-ဘိုဘိုကျော်ငြိမ်း (မဇ္ဈိမ)
ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို ဖတ်မိပြီး အတွေးပေါင်းများစွာ ခေါင်းထဲဝင်လာတယ်။ ပထမ အချက်က ဒီလို ငွေအလဲအလှယ် ပြဿနာကို ဗြောင်လူပုံအလည်မှာ တင်ပြ ဆွေးနွေးခွင့် ပြုတာကို ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကမ္ဘာကြီးမှာ တွေ့ကြုံနေရတဲ့ ဒေါ်လာနဲ့ ယူရို (Euro) ပြဿနာဟာ ပိုဆိုးဖို့ပဲရှိတယ်။ ဒီငွေကြေးတွေ တန်ဖိုးကျလေ၊ မြန်မာကျပ်ငွေ တန်ဖိုးကြီးတဲ့ ပြဿနာက ရှင်းရခက်လေပဲ။
အမေရိကန်မှာ အမေရိကန် နိုင်ငံရေးသမားတွေဟာ အရက်မူးလွန်တဲ့ သင်္ဘောသားလို စည်းမရှိကမ်းမရှိ ငွေချေး
သုံးတဲ့ အကျင့်ကို မစွန့်လွှတ်နိုင်ကြဘူး။ ဒါကြောင့် စီးပွားရေး နလန်ထူဖို့ လမ်းမမြင်နိုင်ဘူးလို့ ကမ္ဘာ့ စီးပွားရေး ပညာရှင်တွေက ဝိုင်းပြောနေကြပြီ။
တချိန်တည်းမှာ ဥရောပမှာ နိုင်ငံရေး ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံဆိုပြီး ဥရောပငွေကြေးစံနစ်ကို
ထူထောင်ခဲ့တာ ဂရိလို အကြွေးနဲ့ ပိနေတဲ့နိုင်ငံတွေက ပြဿနာတက်လိုက်တာ ပြင်သစ်နဲ့ ဂျာမဏီတို့က
ငွေပံ့ပိုးကြရင်း အခု စပိန်၊ အီတလီအထိ ကူးစက်လာစရာရှိနိုင်ပြီး ပြင်သစ်ဘဏ်တွေပါ ထိပါးလာပြီလို့ သတင်းတွေ ထွက်လာပြီ။ လက်ရှိ ကမ္ဘာ့အခြေအနေက တောင်မင်းကို မြောက်မင်း မကယ်နိုင်ပါဆိုတဲ့ အခြေအနေပဲ။
ဦးနေဝင်းရဲ့ မဆလ စီးပွားရေးစံနစ်မှာ ဦးဘငြိမ်းရဲ့
ဦးဘငြိမ်းရဲ့ကောင်းမှုနဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR(Special Drawing Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ်ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ ဆိုရှယ်လစ်ကွ ဆိုတဲ့၊ မာနနဲ့ နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ |
Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ် ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ဆိုရှယ်လစ်ကွဆိုတဲ့၊ မာနနဲ့
နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ။
ဒီတော့ (ကျပ်) နဲ့ ဒေါ်လာ လဲလှယ်နှုန်း (၃) မျိုးဖြစ် လာပါတော့တယ်။ တသက်လုံး မပြောင်းနိုင်တော့တဲ့ တရားဝင် နှုန်းက တခု၊ ကပ်စတန် (Custom) နှုန်းက တဒေါ်လာ ၄ဝဝ ဝန်းကျင်နှုန်းကတစ်ခုနဲ့ တကယ် အသုံးပြရတဲ့ မှောင်ခို နှုန်းရယ်လို့ ဖြစ်လာပါတယ်။ ဒီကြားထဲ FEC လို့ခေါ်တဲ့ ဒေါ်လာအတုက ဝင်လာပြန်တော့ သူ့ရဲ့ လဲလှယ်နှုန်းကလည်း ပါလာရပြန်တာပေါ့။
ကမ္ဘာ့ငွေကြေးစံနစ်
နိုင်ငံတိုင်းမှာ ဗဟိုဘဏ်ဆိုတာရှိပါတယ်။ တိုင်းပြည်ရဲ့ ငွေစက္ကူ (သို့) ပိုက်ဆံကို ဒီဗဟိုဘဏ်ကပဲ ရိုက်ထုတ်ရ
ပါတယ်။ အရင်က ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်လို့မရပါ။ ၁၉၂ဝ ခုနှစ်များအထိ နိုင်ငံတခုရဲ့ ငွေစက္ကူကို
ထောက်ပံ့နိုင်ဖို့ (ရွှေ) နောက်ခံထားတဲ့ စံနစ်ကို အသုံးပြုခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ မှာ အမေရိကန်နိုင်ငံ နယူးဟန်ရှယ်ပြည်နယ် ဘရန်တင်ဝုဒ်
(Bretton Woods) ဆိုတဲ့ နိုင်ငံတကာ အစည်းအဝေးပွဲက IMF နဲ့ ကမ္ဘာ့ဘဏ်တို့ကို ထူထောင်ခဲ့ကြပြီး ကမ္ဘာ့
ငွေစက္ကူတွေက အမေရိကန် ဒေါ်လာကို ပြောင်းနိုင်ပြီး၊ အမေရိကန် ဒေါ်လာက (ရွှေ)ကို ပြန်ပြောင်းပေးနိုင်တယ်
ဆိုတဲ့ “ကမ္ဘာ့ငွေကြေးစံနစ်” ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဟာလည်း ကမ္ဘာ့ငွေစက္ကူ Global Currency အဖြစ် ရပ်တည်နေနိုင်ခဲ့တာ ယနေ့အထိပါပဲ။ ၁၉၇၁ ခုနှစ်မှာ သမ္မတနစ်ဆင်က ရွှေကို ပြန်ပြောင်း နိုင်တယ်ဆိုတဲ့ သဘော တူညီချက်ကို ရပ်ဆိုင်းလိုက်တယ်။
တခြားနိုင်ငံတွေက မြန်မာနိုင်ငံက ဓါတ်ငွေ့တွေဝယ်ရင် ဒေါ်လာပေးပြီး မြန်မာနိုင်ငံက တခါ တခြားနိုင်ငံက ထွက်ကုန်ပစ္စည်းပြန်ဝယ်ရင် ဒေါ်လာပဲ ပေးရပါတယ်။ လွယ်လွယ်ပြောရရင် အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ
အကြီးဆုံး စီးပွားရေးနိုင်ငံ၊ အခိုင်မာဆုံး၊ အတည်ငြိမ်ဆုံးနိုင်ငံ၊ ဒါ့ကြောင့်ဒေါ်လာကို (စံ) အဖြစ်ထားပြီး၊ ဒေါ်လာကို ကြားခံထားကာ နိုင်ငံတကာ ကုန်သွယ်မှု ပြုကြရပါတယ်။ နောက်တနည်းပြောရရင် မြန်မာကျပ်ဆိုရင် လူတွေ အားမကိုးရဲ၊ မယုံရဲဘူး၊ ဒေါ်လာဆိုရင် ယုံတယ်၊ ကိုင်ရဲတယ်ပေါ့။
ဗဟိုဘဏ်
နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ
(Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဥပမာ ဝိုင်တူးကေ (Y2K) လို့ ခေါ်ကြတဲ့ ရာစုနှစ်ပြောင်းတဲ့
အနှစ် ၂ဝဝဝ ပြဿနာ ကာလက အမေရိကန်ဗဟိုဘဏ်က အကယ်၍များ လူတွေလန့်ပြီး ငွေကြေး လည်ပတ်မှု
ပြဿနာပေါ်ခဲ့သော် ငွေကြေး လုံလုံလောက်လောက်ရှိအောင် ဗဟိုဘဏ် ခွဲတွေမှာ အပိုဒေါ်လာတွေ အဆင်သင့်
ပြင်ထားခဲ့ ရတယ်။
တခါအမေရိကန် စီးပွားရေး တဟုန်ထိုး တိုးတက်နေတဲ့ (Boom) ကာလကနေ လေပူပေါင်း ပေါက်ကွဲသွားသလို
(Bust) ကာလ ရောက်ခဲ့ရင် ဗဟိုဘဏ်တွေကပဲ အတိုးနှုန်းကို လျော့ပေးရပြန်တယ်။ အတိုးနှုန်း နည်းရင် ငွေချေးခ
လျော့သွားတော့ ငွေများများ ချေးလာကြတော့ ငွေလည်ပတ်မှုများလာပြီး စီးပွားရေး ပြန်ဦးထောင် လာတာပေါ့။
အကြောင်းက ဝုန်းဆို စီးပွားရေး ပူပေါင်းပေါက်တာဖြစ်ပြီး စီးပွားရေးကျပြီ ဆိုတာနဲ့ ကုမ္ပဏီတွေဟာ အသုံးရပ်၊ အလုပ်သမားတွေလျော့၊ ရှိတဲ့လက်ကျန်ငွေကို ခြိုးခြံ ကြရတာကြောင့် အရောင်းအဝယ်တွေထိုင်း၊ အလုပ်လက်မဲ့
တွေ ပေါလာတော့ လူတွေကလည်း စိုးရိမ်စိတ်နဲ့ အသုံးလျော့ကြကာ တိုင်းပြည် စီးပွားရေးကျပြီး မကိုင်တတ်ရင် စီးပွားရေးကပ် ဆိုက်တတ်ပါတယ်။
ငွေကြေးလည်ပတ်မှု များနေရင်လည်း ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်တတ်ပါတယ်။ ငွေကြေး ဖေါင်းပွမှုဟာ စီးပွားရေးတိုးတက်မှုနဲ့ ဒွန်တွဲပါမလာရင် ကုန်ဈေးနှုန်းတွေတက်၊ လစာကမတိုးနဲ့ တိုင်းသူ ပြည်သားတွေ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်တိုင်းရဲ့ အဓိကပစ်မှတ်ဟာ ငွေကြေးဖေါင်းပွမှု ကို နိုင်အောင်
ကိုင်နိုင်ဖို့ အကြောင်းဖြစ်လာရပါတယ်။
နောက်တခါ စီးပွားရေး ကောင်းလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုများလို့ နိုင်ငံခြားငွေ များများဝင်လာရင် မိမိငွေစက္ကူနဲ့
