Sunday 22 April 2012

မီဆူဘီရှီ မော်တော်ကားကုမ္ပဏီ ထိုင်းနိုင်ငံမှာ မီရာခ်ျ မော်တော်ကားများ စတင်ထုတ်လုပ်


ကမ္ဘာ့ အဆင့်မှီ ထိုင်းနိုင်ငံ မော်တော်ကား စက်ရုံ အတွင်းမြင်ကွင်း တစေ့တစောင်း

-မြတ်စိုး-
၎.၂၂.၂၀၁၂

ဂျပန် မော်တော်ကား ထုတ်လုပ်သည့်  မီဆူဘီရှီ ကုမ္ပဏီကြီးဟာ နိုင်ငံတကာ ကို တင်ပို့ရောင်းချမည့်  မီဆူဘီရှီ  မီရာခ်ျ မော်တော်ကားများ ကို ထိုင်းနိုင်ငံ မှာ စတင်ထုတ်လုပ်တော့မည်လို့  စက်ရုံသစ်ဖွင့်ပွဲ အခမ်းအနားမှာ  ကုမ္ပဏီ အကြီးအကဲ က ထုတ်ပြန် ကြေညာသွားခဲ့ပြီးနောက် မတ်လ ၂၈ ရက်နေ့ က ထ်ုင်းနိုင်ငံမှာ မော်တော်ကား ထုတ်လုပ်မှုတွေကို စတင်လိုက်ပါပြီ။

မီဆူဘီရှီ မော်တော်ကားကုမ္ပဏီဟာ ထိုင်းနိုင်ငံ မှာ ထရပ်ကား အပါအ၀င် မော်တော်ကား အစီးပေါင်း ၁ သိန်း  ၁ သောင်း ၆ ထောင် ကျော် နှစ်စဉ်ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး၊ အခုဖွင့်လှစ်ခဲ့တဲ့  Laem Chabang စက်ရုံ ကနေ နိုင်ငံတကာ ကို တင်ပို့ရောင်းချ ဖို့ ဆက်လက် တိုးမြင့် ထုတ်လုပ်သွာံးမှာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်မှုအတွက် မော်တော်ကားများကို မတင်ပို့မှီ နည်းပညာသစ်များ ဖြင့် ကျွမ်းကျင်သူပညာရှင်များ က ၁၀၀ ရာခိုင်နှုန်း စစ်ဆေး သွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မီဆူဘီရှီ မော်တော် ကား ကုမ္ပဏီ အကြီးအကဲ မစ္စတာ  Osamu Masuko  စက်ရုံဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ စက်ရုံသစ်ကနေ မှာ မီဆူဘီရှီ  မီရာခ်ျ မော်တော်ကား အစင်း တလ ၂၅၀၀ ထုတ်လုပ်သွားမှာ ဖြစ်ပြီး၊ ထိုင်းနိုင်ငံ အတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ကို ပိုမို ပေါ်ထွန်းလာမှာ ဖြစ်ကြောင်း၊ မစ္စတာ  Osamu Masuko  အခမ်းအနား မှာ ဆက်လက် ပြောဆိုသွားခဲ့တယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာ  Osamu Masuko  က ထိုင်းနိုင်ငံ မှာ လူသားအရင်းအမြစ် စွမ်းအင် မြင့်မားမှု၊ လုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းများ၌ ကျွမ်းကျင် မှု နှင့် လုံခြုံစိတ်ချရမှု၊ နည်းပညာ နှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံ အဆာက်အအုံခိုင်မာမှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မှာ အလားအလာကောင်းမှုတွေ နှင့် ယုံကြည်စိတ်ချမှုရှိတာ တွေကြောင့် မီဆူဘီရှီ  ဟာ ထိုင်းနိုင်ငံ မှာ မော်တော်ကားထုတ်လုပ်မှုတွေကို ဆက်လက် တိုးချဲ့ခဲ့ရတာဖြစ်ကြောင်းရှင်းပြသွားခဲ့တယ်။ ထိုင်းနိုင်ငံ မှာ မီဆူဘီရှီ မော်တော်ကား ကုမ္ပဏီဟာ  စက်ရုံ ၃ ရုံ ရှိနေပြီး၊ ပထမ စက်ရုံ က Lancer EX, Pajero Sport,  ဒုတိယ စက်ရုံ က Triton ( L200)၊ တတိယ စက်ရုံ က   Mirage   ကား တွေ ကို ထုတ်လုပ်နေပါတယ်။  ထိုင်းနိုင်ငံ ရှိ မီဆူဘီရှီ မော်တော်ကား ကုမ္ပဏီ မှာ အလုပ်သမား ၆, ၄၀၀  အလုပ်လုပ်ကိုင်နေကြသည်။

