Wednesday 25 April 2012

မောင်ဝံသ မပြောတဲ့စကား DVB ကကြေညာသွားတဲ့အတွက် မောင်ဝံသက DVB ကိုဖြေရှင်းခိုင်းပြီ။


မောင်ဝံသ မပြောတဲ့စကား DVB က ကြေညာသွားပါတယ်
ဒီချုပ်အမတ်များ အနေနဲ့ ကတိသစ္စာပြုရတဲ့ စာသားကို ပြင်မနေဘဲ လွှတ်တော်ထဲဝင်ကြဖို့ စာရေးဆရာမောင်ဝံသက ပြောကြားတယ်လို့ ၂၅ ဧပြီ DVB ရုပ်သံသတင်းမှာ သတင်းကြေညာသူ ကိုသန်းဝင်းထွဋ်က ကြေညာသွားပါတယ်။ မောင်ဝံသက ဘယ်သတင်းထောက်ကို ဘယ်နေ့က ဘယ်နေရာမှာ ပြောတယ်ဆိုတာလဲ လုံးဝမပါဘဲ ဗလာချီကြေညာသွားတာ ဖြစ်ပါတယ်။
ကျွန်တော် DVB ကိုရော တစ်ခြားဘယ်သတင်းဌာနကိုမှ အဲသလို လုံးဝမပြောခဲ့ပါ။ ဘာကြောင့်ခုလို ဗလာချီ သတင်းကြေညာသွားတယ်ဆိုတာကို ကျွန်တော် နားမလည်ပါ။
တကယ်က ကျွန်တော့် face book မှာပဲ ၂၄ ဧပြီညက ရေးတင်လိုက်တာပါ။ ထောက်ခံသူ မထောက်ခံသူ ထင်မြင်ချက်ရေးသူတွေ အတော်များပါတယ်။ ကျွန်တော်ရေးတဲ့ထဲမှာ DVB လိုရာဆွဲ ပြောသွားသလို ဒီချုပ်တွေ လွှတ်တော်ထဲ ဒီအတိုင်းဝင်သွားဖို့ဆိုတာမျိုး လုံးဝမပါပါ။ ရွေးချယ်စရာနည်းလမ်းတွေကို အောက်ပါအတိုင်း ရေးခဲ့ခြင်းသာ ဖြစ်ပါတယ်။
သတင်းသမားချင်း စာနာထောက်ထားတယ်ဆိုရင် DVB အနေနဲ့ ကျွန်တော့်အာဘော်အမှန်ကို ပြင်ဆင်ချက်အဖြစ် ပြန်လည် လွှင့်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ (မောင်ဝံသ)

ကျွန်တော်ရေးခဲ့တဲ့ စာသားတွေ Face book မှာ ရှိနေတုန်းပါ။ လိမ်လို့မရပါဘူး။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။
(၁) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့စကားရပ်နဲ့
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။
(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။  (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။)
(၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။
(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ  ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)
(၅) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ ``အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့  အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ
 
 (ဆရာမောင်ဝံသ ဖေ့စ်ဘွတ်ခ်မှ)


1 comment :

Anonymous said...

လွတ်တော်တက်ပြီး ပြည်သူအတွက်အလုပ်အမြန်လုပ်ပေးရမဲ့ ဒီလိုနောက်ကျနေတဲ့အချိန်မှာ လွတ်တော်မတက်တာဟာအလုပ်မလုပ်ချင်လို့ပဲ၊ဒီလိုဆိုအရင်ကတဲကရွေးကောက်ပွဲ မဝင်ပါနဲ့လား၊မှားပါတယ် ကိုNLDရယ် မဲပေးမိတာ