေအနေတွေက ရင့်မှည့် ပြည့်စုံနေပြီလို့ ပြောလို့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဘီအိုင်အေခေါင်းဆောင်၊ လွတ်လပ်ရေးယူခဲ့တဲ့ ဖဆပလခေါင်းဆောင် မဖြစ်ခင်တည်းက နိုင်ငံရေးတာဝန် အဖွဲ့အစည်းတာဝန်တွေ ထမ်းဆောင်ပြီး အတွေ့အကြုံတွေ ဖြည့်ဆည်းပြီး ဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်လာကြတဲ့ တချို့သော ကျနော်တို့ (၈၈) မျိုးဆက်တွေက ကိုအောင်ဆန်း ဂျပန်တွေဆီမှာ လပိုင်းလောက် စစ်ပညာသင်ပြီး ဗိုလ်ချုပ်ဖြစ်လာတာလောက်ပဲ မြင်ကြတယ်။ ဒီ့အရင်က သူ့ရဲ့နိုင်ငံရေး ဖြည့်ဆည်းမှုတွေကို မမြင်ကြဘူး။ သူ့ကို အားကျပြီး သင်တန်းတက်၊ တပ်ထောင် ဗိုလ်ချုပ်လုပ်ဖို့လောက်ပဲ စိတ်ကူးယဉ်ကြတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်ချုပ်ဖြစ်လောက်တဲ့ အမျိုးသားတပ်ပေါင်းစုကြီးတခုရဲ့ ခေါင်းဆောင်ဖြစ်လောက်တဲ့ အတွေ့အကြုံများနဲ့ လေ့လာဆည်းပူးမှုတွေကို လုပ်ခဲ့ပြီးဖြစ်တယ်။ ဆိုချင်တာက သူဟာ သူယူမည့် အနာဂါတ်တာဝန်တွေကို ထမ်းဆောင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ကျောင်းသားဘဝကတည်းကစလို့ တိုက်ပွဲရေစီးမှာ တဆက်တစပ်ထည်း လက်တွေ့ပါဝင် ဆည်းပူးဖြည့်ဆည်းခဲ့ပြီးဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အဖေနဲ့ ခြားနားတဲ့ ဖြတ်သန်းမှုတွေ ရှိခဲ့တယ်။ သူကိုယ်တိုင်က သူဦးဆောင်ရမည့် လူထုနဲ့ နှစ်ကာလရှည် ကင်းကွာနေရာက ပြင်းထန်တဲ့ နိုင်ငံရေးမုန်တိုင်းထဲကို ဗြုန်းစားကြီး ဝင်ရောက်လာရတာဖြစ်တယ်။ ဒါကြောင့်သူ့အနား ဝိုင်းအုံလာကြတဲ့သူတွေကို အဖြူအမည်း မခွဲခြားနိုင်ဘဲ တွေ့ရာအကုန် လက်ခံလိုက်ရတဲ့ အခြေအနေဖြစ်တယ်။ အချိန်က အဓမ္မတွန်းတိုက်တာကို ခံလိုက်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ သူကိုယ်စားပြုမည့် အဖွဲ့အစည်းကို စနစ်တကျ ပြင်ဆင်ဖွဲ့စည်းပြီး ဦးဆောင်ခဲ့ရတာ မဟုတ်ဘူး။

ခေတ်က နှစ်ခေတ်

ဗိုလ်ချုပ်အောင်ဆန်း ကျင်လည်လှုပ်ရှားခဲ့ရတဲ့ ခေတ်စနစ်နဲ့ နောက်ခံအခြေအနေတွေက ဒေါ်စုကျင်လည်ရတဲ့ အခြေအနေများထက် အများကြီးသာလွန်တယ်လို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်က ဗမာပြည်ကို ကိုလိုနီပြု အုပ်ချုပ်နေတယ် ဆိုပေမယ့် လစ်ဘရယ်ဒီမိုကရေစီ အခွင့်အရေးတွေကို တစိတ်တပိုင်း ပေးထားတယ်။ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ရှိတယ်။ တစုံတရာ ပွင့်လင်း လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်တွေ ရှိတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်တွေ ရှိတယ်။ ကိုလိုနီနယ်ချဲ့တွေရဲ့ စိတ်သဘောထားကောင်းမှုကြောင့် ဒီအခွင့်အရေးတွေကို ပေးထားတာ မဟုတ်ပါဘူး။ ဥပဒေကို ရိုသေ လေးစားတတ်တဲ့ အင်္ဂလိပ်လူမျိုး၊ အင်္ဂလိပ်လူထုတွေကြောင့် ဖြစ်တယ်။

လစ်ဘရယ်စနစ်အရ အင်္ဂလိပ်လူထုဆီမှာ တိုင်းပြည်ရေးရာကို မေးမြန်းခွင့်၊ စုံစမ်းခွင့်၊ ကန့်ကွက်ခွင့်နဲ့ ရွေးကောက်ပွဲမှာ မဲပေးဆုံးဖြတ်ခွင့်တွေရှိတယ်။ ဒါကြောင့် အဲဒီ့အချိန်က ဗြိတိသျှအင်ပါယာထဲက ကိုလိုနီ နိုင်ငံတွေရဲ့အရေးကိုပါ မေးမြန်းစုံစမ်းခွင့် ဆုံးဖြတ်ခွင့် ရှိကြပြန်တယ်။ ဗမာပြည်ကို နယ်ချဲ့သိမ်းပိုက်ပြီး သွေးစုပ် အမြတ်ထုတ်ခွင့်တွေ ရနေကြတဲ့ အရင်းရှင်များနဲ့ သူတို့ရဲ့ အပေါင်းအဖေါ် နယ်ချဲ့ဝါဒီ နိုင်ငံရေးသမားတွေ အလို အတိုင်းဆိုရင် ဒီအခွင့်အရေးတွေ ရစရာမရှိသလို လွတ်လပ်ရေးလည်း အဲဒီ့အချိန်က ရစရာမရှိပါဘူး။