ပြန်လဲလှယ်ပေးရတော့ ပြည်တွင်း လည်ပတ်ဖို့ ငွေလျော့သွားရင် မိမိရဲ့ ငွေတန်ဖိုးဟာ မြင့်တက် လာတတ် ပါတယ်။ ဈေးကွက် စီးပွားရေးမှာ အားလုံးဟာ ဝယ်အား၊ ရောင်းအား Supply & Demand အပေါ်မူတည်တာပဲ။ တိုင်းပြည်ထဲမှာ ငွေလည်ပတ်မှုဟာ အတိုင်းတာတခု အထိပဲရှိတယ်။ ဒီမှာတိုင်းဝြည် ငွေသား (ငွေစက္ကူ)
အဝယ်အား Demand များလာရင်၊ ဝယ်အားတက်လာရင်၊ ငွေတန်ဖိုးလည်း တက်လာတာပါ။
ဒီလိုမြင့်တက်လာရင် ပြည်ပပို့ကုန်ဈေးကွက်ကို ထိခိုက်လာပါတယ်။ ဥပမာ ဆန်ဝယ်တဲ့ နိုင်ငံခြား ကုမ္ပဏီဟာ တလဆန်တန်ချိန် ၁ဝဝ ဝယ်တယ်ဆိုပါစို့။ တဒေါ်လာ ၁,ဝဝဝ ကျပ်ကနေ တဒေါ်လာ ၈ဝဝ ကျပ်ဖြစ်သွားရင် သူ့အတွက် မြန်မာဆန်ဟာ ဈေးကြီးသွားပြီ။ ဒါဆို မြန်မာဆန်ဟာ ထိုင်းဆန်နဲ့ ဈေးတူသွားရင် ထိုင်းဆန်ကို ဝယ်ချင် ဝယ်မှာပေါ့။ မြန်မာဆန်က ဈေးအသာ မရတော့ဘူး။ ၂ဝ၁၁ ၊ ဇူလိုင်လ ၂၂ရက်နေ့ သတင်းတခုမှာ မြန်မာနိုင်ငံရဲ့ စပါးထွက်နှုန်း တိုးလာသော်လည်း ပြည်ပသို့ ဆန်တင်ပို့မှုဟာ သုံးပုံနှစ်ပုံ ကျဆင်းလာခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးတက်မှုရဲ့ ရလဒ်တခုပါပဲ။
ဒီလိုပဲ မြန်မာပြည်မှာ မော်တော်ဆိုင်ကယ်ထုတ်တာ တစီးကို ၁ဝဝ,ဝဝဝ ကျပ် ကုန်ကျစရိတ်ရှိတယ် ဆိုပါစို့။ ဒါက တရုတ်မော်ဒယ်တွေ။ ထိုင်းကသွင်းလာတဲ့ ဟွန်ဒါ စီးချင်ပေမဲ့ ၁၂ဝ,ဝဝဝ၊ မို့ ဝယ်သူကမတတ်နိုင်။ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်၊ မြန်မာဖြစ်ကိုပဲ ကြိတ်မှိတ် စီးနေရတယ်။ ဟော ဒေါ်လာဈေးကျပြီး၊ ဒေါ်လာ ဈေး ၈ဝဝ ကျပ်
ဖြစ်တော့ ဟွန်ဒါ ဈေးလည်း ကျပ် ၁ဝဝ,ဝဝဝ၊ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်လည်း ၁ဝဝ,ဝဝဝ ဆိုတော့ အရင်စီးချင်နေတဲ့ ဟွန်ဒါပဲ ဝယ်တော့မပေါ့။ ဒီတော့ မြန်မာပြည်ထုတ် မော်တော်ဆိုင်ကယ်တွေ အရောင်း ကျလာ
တော့၊ အလုပ် သမားတွေလျော့ရတော့မယ်။ မိအေးနှစ်ခါနာ လာဖြစ်မနေဘူးလား။
ဒီတော့ ဗဟိုဘဏ်တွေက မိမိအရံ၊ ရန်ပုံငွေထဲကငွေနဲ့ ဒေါ်လာတွေလိုက်ဝယ်ပေါ့။ ဒါကို Intervention၊ ဗဟိုဘဏ် ဝင်ပါ၊ ဝင်ကယ်ခြင်းလို့ ခေါ်ပါတယ်။ လောလောဆယ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အကြွေး ထူလာပြီး သူတို့ငွေစက္ကူတွေ ဈေးကျလာတော့ ဂျပန် ယန်း Yen က ဈေးတက်လာတာကြောင့် ဂျပန် ဗဟိုဘဏ်က ဝင်ပါလာရတယ်။
ဗဟိုဘဏ်က အတိုးနှုန်းကို ကစားပြီး ငွေလည်ပတ်မှု လက်နက်ကို ကိုင်ပြီး ငွေကြေးလည်ပတ်မှု မျှတအောင်
လုပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ပဲ့ထိန်းပေးတာ၊ ငွေလဲလှယ်နှုန်း မျှတတည်ငြိမ်အောင် လုပ်ဆောင်တာတွေကို
ငွေကြေးပေါ်လစီ (Monetary Policy) လို့ ခေါ်ပါတယ်။
ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ နှစ်နည်းပဲရှိပါတယ်။ အခွန်ကောက် ဒါမှမဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခတွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ။
အစိုးရဘတ်ဂျက်က ဝင်ငွေနဲ့မမျှရင် ဘတ်ဂျက် လိုငွေ ပြရင် ငွေချေးရတော့မယ်။ တခါ အစိုးရ လိုငွေကြောင့် အခွန်တိုးကောက်ပြန်ရင် လုပ်ငန်းတွေ ဝင်ငွေထိခိုက်ရင် အလုပ်သမားတွေလျော့ စီးပွားရေး ကျဆင်းနိုင်ပါတယ်။
ဒီလို အစိုးရသုံးငွေ၊ အခွန်ကောက်ခြင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး ပေါ်လစီကို Fiscal Policy လို့ ခေါ်ပါတယ်။
အစိုးရသုံးငွေဟာ ဝင်ငွေထက်များပြီး ငွေလိုလို့ ငွေချေးတာများလာရင်၊ တိုင်းပြည်ရဲ့စီးပွားရေး အခြေမခိုင်ရင်
ငွေတန်ဖိုးကို ထိခိုက်စေနိုင်ပါတယ်။ ဂရိမှာ ဖြစ်တာဒါပါပဲ။ အရင်အစိုးရတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှအောင်
ချေးပြီး၊ ချေးငွေတွေကို တဘက်လှည့်နဲ့ ဝင်ငွေဆိုပြီး လိမ်ပြခဲ့ကြတယ်။
အမေရိကန် အရင်းအနှီးဘဏ် (Investment Banks) တွေက ပညာပါပါ ငွေချေးပြီး အစိုးရတွေလိမ်နိုင်အောင် ဝိုင်းကူကြပေါ့။ ခုမှ ပေါ်တော့၊ ပြဿနာက လွန်နေပြီ။ ပြဿနာပေါ်တော့ ဒီအစိုးရ မယုံရဘူးဆိုပြီး ငွေချေးသူတွေက အတိုးနှုန်းတွေတင်လာတာ၊ အတိုးနှုန်း ၇ ရာခိုင်နှုန်း ကျော်သွားတယ်။ ချေးထားတာများ၊ နိုင်ငံက သေးတော့ အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ရင် အတိုးပေးရတာ များတာမို့ အစိုးရကမခံနိုင်တော့ဘူး။ ဒါကြောင့် ဂျာမန်နဲ့
့ပြင်သစ်တို့က ဦးဆောင်ပြီး အီးယူးက ဝင်ကူ၊ ငွေဝင်ချေးရတာ။ ဂရိပြဿနာ မရှင်းနိုင်ရင် ယူရိုပါ ထိလာတော့မယ်
လေ။ အရင်းရှင်စံနစ်မှာ ယုံကြည်ရမှု (Credibility) ဟာ သိပ်တန်ဖိုးကြီးပါတယ်။
မက်ခရို စီးပွားရေး (Macro Economy)
ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ကြည့်ပြီး ကိုင်တွယ်တာကို မက်ခရိုအဆင့်
စီးပွားရေး (Macro Economy) လို့ခေါ်ပါတယ်။ ဒီအဆင့်မှာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) အတွက် တာဝန်ရှိပြီး အစိုးရကတော့ အစိုးရသုံးငွေ ဘတ်ဂျက်နဲ့ (Fiscal Policy) အတွက် တာဝန်ယူရပါတယ်။ ဒီပေါ်လစီနှစ်ခု ဟန်ချက်ညီမှ တိုင်းပြည်ငွေကြေး တည်ငြိမ်ပြီး စီးပွားရေးလည်း တည်ငြိမ်ရုံမက တိုးတက်မှုရှိမှ အရင်းရှိသူ၊ ရင်နှီးမယ့်သူတွေက စိတ်ဝင်စားကြတော့ မှာပေါ့။ ဒါမှ FDI (Foreign Direct Investment) လို့
ခေါ်တဲ့ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံမှုတွေ ပေါများလာပြီး စက်ရုံတွေဆောက်၊ အလုပ်သမားတွေအလုပ်ရ၊ ခေတ်မီ အတတ်ပညာတွေ ပြန့်ပွားလာ၊ စီးပွားရေး ခေါင်းထောင်လာနိုင်မှာပေါ့။
အများနဲ့မတူတဲ့ မြန်မာပြည်
နိုင်ငံအများအားဖြင့်မှာ ပြည်တွင်းလည်ပတ်တဲ့ ငွေသားဟာ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ လွပ်လပ်တဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်တွေဟာ သီးခြား ရပ်တည်ခွင့် ရှိပါတယ်။ ဥပမာ အမေရိကန် ဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ်၊ ထိုင်း ဗဟိုဘဏ်တွေဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ဆောင်ခွင့် ရှိကြတယ်။ အာဏာရ အစိုးရက အမိန့်ပေးပိုင်ခွင့်
မရှိ။ တရုတ်နိုင်ငံကတော့ အားလုံး ကွန်မြူနစ်ပါတီက အုပ်စီး ဦးဆောင်တာဆိုတော့ နောက်ဆုံးပါတီ ခေါင်းဆောင်
တွေပဲ ပါဝင်လာတာပါပဲ။ မြန်မာနိုင်ငံကတော့ ၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရက အုပ်ချုပ်တာဆိုတော့ကာ စစ်ဗိုလ်ချုပ်တွေ စေခိုင်းရာ လုပ်ကြရတာပါပဲ။ ပြဿနာက မြန်မာစစ်ဗိုလ်တွေက စီးပွားရေး နားမလည်ကြ။
