Tuesday 20 March 2012

မန်းငြိမ်းသတင်း ( ကြားဖြတ်သတင်း)


မန်းငြိမ်းမောင်အား ဦးအောင်မင်းက မဲဆောက်အထိလို်က်ပို့ ပေးမည်ဟု သတင်းရရှိပါတယ်။ 


သတင်း-ဓာတ်ပုံ (တောပျော်-ABMA)

 ယမန်နေ့က ပြန်လည် လွတ်မြောက်လာသည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ နှစ်ကျွန်းပြန် ပဒို မန်းငြိမ်းမောင်ကို မြန်မာအစိုးရ ၀န်ကြီးဦးအောင်မင်းက လာမည့် စနေနေ့တွင် မဲဆောက်မြို့၌ တာဝန်ရှိသူ များထံ လာရောက် လွှဲပြောင်း ပေးမည် ဖြစ်သည်။
ယမန်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်း လေဆိပ်မှ တဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံရ သည့် KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ယခုလ ၁၃ ရက်နေ့က မတရား အသင်း ဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှု
စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ် ခဲ့ပြီး နောက် ယမန်နေ့က သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ပြန်လွတ် ပေးလိုက်ခြင်း ဖြစ်သည်။
မြန်မာအစိုးရနှင့် KNU တို့အကြား လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အထောက်အကူ ဖြစ်စေရန်အတွက် ပဒိုမန်းငြိမ်းမောင်ကိုပြန်လွတ် ပေးရခြင်း ဖြစ်သည်ဟု ဦးအောင်မင်းခေါင်းဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က ပြောသည်။

KNU အဖွဲ့သည် လာမည့် လဆန်းတွင် ဘားအံမြို့တွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရှိပြီး ဆွေးနွေးပွဲ မတိုင်မီ အချို့ အချက်အလက်များကို ကြိုတင် ညှိနှိုင်းရန်အတွက် လာမည့် ၂၄ ရက်နေ့တွင် ပြည်ထောင်စု အဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းသည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်သို့ လာရောက်မည့် ခရီးစဉ်တွင် ပဒိုမန်းငြိမ်းမောင်ကို တပါတည်း ခေါ်ဆောင်လာမည် ဖြစ်သည်ဟု သိရှိရသည်။

ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉ ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် တသက်တကျွန်းထောင် ဒဏ်ချမှတ် ခံရပြီး ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်း ခံရသူ ဖြစ်သည်။ ကိုကိုးကျွန်း အကျဉ်းစခန်းမှ အခြား အကျဉ်းသားနှစ်ဦးနှင့်အတူ လက်လုပ် လှေဖြင့်
ပင်လယ်ပြင်ကို ဖြတ်ပြီး ကျွန်းနှင့်မိုင် ၂၅၀ အကွာရှိ မွန်ပြည်နယ် ရေးမြို့နယ် ကမ်းခြေဒူးယားရွာ ရောက်ရှိသွားသော်လည်း ဒူးယား ရွာသူကြီးက နယ်မြေခံ စစ်တပ်ကို အကြောင်းကြားခဲ့သဖြင့် အဖမ်းခံရကာ အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရပြီး
၁၉၇၃ ခုနှစ်တွင် ပြန်လည် လွန်မြောက် လာခဲ့သည်။ အသက် ၇၀ အရွယ်ရှိ ပဒိုမန်းငြိမ်းမောင်သည် ဘ၀တသက်တာတွင် တသက်တကျွန်း ပြစ်ဒဏ်ကို ၁၉၆၉ ခုနှစ်တွင် တကြိမ်၊၂၀၁၂ ခုနှစ်တွင် တကြိမ် ချမှတ် ခံရသူလည်း ဖြစ်သည်။

No comments :