အင်္ဂလန်ပါလီမန်မှာ ဗမာပြည်ဥပဒေကြမ်း တင်သွင်းတော့ အရင်းရှင်များနဲ့ သူတို့ကို ကျောထောက် နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ်ပါတီက အပြင်းအထန် ကန့်ကွက်ပါတယ်။ သူတို့ခေါင်းဆောင် ဝင်စတန်ချာချီက ဗမာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီမိုကရေစီအရ မဲရှုံးလို့ လက်ခံလိုက်ကြရတာ ဖြစ်တယ်။ ဗမာပြည်ကို လွတ်လပ်ရေး ပေးခဲ့ရတယ်။ (ဒါတောင် ဗမာပြည်မှာ သူတို့ရဲ့ သွေးစုပ်အမြတ်ထုတ်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ အရင်းရှင်တွေနဲ့ ပေါင်းပြီး လွတ်လပ်ပြီးစ ဗမာပြည်အစိုးရကို နှောက်ယှက်ဖို့ တောင်တန်းသား မိတ်ဆွေများအသင်းဆိုပြီး ထူထောင် လှုပ်ရှားခဲ့ကြပါသေးတယ်။)

ဒေါ်အောင်ဆန်းစုကြည် ရပ်တည်လှုပ်ရှားနေရတဲ့ နိုင်ငံရေးစနစ်ကတော့ ကမ္ဘာမှာ အကြမ်းဆုံး၊ အရက်စက်ဆုံးနဲ့ အယုတ်ဆုံးလို့ မှတ်တမ်းတင်ထားရတဲ့ စစ်အာဏာရှင်စနစ်ဖြစ်တယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးတို့ အခြေခံ လူ့အခွင့်အရေးတို့ဆိုတာ လုံးဝဆိတ်သုဉ်းနေတယ်။ ကိုယ့်တံတွေးကိုယ် ပြန်မြိုရတဲ့ ပြိတ္တာလို စစ်အာဏာရှင်တွေဖြစ်တယ်။ ကိုယ်ကိုးကွယ်တဲ့ ဘာသာသာသနာကို ပြစ်မှား စော်ကားရဲတဲ့ မိစ္ဆာတွေ ဖြစ်တယ်။ လူစိတ်ကင်းပြီး လက်နက်အားကိုးနဲ့ ကြောက်ရမ်းရမ်းနေသူတွေ ဖြစ်တယ်။

ဗိုလ်ချုပ်တို့ခေတ် ဗိုလ်ချုပ်တို့ကမ္ဘာ

(၂၀) ရာစုက စတင်ရေတွက်ရမယ့် ခေတ်သစ်ကမ္ဘာ့နိုင်ငံရေးပုံစံထဲမှာ လူမျိုး နိုင်ငံတွေရဲ့တည်ရှိမှုနဲ့ အချုပ်အခြာနိုင်ငံရေးဟာ အပြန်အလှန်ဆက်နွယ်မှု တနေ့တခြား ပိုပြီးကျယ်ပြန့်ကြီးထွားလာနေတယ်။ ဒါကြောင့် တနိုင်ငံ ရဲ့နိုင်ငံရေးဖြစ်စဉ်ဟာ တခြားနိုင်ငံတွေကိုပါ ရိုက်ခတ်မှုလွှမ်းမိုး အကျိုးသက်ရောက်မှုတွေလည်း ပိုပြီးကြီးထွားလာတယ်။ ဘယ်နိုင်ငံမှ သီးခြားကင်းလွတ်စွာ ရပ်တည်ပြီးနေလို့မရတဲ့ အခြေအနေဖြစ်တယ်။ သဘာဝကျစွာပဲ အင်အားကြီးတဲ့ နိုင်ငံတွေက ကမ္ဘာ့နိုင်ငံရေးပုံစံနဲ့ နိုင်ငံတကာဖြစ်စဉ်တွေအပေါ်မှာ ပိုပြီးသြဇာ သက်ရောက်တယ်။ တခါတခါအဆုံးအဖြတ် တောင်ဖြစ်သွားတတ်တယ်။ ဒီတော့ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်ကလည်း ဒီကမ္ဘာ့နိုင်ငံရေးပုံစံနဲ့နိုင်ငံတကာနိုင်ငံရေးဖြစ်စဉ် တွေကနေမကင်းလွတ်ဘူး။ သြဇာသက်ရောက်နေတယ်။