ချစ်တီးတွေဆီက ငွေလွှဲစံနစ် ဟွန်ဒီ ဟာလည်း မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တယ်။ Remission လို့ ခေါ်တဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံငွေပြန်ပို့ရင် တခြားနိုင်ငံတွေမှာလို ဘဏ်ကနေပဲ ငွေမလွှဲ
ကြဘဲ ဟွန်ဒီနဲ့ လွှဲကြတာများပါတယ်။ ဒါကြောင့် ငွေလည်ပတ်မှုမှာ တရားဝင် ဘဏ်စံနစ် အပြင်မှာရှိတဲ့ ဟွန်ဒီ စံနစ်ကိုလည်း မေ့ထားလို့ မရ။
မဆလ အမွေ
ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ စီးပွားရေးလမ်းစဉ် ပေါ်လစီအတွက် ဦးဘငြိမ်းရဲ့ စာတမ်းနဲ့ ဦးချမ်းအေး (မောင်စူးစမ်း)ရဲ့ စာတမ်း နှစ်ခု ပြိုင်တင်ရာ ဗိုလ်ချုပ်နေဝင်းက ဦးဘငြိမ်း စာတမ်းကိုရွေးချယ်ခဲ့ ပါတယ်။ ဦးဘငြိမ်းဟာ ထိုစဉ်က တော်လှန်ရေးကောင်စီမှာ နံပတ်နှစ် အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်တင်ဖေရဲ့ ဆရာ၊ ဗိုလ်မှူးချုပ် တင်ဖေဟာ ကုန်သွယ်ရေး ဝန်ကြီးလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဦးဘငြိမ်း လက်ထဲဝကွက် အပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။
ဦးဘငြိမ်းရဲ့ ချုပ်ကိုင်မှုအောက်မှာ စက်ရုံအလုပ်ရုံ စီးပွာရေး ထုတ်ကုန်မှုတွေ အားလုံးကို မာ့စ်ဆိုရှယ်လစ် အသိနဲ့ အားလုံးပြည်သူပိုင် သိမ်းလိုက်တာ၊ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျ၊ ပစ္စည်းတွေ ရှားပါး၊ ပြည်သူတွေ ဒုက္ခရောက် လိုက်ကြတာ။ ဖဆပလ ဒီမိုကရေစီခေတ်က ကမ္ဘာ့ဆန်အထွက်ဆုံး နိုင်ငံစာရင်းဝင်၊ အရှေ့တောင်အာရှမှာ အလား အလာအရှိဆုံး နိုင်ငံကနေ ဦးနေဝင်း ဆိုရှယ်လစ်ခေတ် ဆုံးကာနီးမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်အဖြစ် နှစ်ပြန်ဂျွမ်းထိုးပြီး သက်ဆင်းခဲ့ရပါတယ်။
ပြည်တွင်း ထုတ်ကုန် မရှိပေမယ့် လူရှိရင်သုံးစွဲမှု ဆိုတာရှိမှာပဲ။ ဒါကြောင့် ဦးနေဝင်း၊ ဦးဘငြိမ်းတို့ ကျေးဇူးနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံအတွက် ပစ္စည်းတွေထုတ်ဖို့ စက်ရုံကြီးတွေပေါ်၊ ထိုင်း အီလစ်တွေ ချမ်းသာသည်ထက် ချမ်းသာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။ Outsourcing လို့ခေါ်တဲ့ တခြားတနေရာကို ပြောင်းမှာတဲ့ စံနစ်ဟာ အမေရိကားမှာ နောက်မှ ခေတ်စားလာတာ ဦးနေဝင်းတို့က ၁၉၆ဝ၊၁၉၇ဝ ခုနှစ်တွေကတည်းက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ထိုင်းကို Outsource လုပ်ခဲ့ကြတာ။
ဒါကြောင့် မဆလ ခေတ်မှာ တရားဝင် စီးပွားရေးက ရုပ်ပြ၊ တကယ်ပြည်သူတွေ အသက်ဆက် နေနိုင်တာက
မှောင်ခို စီးပွားရေး ဈေးကွက်ကြောင့်လို့ ငြင်းချက် ထုတ်နိုင်ပါတယ်။
စီးပွားရေးကို မကိုင်တွယ်တတ်၊ တည်ငြိမ်အောင် မထိန်းနိုင်ရင် အဲဒီနိုင်ငံရဲ့ ငွေစက္ကူကို ဘယ်သူ ယုံကြည်မှု ရှိမလဲ။ ဒီတော့ မြန်မာကျပ်ရဲ့တန်ဖိုးဟာ ကျသထက်ကျ၊ ပစ္စည်းတန်ဖိုးတွေ တက်ပေါ့။ ဒီတော့ ဦးနေဝင်းရဲ့ ဝါဇီ စက်ရုံကနေ အစိုးရ မင်း အာဏါနဲ့ လိုသလောက် ရိုက်ထုတ်လိုက်တာ ဘိုးဘိုးအောင် တန်ခိုးနဲ့ ဝလုံးတွေ တိုးသထက် တိုးလာပါတော့တယ်။
တဘက်က လည်ပတ်ငွေ ကျပ်တွေက ဖေါင်းပွ၊ တဘက်ကလည်း မဆလစိတ်ဓါတ်နဲ့ မှောင်ခိုတွေ ချမ်းသာလာ
တာကို မနာလိုစိတ်နဲ့ Demonetization လို့ခေါ်တဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဆိုပြီး ကြေညာခဲ့တယ်။ အမှန်က လုပ်ကွက် မရှိတော့ အစိုးရ အာဏာနဲ့ မတရားဗိုလ်ကျပြီး ပိုလျံနေတဲ့ ငွေတွေကို ပြန်သိမ်းတာပဲ။ ငွေကြေးဖေါင်းပွမှု Inflation ကို အာဏာနဲ့ ကိုင်တာပဲ။ ဆင်းရဲရခြင်း ဇစ်မြစ်ကို ဝါဒဆွဲနဲ့ အရင်းက မကိုင်ဘဲ ရှည်လာတဲ့ အကိုင်းတွေကို လိုက်ဖြတ်တော့ ပြန်ထွက်၊ တခါပြန်ဖြတ်နဲ့ မြန်မာနိုင်ငံသားတွေ ခါးစည်းခံခဲ့ကြရတယ်။
တခါ ဦးဘငြိမ်းက နောက်ဆုံး လိုချင်တဲ့ နံပတ်တွေကိုရွေးပြီးမှ သူ့တပည့်တွေကို ကြားက နံပတ်တွေ ရအောင်
ဖြည့်ခိုင်းပြီး တိုင်းပြည်နဲ့ ကမ္ဘာကြီးကို တွင်တွင်ညာခဲ့ပါတယ်။ ဥပမာ ပြည်တွင်းထွက်ကုန် (GDP) ဟာဒီနှစ်မှာ
တနှစ် ရှစ်ရာခိုင်နှုန်း တိုးစေသတည်းလို့ ဦးဘငြိမ်းက ဆုံးဖြတ်ရင် တပည့်တွေက ရှာကြံပြီး ရှစ်ရာခိုင်နှုန်းရအောင် လိုက်ဖြည့်ကြပေါ့။ လက်တွေ့ မကျတဲ့ ငွေလဲလှယ်နှုန်းကို ဆိုရှယ်လစ် မာနနဲ့ အသေကိုင် ထားပြီး ဒီလဲလှယ်နှုန်းနဲ့
ဖေါ်ပြထားတဲ့ စာရင်းဇယားတွေဟာ ဘယ်မှာ အဓိပ္ပါယ်ရှိမှာလဲ။
စစ်တပ်ခေတ် အဆက်ဆက် ဒီငွေလဲလှယ်နှုန်းကို ဆက်ကိုင်ထားကြတယ်။ အဆိုးဆုံးက ဦးဘငြိမ်းရဲ့ စာရင်း
လိမ်ပြတဲ့ ဇာတ်ကို ဆက်ကနေကြရတယ်။ ဈေးကွက် စီးပွားရေး စံနစ်မှာ ဝယ်သူက ရွေးပိုင်ခွင့် ရှိပါတယ်။ ဆိုရှယ်လစ်စံနစ်နဲ့ မတူတာက ဆိုရှယ်လစ် စီးပွားရေးစံနစ်မှာ အစိုးရကသာ အားလုံးကို ဆုံးဖြတ်တာ။
ဈေးကွက် စီးပွားရေးစံနစ်မှာ ဝယ်သူ ဝယ်ချင်လာအောင်၊ ငွေရင်းရှိသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီး ချင်လာအောင် ဆိုင်ရှင်တွေဟာ သူတို့ပစ္စည်းတွေကို ခင်းကျင်းပြသရသလို အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီသော် လည်းကောင်း သူတို့ရဲ့ စီးပွာရေး အခြေအနေကို ဗြောင်လူသိရှင်ကြား သိသာအောင် ခင်းကျင်းပြကြရပါတယ်။
တခါ နိုင်ငံခြားက ရင်းနှီးငွေလိုချင်ရင် သူတို့အမြတ်ရလို့ ငွေပြန်ထုတ်လိုလျှင် လွယ်လွယ်ကူကူ ထုတ်နိုင်အောင်
နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနိုင်ရပါတယ်။ ဦးဘငြိမ်း အသေ ဆွဲကိုင်ထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ စာရင်းဇယား အလိမ်တွေမျိုးနဲ့ဆို ဘယ်သူလာပြီးယုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးချင်တော့မှာလဲ။
ဒါကြောင့် စီးပွားရေးကို နည်းမှန်လမ်းမှန်ဖြစ်အောင် ကြံဆောင်တော့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျပ်ငွေလဲလှယ်နှုန်း
ကို မကိုင်လို့မရပါ။ လက်တွေ့ကျတဲ့၊ သဘာဝကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်မှုရှိပြီး၊ ယုံကြည်စဖွယ်ရှိကာ ထင်သာ
မြင်သာရှိလာမှ အရင်းအနှီးရှိသူတွေက မြန်မာနိုင်ငံမှာ လာရင်းနှီးလိုကြတော့မှာပါ။ ဒါကြောင့် ဦးမြင့်ရဲ့ စာတမ်းမှာ မက်ကရိုစီးပွားရေး ပြင်ဆင်မှုလို့ ပါတာပါ။
