Wednesday 29 February 2012

NLD ပါတီဝင်အဖြစ် ထင်ယောင်ထင်မှား လုပ်ပြီးစည်းရုံးခြင်းမရှိ ဟု ဒေါ်မြင့်မြင့်အေးငြင်းဆို

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

မိထ္ထီလာမြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်မြင့်မြင့်အေးက ၎င်းအနေဖြင့် စည်းရုံးရေး ဆောင်ရွက်ရာတွင် NLD ပါတီဝင်တဦးအဖြစ် ထင်ယောင်ထင်မှား လုပ်ပြီးစည်းရုံးခဲ့ခြင်းမရှိ ဟု ငြင်းဆိုလိုက်သည်။

 “ဇယံကုန်းက ဦးဘကြည်က စာလေးတော့ရေးပေးခဲ့ပါဗျာဆိုတာနဲ့  အဲနားကစာရွက် တစ်ရွက်ကိုကောက်ပြီးတော့ အုံတော်ကလူကို လှမ်းပြီးတော့ဖိတ်တာပေါ့ တစ်ရက်နေ့ကိုဆင်းလာဖို့ အောင်နိုင်ရေး တာဝန်ခံဆိုတဲ့စာလေး အဲဒါပါဘဲ NLD ကိုထင်ယောင်ထင်မှားလုပ်ပြီး စည်းရုံးခဲ့တာမရှိပါဘူး ” ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။



အဆိုပါ စာအား ဒေါ်မြင့်မြင့်အေး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု မဆုံးဖြတ်ရသေးခင် NLD ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရန် ဇန်န၀ါရီလ ၂၁ ရက်နေ့ က အရင်NLD ဒုဥက္ကဌဟောင်း ဦးသိန်းအောင်က ရေးသားခဲ့ခြင်းဖြစ်သည် ဟုဒေါ်မြင့်မြင့်အေးကဆိုသည်။

ထိုစာ ကိစ္စဖြင့် မိထ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်ခံ ဒေါက်တာသိန်းလွင်က ဒေါ်မြင့်မြင့်အေးနှင့် ဦးသိန်းအောင်အား ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က NLD ပါတီဝင်အဖြစ် ယောင်ဆောင်မှုဖြင့် မြို့နယ်တရားရုံးသို့  လျှောက်ထားတရား စွဲဆိုခဲ့သည်။

“သူတို့ စွပ်စွဲ တဲ့ နှစ်လပိုင်း တစ်ရက်နေ့ကလည်း တိတိကျကျ ရှင်းရှင်းလင်းလင်းပဲ ­ဒေါ်မြင့်မြင့်အေး တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့မဲအောင်နိုင်ရေး ဒုတိယအကြိမ်မြောက် အစည်းအဝေးဆိုပြီးတော့ လုပ်တယ် ။ အဲဒါမျိုးမလိမ့်တပါတ်လုပ်တာမဟုတ်ဘူး ” ဟုဒေါ်မြင့်မြင့်အေးက ထပ်မံရှင်းလင်း ပြောဆိုသည်။

တရားလို ဒေါက်တာ သိန်းလွင်က “ဒေါ်မြင့်မြင့်အေး က အရင်တုန်းက NLD ပါတီ ကပါဘဲ ဒါပေမယ့်သူ့သဘောနဲ့သူ လုပ်တာများနေပြီ ။ (ပါတီသစ်မှာ) ပါမလာတော့ တိုင်းက ၀မ်နင် (warning) ထုတ်တယ် ။ မလိုက်နာဘူး ။ကျွန်တော်တို့ကဒေါ်မြင့်မြင့်အေးကို အရေးယူရတဲ့ အဆင့် ဖြစ်သွားတယ်ပေါ့” ဟုဆိုသည်။

တရားလိုဘက်မှ ရှေ့နေဖြစ်သူ ရမည်းသင်း ဦးအောင်သိန်း က “ဒေါ်မြင့်မြင့်အေးရဲ့အောင်နိုင်ရေးအတွက် အစည်းအဝေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ ဖိတ်တဲ့အခါမှာ သူ့ရဲ့တာဝန်ခံတစ်ယောက်က ဘာသုံးလဲဆိုတော့ မြို့နယ်NLD အောင်နိုင်ရေးတာဝန်ခံ ဆိုပြီးသုံးပါတယ်။ ၂လပိုင်းမှာသုံးတာပါ  ” ဟုပြောသည်။

ဒေါ်မြင့်မြင့်အေးနှင့် ဦးသိန်းအောင်သည်အသစ်ပြန်လည်ဖွဲ့စည်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့တွင် လျောက်ထားပါဝင်ခဲ့ခြင်း မရှိသည့်အတွက် NLD ပါတီဝင်များမဟုတ်ကြကြောင်း ရှေ့နေဖြစ်သူ ရမည်းသင်း ဦးအောင်သိန်းကဆက်လက်ပြောကြားသည်။

ဒေါ်မြင့်မြင့်အေးနှင့်ဦးသိန်းအောင်အမှုအား မြို့နယ်တရားရုံးမှ ယနေ့ကြားနာမည်ဆိုသော်လည်း မနက်ဖြန်နေ့လည် ၂ နာရီသို့ ရွှေ့ဆိုင်းလိုက်သည်။      ။

No comments :