“အာဏာရှင်စနစ်ဆိုး လက်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော ပြည်သူလူထုသည် ဖိနှိပ်သူ အစိုးရ၏ ဖိအားများ လျော့နည်းလာသည်နှင့် တပြိုင်နက် တော်လှန်ပုန်ကန်ခြင်းကို ပြုလုပ်လေ့ရှိသည်"
-----Tocqueville (၁၉၅၅)
အထက်မှာ ဖော်ပြထားတဲ့ Alexis de Tocqueville ရဲ့ အဆိုအမိန့်ဟာ ပြင်သစ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်နှစ်ခုကို အခြေခံထားခဲ့တာ ဖြစ်ပါတယ်။ ပထမတချက်က အာဏာရှင် အစိုးရတွေက သူတို့အာဏာတည်မြဲရေးကို အထောက်အကူဖြစ်စေဖို့အတွက် ပြုပြင်ပြောင်းလဲရေး အချို့လုပ်ဖို့ ဖိအားတွေ လျှော့ချလာတဲ့ အချိန်အခါကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒုတိယတချက်ကတော့ အဖိနှိပ်ခံ ပြည်သူလူထုကြီးကနေ ဒီအခြေအနေကို တော်လှန်ရေး အခွင့်အခါကောင်းအဖြစ် သတ်မှတ်ပြီး အခွင့်ကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်အသုံးချနိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို structural opportunities (အစိုးရဖိအားများ ခေတ္တလျှော့ချထားစဉ် အခွင့်အလမ်းများ) နဲ့ perceived opportunities (တော်လှန်ရေးအောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မည့် အခွင့်အခါကောင်းဖြစ်ကြောင်း လူထုမှ သိရှိလက်ခံသည့် တော်လှန်ရေးနိုးကြားမှု အခွင့်အလမ်းများ) ပေါင်းဆုံသွားတဲ့အခါ လူထုတော်လှန်ရေးကြီးတွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် Tocqueville ရဲ့ လူထုလှုပ်ရှားမှု သီအိုရီအရ တော်လှန်ရေးတွေကို ပေါ်ပေါက်လာစေတဲ့ အဓိက အကြောင်းရင်းနှစ်ချက်ဟာ ဖိနှိပ်သူအစိုးရရဲ့ structural weakness နဲ့ လူထုရဲ့ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်နိုင်ခြင်းတို့ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။
အပြည်အစုံသို့ 
Tocqueville ရဲ့ လူထုလှုပ်ရှားမှုသီအိုရီကို ပညာရှင်ပေါင်းများစွာက သဏ္ဍာန်မျိုးစုံနဲ့ လေ့လာ ဆန်းစစ်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လူထုလှုပ်ရှားမှု သီအိုရီလေ့လာမှု နယ်ပယ်မှာ ကျော်ကြားတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ Political Process and the Development of Black Insurgency ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ McAdam ဆိုသူက နိုင်ငံရေးလှုပ်ရှားမှုကြီးကို အကောင်အထည်ဖော်ပေးနိုင်တဲ့ အရေးပါဆုံး အချက်နှစ်ခုဟာ structural opportunities နဲ့ အဖွဲ့အစည်းအင်အား (organization strength) တို့ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အာဏာရှင်သက်တမ်း ရှည်ကြာလာတဲ့အခါမှာ ရေရှည်အာဏာတည်တံ့ခိုင်မြဲရေးကို မျှော်ကိုးပြီး အာဏာရှင်တွေဘက်ကနေ ပြုပြင်ပြောင်းလဲမှု အချို့ကို စတင်လုပ်လာလေ့ရှိပါတယ်။ အဲဒီအချိန်အခါမှာ စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်တတ်မှု သဘောတရားပေါ်မှာ အခြေခံတဲ့ တော်လှန်ရေး အဖွဲ့အစည်း အင်အားတွေသာ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း တည်ရှိနေမယ်ဆိုရင် လူထုတော်လှန်ရေး တရပ်ကို အကောင်အထည်ဖော်နိုင်ကြောင်း McAdam က ရေးသားထားခဲ့ပါတယ်။