လက်ရှိပြဿနာ
လက်ရှိ ကျပ် ငွေဈေးတက်ပြီး စီးပွားရေးပြဿနာပေါ်ရတာ လူလုပ်တဲ့ပြဿနာလို့ ပြောရပါတယ်။ အဓိက အကြောင်းက ပေါ်လစီချတဲ့ တာဝန်ရှိသူတွေ ချမှတ်တဲ့ပေါ်လစီတွေကြောင့်လို့ ငြင်းဆိုလို့ ရနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်းက စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ
တိုင်းပြည် အထိနာမယ် ၊ မနာဘူး၊ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို ထည့်သွင်း စဉ်းစားတာ ထက်၊ ပေါ်လစီ ချမှတ်သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ။
နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံကို ယုံကြည်မှုရှိအောင် ကြိုးစားကြရတယ်။ ကမ္ဘာ့ဘဏ်တို့လို အိုင်အမ်အက်စ် (IMF)
တို့လို ကမ္ဘာ့အဖွဲ့အစည်းတွေဆီက ငွေချေးကြရင် ကြိုးစားပြီး ပြန်ပေးကြတယ်။ ဦးနေဝင်း အုပ်ချုပ်တဲ့ နှစ်ဦးကာလ
တွေမှာ မာနနဲ့ ဒီကမ္ဘာ့ အဖွဲ့အစည်းတွေဆီက ငွေမချေးဘူး။ အဆုံးပိုင်းမှာ ငွေချေးတာ ဒေါ်လာ ၆ဘီလျံ ဖိုးလောက် အကြွေးတင်တယ်။ အကြွေးများလာရင် ဘယ်သူမဆို အတိုး ပေးရတဲ့ ဝန်ပိလာတယ်။ ဒီတော့ ဦးဘငြိမ်းက ခပ်မိုက်မိုက်ပဲ မပေးဘူးကွာဆိုပြီး ဆုံးဖြတ်ခဲ့တယ်။
ရလဒ်က ဒီနေ့အထိ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေးကြေး အဖွဲ့အစည်းတွေက ငွေမချေးနိုင်တော့ဘူး။ စီးပွားရေး ပိတ်ဆို့မှု (Sanction) ကြောင့် တချို့ဘဏ်တွေက ငွေမချေးရဲဘူး။ ချေးရဲတဲ့ တရုတ်ဘဏ်တွေကလည်း သာမန်ထက် အတိုး ပိုယူတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဘဏ်တို့ ဆီကသာ ငွေချေးနိုင်ရင် အတိုး သက်သာနိုင်ပါတယ်။ ဒါပေမယ့်
ရှေ့နောက်မစဉ်းစားဘဲ၊ ဦးနေဝင်းတို့ခေတ်က လူကြီးတွေက မိမိအလိုနဲ့ မိမိမာနကိုသာ ရှေ့ထားပြီး ဆုံးဖြတ်ခဲ့ကြ
တဲ့ အတွက် တိုင်းပြည် နာခဲ့ရတယ်။
ပြည်တွင်းဘဏ်အတိုးနှုန်း
ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ငွေကြေးနှုန်းနဲ့ ပတ်သက်
ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့ လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ နှစ်နည်းပဲ ရှိပါတယ်။ အခွန်ကောက် ဒါမှ မဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခ တွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ |
ကြောင့် လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ငွေမျာများ လွယ်လွယ်ကူကူ ချေးနိုင်ရင် လုပ်ငန်းတွေ များလာပြီး
အောင်မြင်လာရအောင်။ ဒါမှ လူတွေ အလုပ်ရနိုင်အောင်။ မြန်မာနိုင်ငံမှာတော့ ဘဏ်အတိုးနှုန်းက ၁ဝ ရာခိုင်နှုန်း
တဲ့။ မများလွန်းဘူးးလား။
ဒီတော့ ပြည်ပကငွေတွေ ပြည်တွင်းဝင်လာပြီး အတိုးထိုင်စားရုံပဲပေါ့။ နောက် ကြောက်စရာ ကောင်းတာက ဘဏ်တွေက ဒီလောက်ကြီးမားတဲ့ အတိုး မပေးနိုင်ပေမယ့် နောက်ဝင်လာတဲ့ ငွေနဲ့ ရှေ့ကလူတွေကို ဣနြေ္ဒရရ မပျက်ပေးလို့ ရတယ်။ ပြဿနာပေါ်တာနဲ့ အားလုံးငါးပါးမှောက်နိုင်တယ်။ ဒါကို ပွန်ဇီ အကောက်ကြံမှု (Ponzi Scheme)လို့ ခေါ်တယ်။ အင်မတန် ကြောက်စရာကောင်းတယ်။ ဘဏ်တခုစ ပြိုရင် တောက်လျေက် လိုက်ပြိုရင် စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်။
စီးပွားရေး ပေါ်လစီ
နောက်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီချတဲ့ အာဏါရှိ လူစုဟာ မိမိတို့ချလိုက်တဲ့ ပေါ်လစီရဲ့ နောက်ဆက်တွဲကို နက်နက်မတွေးကြတာ အတိတ်မှာ သာဓက တွေအများကြီးရှိခဲ့တယ်။ နိုင်ငံအများဟာ ကမ္ဘာ့ရေနံဈေး တက်တာ
တောင် ပြည်တွင်းဓါတ်ဆီဈေး မတက်အောင် ကြိုးစားကြရတယ်။ အကြောင်းက ဓါတ်ဆီဈေး တက်တာနဲ့ သယ်ယူ ပို့ဆောင်ခ တက်ပြီး ကုန်ဈေးနှုန်းတက်တာပဲ။ ချက်ချင်း ပြည်သူတွေ ခံစားရတာပဲ။
ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်မှုကြောင့် ဓါတ်ဆီဈေး မတက်ရအောင် အစိုးရက ဝင်ထိန်းရတယ်။ အခုလည်း
အစိုးရ အသစ်က ဓါတ်ဆီ အခွန်ကောက်ခံတာကို လျော့ပြစ်လိုက်တယ်။ နိုင်ငံအစိုးရ အများစုဟာ ဓါတ်ဆီဈေး ၁ဝ ရာခိုင်နှုန်း ၂ဝ ရာခိုင်နှုန်း တက်မှာကို ပူနေကြရတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာတော့ ဓါတ်ဆီဈေး တိုးမယ်ဆိုရင်
ဖြစ်ချင်တာပဲသိတယ်၊ ဝုန်းဆို ၁၀၀ ရာခိုင်နှုန်း (တဆ) တိုးပစ်လိုက်ဖို့ လက်မတွန့်ဘူး။ စီးပွားရေးကို နားမလည်ရုံ တင်ပဲလား၊ ပြည်သူတွေခံစားရမယ် ဆိုတာကို ဂရုမစိုက်တာပဲလားဆိုတာ မစဉ်းစားတတ်အောင်ပဲ။
နအဖ အစိုးရ ပြီးဆုံးကာနီးမှာ ဦးနေဝင်း လက်ထက်က ပြည်သူပိုင် သိမ်းထားတဲ့ မြေနဲ့ အဆောက်အဦးတွေကို
လေလံတင် ရောင်းချ ခဲ့တယ်။ လေလံ အောင်မြင်သူတွေဟာ အခုအစိုးရအသစ် ကာလမှာ ငွေပေးချေရတယ်။ အဆောက်အဦးတွေ ဖြစ်တာကြောင့် တန်ဖိုးကြီးတယ်။
ဒေါ်လာကိုင်ထားတဲ့ ငွေရှင်တွေ ငွေဖေါ်တော့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြုံဝင်ရုံမက လည်ပတ်နေတဲ့ ကျပ်တွေ လည်ပတ်မှုက ထွက်သွားတော့ ကျပ်တွေ ရှားကုန်တာပေါ့။ အစိုးရက ဒီ ကျပ်တွေ သိမ်းထားပြီး နိုင်ငံခြားက ပစ္စည်း
ပြန်ဝယ်တော့ ဒေါ်လာနဲ့ ပြန်ဝယ်ရမှာ။ တခါလိုမှ ပြန်လဲတော့ နှစ်ခါလဲ နေရတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ချေခွင့်ပြုပြီး အရံငွေ (Reserve) အဖြစ် ကိုင်ထားရင် ငွေလဲမှုကြောင့် မနာတဲ့အပြင် မြန်မာကျပ်ငွေ ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ မပြုနိုင်ဘူး။
တခါ အစိုးရက ငွေရနိုင်တာကိုသာ ကြည့်ပြီး ကျောက်မျက်ရတနာနဲ့ တခြား လေလံတင်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီလိုလေလံတင်ပွဲတွေ ကျင်းပသူတွေက ဝင်ငွေကိုသာ ကြည့်နေကြတာ ဝင်ငွေက ဒေါ်လာဆိုတော့ ကျပ်နဲ့ လဲရပြန်ရော။ ဒီအပြင် နိုင်ငံခြားကလာတဲ့ အင်ဂျီအိုနဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေသုံးဖို့ အက်ဖ်အီးစီ (FEC)
ဆိုတာ အတွက်လည်း ကျပ်ငွေ လဲပေးရပြန်တယ်။ တရုတ်တွေက (FEC) ကို အချိန်တိုလေး သုံးပြီး ပြဿနာကို
မြင်လို့ထင်ပါရဲ့ ချက်ချင်း ရုပ်သိမ်း သွားတယ်။ မြန်မာနိုင်ငံမှာ (FEC) ဖေါ်ထုတ်လာတာ (၁ဝ) နှစ်ကျော်ပြီ။