ဗိုလ်ချုပ်အောင်ဆန်းခေတ်အခါက ကမ္ဘာ့နိုင်ငံရေးမှာ ကမ္ဘာ့အင်အားကြီးတွေ ကိုလိုနီနယ်တွေကို ပြန် လည်ဝေခြမ်းရေးလုပ်ဖို့ အချင်းချင်း နယ်လုစစ်ပွဲတွေ ဆင်နွှဲနေပြီ။ ဒါကြောင့် ဘယ်တုန်းကမှ လူရာမသွင်းခဲ့တဲ့ အင်အားသေးငယ်တဲ့ နိုင်ငံတွေ၊ ကိုလိုနီလက်အောက်ခံ နိုင်ငံတွေကိုပါ သူ့ဘက်ကိုယ့်ဘက် အပါ အပြိုင်အဆိုင် စည်းရုံးနေရချိန်ဖြစ်တယ်။ ဒီအခြေအနေကို အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ပီပြင်တဲ့ စည်းရုံးရေးရှိတဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံတွေက အဲဒီ့ကမ္ဘာ့နိုင်ငံရေး ရေးစီးကို အသုံးချ အမြတ်ထုတ် နိုင်ခဲ့ကြတယ်။

ဗမာပြည်အနေနဲ့ကတော့ လွတ်လပ်ရေးခေါင်းဆောင်တွေဟာ ဒီကမ္ဘာ့နိုင်ငံရေးကို တွက်ချက်ပြီး “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ ကြွေးကျော်သံနဲ့ စည်းရုံးပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့ကြတယ်။ စစ်ပြီးချိန်မှာလည်း စစ်ပန်းနေတဲ့ အင်္ဂလိပ်ကိုလိုနီတွေကို အမျိုးသားညီညွတ်ရေးလည်း ရှိနေတော့ “ရရင်ရ မရရင်ချမယ်” ဆိုတဲ့ စိန်ခေါ်မှုနဲ့ အမျိုးသားရည်မှန်းချက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြတယ်။

ဒီနေ့ခေတ်ကမ္ဘာထဲက ဗမာ

ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံရေး အခြေအနေက ဗိုလ်ချုပ်အောင်ဆန်းခေတ်က အခြေအနေနဲ့ အခြားနားကြီး ခြားနားသွားခဲ့ပြီ။ ဗမာပြည်သူတွေရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုကို မျက်နှာသာမပေးဘူး။ ဒီခေတ်ဟာ ကိုယ်ကျိုးစီးပွား ပဓာနဝါဒ လွှမ်းမိုးနေတယ်။ တဖက်ဖက်ကို ရပ်တည် အသုံးချပြီး ကိုယ့်တိုက်ပွဲကို အရှိန်မြှင့်ဖို့ နိုင်ငံရေး ဂိုဏ်းကွဲနေတဲ့ စစ်အေးခေတ်လည်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်။ ပီပြင်တဲ့ နိုင်ငံရေး စုဖွဲ့မှုတော့ မရှိသေးဘူး။ ဒီအခြေအနေက နိုင်ငံငယ်တွေက ပြည်သူတွေရဲ့ လုံခြုံရေးကို ပိုပြီးအန္တရာယ်ပေးလာနိုင်တယ်။ နိုင်ငံရေးဝါဒထက် ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတိုင်းက နိုင်ငံတိုင်းနဲ့ ပေါင်းပြီး တခြားနိုင်ငံတွေအပေါ် အသာစီး ရအောင် အားထုတ်နေကြတယ်။ ကဏ္ဍကွဲပြားမှု၊ ဒေသကွဲပြားမှုအလိုက် တူရာစုဖွဲ့မှုတွေ လုပ်နေကြတယ်။ အားလုံးရဲ့ အခြေခံကတော့ ကိုယ်ကျိုးစီးပွားပဲဖြစ်တယ်။ နိုင်ငံရေးဝါဒအရ စုဖွဲ့မှုတွေကလည်း သဏ္ဍာန် သဘောလောက်တော့ ကျန်သေးတယ်။

နိုင်ငံတကာ အစည်းအဝေးတွေမှာ မိတ်ဆွေများက ဗမာပြည် ပြဿနာမှာ လူထုကလည်း ထောက်ခံပါရက်နဲ့ ဘာကြောင့် မအောင်မြင်တာလဲလို့ မေးကြပါတယ်။ နိုင်ငံကြီးတချို့က ပြည်တွင်းရေး သက်သက်လို့ အသံကောင်းဟစ်နေကြပေမယ့် ဗမာပြည်ပြဿနာဟာ ပြည်တွင်းရေးသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာအရေး ( International Issue) လို ဖြစ်သွားလို့ ဖြစ်တယ်။ ပြည်တွင်းရေး သက်သက်သာဆိုရင် ပြီးခဲ့တာ ကြာပြီလို့ ဖြေခဲ့ပါတယ်။ တကယ်တမ်းလဲ ဒီသဘောသာ ဖြစ်ပါတယ်။

ဗမာပြည်ဟာ ထိုက်သင့်တဲ့ သယံဇာတနဲ့ ပထဝီနိုင်ငံရေး (Geo-politic) အရ အချက်အခြာကျတဲ့ နေရာမှာ ရှိတယ်။ ကမ္ဘာ့နိုင်ငံရေးမြေပုံ (Geo-politico-map) သတ်မှတ်တဲ့နေရာမှာ အရေးပါတဲ့ ဒေသကြီးတွေ ဖြစ်တဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဒေသကြီးနှစ်ခုကို ပေါင်းကူးပေးထားတဲ့ အနေအထားဖြစ်ပါတယ်။ တဖက်မှာလည်း ကမ္ဘာ့လူဦးရေအများဆုံးနဲ့ ထွန်းသစ်စ ကမ္ဘာ့အင်အားကြီး နိုင်ငံများ (Emerging Super Powers) လို့ ပြောနေကြတဲ့ အိန္ဒိယနဲ့၊ တရုတ်ကြားမှာ တည်ရှိသလို တခြားတဖက်မှာတော့ လူဦးရေ သန်း (၆၀၀) လောက်ရှိတဲ့ အာဆီယံ ဒေသကြီးကလည်း ရှိနေပြန်ပါတယ်။ ဒါတွေဟာ ဗမာပြည်အရေး နိုင်ငံတကာ ကိစ္စရပ် ဖြစ်သွားရတဲ့ အကြောင်းဖြစ်တယ်။

