Friday 30 December 2011

စိန် အော်ဂက်စတင်း ကျောင်းမီးရှို့  မှု

ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းစာရင်းဝင် အထက (၂) ကမာရွတ် ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

by Shwe Myitmakha Media Group on Friday, December 30, 2011 at 10:31am
ရန်နိုင်+ဥာဏ်ဥာဏ်(မြစ်မခ)
ဒီဇင်ဘာ ၃၀၊ ရန်ကုန်မြို့။

ယနေ့ ညနေ၆နာရီကျော်ခန့်အချိန်၊ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းလျားလမ်းပေါ်ရှိ အထက (၂)ကမာရွတ်၊ အထက်တန်းကျောင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးစတင်လောင်ကျွမ်းချိန်မှာ ၅ နာရီ ၅၀ မိနစ်ဝန်းကျင်ဖြစ်ကြောင်းနှင့် ၆ နာရီ ၅ မိနစ်ခန့်တွင် မီးတောက်ကြီးမား လာခဲ့၍ ခန်းမဆောင်ကြီးတစ်ခုလုံးအား လောင်ကျွမ်းခဲ့ပြီး ၆ နာရီ ၄၀ မိနစ်ခန့်တွင် ခန်းမ ဆောင်ကြီးမှာ လောင်ကျွမ်းပြိုကျခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိ သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

 “ကျွန်တော်တို့ လင်မယားနှစ်ယောက် အမှိုက်ထည့်ဖို့ လှည်းတွန်းလာတာ ဟောခန်းထောင့်က ကွန်ပြူတာခန်းမှာမီးတောက်နေတာတွေတော့ မီးကိုငြိမ်းတာမရတော့ဘူး ဘေးမှာလဲ ပလက်စတစ် ဖော်မေကာ တွေဆိုတော့ အကုန်လုံးမီးထတောက်ကုန်တာ ကျွန်တော်တို့နှစ်ယောက်လည်း ရသလောက်ငြိမ်းတာ မီးက ဘယ်လိုမှကို ငြိမ်းလို့ရတော့ဘူး" ဟု အဆိုပါကျောင်း၌ ၁၃ နှစ်ခန့်နေထိုင်ကာ ကျောင်းသန့်ရှင်းရေးနှင့် ညစောင့်အဖြစ် တာဝန်ယူထားသော ကိုဖိုးဇော်က ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် ၇နာရီ ခွဲခန့်အချိန်တွင် မီးသတ်ဝန်ထမ်းများငြိမ်းသတ်မှုကြောင့် မီးညွန့်ကျိုး သွားပြီး လက်ကျန်မီးခဲများအား ဆက်လျက်ငြိမ်းသတ်ခဲ့ကြသည်။

 “ကျွန်တော်တို့ရောက်တဲ့အချိန်မှာ မီးတောက်က တော်တော်ကိုကြီးနေပြီ မီးညွန့်ကျိုးဖို့ကိုပဲ တစ်နာရီကျော် လောက်ငြိမ်းလိုက်ရတယ်”ဟု မီးသတ်ဌာနမှ အရာရှိကြီးတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းသည့်ခန်းမကြီးဘေးရှိ စာသင်ခန်းများ ၊ စားသောက်ဆောင်များ၊ စာကြည့်တိုက်များ၊ ပန်းချီခန်း၊ အနုပညာခန်း၊ စားသောက်ခန်းနှင့် ကျန်းမာရေးခန်းများနှင့် နားနေခန်းများ လောင်ကျွမ်းခဲ့ကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိးမှာ စုစုပေါင်း ကျပ်သိန်း (၁၀၀၀)ကျော်ရှိနေကြောင်း မီးသတ်အရာရှိ များက ခန့်မှန်းပြောဆို သည်။

မီးလောင်ကျွမ်းပြီး မိနစ်ပိုင်းအတွင်း၌ပင် ရန်ကုန်တိုင်းမီးသတ်ဌာနနှင့် နီးစပ်ရာ မီးသတ်ဌာနတို့မှ မီးသတ်ကား စုစုပေါင်း မီးသတ်ယာဉ် (၂၉) စီးနှင့် အုပ်ချုပ်ရေးယာဉ် (၈)စီး လာရောက်ငြိမ်းသတ်ခဲ့ကြောင်းသိရှိရသည်။

မီးစတင်လောင်ကျွမ်းသည့်နေရာမှာ ကျောင်းဝင်းအတွင်းရှိ သုံးထပ်အဆောင် သုံးဆောင်ဖြင့် ဝန်းရုံထားသော၊ ကျောင်းသူ၊ ကျောင်းသားများ စုဝေးသည့်နေရာနှင့် အခမ်းအနားများကျင်းပသည့် တေဇ ခန်းမအတွင်းရှိ ကွန်ပျူတာအလုံးသုံးဆယ်ကျော်ခန့်ရှိသော ကွန်ပျူတာခန်းမှ စတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခန်းမကြီးအား ၂၀၁၀ ခုနှစ်မှ စတင်ဆောက်လုပ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းပိတ်ရက်ဖြစ်သော်လည်း လစာထုတ်ရက်ဖြစ်သောကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းဝန်ထမ်း ၂၀ ဝန်းကျင်ခန့်မှာ မီးစတင်လောင်ကျွမ်းသည့် ခန်းမဆောင်နှင့် ကပ်ရက်ရှိသော အဆောင်၌ရှိနေခဲ့ကြောင်းနှင့် မီးသတ်ဝန်ထမ်းများမှ ကယ်ထုတ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားချိန်၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ကပင်  နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော အထက ၂ ကမာရွတ်ကျောင်းမှာ ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းသုံး ကျောင်း စာရင်း၌ နံပါတ်(၂)နေရာတွင်ရှိနေခဲ့ပြီး ကျောင်းပြန်လည်ပြင်ဆင်ရန်မှာအချိန်သုံးလခန့်ကြာမည်ဖြစ်၍ ကျောင်းသူကျောင်းသားများအနေဖြင့်
ကျောင်းပြန်လည်တက်ရန် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါ ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

1 comment :

Always said...

" မဟာရန်ကုန်မြို့တော်ကြီးမှာ ၁၁မီး ငြိမ်းအောင်လို့ မြန်မာစစ်အာဏာရှင်တွေက ၁၁ ခုနှစ်မကုန်ခင် ဓါတ်ရိုက်ဓါတ်ဆင်သဘောနဲ့ မီးရှို့နေတာပါ။ "