ပြဿနာက ငွေရှာတဲ့ ဌာနတွေက မိမိတို့ ကဏ္ဍအတွက် မိုက်ကရို အဆင့် (Micro Level)နဲ့သာ ကြည့်ကြပြီး မက်ကရိုအဆင့်မှာ (Macro Level) ပါ ဘယ်လို သက်ရောက် ထိခိုက်နိုင်တယ် ဆိုတာကို စဉ်းစားမိကြပုံ မပေါ်ဘူး။ အစိုးရအများစုဟာ ဘယ်လက်ကလုပ်တာကို ညာလက်ကမသိကြဖူး။
လွပ်လပ်တဲ့ ဗဟိုဘဏ် တည်ရှိတဲ့ တိုင်းပြည်တွေမှာ လည်ပတ်ငွေ၊ စုငွေ၊ စတဲ့ MB, M1, M2, M3 ဆိုတာတွေကို
ဗြောင်ကြေငြာလေ့ ရှိပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန် တို့လို ကမ္ဘာသုံး ငွေမာတွေက လွဲလို့ နိုင်ငံ
အများအားဖြင့်ဟာ မိမိတို့ တိုင်းပြည်အတွင်း လည်ပတ်တဲ့ ငွေသားဟာ အတိုင်းအတာတခု အထိပဲ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားငွေ ဝင်လာနှုန်းဟာ များလာရင် မိမိရဲ့လည်ပတ်မှုကို ထိခိုက်လာတယ်။
တနည်းအားဖြင့် ပြည်တွင်းငွေကြေး လိုအားကောင်းလာရင် မိမိရဲ့ ငွေရှားပါးမှုကြောင့် မိမိတို့ရဲ့ ငွေဈေးတက်လာ ပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်က ဝင်ပြီး ပိုနေတဲ့ အရံ ရန်ပုံငွေ (Reserve) နဲ့ နိုင်ငံခြားငွေ၊ ဥပမာ ဒေါ်လာကို ဝင်ဝယ်ရပါမယ်။ ဒါမှ ကျပ်ငွေ ပြန်တည်ငြိမ်လာပါမယ်။ ဥပမာ ယနေ့ဈေး ၆ဝဝ၊ ၇ဝဝ နဲ့ဝယ်သိမ်းခဲ့လို့ ဝယ်အား၊
ရောင်းအား မျှတလာလို့ ၈ဝဝ၊ ၉ဝဝ ပြန်ဖြစ်ခဲ့ရင် အစိုးရက အမြတ်တောင် ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် တန်ဖိုးကြီးသော အတိုးးအခများကို ဒေါ်လာနဲ့ ပေးချေ ခွင့်ပြလျှင်လည်း ကျပ် လိုအပ်မှု လျော့သွားရင် ကျပ်ဈေး
ပြန်တက်လာစရာ အကြောင်းရှိပါသည်။ နောက်တနည်းမှာ (FEC) ကို ရပ်ဆိုင်းခဲ့ပါ လျှင်လည်း သက်သာစရာ ရနိုင်ပါသည်။
မိတ်ပြန်ရှာရတာ ခက်တယ်နော်
မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေဟာ အရှုံးခံ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။ ဘယ်လုပ်ငန်းမဆို ကြာကြာ အရှုံးမခံနိုင်ပါ။ စီးပွားရေးမှာ ဖေါက်သည် ပြန်တည်ဆောက်ရတာ အခက်ဆုံးပါ။ မြန်မာနိုင်ငံရဲ့ အားသာချက်က
ဈေးအသာရမှုပဲ။ ဒီအားသာချက် ပျောက်သွားရင် ပြည်တွင်း လုပ်ငန်းရှင်တွေ ပြန်ခေါင်းထောင်နိုင်ဖို့ အခက်ရှိနိုင် ပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ အရည်အချင်း (Quality) မှာ အားနည်းနေသေးတယ်။ ဥပမာ မြန်မာနိုင်ငံ
က ဆန်ဟာ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံက ဆန် ကို မမီဘူး။
အရှင် ထားမလား၊ ဒေါ်လာနဲ့ ချိတ်ဆက် (pegged) ထားမလား
မြန်မာနိုင်ငံရဲ့ ကျပ်ငွေစက္ကူကို စီးပွားရေးအရ ဘာအဓိပ္ပပါယ်မှမရှိတဲ့ နှုန်းကနေ တကယ်မှန်တမ်း တန်ဖိုးကိုရွှေ့
ပြီးတာနဲ့ ကျပ်ကိုအရှင်ထားမလား၊ ဒေါ်လာနဲ့ချိတ်ဆက် ထားမလား ဆိုတာကို အစိုးရအနေနဲ့ ဆုံးဖြတ်ရပါလိမ့်
မယ်။ စီးပွားရေးစကားအရ ချိတ်ဆက်ထားမှု လုပ်တယ်ဆိုတာက ဒေါ်လာဟာ Global Currency ကမ္ဘာ့ငွေကြေး
ငွေစက္ကူဖြစ်တာကြောင့် ဒေါ်လာကျရင် မိမိငွေစက္ကူ လိုက်ကျမယ်၊ ဒေါ်လာဈေးတက်ရင် မိမိငွေစက္ကူ တန်ဖိုးလည်း လိုက်တက်နိုင်အောင် မိမိငွေသားကို ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြစ်ပါတယ်။
ဒေါ်လာအတက်အကျကြောင့် မိမိငွေသားမထိခိုက်အောင် ကာကွယ်တဲ့နည်းပါပဲ။ ဥပမာ တရုတ်ပြည်ရဲ့ စီးပွားရေး
ဟာ မိမိရဲ့ ထုတ်ကုန်အပေါ်မှီတဲ့ စီးပွားရေး ဖြစ်တာကြောင့် တရုတ်တွေဟာ သူတို့ရဲ့ စီးပွားရေးထူထောင်တဲ့
အနှစ် ၃ဝ ကာလမှာ ငွေစက္ကူ ယွမ် Yuan ကို ဒေါ်လာနဲ့ ချိတ်ဆက်လုပ်ထားပြီး တခြားနည်းတွေသုံးပြီး ယွမ် တန်ဖိုး
ကို ထိန်းထားပါတယ်။
ဒေါ်လာနဲ့ ချိတ် ထားတဲ့အတွက် ငွေကြေးပေါ်လစီ Monetary policy ကစားခွင့် ပျောက်သွားပါတယ်။ တချို့က တလွဲမာနထားကာ ဒါမိမိတို့ရဲ့ အုပ်ချုပ်ခွင့်အာဏာ Sovereign rights ပျက်သုဉ်းတယ်ဆိုပြီး မလိုလားကြဘူး။ တရုတ်ကွန်မြူနစ်တွေက လက်တွေ့ကျတယ်။ အလွတ်ဈေးကွက် Forex Open market မှာသာ ယွမ်ကို လွတ်လွတ် လပ်လပ် အရှင် လုပ်စေခဲ့ရင် ဒေါ်လာနဲ့ယှဉ်တဲ့ ယွမ်အတက်အကျဟာ ထွက်ကုန်တင်ပို့မှု Export ကို ထိခိုက်
စေနိုင်ပါတယ်။ ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြင့် ယွမ် တန်ဖိုးဟာ တည်ငြိမ်တဲ့အတွက် ထွက်ကုန်တင်ပို့မှု ဈေးကွက် လှုပ်လှုပ်ရှားရှား မဖြစ်စေတော့ပါ။
တရုတ်အစိုးရဟာ ယွမ် အရောင်းအဝယ် ပြုခြင်းကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားပြီး တခြား နည်းလမ်းများ သုံးကာ ယွမ်ဈေးမတက်ရေးကို ထိန်းနိုင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တချို့သော စီးပွးရေး ပညာရှင်တွေက တရုတ်အစိုးရဟာ မတရားနည်းနဲ့ ယွမ်ရှိသင့်တဲ့ တန်ဖိုးထက် ၁၅၊ ၂ဝ ရာခိုင်နှုန်းလောက် နှိမ့်ထား တယ်လို့ စွပ်စွဲကြပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ထိုတိုင်းပြည်ရဲ့ ငွေစက္ကူဟာလည်း တန်ဖိုးတက် လာတာ
ဓမ္မတာပါ။ အနှစ် ၃ဝ မျှ တောင့်ခံခဲ့ပြီးမှာ တရုတ်အစိုးရက ဒေါ်လာအစား ကမ္ဘာ့အသုံးများတဲ့ ငွေကြေးများ (ဒေါ်လာ၊ပေါင်၊ ဂျပန် ယန်၊ ယူရို) တို့နဲ့ တရုတ် ယွမ်ကို ပြောင်းလဲ ချိတ်ခဲ့ပြန်ပါတယ်။ စီးပွားရေးစကားအရ
Pegged to a Basket လို့ ခေါ်ပါတယ်။ ဒေါ်လာတခုတည်း မဟုတ်တော့ဘဲ ကမ္ဘာ့ငွေမာတွေကို ရောသမ
မွှေချိတ်ဆက်ခြင်းပေါ့။ ကမ္ဘာ့အရံငွေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်ကျော်ဟာ ဒေါ်လာဖြစ်တာမို့ နားလှည့်ပါးရိုက် လူလည်ကျတာပါပဲ။
ဘီလူးဂုမ္ဘာန်တွေရဲ့ရန်
အကယ်၍ ယွမ် ကိုပဲဖြစ်ဖြစ်၊ ကျပ် ကိုဖြစ်ဖြစ် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက် Forex မှာ အရှင်ထားပြီး၊ အတက်အကျကို ဈေးကွက်ကသာ ဆုံးဖြစ်စေသော်လို့ဆိုရင် စီးပွားရေးစကားအရ ဒါကို Float လုပ်တယ်
ခေါ်ပါတယ်။ ဒီလို အရှင်ထားကစားစေလျှင် တဘက်က အန္တရာယ်ရှိပါတယ်။
အရင်းရှင် စီးပွားရေးလောက မှာ Speculators ငွေကြေးကစားသူလို့ခေါ်တဲ့ ခေတ်သစ် ချစ်တီးတွေ ရှိပါတယ်။ သာမန်အားဖြင့် အရင်းရှင်စံနစ်ဆိုတာ ငွေကိုအရင်းတည်ပြီး ငွေဖေါ်ယူတာပဲ။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တယ် ဆိုတာ၊ သေသေချာချာလေ့လာ သုံးသပ်ပြီး အချိန်အတိုင်းအတာ တခုအတွင်းမှာ အရင်းအပြင် အမြတ်ပါရအောင်
ပြုလုပ်ခြင်းပဲ။ အရမ်း မလုပ်ဘူး။ Risk မယူ၊ အရမ်းမစွန့်စားဘူး။