ဗမာပြည်ဟာ နိုင်ငံရေးအပြောင်းအလဲတခုကို ဦးတည်နေတယ်။ ဒီအပြောင်းအလဲဟာ မလွဲမသွေ ဖြစ်ပေါ်မှာလို့ ကမ္ဘာ့နိုင်ငံရေးမှာ ရှေ့တန်းကစားသမား နိုင်ငံကြီးတွေအားလုံး သိမြင်လက်ခံထားကြတယ်။ ဒီအပြောင်းအလဲ ဟာလည်း ဒေသတွင်းကိုသာမက ကမ္ဘာ့ပထဝီနိုင်ငံရေးကိုပါ အကျိုးသက်ရောက်မှု အားကောင်းတဲ့ အပြောင်းအလဲ ဖြစ်တယ်။ နိုင်ငံရေး ချိန်ခွင်လျှာကို ဆုံးဖြတ်နိုင်တဲ့ အပြောင်းအလဲတခုလည်း ဖြစ်နေပြန်တယ်။ ဒါကြောင့် ဒီနိုင်ငံကြီးတွေ ဗမာပြည်နိုင်ငံရေး အပြောင်းအလဲအပေါ် ကိုယ့်သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။ ကိုယ်ကျိုးစီးပွားကိုအခြေခံတဲ့ ပြိုင်ဆိုင်မှုဆိုတော့ ရေရှည်အကျိုးရလာဒ်(long-term interest) ထက် ရေတိုအကျိုးရလာဒ် (Short-term interest) ကို ဦးစားပေးကြတယ်။ ဗမာလူထုရဲ့ ဆန္ဒကို လစ်လျူရှုထား တယ်လို့ပြောရမယ့် အခြေအနေဖြစ်တယ်။ ဒီပြိုင်ဆိုင်မှုတွေကြောင့် စစ်အုပ်စုဟာ တစုံတရာသော အတိုင်း အတာအထိ အသက်ရှူချောင်ခဲ့တယ်။ သိသာအောင် အိမ်နီးခြင်း တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဗမာပြည်အပေါ် ဆက်ဆံရေး သဘောထားကို လေ့လာကြည့်ပါ။ သူတို့အကြားက အားပြိုင်မှုကို တွေ့နိုင်ပါတယ်။


တရုတ် အိန္ဒိယ ပြိုင်ဆိုင်မှု

ဗမာပြည်ရဲ့ တည်နေရာ အနေအထားဟာ တရုတ်နဲ့ အိန္ဒိယတို့အကြား တဦးကို တဦး အကျောပေးခံလို့ မရတဲ့ အခြေအနေပါ။ (၈၈) အရေးတော်ပုံပြီးစကာလမှာ စစ်အုပ်စုဟာ နိုင်ငံတကာမှာ ဆေးဖော်ကြောဖက် မရှိသလောက် နိုင်ငံရေးအထီးကျန်ဖြစ်ခဲ့တယ်။ ဒီနိုင်ငံတကာရဲ့ မဆက်ဆံရေးမူနဲ့ အထီးကျန်ထား လစ်လျူရှုရေးမူကို စပြီး ချိုးဖောက်တာက အိမ်နီးခြင်းထိုင်းနိုင်ငံအစိုးရ ဖြစ်တယ်။ အဲဒီအချိန်က ထိုင်းနိုင်ငံဝန်ကြီးချုပ် (Chavalit Yungchaiyudh) ကိုယ်တိုင် ဦးစီးပြီး စီးပွားရေးသမား အများစုပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကြီးနဲ့ ဗမာပြည်ကို သွားကြတယ်။ စစ်အုပ်စုက ငါးဖမ်းလုပ်ကွက်တွေ၊ သစ်လုပ်ကွက်တွေနဲ့ တခြားအမြတ်ထုတ်သွေးစုပ်ခွင့်တွေကို အောက်ကြေးနဲ့ လာဒ်ထိုးလွှတ်လိုက်တယ်။ အမေရိကန်နဲ့ နီးစပ်တဲ့ နိုင်ငံခြားရေးမူဝါဒရှိတဲ့ ထိုင်းနိုင်ငံရဲ့ အပြုအမူကိုကြည့်ပြီး အနီးကပ်စောင့်ကြည့်နေတဲ့ တရုတ်ကြီးကလည်း (၈၈) အရေးအခင်း မတိုင်မီလေး (၁၉၈၇) ကမှ စစ်အုပ်စုနဲ့ ရထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို မီးကုန်ယမ်းကုန် အကောင်အထည်ဖော်တော့တယ်။ မလုပ်ရှင်းရှင်း လုပ်တင်းတင်းဆိုတဲ့ တရုတ်ကြီးဟာ နောက်ဆုံး စစ်အုပ်စုကို စစ်ရေးအကူအညီ ပေးတဲ့အဆင့်ထိ ရောက်လာတယ်။ နိုင်ငံတကာမှာ အားကိုးရာမဲ့ နေတဲ့ စစ်အုပ်စုကလည်း အားထားရာ တရုတ်ကြီးကျေနပ်ဖို့ ရေရှည်အမျိုးသား အကျိုးစီးပွားကိုတောင် မငဲ့ကွက်ပဲ အစွမ်းကုန် လိုက်လျောပြီး အပေးအယူ လုပ်ခဲ့တယ်။

