ပခုက္ကူမြို့တွင်
မြို့အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားသော ရွှေချောင်းဟု
ခေါ်တွင်သည့် ချောင်း သည် နှစ်ပေါင်း(၃၀)အတွင်း မကြုံသော အင်အားကြီးမားသည့်
ရေဆင်းစီးမှု ဖြစ်ပေါ်ခဲ့ရာ၊ ထိုချောင်း၏ နဘေး (ကမ်းပါး)
သဲနုန်းလွင်ပြင်ပေါ်တွင် အခြေချနေထိုင်ကြသော လူနေအိမ်များ၊ ဇီးခြံများနှင့်
ကျူးကျော်တဲများ မျောပါ ပျက်စီးခဲ့ကြသည်။ ထို့အတူ
မြို့နှစ်ခြမ်း၏ဆက်သွယ်သွားလာနေ သော ရွှေချောင်းတံတားသည်လည်း ခါးပြတ်ကျသည် အထိ ပျက်စီးပြိုကျသွားသည်။
၂၂-၁၀-၁၁ နေ့တွင် ပခုက္ကူမြို့သို့ သွားရောက်၍ ဖြစ်ပွားမှု အခြေအနေများကို
သိရှိနိုင်ရန် မန္တလေးမြို့မှ လူမှု အသင်း အဖွဲ့ အသီးသီးမှ လူငယ်များက
သွားရောက်ခဲ့ပါသည်။
ချောင်းသို့ရောက်သောအခါ တံတားပြိုကျမှုကြောင့်
အရှေ့နှင့်အနောက် ဆက်သွယ်သွားလာနိုင်ရန် စက်ယန္တရား များ ဖြင့် အောက်ခံ
မြေမာရအောင် သဲနုန်းများ ကို အင်အားသုံး ဆောင်ရွက်နေတာ မြင်တွေ့ရ၍ ဒေသခံ
လူထု အတွက် ဝမ်းသာခဲ့ရသောလည်း စိတ်မချမ်းသာ စရာ မြင်ကွင်းကိုလည်း
ကြားမြင်ခဲ့ရသည်။ သဲနုန်းများ တူးဖော်ရာမှ ကလေး(၄)ယောက်မှ မိခင်ကို
ဖက်ထားသည့် မိသားစု(၅)ဦး၏ ရုပ်အလောင်းများ စိတ်မချမ်း မြေ့ဖွယ်ရာ
တွေ့ရှိရခြင်း ဖြစ်သည်။ဓါတ်ပုံရိုက်ကူးခွင့် မရလိုက်သဖြင့်၊
သဲနုန်းသောင်ပေါ်ရှိ မျောပါလာသော လူနေ အိမ်သုံးပစ္စည်များ၊ အမြစ်လိုက်
ကျွတ်ပါလာသော သစ်ပင်ကြီးများ၊ အဆောက်အဦ အပိုင်းအစများ၊ အင်္ဂတေချပ်များ ကို
လိုက်လံ ရိုက်ကူးခဲ့သည်။ ထို့အတူ အဝေးမှ မြင်ရသော ပြိုကျနေသည့်
ရွှေချောင်းတံတား ကို မှုန်ပျပျ ဖြင့် လှမ်းရိုက်လိုက်သည်။ တာဝန်ကျသော
ရဲတစ်ဦးက “လူတွေလည်းမနားရသေးဘူး၊ စက်တွေလည်း မနားရဘူး၊ ဓါတ်ခဲတွေလည်း
အားကုန်နေပြီ၊ ချာချင်သွင်းရအောင် မီးပျက်နေတာ(၃)ရက်ရှိပြီ ဗျာ” ဟု
ပြောရှာသည်။ တကယ်လုပ်နေသူတွေ ပင်ပန်းမှာ ငြင်းမရနိုင်ပေ။
ထို့နောက်