ငွေကြေးကစားတာကတော့ ရင်းနှီးမြှုပ်နှံမှုကနေ သွေဖယ်ပြီး ဖြစ်နိုင်ခြေကို မူတည်ပြီး အရောင်းအဝယ် လုပ်တာ။ အန္တရာယ်ကြီးတယ်။ Risk ယူပြီး ကစားတာပဲ။ ဥပမာ ရွှေဈေးတက်မယ် ထင်ပြီး ရွှေတွေ ဝယ်ထားမယ်။ ရေနံဈေး တက်မယ် ဆိုပြီး ရေနံ ဝယ်ကစားမယ်ပေါ့။ ဈေးတက်မှပြန်ရောင်း၊ မြက်မြက်လေး အမြတ်ရအောင်ပေါ့။ အမှန်
ကတော့ တရားဝင် လောင်းကစားးတာပဲ။
ပြဿနာက ဒီ လောင်းကစား လုပ်တဲ့ ငွေကြေး ကစားသူတွေဟာ ဖြစ်နိုင်ခြေကိုသာ ကံစမ်းကြတာ မဟုတ်ဘဲ
ဈေးကွက်ကိုလှုပ်ပြီး ဈေးကွက်ပျက်အောင် ဝင်ရမ်းပြီးမှ ရိုက်စားတတ်တာပဲ။ ဥပမာ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး
ပြဿနာ ပေါ်ပေါက်ပြီး အာဆီယံနိုင်ငံတွေနဲ့အတူ ကိုးရီးယားနိုင်ငံတို့ စီးပွားရေး ဒုက္ခ ပင်လယ်ဝေခဲ့ကြရတယ်။
ပြဿနာက ထိုင်းနိုင်ငံက စတာပဲ။ ထိုင်းဘတ်ငွေကို ဒေါ်လာနဲ့ ချိတ်ထားရာက ငွေကြေးဖေါင်းပွမှုကို တိုက်ဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တော့ ဒေါ်လာဈေးတက်လာပြီး ဘတ်ဈေးလည်း လိုက်တက်လာတာပေါ့။ ထိုင်းနိုင်ငံက နိုင်ငံခြားငွေ များများရအောင် ဆိုပြီး ဘဏ်အတိုးနှုန်း (ကာလတို) များများပေးပြီး မြူဆွယ်ခဲ့တယ်။
ချေးထားတာကလည်း နိုင်တာထက်ပိုနေတယ်။ အမေရိကန် ဘဏ်တိုးတွေမြှင့်တော့ ငွေရှင်တွေက ထိုင်းကငွေတွေ
ပြန်ထုတ်ကြတယ်။
ဒီမှာဘတ်ငွေ ကမှောက်ကမဖြစ်တော့ လူတွေကကြောက်ပြီး ငွေတွေပြန်ထုတ်ကြတော့ ထိုင်းဗဟိုဘဏ်က
ဝင်စွက် ဝင်ကူ ပေမယ့် နောက်ဆုံးမနိုင်တော့ ဒေါ်လာနဲ့ ချိတ်ထားတာကို ရပ်လိုက်ပြီး၊ အရှင် Float လုပ်ရတော့ ပိုမတည်မငြိမ် ဖြစ်လာပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားတို့ကိုပါ ကူးကုန်ကြတယ်။ IMF က ဒေါ်လာ
ဘီလျံ ၄ဝ ချေးပြီး ဝင်ကူခဲ့ရတယ်။
ဘာကြောင့် Asian Financial Crisis အာရှငွေကြေးပြဿနာ ပေါ်ရသလဲဆိုတာ စီးပွးရေး ပညာရှင်တွေက အမျိုးမျိုး
ကောက်ချက်ချ ကြပေမဲ့ အာဆီယံ ခေါင်းဆောင်တချို့က ငွေကြေး ကစားသမားတွေ ဝင်ကစား ဝင်မွှေကြတာ
ကြောင့်လို့ စွပ်စွဲကြတယ်။ (မှတ်ချက်။ အစွပ်စွဲခံရတဲ့သူတဦးဖြစ်တဲ့ ငွေကြေးကစားသူ ဂျော့ဆိုရော့စ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုတွေကြောင့်
ဖြစ်တာပါလို့ ပြန်လည်ချေပတယ်။)
ဥပမာ ငွေကြေးကစားသူတွေက တဖြည်းဖြည်းခြင်း မြန်မာနိုင်ငံမှာ ဝင်ရင်းနှီးကြမယ် ဆိုပါစို့။ ဒါဆိုရင် မြန်မာနိုင်ငံက
ဒေါ်လာတွေရမယ်။ မြန်မာကျပ်ကို လဲပေးပြီး ဒီငွေတွေဟာ ပြည်တွင်းငွေလည်ပတ်မှုထဲ ဝင်သွားမယ်ပေါ့။ ဒီတော့
မြန်မာနိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်က ဒီဒေါ်လာတွေကို ဘဏ်တွေ လုပ်နည်းအတိုင်း တခြားမှာရင်းနှီးမယ်ပေါ့။ သာမန်ဆိုရင် ပုံမှန် လည်ပတ်သွားစရာရှိတယ်။ ဒါပေမဲ့ ငွေကြေးကစားသမားတွေက အကြံနဲ့ဝင်လာပြီး ဝုန်းဆို တပြိုင်တည်း ဒေါ်လာတွေပြန်လဲပေးဆိုရင် ပြဿနာ ပေါ်ပြီပေါ့။ ရုတ်ချည်းအပြောင်းအလဲနဲ့ ဝရုန်းသုန်းကားဖြစ်ရင် ကျန်တဲ့လူတွေကလည်း ကြောက်ပြီး ဒေါ်လာပြန်ထုတ်ကြ၊ ဒီတော့ ကျပ်ဈေးကျ။ ကျပ်ဈေးကျမှ အောက်ဈေးနဲ့
shot လုပ်ပြီး အမြတ်ယူကြတယ်။
ဒါကြောင့် အကွက်ဆင်ဈေးကစားတယ်လို့ စွပ်စွဲကြပြီး၊ ဒီလို ဝင်မကစားနိုင်အောင် Capital control ရင်းနှီးမြှုပ်နှံငွေ ထိန်းချုပ်မှုလုပ်ရတယ်။ တကြိမ် ငွေအရင်းအနှီးပြုရင် ငွေဘယ်လောက်ပဲ ဝင်နိုင်တယ်၊ ထွက်နိုင်တယ်။ ဘာမလုပ်
နိုင်ဘူးဆိုတဲ့ ထိန်းကွပ်မှုတွေကို အစိုးရတွေက ပြုလုပ်လာရပါတယ်။
၁၉၉၇ တုန်းက ခေတ်မရှိခဲ့တဲ့ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ဆိုတာတွေဟာ အခု အမေရိကားမှာ မှိုလိုပေါက်
နေပါတယ်။ ဥပမာ ရေနံဈေးဆက်တိုက်တက်မယ်လို့ ယုံကြည်ရင် လေယာဉ်ကုမ္ပဏီတွေဟာ ဓါတ်ဆီဈေး မတက်ခင် ကြိုပွိုင့်ဈေးနဲ့ဝယ်ပြီး ဈေးကိုလက်ရှိဈေးနဲ့ချီပြီး နောက် ၆ လစာ၊ တနှစ်စာ ဝယ်ယူစာချုပ်၊ ချုပ်ထားရပါတယ်။ ဒါကို Hedge လုပ်တယ်လို့ ခေါ်ပါတယ်။ ထင်တဲအတိုင်း ရေနံဈေး မတက်ခဲ့ရင်ရှုံးပြီပေါ့။ ဒီလိုအန္တရာယ်ရှိတဲ့ ဝယ်ယူမှုမျိုးကို အများနဲ့ဆိုင်တဲ့ ပင်စင်ရန်ပုံငွေ Pension Fund မန်နေဂျာတွေဟာ လုပ်ပိုင်ခွင့်မရှိပါ။ အစိုးရက စည်းမျဉ်းစည်းကမ်း
တွေနဲ့ ထိန်းထားပါတယ်။ စွန့်ရဲရင် မြက်မြက်ကလေးမြတ်နိုင်သလို ဝက်ဝက်ကွဲအောင်လည်း ရှုံးနိုင်တယ် မဟုတ်ပါလား။
ပိုက်ဆံ ရှိသူတွေအဖို့က ရှုံးလည်း အရှုံးခံနိုင်ကြသူများ ဖြစ်တာမို့ ပိုက်ဆံရှိသူတွေအတွက် အမြတ်များများရအောင် ကြိုပွိုင့်ရန်ပုံငွေ Hedge Funds တွေပေါ်လာပါတယ်။ ငွေရှင်တွေရဲ့ ငွေတွေဖြစ်တာကြောင့် အစိုးရက ဝင်မစွက်ပါ။ ဒါကြောင့် ကြိုပွိုင့်ရန်ပုံငွေ မန်နေဂျာတွေဟာ စွန့်ရဲတယ်။ ရမ်းရဲတယ်။ ဥပမာ ရာသီဥတု ဖေါက်ပြန်လို့ ကမ္ဘာမှာ ဂျုံ သော်၎င်း၊ စပါးသော်၎င်း အထွက်နည်းမယ်၊ ဈေးတက်မယ်ထင်ရင် ငွေပုံပြီးဝယ်လိုက်ကြတော့ ပိုရှားကုန်ရော။ ဒီတော့မှ ဒီလောဘသားတွေက ဈေးကြီးကြီးနဲ့ရောင်း အမြတ်များများရတာပါ။ ကမ္ဘာမှာ ရေနံဈေးမတရားတက်တာ သူတို့လက်ချက်လည်း ပါတယ်။ ဆန်ဈေး၊ ဂျုံဈေးတက်တာကြောင့် ဆင်းရဲသားတွေ ဒုက္ခပိုကြုံ ရတာလည်း ဒင်းတို့အပြစ် မကင်းဘူး။
Currency imbalance လို့ခေါ်တဲ့ ငွေကြေးမညီမျှမှုကို ကောင်းကောင်း နားလည်တဲ့သူတွေက ငွေကြေးကစားကွက်
ကို ဝင်ကစားနိုင်တယ်။ ယ္ခုအခါမှာ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ကများလာတာကြောင့် ဒီအထဲက ငွေကစားသူ များလာနိုင်တာကြောင့် အန္တရာယ်ကြီးလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မိမိငွေ ကျပ်ကို အရှင်ထားတော့မယ် ဆိုရင် capital market လို့ခေါ်တဲ့ ငွေပင်ငွေရင်းဈေးကွက်နဲ့ Forex လို့ခေါ်တဲ့ ငွေလဲလှယ်ဈေးကွက်ကို ကောင်း
ကောင်းနားလည်တဲ့ ပညာရှင်တွေ လိုပါတယ်။ ဒါမှ ငွေပင်ငွေရင်း ချုပ်ကိုင်မှု Capital control ရင်းနှီးမှု ချုပ်ကိုင်ခြင်း ကို ကောင်းကောင်း နိုင်ပါမယ်။
ဒါကြောင့် မြန်မာကျပ် လဲလှယ်နှုန်းကို မကိုင်မဖြစ် ကိုင်ရမှာဖြစ်ပေမယ့် အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားစေချင်တယ်။ စလုပ်တဲ့ အစီအစဉ် Plan တွေမှာ အနဲဆုံး ၅နှစ် - ၁ဝနှစ် စီမံကိန်းနဲ့ လူငယ်တွေကို ပညာတော်သင်လွှတ်၊ IMF ၊ Wolrld Bank တို့မှာ လက်တွေ့လုပ်ပါစေ။ Capital market ငွေကြေး ဈေးကွက် ကို ကောင်းကောင်းနိုင်တာ အမေရိကန်ပြည်က Wall Street နဲ့ London Financial market ပါပဲ။