ဒီလို စစ်အုပ်စုအောက်က ဗမာပြည်ထဲမှာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးပါမကျန် တရုတ်သြဇာ လွှမ်းမိုး လာတာကို မြင်နေရတော့ ပြိုင်ဘက်အိန္ဒိယက နေမထိထိုင်မသာ ဖြစ်လာတယ်။ အိန္ဒိယဟာ (၈၈) အရေးတော်ပုံ ကာလအတွင်းမှာကော နောက်ပိုင်းကာလတွေမှာပါ ဗမာလူထုရဲ့ တိုက်ပွဲကို အခိုင်အမာ ထောက်ခံအားပေးခဲ့တယ်။ ဒါပေမဲ့ ဗမာပြည်အတွင်းမှာ စစ်အုပ်စုနဲ့ပေါင်းပြီး တရုတ်သြဇာ ကြီးထွားလာတော့ စိုးရိမ်သောက ဖြစ်လာတယ်။ ဒါကြောင့် ဗမာပြည်ဆိုင်ရာ သူ့ရဲ့မူဝါဒကို ပြန်ပြီး ဆန်းစစ်လာကြတယ်။ နောက်ဆုံး (၁၉၉၃) ခုနှစ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်တော် လဲလှယ်ပြီး အပြုသဘော ဆက်ဆံရေးကို ပြောင်းလဲလိုက်ကြတယ်။

နှစ်နိုင်ငံ နယ်ခြား ကုန်သွယ်ရေး၊ (၂) နိုင်ငံနယ်ခြား နယ်ကျော် လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကို ပူးပေါင်းနှိမ်နင်းဖို့လို့ သဘောတူညီချက်မှာဖေါ်ပြခဲ့တယ်။ အနှစ်သာရကတော့ ဗမာပြည်ထဲမှာ တနေ့တခြား ကြီးထွားလာနေတဲ့ တရုတ်သြဇာကို တန်ပြန်ထိန်းချုပ်ဖို့ ဖြစ်တယ်။ ဒါကလည်း လုံခြုံရေးဆိုင်ရာ သူ့နိုင်ငံ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးဖြစ်တယ်။ ဒါပေမယ့် ပြောင်းလဲလိုက်တဲ့ အပြုသဘော ဆက်ဆံရေးမူဟာ သူမျှော်မှန်းသလောက် ခရီးမပေါက်ဘဲ အိန္ဒိယဟာ နေရာတကာမှာ တရုတ်နောက်ကို ရောက်နေခဲ့ရတယ်။ ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြိုင်ဆိုင်ရာမှာ အကြီးအကျယ် ရှုံးနိမ်ခဲ့ရတယ်။ ဒီလိုမျှော်မှန်းသလို မဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အရာရှိကြီးတဦးက ဗမာပြည် ဒီမိုကရေစီအရေးကို အိမ်နီးချင်းတွေ အကြားမှာ တကိုယ်တည်း အားသွန်ထောက်ခံ ခဲ့တဲ့ “သံတမန်ရေး ခြေလှမ်းကျွံမှုအမှား” လို့ သုံးသပ်ခဲ့တယ်။

အနှစ် (၂၀) ကျော် ဗမာပြည် ဒီမိုကရေစီအရေး ထောက်ခံခဲ့တဲ့ အမေရိကန်၊ အီးယူ စတာတွေ အခုခါ စစ်အုပ်စုနဲ့ အပြုသဘော ဆက်ဆံရေး ထူထောင်မယ်လို့ ပြင်ဆင်နေကြတာတွေဟာ အိန္ဒိယရဲ့ ရှုမြင်သုံးသပ်ချက်နဲ့ တသဘောတည်း ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ တရုတ်သြဇာလွှမ်းမိုးမှုကို ဟန့်တားရေး ဖြစ်ပါတယ်။

ဗမာ့အိမ်နီးခြင်းများ

ကိုယ့်တိုင်းပြည် ကိုယ့်ပြဿနာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်အဖြေရှာရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဗမာပြည်အရေးနှင့် ပတ်သက်လာရင် အိမ်နီးခြင်း အစိုးရတွေရဲ့ တာဝန်မဲ့သဘောထားနဲ့ ရပ်တည်ချက်တွေက ဒီပြဿနာ အဖြေရှာရေးမှာ အခက်အခဲကြီးစေခဲ့တယ်။ စစ်အုပ်စုရဲ့တင်းမာတဲ့ သဘောထားကို အားပေး အားမြှောက်ဖြစ်စေခဲ့တယ်။ ဗမာအိမ်နီးခြင်းတွေရဲ့တာဝန်မဲ့မှုကို တောင်အမေရိက က ဟွန်ဒူးရတ် (Hunduras) နိုင်ငံပြဿနာနဲ့ ပတ်သက်ပြီး အိမ်နီးခြင်းတိုင်းပြည်တွေရဲ့ ရပ်တည်ချက်နဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့ ယှဉ်ကြည့်ရင် အထင်အရှား မြင်တွေ့နိုင်ပါတယ်။