အနောက်ဘက်ကမ်းဘက်သို့ ဆက်ထွက်ခဲ့ရာ မျောပါခြင်းမရှိပဲ ၊ လမ်း ဝဲ/ယာတွင်
ပျက်စီးနေသော အိမ်များကို တွေရပြီး ရွှံ့ နွံလမ်း အောက်တွင်လည်း ဝါးကဒ်
အပျက်အစီးများကြောင့် ခြေထောက်ကို သတိဖြင့် လှမ်းနေရသည်။ ထိုမှလွန်သော
ဘေးဒုက္ခသည်များ နားခိုရာ စခန်းသို့ ရောက်ရှိခဲ့သည်။
ပင်မ မိုးကုတ် ဝိပဿနာ ကျောင်းတိုက် ၊ပခုက္ကူမြို့။
ထိုကျောင်း အတွင်းသို့ ရောက်သွားသည်နှင့် လက်ယာဘက်တွင်
သူနာပြုဆရာမများနှင့် ကျန်းမာရေး စောင့်ရှောက်မှု စားပွဲကိုတွေ့မြင်ရပေမည်။
ထို၏တောင်ဘက်တွင် ဧည့်ခံစားပွဲ၌ စီမံခန့်ခွဲနေသော သက်ဆိုင်ရာ မှ
တာဝန်ရှိသူများနှင့် လ.ဝ.ကအရာရှိများ၊ မီးသတ်၊ကြက်ခြေနီ များကို
တွေ့မြင်ရသည်။
ထိုနေရာမှ ဆက်သော် ခုံများတန်းဆက်၍ ဆောင်ရွက်နေကြသော
ဆရာတော်များနှင့် လူပုဂ္ဂိုလ်အချို့ကို စာရင်းများ၊ စာရွက်များနှင့်
အလုပ်ရှုပ်နေသည်ကို မြင်တွေ့ရသည်။ တောင်ဘက်တွင် ထမင်းထုပ်များ စီစဉ် နေသော
လူငယ်များကို မြင်ရသည်။
ဆရာတော်အား ဦးချကန်တော့၍ မိတ်ဆက်စကားဆိုလိုက်သည်။
“တပည့်တော်တို့က မန္တလေးမြို့ကလာတာပါဘုရား၊လူမှု အဖွဲ့အစည်းတွေကပါဘုရား၊
ဒီမှာ ဒီလို ဖြစ်တယ် သိရလို့ မည်သည့် အကူအညီတွေ လိုအပ်နေမလဲ၊ဘာတွေ
လိုအပ်နေမလဲ သိရအောင် တပည့်တော်တို့ကို လွတ်လိုက်တာပါဘုရား”
“အော်..
ဘုန်းကြီးတို့ ဝမ်းသာပါတယ်။ဒီမှာက ဒုက္ခသည်တွေဆိုတာ ဘာလိုအပ်လဲ ဆိုတော့
စား၊ဝတ်၊နေရေး (၃)မျိုးမှာ စားဖို့က မြို့ခံတွေက ထမင်းထုပ်တွေ ပို့ကျတယ်။
ဝတ်ဖို့ကလည်း လုံလောက်နေတယ်။ နေရေးကတော့ မြင်တဲ့ အတိုင်း ကျောင်းမှာ နေ
နေကြတယ်။ အဲတော့ စား၊ဝတ်၊နေရေး က လောလောဆယ် မလိုအပ်ဘူး၊ပြည့်စုံတယ်..။
ဘယ်တော့ဘာတွေလိုအပ်မလဲ ဆိုတော့ သူတို့က ဒီကယ်ဆယ်ရေးပြီးသွားရင်
ပြန်စရာ၊နေစရာ အိမ်မရှိဘူး၊ ဘုန်းကြီးတို့ကလည်း အမြဲ ခေါ်မထားနိုင်ဘူး ။
တစ်ချို့က အိမ်ပျက်သွားတာ၊ တစ်ချို့က အိမ်လုံးကျွတ် မျောပါသွားတာ။