မြန်မာလူငယ်တွေ အတွေ့အကြုံရအောင် လူတော်တွေမွေးပြီး ဒီဈေးကွက်တွေမှာ အလုပ်လုပ်ကြရင်း အတွေအကြုံ ယူကြပါစေ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တရုတ်ဗဟိုဘဏ်ကို ပဲ့ကိုင်သူ တွေနဲ့ ယခုပဲ့ကိုင်သူတွေ မတူကြတော့ပါ။ ယနေ တရုတ်ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ လူတော်ပညာရှင်တွေ။ အနောက်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နောကြေတဲ့သူတွေ။
တိန်လျောက်ပိန်ရဲ့ စကားတခွန်းကို သွားသတိရမိတယ်။ “When our thousands of Chinese students abroad return home, you will see how China will transform itself " တဲ့။ နိုင်ငံခြားမှာ ရောက်နေတဲ့ ထောင်ချီတဲ့ တရုတ်ကျောင်းသားတွေ ပြန်ရောက်လာရင် တရုတ်ပြည်ကြီး ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ မြင်ရပါလိမ့်မယ်တဲ့။ ပညာရှိတဲ့ ခေါင်းဆောင်ဆိုတာ ရေရှည်ကိုကြည့်တတ် တာကိုး။
အမေရိကန် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌက ၂ဝ၁၃ ခုနှစ်အထိ အတိုးနှုန်းမမြင့်ပါဘူးလို့ ထုတ်ပြောပြီးပြီ။ ဒါ့အပြင်
အမေရိကန်မှာ အလုပ်လက်မဲ့ တွေဟာ ကိုးရာခိုင်နှုန်း ကျော်နေတာကို ခုထိလျော့မချနိုင်သေးဘူး။ အမေရိကန် အစိုးရရဲ့ စီးပွားရေးကိုင်တွယ်ပုံ မမှန်ကန်တဲ့အတွက် အမေရိကန်ကုမ္ပဏြီကီးတွေဟာ ရင်းနှီးငွေ ဒေါ်လာ ၁၆,ဝဝဝ ဘီလျံ (၁.၆ထရီလီယံ) ကို နိုင်ငံက ဆွဲထုတ်သွားကြတယ်။ ဘဏ်တွေနဲ့ ကုမ္ပဏီကြီးတွေက နောက်ထက် ၁ ထရီလီယံ ကျော်ကျော်ကို မသုံးဘဲ ငွေ သားအဖြစ် ကိုင်ထားကြတယ်။ အစိုးရက ယုံကြည်အောင် မစွမ်းဆောင်နိုင် လို့ဘဲ။
ဒါကြောင့် စီးပွာရေးတိုးတက်ဖို့ ငွေကြေးလည်ပတ်မှုမရှိတော့ အမေရိကန် စီးပွာရေးဟာ မကြီးထွားဘဲ၊ လမ်း
အလယ်မှာ တန့်နေတယ်။ ပြဿနာက ဗဟိုဘဏ်က အတိုးနှုန်း ထပ်လျော့ဖို့ကလည်း အဆုံးနား ကပ်နေပြီ။
ဒါကြောင့် အမေရိကန် ဗဟိုဘဏ်က ဦးနေဝင်းရဲ့ (ဝါဇီ) အတိုင်း ဒေါ်လာတွေ ရိုက်ထုတ်ရတယ်။ တခုပဲ
ကွာတာက အမေရိကန် ဗဟိုဘဏ် က Electronic Printing လို့ခေါ်တဲ့ ကွန်ပြူတာကတဆင့် ဖြန့်ဝေပေးတာ။
ဒါကို လှလှပပ နာမည်ပေးထားတယ်။ Quantitative Easing (QE)တဲ့။ ဒုတိယ အကြိမ် ရိုက်ထုတ်ပြီးပြီမို့ ( QEII ) လို့ခေါ်ပါတယ်။ ထူးမခြားနားမို့ နောက်ထပ် (QE III) လာဦးမယ်လို့ ပညာရှင်တွေက ထင်ကြေးပေးနေကြပါပြီ။
အရပ်သားစကားနဲ့ ပြောရရင် နောက် ၃ ၊ ၄ နှစ် ဒေါ်လာဈေး မတက်နိုင်ဘူးလို့ ထင်မိတယ်။ ဒါကြောင့် ငွေကြေး ကစားသမားတွေ ရန်ကရှောင်ရအောင် ကျပ်ကို အရှင်မထားဘဲ ဒေါ်လာနဲ့ ချိတ်ထားတာက လောလောဆယ် အန္တရာယ်နည်းမလားလို့ ထင်မိတယ်။ ကြားထဲမှာ လူငယ်၊ လူတော် ပညာရှင်လေးတွေကို မွေးစေချင်တယ်။ ရမည်းသင်း ပတ်လည်ဘော်လုံးပွဲမှာ နိုင်တာနဲ့ ကမ္ဘာ့ဘော်လုံးပွဲမှာ ဘယ်သွားပြိုင်နိုင်ဦးမှာလဲ။ မြောက်ကိုရီးယား
တွေလို ခွက်ခွက်လန် ရှုံးရချည်သေးရဲ့။
နိုင်ငံရေးခေါင်းဆောင်တွေ စီးပွားရေး နားလည်ဖို့ လိုပါတယ်
နောက်ဆုံးတော့ စီးပွားရေးပေါ်လစီ ကိုလည်း နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ရသလို ၊ တာဝန်ရှိတာ
လည်း နိုင်ငံရေး ခေါင်းဆောင်တွေပါပဲ။ အမေရိကန် သမ္မတ အိုဘားမား ရာထူးယူတော့ စီးပွားရေး ကမောက် ကမ ဖြစ်ချိန်ကြီး။ အိုဘားမားဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် မလုပ်ခဲ့ဘူးပါ။ ဒါကြောင့် ဘဏ်တွေပြုတ်ရင် ဒို့စီးပွားရေးတော့ ရေစုံမျောရချည်ရဲ့ဆိုတဲ့ ခြိမ်းချောက်မှုကို ကြောက်ပြီး ဘဏ်တွေကို ပံ့ပိုးခဲ့တာ။
ဘဏ်တွေရဲ့ရမ်းကားမှုကြောင့် ဖြစ်ပေါ်ရတဲ့ စီးပွားရေးဒုက္ခကို ကယ်တင်ဖို့ ဘဏ်တွေကိုဝင်ကူ ငွေပုံအောခဲ့တယ်။ ဘဏ်တွေက ငွေရွှင်ပြီး ငွေပုံအပေါ်ထိုင်ပြီး ငွေချေးရမှာကို ငွေမချေးတော့၊ အမေရိကန်ကုမ္ပဏီတွေက ငွေမလည်၊ မတိုးတက်ဘဲ အလုပ်မပေးနိုင်တာကြောင့် အလုပ်လက်မဲ့နှုန်းဟာ ၉ ရာခိုင်နှုန်းက မကျနိုင်ဘူး။ တဘက်ကလည်း ဘုရ်အစိုးရ ဘဏ်တွေကို ထိန်းချုပ်မှု နည်းလို့ ဖြစ်ရတာဆိုပြီး ဝိုင်းအပြစ်တင်ကြတော့ အပြစ်ကင်းအောင် ထိန်းချုပ်မှုတွေကို တိုးချဲ့လိုက်တာ အမေရိကန် ကုမ္ပဏီတွေအတွက် လုပ်ငန်းစရိတ်တွေ တက်ကုန်ပြန်ရော။ ၂ဝ၁၂ ရွေးကောက်ပွဲက နောက်နှစ်ဆို ရောက်လာပြီ။ စီးပွားရေးဦးထောင်အောင် မလုပ်နိုင်ရင် အလုပ်လက်မဲ့နှုန်း မကျရင်၊ ပြန်လည်အရွေးခံရဖို့ မလွယ်လှပါ။
တရုတ်တွေကတော့ သူတို့ခေါင်းဆောင်တွေကို ပိုးမွေး
မြန်မာနိုင်ငံမှာ
ဦးဘငြိမ်းလက်ထက် ကတည်း က စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ
တိုင်းပြည် အထိ နာမယ် ၊ မနာဘူး၊ နောက် ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို
ထည့်သွင်း စဉ်းစားတာထက်၊ ပေါ်လစီ ချမှတ် သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ |
ဒါပေမယ့် တရုတ်ကြီးက ဆောက်လုပ်ရေး ပရောဂျက်တွေ၊
ပြည်နယ်အစိုးရတွေ အထဲ ထည့်ပြီး လူတွေ အလုပ်ရအောင်
လုပ်၊ သက်သာအောင် ဆောင်ရွက်ပေးတော့ တခါတည်း စီးပွားရေး ခေါင်းထောင်လာပြန်တယ်။
အရင်တပတ်ကပဲ ငွေကြေးဖေါင်းပွမှု ဖြစ်မှာစိုးလို့ ဘဏ်တွေ အရံရန်ပုံငွေ တိုးဖယ်ထားရမယ်ဆိုပြီး အမိန့်ထုတ်တာ ယွန်ဘီလျံ ၉ဝဝ ဖိုး လည်ပတ်ငွေက လျော့သွား တယ်လို့
ဝေါလ်စထိ ဂျာနယ် (Wall St Journal) က သတင်းမှာဖေါ်ပြထားပါတယ်။ ဒါ မက်ကရို (Macro) အဆင့်က
လှလှပပ ကိုင်တာပဲ။ ခေါင်းဆောင်တွေစီးပွားရေး နားလည်တာပါ။
မနှစ်က အရှေ့ဒါးဖို့စ် (Davos East) လို့ခေါ်တဲ့ စီးပွားရေး ခေါင်းဆောင် လူတော် (Elite) တွေဆုံတဲ့ အခမ်းအနား
မှာ သတင်းသမားတွေနဲ့ အမေးအဖြေလုပ်ခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဖြေကြား သွားတာတွေဟာ သိပ္ပံပညာရှင် စတီပင်ဟောကင်း (Stephen Hawking) ရဲ့ ပို့ချမှုကို နားထောင်ရသလို တန်ဖိုး ရှိမှရှိပဲ။
လီကွမ်ယူဟာ စီးပွးရေး ကျွမ်းကျင်သလို မလေးရှားက မဟာသီဟာလည်း အင်မတန် တော်တဲ့ ခေါင်းဆောင် တယောက်ပါပဲ။ ၁၉၉၇ ခုနှစ် အာရှငွေကြေး ပြဿနာပေါ်တော့ မလေးရှားဝန်ကြီးချုပ် မဟာသီဟာ ကမ္ဘာ့ငွေကြေး