မနှစ်က (၂၀၁၀)မှာ ဟွန်ဒူးရတ်နိုင်ငံ သမတကို ပါလီမန်ဥက္ကဋ္ဌက စစ်တပ်နဲ့ပေါင်းပြီး အာဏာသိမ်း ခဲ့တယ်။ သမ္မတကို အဓမ္မ လေယာဉ်ပေါ်တင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ဒီအာဏာသိမ်းအစိုးရကို ဘယ်အိမ်နီးခြင်းတွေကမှ အသိအမှတ် မပြုကြဘူး။ သမ္မတကို အာဏာပြန်အပ်ဖို့ ဖိအားပေး တောင်းဆိုကြ တယ်။ အမေရိကန်နိုင်ငံများ အသင်း (OAS- Organisation of American States) ကပါ ထုတ်ပစ်လိုက်တယ်။ နောက်ဆုံး ဘရာဇီးသမတနဲ့ ကော်စတာရီကာသမတတို့ ခြံရံပြီး အာဏာသိမ်းခံထားရတဲ့ သမတကို ပြည်တော်ပြန်နိုင်ဖို့ စီစဉ်ကြတယ်။ အာဏာသိမ်း အစိုးရက လေဆိပ်လေယာဉ်ပြေးလမ်းတွေကို ဓာတ်ဆီတင်ကားတွေနဲ့ ပိတ်ဆို့ထားတာကြောင့် မအောင်မြင်ပြန်ဘူး။ ဒါကြောင့် ကုန်းလမ်းကနေ လျှို့ဝှက် ပြန်ပို့လိုက်ကြတယ်။ ပြန်ဝင်လာတဲ့သမ္မတကို ဘရာဇီးသံရုံးက ကာကွယ်စောင့်ရှောက်ထားတယ်။ ခေါင်းဆောင် သမတ ပြန်ရောက်လာတာကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ လူထုတွေ စိတ်အားတက်ကြွလာတယ်။ ဆန္ဒပြ အုံကြွမှုတွေ ပိုပြီးပြင်းထန်လာတယ်။ နောက်ဆုံးမှာ အာဏာသိမ်း အစိုးရက စေ့စပ်ရေး စားပွဲဝိုင်းကို ရောက်လာခဲ့ရတယ်။ (၃) လအတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာစွန့်ဖို့ သဘောတူခဲ့ကြရတယ်။ ဗမာ့အိမ်နီးခြင်းတွေကတော့ စစ်အုပ်စုကို ဘက်မလိုက်အဖွဲ့တို့ အာဆီယံအဖွဲ့တို့ အပြင် အသစ်ဖွဲ့လိုက်တဲ့ ဒေသတွင်း အဖွဲ့အစည်းတွေမှာပါ ဖိတ်ခေါ်ထည့်သွင်းလိုက်ကြသေးတယ်။


မတူတဲ့ ခေတ်နှစ်ခုက လူထုနှစ်ရပ်

ဒီလိုနိုင်ငံတကာ အခြေအနေတွေက အခွင့်မသာတာနဲ့ နိုင်ငံတခုရဲ့ အပြောင်းအလဲက မဖြစ်နိုင်တော့ ဘူးလား။ လူထုတိုက်ပွဲတွေက မအောင်နိုင်တော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါ။ နိုင်ငံတကာ အခြေအနေတွေက ထည့်သွင်းစဉ်းစား တွက်ချက်ရလောက်အောင် သြဇာလွှမ်းတဲ့ကဏ္ဍမှာ ရှိနေပါတယ်။ အကျိုးသက်ရောက်ပါတယ်။ တကယ်တမ်း အဆုံးအဖြတ်ကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လူထုသာ ဖြစ်ပါတယ်။ လူထုအဆုံးအဖြတ်နဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတကာရဲ့ ရပ်တည်ချက်တွေကလည်း အဲဒီ့လူထု သယ်ဆောင် သွားတဲ့ နိုင်ငံရေးရေစီးကြောင်းနောက်ကို လိုက်ပြောင်းလဲရပါတယ်။ လောလောလတ်လတ် ဖြစ်ပွားနေတဲ့ တူးနီးရှား၊ အီဂျစ်၊ ယီမင်နဲ့ အာရပ်ကမ္ဘာမှာ ဖြစ်ထွန်းနေတဲ့ လူထုတိုက်ပွဲတွေက သက်သေပါပဲ။

တော်လှန်ရေးပြောပြော၊ နိုင်ငံရေးပြောပြော လူမှုအဆောက်အဦတခု ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ လူထုသာ ပဓာန ဖြစ်ပါတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် စည်းရုံးရေးရေချိန်စတဲ့ နိုးကြားမှု အတိုင်းအတာဟာ တိုက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ရတဲ့ ဗမာလူထုဟာ ဒီကနေ့လူထုထက် နိုင်ငံရေး ရေချိန် မြင့်မားတယ် လို့ဆိုရပါမယ်။ လူထုရဲ့ နိုင်ငံရေးရေချိန်ဆိုရာမှာ နိုင်ငံရေးနိုးကြားမှုနဲ့ နိုင်ငံရေးစည်းရုံးမှုတို့ဖြစ်တယ်။ ဗိုလ်ချုပ် ခေတ်က လူထုနဲ့ ဒီနေ့ခေတ်လူထုဟာ နိုင်ငံရေးနိုးကြားမှု တူပါတယ်။ ဒီနေ့ခေတ်လူထုက ပိုတယ်လို့တောင် ပြောချင်ပြောလို့ ရပါတယ်။ အမျိုးသားလွတ်မြောက်ရေးအတွက် အင်္ဂလိပ်နဲ့ စစ်အုပ်စုကို အဓိကရန်သူလို့ ရှင်းရှင်းလင်းလင်း ရှုမြင်ကြပါတယ်။ ဆန့်ကျင်ကြပါတယ်။ ဒါပေမယ့် ဒီဆန့်ကျင်မှုကို တလုံးတစည်းထဲ ဖြစ်အောင် စုစည်းတဲ့ နိုင်ငံရေးစည်းရုံးမှုရေချိန်မှာတော့ ဒီနေ့ခေတ်လူထုဟာ အလွန်အမင်း ချိနဲ့နေတယ်လို့ မြင်ပါတယ်။ စစ်အုပ်စုရဲ့ အစဉ်တစိုက် စောင့်ကြည့်ပြီး ကြမ်းကြမ်းရမ်းရမ်း နှိပ်ကွပ်တာက အဓိက အကြောင်းတချက် ဖြစ်ပါတယ်။