သူ့ရဲ့သီအိုရီအရ အစိုးရရဲ့ ဖိအားလျော့ကျလာတဲ့ structural opportunities တွေဟာ တော်လှန်ရေး လှုပ်ရှားမှုကြီးကို သူ့ဘာသာသူ အလိုအလျောက် ပေါ်ပေါက်သွားစေတာ မဟုတ်ဘူးဆိုတာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဖမ်းယူဆုပ်ကိုင်ပြီး အဆုံးသတ်အောင်ပွဲကို ဆောင်ကျဉ်းပေးနိုင်မယ့် cognitive liberation (တော်လှန်ရေးအပေါ် စိတ်ဓာတ်ကျဆင်းပြီး အဆိုးမြင်နေသည့် အတွေးအခေါ်များနှင့် ငြိမ်သက်တိတ်ဆိတ်မှု သဏ္ဍာန်များကို ဖြိုခွင်း၍ အောင်ပွဲကို ဦးတည်သည့် ခြေလှမ်းများကို စတင်အကောင်အထည်ဖော်နိုင်သော အဖိနှိပ်ခံ ပြည်သူတို့၏ စွမ်းရည်သတ္တိ) လိုအပ်ပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲချိတ်ဆက်မှု၊ လူထုနဲ့ တသားတည်းဖြစ်နေမှု တွေက အလွန်အရေးကြီးပါတယ်။ Tocqueville ရဲ့ သီအိုရီနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ စကားလုံး အသုံးအနှုန်းနဲ့ ဆန်းစစ်မှုသဏ္ဍာန်တွေ အနည်းငယ်ကွဲပြားပေမယ့် လူမည်း လှုပ်ရှားမှုပေါ်မှာ အခြေခံပြီး ဆန်းစစ်ထားခဲ့တဲ့ သူ့ရဲ့သီအိုရီဟာလဲ perceived opportunities နဲ့ structural opportunities အကြားက ဆက်နွယ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းတင်ပြထားခဲ့ပါတယ်။
လူထုလှုပ်ရှားမှု သံသရာစက်ဝန်းကို လေ့လာခဲ့တဲ့ Tarrow ကလဲ တခါတရံမှာ လူထုလှုပ်ရှားမှုကို ကနဦးအစပျိုး အကောင်အထည်ဖော်သူတွေ (early risers) တွေကြောင့် structural conditions တွေ ပြောင်းလဲသွားတတ်ပေမယ့် လူထုလှုပ်ရှားမှုအများစုမှာတော့ လှုပ်ရှားမှုအစနဲ့ အဆုံးမှာ perceptions က ယှဉ်တွဲပါနေကြောင်း ဆိုထားခဲ့ပါတယ်။ ၁၇ ရာစုနဲ့ ၁၈ ရာစု ကာလတွေက တော်လှန်ရေး လှုပ်ရှားမှုတွေကို လေ့လာခဲ့တဲ့ Goldstone ဆိုသူကလဲ တော်လှန်ရေးကာလတွေမှာ အစိုးရနဲ့ အစိုးရဒေါက်တိုင်တွေ ပြိုလဲသွားမှုဟာ အများပြည်သူရဲ့ နိုင်ငံတော်အစိုးရအပေါ် အယုံအကြည်ကင်းမဲ့မှု ပေါ်မှာ အခြေတည်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
တော်လှန်ရေးတရပ်ပေါ်ပေါက်လာခြင်းရဲ့ အခြေခံအကြောင်းရင်းနှစ်ချက်ဟာ perceived opportunities နဲ့ structural opportunities တို့ဖြစ်ပေမယ့် structural opportunities တွေ ရှိနေချိန်မှာ လူထုဘက်ကနေ တော်လှန်ရေးအခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင် အသုံးပြုနိုင်ခြင်း မရှိတဲ့ အခြေအနေနဲ့ structural opportunities မရှိပဲ လူထုဘက်ကနေ တော်လှန်ရေးနိုးကြားခြင်း ရှိနေတဲ့ အခြေအနေတွေလဲ ရှိနိုင်ပါသေးတယ်။ ပထမအခြေအနေဖြစ်လာတဲ့အခါ လူထုအကြားမှာ တော်လှန်ရေးအတွေးအခေါ်တွေ ပျံ့နှံ့သွားအောင် ဖြန့်ဖြူးခြင်း၊ လူထု၏ တော်လှန်ရေးအပေါ် အာရုံစိုက်မှု ကြီးထွားလာရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပြောက်ကျားလှုပ်ရှားမှုများ အကောင်အထည် ဖော်ခြင်း စတာတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဘ၀ဟစ်တိုင်လှုပ်ရှားမှုများ အကောင်အထည်ဖော်ပြီး လူထုအကြားမှာ တော်လှန်ရေးအသိများ နိုးကြားလာစေဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ လက်ဝဲ တော်လှန်ရေး စာပေတွေမှာ ပထမအခြေအနေကနေ တော်လှန်ရေးတရပ် ပေါ်ထွက်လာအောင် ကြိုးပမ်းလှုပ်ရှားမှုဆိုင်ရာ သီအိုရီအမြောက်အမြားကို ပညာရှင်တွေနဲ့ တော်လှန်ရေးသမားတွေက ရေးသားပညာပေးထားခဲ့ကြပါတယ်။
ဒုတိယအခြေအနေမှာ တော်လှန်ရေးနိုးကြားမှုတွေကနေတဆင့် တော်လှန်ရေးလှုပ်ရှားမှုများ ပေါ်ထွက်လာ စေရေးကိုတော့ critical-mass approach နဲ့ resource-mobilization theory များ ဖော်ထုတ်ပြီး၊ ပညာပေးထားခဲ့ကြပါတယ်။ critical-mass approach အရ လူအများစုဟာ အခွင့်အလမ်းတွေကိုသာ ထည့်သွင်းစဉ်းစားပြီး၊ အစိုးရရဲ့ structural conditions ကို ထည့်သွင်းစဉ်းစားမှု နည်းပါးတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် နိုင်ငံရေးအတိုက်အခံလှုပ်ရှားမှုမှာ လူအများပါဝင်လာခြင်းတဲ့အခါမှာ အင်အားစုတွေအကြားက ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာ စေပါတယ်။ လူမှုဖွဲ့စည်းပုံသဏ္ဍာန် အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ အင်အားကောင်းလာတာနဲ့အမျှ လူအများပါဝင်မှုကလဲ တစတစ ပိုပြီး မြင့်တက်လာပါတယ်။ Klandermans နဲ့ Opp တို့ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ လှုပ်ရှားမှု အင်အားကြီးလာလေလေ၊ လူထုရဲ့ ပူးပေါင်းလာနိုင်မှု ရေချိန် မြင့်မားလာလေလေ ဖြစ်ကြောင်း တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူအများစုကတော့ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကို ဒီရှုထောင့်ကနေ သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ အီရန်တော်လှန်ရေးမတိုင်ခင်ကာလတွေမှာ အစိုးရဘက်ကနေ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ structural opportunities တွေ သိပ်မရှိခဲ့ပေမယ့် တော်လှန်ရေးတရပ် ပေါ်ပေါက် သွားခဲ့ပါတယ်။ ဒီလိုပေါ်ပေါက်လာရမှုဟာ အင်အားစုများအကြားက ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးအပေါ် လူထုရဲ့ ထောက်ခံမှု အင်အားကြီးထွားလာရာကနေ တော်လှန်ရေး နိုးကြားမှု ရေချိန်မြင့်တက်လာပါတယ်။ အဲဒီကနေ လှုပ်ရှားမှုလေးတွေကတဆင့် အလွှာပေါင်းစုံ လူထုပူးပေါင်းပါဝင်မှုနှုန်း မြင့်တက်လာပြီး တော်လှန်ရေးကြီး ဖြစ်ပွားသွားခဲ့တာပါ။ Resource Mobilization theory ကတော့ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေရဲ့ အရင်းအမြစ်၊ ခြေကုပ်ရယူနိုင်မှု၊ အင်အားတောင့်တင်းမှု အပြောင်းအလဲပေါ်မှာ မူတည်တဲ့ ချိန်ခွင်လျှာ အပြောင်းအလဲကို ဆိုထားတာ ဖြစ်ပါတယ်။ တခြားမူကွဲသီအိုရီတွေလဲ အများအပြားရှိပါသေးတယ်။ တော်လှန်ရေးတရပ်ပေါ်ပေါက်လာရခြင်းမှာ structural opportunities နဲ့ perceived opportunities တို့ဟာ အရေးကြီးဆုံးနှစ်ချက်ဖြစ်တာကြောင့် ဒါတွေနဲ့ ပတ်သက်တဲ့ သီအိုရီပေါင်းမြောက်မြားစွာကို ပညာရှင်များစွာက လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
တော်လှန်ရေးသီအိုရီ ဆန်းစစ်ချက်စာတမ်းတစောင် မဟုတ်တဲ့အတွက် အသေးစိတ် ရေးသားဖော်ပြခြင်း မပြုပါဘူး။ တော်လှန်ရေးတရပ် ပေါ်ထွက်လာခြင်းအတွက် structural opportunities နဲ့ perceived opportunities တို့ ပေါင်းဆုံရန် လိုအပ်ချက်ကိုသာ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ထွက်လာခဲ့တာဟာ လူထုအတွင်းမှာ တော်လှန်ရေး စိတ်ဓာတ်များ နိုးကြားနေမှု၊ လူထုနဲ့ တော်လှန်ရေး ရေချိန် တသားတည်းရှိနေမှု၊ နိုင်ငံရေးတိုက်ပွဲ ဦးဆောင်အဖွဲ့အစည်းကြီးမှ မြေအောက်ကေဒါများ၏ လူထုစည်းရုံးရေးစွမ်းပကား စတဲ့ cognitive liberation တည်ဆောက်ထားမှုဆိုင်ရာ အခြေခံ အကြောင်းရင်းတွေမှာ ဖုန်းမော်အရေးအခင်းက အစပြုခဲ့တဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုက early riser ဖြစ်သွားပြီး၊ structural conditions အပြောင်းအလဲကို trigger လုပ်နိုင်သွားခဲ့ပါတယ်။ အဲဒီမှာ ပြည်တွင်းပြည်ပနိုင်ငံရေးရေချိန် အပြောင်းအလဲပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ structural opportunities တွေ ရှိလာခဲ့ပါတယ်။ ဒါကို မြေပေါ်မြေအောက် တော်လှန်ရေးအဖွဲ့အစည်းတွေက တွေ့မြင်ပြီး cognitive liberation တွေ မြင့်မားလာအောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းကို အမိအရ ဆုပ်ကိုင်ပြီး အသုံးပြုနိုင်ခဲ့ပါတယ်။ Organization Strength ဆိုင်ရာ အချက်တခုဖြစ်တဲ့ ပူးပေါင်းညှိနှိုင်း ဆုံးဖြတ်လုပ်ကိုင်မှုမှာ အားနည်းသွားခြင်းကြောင့်သာ ကြားဖြတ်အစိုးရ မပေါ်ပေါက်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲကို မရရှိခဲ့တာ ဖြစ်ပါတယ်။
ရှစ်လေးလုံးတော်လှန်ရေးကြီးရဲ့ နောက်ပိုင်းကာလတွေမှာကျတော့ မြေပေါ်မြေအောက်လှုပ်ရှားမှုတွေ ဆက်ပြီး ပေါ်ပေါက်ခဲ့ပေမယ့် Structural opportunities က မရှိခဲ့ပါဘူး။ Perceived opportunities ပေါ်မှာ အခြေခံပြီးတော့လဲ အင်အားချိန်ခွင်လျှာ အပြောင်းအလဲကိုလဲ အတိုက်အခံနိုင်ငံရေး အင်အားစုတွေက မပြုလုပ်နိုင်ခဲ့ကြပါဘူး။ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ထွက်လာချိန်မှာ Perceived opportunities တွေ အနည်းငယ်ရှိလာခဲ့ပေမယ့် လူထုလူတန်းစား အလွှာအသီးသီး ပါဝင်လာတဲ့ တော်လှန်ရေးကြီးအဖြစ် အသွင်ကူးပြောင်းနိုင်မယ့် cognitive liberation မြင့်တက်လာအောင် လုပ်ဆောင်နိုင်မယ့် လူထုနဲ့ တော်လှန်ရေးတသားတည်း ရှိနေမှု အခြေအနေကို ပြင်ဆင်တည်ဆောက်ထားခြင်း အားနည်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ structural opportunities ကလဲ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ ဒီလို အားနည်းချက်တွေကြောင့် ရွှေဝါရောင်တော်လှန်ရေးကြီးက အချိန်အနည်းငယ်အတွင်းမှာပဲ တော်လှန်ရေး ခါးဆက် ခေတ္တပြတ်တောက်သွားခဲ့တာပါ။