ဈေးကွက်ကို ကောင်းကောင်း နားလည်တဲ့ ပညာရှိ လူတော် Tan Sri Nor Mohamed Yakcop ကို ကမ္ဘာငွေ လဲလှယ်ဈေးကွက် Forex အကြောင်း အာဂျင်တီးနားမှာ အစည်းအဝေး တက်တုန်း ခေါ်ရှင်းပြခိုင်းတယ်။ ပြီးတော့ မင်းငါ့ကို အခုရှင်းပြတာ သွားပြီးရေးချေ ဆိုပြီး ခိုင်းလိုက်တယ်။ အဲဒီကစပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာဟာ
ငွေကစားသူတွေကို ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control နဲ့ ရအောင်ကိုင်သွားတယ်။ ဒီပညာရှင်ဟာလည်း
ပထမ အကြံပေးကနေ ဝန်ကြီး ဖြစ်လာတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီပညာရှင်၊ မလေးဝန်ကြီးချုပ်ကို ရေးးပြခဲ့တဲ့ စာစု ၄၅ခု ကို စာအုပ်အဖြစ် ပြန်ဖေါ်ပြထားတဲ့ Notes to the Prime Minister: The Untold Story of How Malaysia Beat the Currency Speculators ဆိုတဲ့စာအုပ် လောလောလတ်လတ် လွန်ခဲ့တဲ့အပတ်ကမှ ပူပူနွေးနွေး ထွက်လာပါတယ်။
ငွေကြေးဈေးကွက် ကိုစိတ်ဝင်စားသူများ၊ လေ့လာသူများ၊ ပေါ်လစီဆုံးးဖြတ်ရမယ့် လူကြီးမင်းများနဲ့ အကြံပေး ပုဂ္ဂိုလ်အားလုံး ဖတ်သင့်တဲ့ စာအုပ်လို့ သတင်းကောင်းပါးလိုက်ပါရစေ။
အိုင်အမ်အက် (IMF) ကိုဘာကြောင့် အကူအညီ တောင်းရတာလဲဆိုပြီး မေးခွန်း ထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အာရှငွေငွေကြေး ပြဿနာ၊ မက်စီကို စီးပွားရေးပြဿနာ၊ ယနေ့ဂရိ၊ ကမ္ဘာမှာ ငွေကြေးပြဿနာ
ပေါ်တိုင်း IMF ကဝင်ကူရတာ ချည်းပါပဲ။ ဒါသူ့ရဲ့ တာဝန်ကိုး။ ဒါကြောင့် (IMF)ဟာ အတွေ့အကြုံရှိတယ်။
ငွေအင်အားတောင့်တယ်။ စာရေးသူ အမြင်အရ ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control အတွက်လည်း အကြံဉာဏ် တောင်းသင့်တယ်။
တချို့ ငွေရှင်ကြေးရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံလို ဆင်းရဲသား နိုင်ငံတွေရဲ့ ထွက်ကုန် ဝင်ငွေထက် ပိုကြတယ်။ ဒါကြောင့် အကယ်၍များ ဒင်းတို့ ငွေကြေးကစား တိုက်ခိုက်လာရင် မြန်မာနိုင်ငံမှာ
ခုခံနိုင်တဲ့ ဓနအင်အား မရှိဘူး။ IMF ရဲ့ အကူအညီ လိုလာလိမ့်မယ်။ တချိန်ထဲမှာ IMF က အကူအညီပေးဖို့ဆို ဒီမိုကရေစီ ရှိရဲ့လား၊ လွပ်လပ်ခွင့်ရှိရဲ့လား၊ ပွင့်လင်းမှုရှိရဲ့လားဆိုတဲ့ အချက်တွေကို သုံးသပ်လာလေ့ရှိတယ်။ ပိုမိုပွင့်လင်းတဲ့ ဒီမိုကရေစီကို ဦးတည်ဖို့ အခွင့်ကောင်းပါပဲ။
နိုင်ငံတခု စီးပွားရေးအောင်မြင်ဖို့ ဆိုတာ စီးပွားရေးအခြေခံ တွေရှိရပါမယ်။ ထို့အပြင် အခြေခံအဆာက်အအုံတွေ တည်ဆောက်ရပါမယ်။ ဦးနေဝင်းဟာ အင်စတီကျူးရှင်းလို့ခေါ်တဲ့ လူ့ဝန်းကျင်ရဲ့ အဆောက်အအုံဟူသမျှကို စစ်တပ်ကလွဲ၍ ကျန်တာတွေကို ဖျက်စီးခဲ့သလို၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှုကာလက အားလုံးကို
ပြည်သူပိုင် သိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အုတ်မြစ်ဟူသမျှ ပျက်စီးခဲ့ရပါတယ်။
နိုင်ငံတိုင်းအတွက် အရေးအကြီးဆုံးက လူသားအရင်းအမြစ်လို့ ခေါ်တဲ့ စီးပွားရေးကို တည်ဆောက်မယ့် လူ တွေပဲ။ မြန်မာနိုင်ငံဟာ အကြောင်းကြောင်းကြောင့် ပညာတတ်တွေ၊ တိုင်းပြည်ကို အကျိုးပြုလိုသူတွေဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ်။ ကမ္ဘာအနှံ့ပြန့်နေတဲ့ ဒီလူတွေဟာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရင်း မျက်စိတွေပွင့်၊ ကမ္ဘာ့အမြင် အတွေ့အကြုံတွေ ရှိလာကြတယ်။ လူတိုင်းအတွက် မိမိမွေးဖွားရာ မိခင်တိုင်းပြည်ဆိုတာ တခုတည်းရှိတာပါ။ မိခင်တိုင်းပြည် တိုးတက်ဖို့ အစိုးရတဦးတည်းက မဆောင်ရွက်နိုင်ပါ။ လူတိုင်း ပါဝင်ပံ့ပိုးကြမှ အောင်မြင်ကြတာပါ။
စီးပွားရေးမှာ မုချဧကန် အမြတ်ရနိုင်မှာ စွန့်စားမည် ဆိုလျှင် ဘာမှလုပ် နိုင်စရာမရှိပါ။ မသေချာ၊ မရေရာတဲ့
ကြားက စွန့်စားရဲမှ “အမြတ်” ဆိုတာကို ခံစားနိုင်မှာပါ။ ငွေသား အကျိုးထက် ပြည်သူတွေရဲ့ အပြုံးကို မြင်ရခြင်း ကိုလည်း “အမြတ်” လို့ မသတ်မှတ်နိုင်ဘူးလား။ စဉ်းစားစရာပါ။
(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။)
5 comments :
1. People pay mobile number for 1000 to 5000 US$, CASH
2. People pay more than 100,000 to 1 million US$ for home, CASH.
3. In fact, there is no mortgage problems in Burma
4. No personal loan problems from the Bank because Bank doesn't loan to person.
5. No credit Card Debt problems because there is no credit card
6. No student loan problems. Don't be even think about it. We have free and empty knowledge universities in the jungle.
7. No credit default swaps.
8. Kyat is very strong, very much proud of it. Kyat is as strong as Yen and Swiss franc
9. No unemployment problems because everybody leaves the country (including YOU and ME).
10. No political prisoners because the whole country is already house arrest.
11. No HIV problems because all infected patients were already dead.
12. No drug problems because smuggler already sold Drug to Thai. They just bring US$ to Burma. Isn't it beautiful?
Wow. So what are your problems? It's the best place on earth.
The only my problem in Burma is just the military dictatorship with unfair constitution. Just remove them.
mpn, u know every thing, why u stay outside, come back Burma, do some thing what u know, if i know like u, i will do what I know, not talking only. u are not brave like Aunty suu and others.
it is useless u die out side then stay inside and do for the country.
မုန့် ဆီ ကျော် နဲ့ 
နှပ်ခမ်းနာ တည့် ပါ့ မလား ???????
မောင်ကာဠု ရာ!!!!!!!!!!!
ဓာတ်ပုံး ဒဲမာ
မိုးတီး ကို မမြင်ရ ပါလား
I SAY MPN!
I AM DAMN BUSY NOW FOR MY LOVELY COUNTRY BURMA!!!!
MR ပယဲဇီးဒန့်  အော့ မိယန် မာ
အော်ဒါ မှာထား တဲ့
အီကြာကွေး ဒွေ ညှော် နေ ရလို့ 
တော်သေးပြီ~~~~~~~~~~~~~~~
ကိုဘိုဘိုကျော်ငြိမ်း ကစီးပွားရေးနားလည်လို့ တိုင်းပြည်ခေါင်းဆောင်ဖြစ်သင့် တယ်ဒေါ်အောင်ဆန်းဆုကြည်ကစီးပွားရေးနားမလည် လို့မဖြစ်သင့်ဘူး ထင်မောင်
Thank U Bo...
Post a Comment