လူမှုစီးပွားရေးအရလည်း ဒီနေ့ခေတ် ဗမာလူထုဟာ အနိမ့်ဆုံးအထိ ကျဆင်းနေတယ်။ ဒီစီးပွားရေး ချွတ်ခြုံကျမှုကတဆင့် အမျိုးသားရေး စာရိတ္တမဏ္ဍိုင်ဟာ ဘယ်ခေတ်နဲ့မှ မတူအောင် ကျဆင်းနေတယ်။ နိုင်ငံ့ခေါင်းဆောင်အမည်ခံ စစ်ဗိုလ်ချုပ်တွေကလည်း ထိပ်ကနေပြီး ခိုးဝှက်လုယက်နေတာကို ပြောင်ပြောင် တင်းတင်းလုပ်ပြီး စံနမူနာထူနေကြတယ်။ တဖက်မှာလည်း တချို့သော နိုင်ငံရေးသမား၊ နိုင်ငံရေးခေါင်းဆောင် အမည်ခံတွေကလည်း ရသမျှ အခွင့်အရေးတွေကို သီလဖျက်ပြီး အမိအရ လက်မလွှတ်တမ်းယူနေကြတယ်။ ဒီလိုလူ့အဖွဲ့အစည်းရဲ့ ရှေ့တန်းပုဂ္ဂိုလ်များရဲ့ မကောင်းတဲ့ စံနမူနာတွေက အမျိုးသားစာရိတ္တမဏ္ဍိုင်ကို ယုတ်လျော့ကျဆင်း (De-moralised National Morality) စေတယ်။ ဒီတော့ နိုင်ငံရေးရဲ့ အဓိက စံတရားတွေ ဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်အနာခံခြင်းနဲ့ စာရိတ္တခိုင်မာခြင်းဆိုတာတွေက လူထုကြားမှာ နောက်တန်းရောက် သွားခဲ့ရတယ်။ ဒီစံတရားတွေဟာ တဲ့သူ မိုက်တဲ့သူတွေရဲ့ အလုပ်လို့ ရှုမြင်လာကြတယ်။

တချို့ဆို ထောင်မကျတဲ့ နိုင်ငံရေး လုပ်ကြလို့ အရှက်မရှိ ဗြောင်ဝါဒဖြန့်နေကျတယ်။ သင်တန်းတွေ ပေးနေကြတယ်။ ဒါဟာ ဒီမိုကရေစီတိုက်ပွဲအပေါ်မှာ ကြံ့ကြံ့ခံရင်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာစတဲ့ (၈၈) ကျောင်းသားခေါင်းဆောင်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ပျက်ရယ်ပြုတာပဲ။ အာဏာရှင်စနစ်ကို အရူးအမူး ဖက်တွယ်ထားတဲ့ စစ်အုပ်စုကို ဒီမိုကရေစီတောင်းဆို တိုက်ပွဲဝင်တဲ့ အခါမှာ ထောင်မကျအောင်၊ အသက်မသေအောင်၊ ရှောင်လွဲလို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒီတော့ သာမန်လူထုအကြားမှာ အာဏာရှင်ဗိုလ်ချုပ်များ အပါအဝင် နိုင်ငံရေးလုပ်သူများ (ပတ်သက် နေသူများ) ကို လူကြီး သို့သော် မကောင်းတဲ့ သူခိုးဓားပြ၊ လူလည်လူလိမ်၊ လွယ်လွယ်ပြော လွယ်လွယ်ဖျက် စကားမတည်တဲ့ ကတိပျက်သူတွေလို့ မြင်နေသလားတောင် ထင်မိတယ်။

ဗိုလ်ချုပ်တို့ခေတ် ဗမာလူထုရဲ့ စီးပွားရေးအခြေအနေက ဒီနေ့အခြေအနေထက် အများကြီးသာ ပါတယ်။ တစုံတရာ လွတ်လပ်တဲ့ ကုန်သွယ်စီးပွားရှာခွင့်နဲ့ အသိပညာတွေ ဖြန့်ချီခွင့်၊ လေ့လာလိုက်စားခွင့် ရှိတယ်။ ဒီ့အပြင် လစ်ဘရယ်ဒီမိုကရေစီအရ တစုံတရာ လွတ်လပ်တဲ့ စည်းရုံးလှုပ်ရှားခွင့်တွေ ရှိတယ်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေရှိတယ်။ ဒါ့ကြောင့် လူအများ စုပေါင်းလှုပ်ရှားမှုနဲ့ အဖွဲ့အစည်းတခုကို ဟန်ချက်ညီ ထိန်းကျောင်းလှုပ်ရှားတဲ့ အလေ့အကျင့်တွေ ရှိတယ်။ အဖွဲ့အစည်း တခုအတွင်း ဘယ်လိုစည်းဝေး မယ်၊ ဘယ်လိုဆွေးနွေးငြင်းခုံမယ်၊ ဘယ်လို ဆုံးဖြတ်ချက်ကို ရယူပြီး ဘယ်လိုစုပေါင်း အကောင်အထည် ဖေါ်မယ်ဆိုတဲ့ အတွေ့အကြုံနဲ့ အလေ့အကျင့်ကောင်းတွေ ရှိကြတယ်။ ဒါတွေဟာ ဒီနေ့ခေတ် ကျွန်တော်တို့ ဗမာလူ့အဖွဲ့အစည်းမှာ မတွေ့ရတော့သလောက် ဖြစ်နေတဲ့ အလေ့အကျင့်တွေ ဖြစ်တယ်။ ဒီအချက်တွေဟာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတခုရဲ့ အရေးပါတဲ့ လက္ခဏာဖြစ်တယ်။

ဒီနေ့ခေတ်မှာ စစ်အာဏာရှင်တွေ ဖိနှိပ်မှုအောက်က လူထုကြားမှာ မဆိုထားနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်တဲ့ ပြင်ပအင်အားစုတွေကြားမှာတောင် ဒီအလေ့အကျင့်တွေကို မတည်ဆောက်နိုင် သေးဘူး။ ဒီလက္ခဏာတွေကို မဖြည့်ဆည်းနိုင်သေးဘူး။ အစုအဖွဲ့အရေးနဲ့ လူပုဂ္ဂိုလ်အရေးတွေကို မခွဲခြားနိုင်သေးဘူး။ မူနဲ့လူကို မခွဲခြားနိုင်သေးဘူး။ မူနဲ့ ဘောင်နဲ့ အလုပ်လုပ်တဲ့ အလေ့အကျင့်တွေ မထူထောင်နိုင်သေးဘူး။ အာဏာရှင်ဝါဒရဲ့ လက္ခဏာတွေဖြစ်တဲ့ သူလုပ်ရင် ငါမပါ၊ မကြိုက်သူချန်ထား၊ အဖွဲ့တွင်းမှာ လွတ်လပ်စွာ ဆွေးနွေးငြင်းခုံရမယ့်အစား အပြင်မှာ လက်တို့ဆွေးနွေး ဂိုဏ်းဖွဲ့လှုပ်ရှား၊ ဆုံးဖြတ်ချက်ကို မလေးစားတဲ့ စရိုက်ဆိုးတွေက မလွတ်မြောက်နိုင်သေးဘူး။

ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်စားပြု လှုပ်ရှားရတဲ့ လူထုအခြေအနေ ခြားနားချက် အကျဉ်း ဖြစ်ပါတယ်။ ဒါ့အပြင် ရင်ဆိုင်ရတဲ့ ရန်သူအမျိုးအစားကလည်း မတူပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဲဒီအချိန်က ဗမာလူထု ရင်ဆိုင်ခဲ့ရတာက လူမျိုးခြား အသွေးအရောင်ပါ ကွဲပြားတယ်။ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ရန်သူကတော့ လူထုထဲက လူတွေသာဖြစ်တယ်။ အသွေးတူ အသားတူ အမျိုးသားချင်းထဲက လောက်ကောင်လို ရန်သူဖြစ်တယ်။ ဒါကြောင့် လူထုအကြားမှာ ရန်ငါစည်း ခွဲခြားဖို့ ခက်ခဲတယ်။ အားလုံးက တကြောင်းမဟုတ် တကြောင်း ဆက်နွယ်ပတ်သက်နေကြတယ်။

(ဆက်လက်တင်ပြပါဦးမယ်)

ရဲဘော်ကျော်သန်း (kyaw_than2004@yahoo.com)

၁၄.၂.၂၀၁၁

5 comments :

Anonymous said...

သိပ်ကောင်းတဲ့ ပိုင်းခြားသုံ့းသပ်မှုပါ။ ဒိလိုရှင်းလင်တဲ့ သုံသပ်ဝေဘန်မှုတွေကနေ အဖြေတခုစီကို ဦးတည် သွားနိုင်မယ်လို့ထင်ပါတယ်။အဆိုးအကောင်းတွေကို မတူတဲ့ အမြင်နဲ့ ရေးသားနေကြတာတွေ ဖတ်ရတာ အားရပါတယ်။ မတူတဲ့ အမြင်တွေကို ငြင်းခုံ အဖြေရှာခြင်းဟာ ဒီမိုကရေစီရဲ့ သဘောသဘာဝပါ။

Anonymous said...

I agree to your vision Ko Kyaw Than although we are not academics.Although we can't provide the references exactly,cos we have no time, I agree to.

Anonymous said...

hi,

I really like your article.
Please don't write your article in Dr Lwan swe blog because it is not suitable for your valuable article . You have analytical thinking and good/ full of knowledge in Burmese politic. I admire you.

Anonymous said...

hi,

I really like your article.
Please don't write your article in Dr Lwan swe blog because it is not suitable for your valuable article . You have analytical thinking and good/ full of knowledge in Burmese politic. I admire you.

Anonymous said...

hi,

I really like your article.
Please don't write your article in Dr Lwan swe blog because it is not suitable for your valuable article . You have analytical thinking and good/ full of knowledge in Burmese politic. I admire you.