ထိုင်းနိုင်ငံ မှ ထုတ်လုပ်မည့် မီဆူဘီရှီ  မီရာခ်ျ မော်တော်ကားများ ကို အမေရိကန်နိုင်ငံ၊ ဥရောပ နိုင်ငံများ၊ သြစတေးလီးယားနိုင်ငံ အပါအ၀င် အာရှနိုင်ငံများ ဆီ ကို တင်ပို့ရောင်ချသွားမှာဖြစ်ကြောင်း၊ မော်တော်ကားတစီးရဲ့ ခန့်မှန်းခြေ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ (12,107.3- 17,555.6)၊ ထိုင်းဘတ်ငွေ ( 380, 000-551, 000) ရှိကြောင်း ထိုင်းနိုင်ငံ မီဆူဘီရှီ မော်တော် ကား ကုမ္ပဏီ က ပြောဆိုခဲ့ပါတယ်။ 

ထိုင်းနိုင်ငံ မှာ လူလတ်တန်းစား အများအပြား ရှိနေသည့် အပြင် ဆီစားသက်သာပြီး၊ ဈေးနှုန်းချိုသာ မှုကြောင့်  ထိုင်းနိုင်ငံထုတ် မီဆူဘီရှီ  မီရာခ်ျ မော်တော်ကားများ ထိုင်းနိုင်ငံ မှာ တင် ရေပန်းစား လူကြိုက်များလာလိမ့်မယ် လို့ ခန့်မှန်းနေကြတယ်။ 

ထိုင်းနိုင်ငံဟာ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရဲ့ ဒီထရွက် မြို့ ( Detroit) လို ဖြစ်လာလိမ့်မယ်လို့  မော်တော်ကား ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအသိုင်းမှာ တင်စားပြောဆို လာမှု တွေရှိခဲ့သလို၊ ထိုင်းအစိုးရ က လည်း ထိုင်းနိုင်ငံ ကို  အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရဲ့ ဒီထရွက်
(Detroit) မော်တော်ကား မြို့တော်လို  ဖြစ်ဖို့ အားသွန်ခွန်စိုက် ကျိုးပမ်းနေကြတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က သဘာဝဘေးအန္တရာယ် ရေလွှမ်းမိုးမှုတွေကြောင့် ဂျပန် မော်တော်ကား ထုတ်လုပ်တဲ့ တိုယိုတာ၊ ဟွန်ဒါ ၊မီဆူဘီရှီ၊ နီဆန်း၊ မာစတာ စက်ရုံကြီးတွေဟာ ရေမြုပ်ခံခဲ့ရသော်လည်း၊ ထိုင်းအစိုးရ နှင့် ကုမ္ပဏီကြီးတွေ ရဲ့ လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ခဲ့မှုတွေကြောင့် တလ ကြာသာ   မော်တော်ကား ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့ရတယ်။ ထိုင်းအစိုးရ ရဲ့ အလျင်တလို တာဝန်ယူ ဆောင်ရွက်ခဲ့မှု အပေါ် ဂျပန်မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီကြီးများ က လည်း အသိအမှတ် ပြုခဲ့ကြသည်။။ သို့သော်လည်း ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဂျပန် မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြုပ်နှံမှု ဟာ အစုရှယ်ရာဈေးကွက်မှာ ဒေါ်လာ ဘီလီယံနဲ့ ချီ ထိခိုက် ဆုံးရှုံးနစ်နာခဲ့ရတယ်။

No comments :