အိမ်လုံးကျွတ်မျောပါသွားတာက အိမ်ခြေ(၈၀)လောက်ရှိတယ်။ အဲဒီတော့
ဒကာလေးတို့နဲ့ အလှူရှင်တွေကို ပြောလိုတာက လှူချင်ရင် သူတို့ကို
ပြန်လည်ထူထောင်ရေး အဆင့်မှာ အိမ်တွေ၊ တဲတွေ၊ အိမ်ထောင်မှု ပစ္စည်းတွေ လှူတာက
သူတို့ အတွက် အကျိုးရှိမယ်။ စားစရာတို့၊ ဆန်တို့ ဆိုတာ စားပြီး
ဟိုဟာပဲဖြစ်သွားမယ်၊နောက်နေ့ မရှိတော့ဘူး။ ဒကာမ တစ်ယောက်ကလာတယ်၊ ဗလာစာအုပ်
လှူချင်လို့တဲ့ ဒီအခြေအနေမှာ ကျောင်းမှမဖွင့်သေးတာ.. ဆိုလိုတာက၊
စိတ်ရင်းစေတနာတွေ ကောင်းတယ်၊ လှူတယ်…၊ သို့သော် ဘုန်းကြီးတို့က
အကျိုးဖြစ်စေချင်တယ်၊ လိုအပ်မယ့်အရာ ဖြစ်စေ ချင်တယ်။ အဲဒီတော့
ပြန်လည်ထူထောင်ရေး အဆင့်မှာ လှူပေးတာ အကောင်းဆုံးပဲ..။” ဟု မိန့်ကြားပါသည်။
ထိုနောက် အခြားသောလိုအပ်မှုဆိုတာကလည်း သူတို့(သက်ဆိုင်ရာ)ဘာတွေလုပ်ပေး လည်း၊ ဘာကျန် နေလည်း အဲဒီကျမှ လိုက်ဖြည့်တာ ကောင်းတယ် ဟု ပြောပြသည်။
“ ဒီမှရှိတဲ့ စာရင်းက (၆၇၅)ဦး၊ အိမ်ထောင်စုပေါင်းက(၁၄၇)စု၊ ရှိတယ်။
အသေအပျောက် စာရင်းကတော့ ဘုန်းကြီး တိတိပပ မသိဘူး၊ မနေ့(၂၁-၁၀-၁၁)က
ရုပ်လောင်း(၄)လောင်းတွေ့တယ်၊ဒီေ န့လည်း
ရုပ်လောင်း (၅)လောင်း တွေ့တယ်၊ မအေကို ကလေး(၄)ယောက်က ဖက်ထားလျက် တစ်စုတည်း
တွေ့တာ..။ အဲဒါတွေ က သဲတွေအောက်တွေ့တာ၊ ရှာလို့လည်းမလွယ်ဘူး၊
လုပ်ကိုင်ရင်းတွေ့တာ ။ ဒီက မဟုတ်ဘူး၊အထက်က မျောလာ တာတွေ…၊
ဘယ်သူဘယ်ဝါ-ဆိုတာမသိရသေးဘူး။ ဒီမှာကတော့ မိသားတစ်စုက (၈)ယောက် ပျောက်နေတာ၊
ခုထိတော့ ဘာမှ မသိရသေးဘူး။”
ထိုနောက် ရေစီးဒါဏ်ခံ
ရေဘေးသင့်ပြည်သူများကို လေ့လာခဲ့ပြီး၊ ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာကို
စာနာ၍ အမှောင်လည်း သန်းနေပြီ ဖြစ်၍ ဓါတ်ပုံ မရိုက်ခဲ့တော့ပါ။
(လှူဒါန်းသည့်(ဝေငှသည့်) အချိန် ဝမ်းသာနေချိန်သာ အရင် အလှူ-အသီးသီးတွင်လည်း ရိုက်ခဲ့တာကြောင့်ပါ)။
ကိုဝိုင်ဝိုင်ကေ (၂၂-၁၀-၁၁)
လွတ်လပ်သောသူငယ်ချင်းများအင်အား စု။
No comments :
Post a Comment