အခုလက်ရှိအခြေအနေမှာကျတော့ နအဖစစ်အုပ်စုဟာ နိုင်ငံတကာဖိအားနဲ့ တပ်တွင်းစည်းလုံးမှု ပြိုကွဲရေးကို ထိန်းကျောင်းနိုင်ရေး၊ ဒီမိုကရေစီတောင်းဆိုသော ပြည်သူလူထုကို ရွှေရည်စိမ်ဒီမိုကရေစီဖြင့် လှည့်စားနိုင်ရေး တို့အတွက် နိုင်ငံရေးဖိအားဖြေလျှော့မှု အနည်းငယ်ကို ပြုလုပ်လာကြရပါတယ်။ ဒါတွေထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်ကနေ structural opportunities ရရှိစေနိုင်မယ့် နိုင်ငံရေး လစ်ဟာမှုတွေ အမြောက်အမြား ပါဝင်လာပါတယ်။ ရွေးကောက်ပွဲမတိုင်မီကာလမှာ ဖြစ်စေ၊ ရွေးကောက်ပွဲအလွန်မှာဖြစ်စေ၊ နိုင်ငံရေး အခင်းအကျင်းရဲ့ နိုင်ငံရေးကျားကွက်ရွှေ့ရမှုတိုင်းမှာ စစ်အုပ်စုဘက်က လစ်ဟာမှုတွေ ပေါ်ထွက်နေနိုင်ပါတယ်။ ဒီလစ်ဟာမှုတွေကနေ Structural opportunities တွေကို ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး အခွင့်အခါကောင်း အနေနဲ့ အမိအရ ဆုပ်ကိုင်သွားမှာကို စစ်အုပ်စုအနေနဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေ ရှိကြောင်း ခြေလှမ်း အတိုးအဆုပ်တွေကနေ သိသာထင်ရှားနေပါတယ်။ ဒါကြောင့်လဲ လူထုနဲ့ တော်လှန်ရေးတသားတည်း မပေါင်းစပ်သွားအောင် ခွဲခြားတဲ့ လုပ်ရပ်တွေနဲ့ တော်လှန်ရေးကြီး ပြီးဆုံးသွားသယောင် ၀ါဒဖြန့်ချိရေးတွေကို စနစ်တကျ ပြုလုပ်နေကြပါတယ်။ ဒါတွေဟာ perceived opportunities ထွက်ပေါ်လာခြင်း မရှိအောင် ကြိုတင်စီမံ လုပ်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာက စစ်အာဏာရှင်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ ၂၀၁၀ အလွန်ကာလ မြန်မာပြည်ရဲ့ ဒီမိုကရေစီကလဲ ရွှေရည်စိမ် ဒီမိုကရေစီပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့် တော်လှန်ရေးဟာ လမ်းဆုံး မရောက်သေးပါဘူး။ ပေါ်ထွက်လာတဲ့ structural opportunities တွေကို perceived opportunities နဲ့ ပေါင်းစပ်မှုကနေ လူထုတော်လှန်ရေးကြီးကို အရှိန်အဟုန်မြှင့် ဆင်နွှဲဖော်ဆောင်ဖို့ တော်လှန်ရေး အခွင့်အခါကောင်းကြီးသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တို့ရဲ့ ရွှေရည်စိမ်ဒီမိုကရေစီ စနစ်ကြီးကို ဆန့်ကျင်ကန့်ကွက်မှုတွေ ပြုလုပ်ရင်း cognitive liberation မြင့်တက်လာအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုများအနေနဲ့ ကွန်ယက်ချိတ်ဆက်မှုများ ပြုလုပ်ခြင်း၊ အတွေးအခေါ်၊ လုပ်ဟန်နဲ့ အဖွဲ့အစည်း စုဖွဲ့မှုသဏ္ဍာန်များ ညှိနှိုင်းခြင်း၊ တပ်ပေါင်းစုများ အကောင်အထည်ဖော်ခြင်း၊ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်များ ချမှတ်ခြင်းစတာတွေနဲ့ Organization Strength မြင့်မားလာအောင် ကြိုးပမ်းပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြန့်ကျဲနေတဲ့ ကေဒါတွေကို စုစည်းပြီး ပြည်တွင်းမှာ Cognitive Liberation မြင့်မားလာအောင် စည်းရုံး၊ ပြင်ဆင်၊ မြှုပ်နှံ၊ တည်ဆောက်၊ လှုပ်ရှား စတဲ့ သဏ္ဍာန်မျိုးစုံနဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီကနေတဆင့် ပေါ်ထွက်လာတဲ့ Structural opportunities တွေကို တော်လှန်ရေးအခွင့်အလမ်းကောင်းအနေနဲ့ ပြည်သူလူထုတရပ်လုံးက အမိအရ ဆုပ်ကိုင်အသုံးပြုတဲ့ perceived opportunities တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးအခွင့်အခါကောင်းအား အမိအရ ဖမ်းယူဆုပ်ကိုင်နိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းကြပါစို့။
ခင်မမမျိုး (၇၊၇၊ ၂၀၁၀)
စာကိုးစာရင်း။ ။
Abrahamian, E (1982) Iran Between Two revolutions, Princeton, NJ: Princeton University Press
Goldstone, J. (1991) Ideology, Cultural Frameworks and the Process of Revolution, Theory and Society, Vol.20, pp. 405-53
Gramsci, A. (1971) Selections from the Prison Notebooks, Translated by Hoare, Q & Smith, G. N, New York: International Publishers
Hirsch, E. (1986) 'The Creation of Political Solidarity in Social Movement Organizations', The Sociological Quarterly, 27, pp. 373-87
Klandermans, B. (1904) 'Mobilization and Participation: Social-Psychological Expansions of Resource Mobilization Theory, American Sociological Review, Vol. 49, pp. 583-600
Kuran, T. (1989) 'Sparks and Prairie Fires: A Theory of Unanticipated Political Revolution', Public Choice, Vol. 61, pp. 41-74
Marwell, G. & Pamela, O. (1993) The Critical Mass in Collective Action: A Micro-social theory, Cambridge, UK: Cambridge University Press
McAdam, D. (1982) Political Process and the Development of Black Insurgency, 1980-1970, Chicago, IL: University of Chicago Press
Opp, K. (1988) 'Community Integration and Incentives for Political protest', International Social Movement Research, Vol.1, pp.83-101
Tarrow, S. (1994) Power in Movement: Social Movements, Collective Action and Politics, Cambridge, UK: Cambridge University Press
Tocqueville, A. (1955) The Old Regime and the French Revolution, Translated by Gilbert, S., Garden City, NY: Doubleday Anchor
Sunday, 10 July 2011
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment