ပြောချင်လွန်းလို့ / မောင်ဝံသ
တစ်မိန့်တစ်အာဏာ တော်ပါပြီ တန်ပါပြီ
ပြည်သူ့ခေတ်ဂျာနယ် (၆၂) ၂၉ စက်တင်ဘာ၂၀၁၁မှာ ဖော်ပြတဲ့ဆောင်းပါးဖြစ်ပါတယ်။
သည်ရက်ပိုင်းတွေအတွင်း စိတ်ဝင်စားစရာသတင်းတွေထဲမှာ နှစ် ၄၀ နှစ် ၃၀ သက်တမ်းရှိ ကားအိုကားဟောင်းတွေကို လာရောက်အပ်နှံရင် နိုင်ငံခြားက ဒေါ်လာ ၃၅၀၀ တန် ကား တင်သွင်းခွင့်ပေးမယ်ဆိုတဲ့ သတင်းဟာ အတော် ဂယက်ရိုက်ခဲ့တာ တွေ့ရတယ်ဗျ။
ကားဟောင်းတွေကို ကညန စစ်ဆေးခံပြီး ဆက်လက် အသုံးပြုချင်ရင်လည်း အသုံးပြုခွင့်ပေးမယ် ဆိုတဲ့ ရွေးချယ်ခွင့်ပေးထား တာကလည်း အတော်သဘောကျဖို့ကောင်းတယ်ဗျာ။
( ခေါင်းစဉ်ကိုကလစ်လိုက်ပါ ။)
ဃနဲ့ င တွေ ဖျက်သိမ်းခဲ့စဉ်က
သည်အကြောင်းကို ကျွန်တော် ဘာကြောင့် ခုလို နိဒါန်းပျိုး နေသလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်ကျော် ၁၉၈၆ခုနှစ် လောက်က ဃ အက္ခရာနဲ့ င အက္ခရာ ကားဟောင်းတွေကို ဘာရွေးချယ်ခွင့်၊ ဘာ စောဒကမှ ပြုခွင့်မရှိဘဲ ဖျက်သိမ်းစေလို့ အမိန့်ထုတ်ပြန်ခဲ့တဲ့အကြောင်းနဲ့ ယှဉ်ပြီး ပြန်ပြောပြချင်လို့ပါ။
၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ခုနှစ်အထိ စိုးမိုးအုပ်ချုပ်သွားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ငွေစက္ကူတွေကို တရားမ၀င်ကြေညာခြင်း သုံးကြိမ် လုပ်ခဲ့တယ်။ ကမ္ဘာမှာ မကြားဖူးတဲ့ ၁၅ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၉၀ ကျပ်တန် ငွေစက္ကူတွေ ထုတ်ခဲ့တယ်။ ဃ နဲ့ င ကားဟောင်းတွေကို ဖျက်သိမ်းခဲ့တယ်။ ရှာမှ ရှားတဲ့ ဆောင်ရွက်ချက်တွေပါ။ ဘယ်ပညာရှင် ကမှလည်း မသင့်ပါ မတော်ပါလို့ မပြောခဲ့ဘူးထင်ပါ့ဗျာ။
ငွေစက္ကူတွေ တရားမ၀င်ကြေညာတာဟာ ၀ိသမလောဘသား စီးပွားရေးသမားတွေရဲ့ ထိုးနှက်ချက်ကို အမြော်အမြင်ကြီးစွာ တန်ပြန် လိုက်တာလို့ ကြံကြံဖန်ဖန် ဘုန်းတော်ဘွဲ့ ရေးသူတွေလည်း ရှိခဲ့တယ်ဗျ။ တကယ့်လက်တွေ့မှာတော့ မရှိဆင်းရဲသားတွေခမြာ အထိအနာကြီင်္း နာ ခဲ့ကြရှာတယ်။ စက္ကူစုတ် ဖြစ်သွားတဲ့ တရားမ၀င် ငွေစက္ကူလေးတွေကိုင်ပြီး မျက်ရည်စက်လက် ဖြစ်ခဲ့ကြသူတွေရဲ့ မြင်ကွင်းကို ခုထက်ထိ ကျွန်တော့် မျက်စိထဲက မထွက်ဘူးဗျာ။
ဖွတ်မရ ဓားမဆုံးရတဲ့ အဖြစ်
၁၉၈၆ ခုနှစ်မှာ ဃနဲ့ င ကားဟောင်းတွေ ဖျက်သိမ်းတုန်းကဆို ရင်လည်း အဲသလို မျက်ရည်နဲ့ မျက်ခွက် ဖြစ်ခဲ့ကြရတဲ့ မိသားစုတွေ အများကြီးပါပဲ။ ဘယ့်နှယ်ဗျာ၊ ဈေးကြီး အဖိုးတန်ကားသစ် မ၀ယ်နိုင်လို့ အဲဒီခေတ်က ၄-၅ သောင်းတန်တဲ့ ဃ^ င ကားဟောင်းလေးတွေ ပြုပြင်ပြီး ကလေးကျောင်းကြို ကျောင်းပို့နဲ့ ရုံးသွားရုံးပြန် စီးနေကြရတာ၊ ကံကြမ္မာကဖန်လာလေတော့ ဖွတ်မရ ဓားမဆုံး ဖြစ်ကြရတယ်။ တချို့က မိမိကားကို ပြုပြင်ပြီး သွားပြရင် ဘာအပြစ် အနာအဆာမှ မရှိတဲ့အတွက် ဆက်လက် သုံးစွဲခွင့်ပေးမယ်လို့ ယုံကြည်ပြီး ငွေကုန်ကြေးကျခံကာ ပြင်ဆင်ပြီးမှ ကညနကို သွားကြတာကိုး။ ဟိုကျတော့ ခဲလေသမျှ သဲရေကျ၊ ပယ်ဖျက်စာရင်းပဲ အသွင်းခံရလို့ တချို့ဆို ကားမှန်ရိုက်ခွဲ၊ ကားကို ကန်ကျောက်ကာ ဒေါသကို ထွက်ပေါက်ပေးကြသတဲ့ဗျာ။ ဒါတောင် စိတ်မထင်ရင် အရေးယူခံရနိုင်လို့ ဒေါသကို မျိုချပြီး အိမ်ပြန်ယူလာကာ ကားဘော်ဒီကို သံဈေး ပိဿာချိန်နဲ့ ရောင်း၊ ကား အင်ဂျင်ကို ပဲ့ထောင်ရေယာဉ်စက် လုပ်ချင်သူတွေကို ရောင်းကြရတယ်။ ၄-၅သောင်းတန်တဲ့ ကားဟာ ၄-၅ထောင်လောက်ပဲပြန်ရကြတယ်။ ဘာမှ မတတ်နိုင်ဘူး။ ခံပေတော့ပဲ။ မာစီဒီး ကားကောင်းကားသန့်ကြီးတွေ ဃ နံပါတ်ဖြစ်နေတာနဲ့ပဲ ပိဿာချိန်နဲ့ ရောင်းလိုက်ရတာတွေ ရှိခဲ့တယ်။
ကျွန်တော် ကံကောင်းခဲ့ပုံ
ကျွန်တော်ကတော့ ကြံဖန်ကံကောင်းတဲ့အထဲ ပါခဲ့တယ်ဗျ။ ထိုစဉ်က ကျွန်တော်စီးနေတဲ့ကားလေးက င အက္ခရာ ဖိယက်ကားလေးပါ။ သို့ပေမယ့် ဆလွန်းကားမဟုတ်ဘဲ စတေရှင်ဝက်ဂွန်း (ဗင်) အမျိုး အစားဖြစ်နေတော့ ဖျက်သိမ်းတဲ့အထဲ မပါဘူးတဲ့။ ကညနသွားပြတော့လဲ ဟုတ်တယ်၊ ဖျက်သိမ်းခံအမျိုးအစားမဟုတ်လို့ လွတ်စေတဲ့ဗျာ။ ကျွန်တော် ဆက်စီးနေတာ ၁၉၉၂ အထိပါပဲ။ အဲဒီကြားထဲ ယာဉ်ထိန်းရဲက မကြာခဏ ရပ်ခိုင်းပြီး စစ်ဆေးတာ ခံရတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ရှေ့က ကြည့်လိုက်ရင် င နံပါတ်နဲ့ ဖိယက် ဆလွန်းကားလေးပဲလေ။ ကားနောက်ပိုင်းကို သေချာကြည့်မှ ဗင်ကားလေး ဖြစ်နေတာကိုး။ ယာဉ်ထိန်းရဲ့တချို့က င နံပါတ်ဖြစ်လျက်နဲ့ ကျွန်တော်က နိုင်ငံတော် အာဏာကို ဆန့်ကျင်ပြီး ဆက်မောင်းနေတယ် ထင်လို့ ဖမ်းစစ်ကြတာပါ။ လိုင်စင်စာအုပ်ကို သေချာ ကြည့်ပြီးမှ ဆက်သွားခွင့်ပေးတယ်။
နိုင်ငံတော်အာဏာဆိုတာ
နိုင်ငံတော်အာဏာဆိုတဲ့ စကားလုံးကို သတိထားမိကြမယ် ထင်ပါတယ်။ နိုင်ငံတော်အာဏာကို ကိုင်တွယ် ကျင့်သုံးခွင့်အပေါ်တည်ပြီး ငွေစက္ကူတွေကို စက္ကူစုတ်ဖြစ်သွားအောင် လုပ်လို့လည်း ရတယ်။ ၁၉၆၄တုန်းကလို တန်ဖိုးဘယ်လောက်အထိ တရားဝင်ငွေစက္ကူများနဲ့ ပြန်လဲခွင့်ပေးလို့လည်း ရတယ်။ ၁၉၈၇ခုနှစ် တရားမ၀င်ငွေစက္ကူ ကြေညာတုန်းကလို ဘယ်လိုပုံစံနဲ့မှ ပြန်လဲမပေးတော့တာလည်း လုပ်လို့ရ တယ်။ အာဏာကို ကျင့်သုံးပုံကျင့်သုံးနည်းနဲ့ဆိုင်ပါတယ်။
၁၉၈၆ခုနှစ်က ကားအိုကားဟောင်းတွေကို ဘာတာဝန်မှ မယူဘဲ ဖျက်သိမ်းစေအမိန့်ပေးခဲ့တာလည်း နိုင်ငံတော်အာဏာပဲဗျ။ အခု ၂၀၁၁ခုမှာ ကားဟောင်းတွေကို လာအပ်ရင် ဒေါ်လာ ၃၅၀၀တန် ကားဝယ်ယူတင်သွင်း ခွင့်ပေးမယ်လို့ ကြေညာတာလည်း နိုင်ငံတော်အာဏာပဲဗျ။ ဘာကွာ သလဲဆိုတော့ နိုင်ငံတော်အာဏာကို ဘယ်သူက ကိုင်တွယ်ကျင့်သုံး သလဲဆိုတာရယ်၊ ဘယ်စနစ်နဲ့ နိုင်ငံတော်အာဏာ တည်ဆောက်သလဲ ဆိုတာရယ်၊ ဒါပါပဲ။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ
၂၀၁၁ မှာ နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်။ လူတစ်ဦးတစ်ယောက်တည်းရဲ့ စိတ်အလိုနဲ့ သွားနေတာ မဟုတ်တော့ဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲလို့ မရဘူး။ လက်လွတ်စပယ်လုပ်လို့မရဘူး။ အခြေခံဥပဒေ အတိုင်း လိုက်နာ ရတယ်။ ပြည်သူတွေရဲ့ အခြေခံပိုင်ခွင့်တွေကို မထိပါးရဘူး။ ပြည်သူတွေ ပိုင်တဲ့ ကားဖြစ်စေ၊ အိမ်ဖြစ်စေ၊ မြေဖြစ်စေ၊ ဥစ္စာပစ္စည်း ဖြစ်စေ အမိန့်တစ်ခု ထုတ်ပြီး ဖျက်စေ သိမ်းစေ လုပ်လို့မရဘူး။ ကျေနပ်လောက်တဲ့ အစားထိုး လျော်ကြေးပေးပြီးမှသာ ဆက်လက် ဆောင်ရွက်နိုင်ပါတယ်။
တော်ပါပြီ တန်ပါပြီ
ခုတလော ကားဟောင်းတွေ ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်က တာဝန်ခံဆောင်ရွက်ပေးမှုကို လေ့လာရင်း ရှေးဟောင်း နှောင်းဖြစ်တွေနဲ့ ယှဉ်ထိုးကြည့်မိတာပါ။ အဲသလို ယှဉ်ကြည့်လေ၊ တစ်မိန့်တစ်အာဏာစနစ်ဆိုတာကို တော်ပါပြီ တန်ပါပြီလို့ ဆလံသ မိလေ ဖြစ်ပါတယ်ဗျာ။ တစ်ချိန်တည်းမှာပဲ ပြည်သူကို တာဝန်ခံတဲ့ ဒီမိုကရေစီ စနစ်ကိုလည်း ပို၍ တန်ဖိုးထား လိုလား ငံ့လင့်နေမိကြောင်းပါဗျာ။
မောင်ဝံသ
၂၃ ၀၉ ၁၁
maungwuntha@gmail.com

1 comment :
အရမ်းကောင်းတဲ့ ဆောင်းပါးပါဆရာ ကျွန်တော် ရန်ကုန်မှာတုန်းက ပြည်သူ့ခေတ်ကို အပတ်စဉ်မလွတ်တမ်း ဖတ်ခဲ့ရပေမယ့် အခုနိုင်ငံခြားရောက်နေတော့ ဖတ်ခွင့်မရဘူးဖြစ်နေပါတယ် Eleven Media လိုမျိုး ပြည်သူ့ခေတ်ကို အွန်လိုင်းပေါ်တင်ပေးနိုင်ရင် အရမ်းကောင်းမှာဘဲ......
Post a Comment