Friday 18 May 2012

ဘင်္ဂလားဒေ့ခ်ျ ထိပ်တိုက်နိုင်ငံရေး အားပြိုင်ပွဲ တစေ့တစောင်း


ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရဲ့ ခုတလော နိုင်ငံရေးတင်းမာမှု အခြေအနေဟာ ကြောက်ခမန်းလိလိ အနေအထားကို ကျရောက် နေတာကို တွေ့နေရတယ်။ အာဏာရအစိုးရပါတီနဲ့ အတိုက်အခံပါတီတွေအကြား ထိုးနှက်ချက်တွေဟာ အတိုင်းအတာ လွန်ကဲလာနေပြီဖြစ်တယ်။ ရိုးသားတဲ့ပြည်သူတွေဟာ ထိတ်လန့်တုန်လှုပ်နေကြရတယ်။ ဘ၀အာမခံချက်ကို သူတို့တွေ ရှာမတွေ့ကြဘူး ဖြစ်နေတယ်။

ဘင်္ဂလားဒေ့ခ်ျ ၀န်ကြီးချုပ် နှင့် အာဏာရ
Bangladesh Awami League ပါတီ ဥက္ကဋ္ဌ
Sheikh Hesina
၉ လ တိုင်တိုင်လွတ်လပ်ရေးတိုက်ပွဲဆင်နွဲပြီး ၁၉၇၂ မှာ လွတ်လပ်ရေး ရရှိလာခဲ့တဲ့ ဒီနိုင်ငံဟာ သယံဇာတ မပြောကြွယ် ၀သော်လည်းပဲ၊ နိုင်ငံရဲ့ ကုန်ထုတ်အား ကောင်းတာကြောင့် ကမ္ဘာ့အလည်မှာ ရပ်တည်လာနိုင်ခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ လည်း ဖြစ်တယ်။ အကျယ်အ၀န်းသေးငယ်ပြီး လူဦးရေ အဆမတန်ထူပြောနေတာကြောင့် ဆင်းရဲသူဦးရေ ပွားများပေမဲ့ လဲဘဲ၊ ချမ်းသာသူတွေကြတော့ အလွန်ကိုချမ်းသာ နေကြတာကို တွေ့ရတယ်။ အကဲခတ် သုံးသပ်သူတွေကတော့ ချမ်း သာသူတွေဟာ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ယင် သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကပဲ ဖြစ်တယ် လို့ ဆိုပါတယ်။ လွတ်လပ်ရေးရရှိပြီးတဲ့ သက်တမ်းဟာ မြန်မာပြည်ထက် ငယ်နေပေမဲ့လည်း၊ အစစ အရာရာမှာတော့ တိုးတက်မှုတွေ သာလွန်နေတာကို ကွင်းကွင်းကြီး တွေ့မြင်နေရတာ အမှန်ပဲ။

မြန်မာပြည်သူတွေဟာ လက်ကိုင် မိုဘိုင်းလ်ဖုန်း SIM CARD တခုကို ကျပ်ငွေ ၂ သိန်း ပေးပြီး ၀ယ်ယူနေရတဲ့ အချိန်မှာ၊  ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာတော့ တာကာငွေ ၁၅၀ ပေးရင်ရနိုင်ပါပြီမြန်မာငွေ ကျပ် ၁၅၀၀ တန်ဘိုးလောက်ပဲ ရှိပါတယ်။ ဆင်းရဲတဲ့နိုင်ငံ ဆိုပေမဲ့လို့ စုစုပေါင်းလူဦးရေ ၆၀% ကျော်ရဲ့လက်ထဲမှာ လက်ကိုင်ဖုန်းတွေ ရှိနေကြတယ်။ ကျောင်းသား အများစုကတော့ laptop ကိုပဲ အသုံးပြကြတာ များတယ်။ အင်တာနက် ကဖေးဆိုင်တွေက အလုပ်မဖြစ်တော့ပါ။ ကမ္ဘာ မှာ အ၀တ်အထည် အများဆုံး နိုင်ငံခြားကို ထုပ်လုပ်ရောင်းချပေးနိုင်တယ်။ လူဦးရေ ထူပြောလွန်းတာကြောင့် လုပ်ငန်း ကျွမ်းကျင်သူတွေကို နိုင်ငံရပ်ခြားမှာသွားပြီး အလုပ်လုပ်နိုင်အောင် အစိုးရက စနစ်တကျ စီမံပေးတာတွေကြောင့်လည်း နိုင်ငံခြား ၀င်ငွေရရှိမှုမှာ အားသာချက်တွေက ရှိနေတယ်။

ပြည်သူဟာ နိုင်ငံရေးနဲ့ တရင်းတနှီး အမြဲရှိနေတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေဟာ လူထုနဲ့ ထိတွေ့ပြီး စည်းရုံးဟော ပြောပွဲတွေကို ကျယ်ကျယ်ဝန်းဝန်း လုပ်ဖြစ်လေ့ ရှိကြတယ်။ အတိုက်အခံ နိုင်ငံရေး ပါတီတွေဟာ အစိုးရရဲ့ အားနည်း ချက်တွေကို အမြဲစောင့်ကြည့်နေကြပြီး သတင်းစာ ရှင်းလင်းပွဲတွေကဘဲဖြစ်ဖြစ်၊ လူထုဟောပြောပွဲကနေတဆင့်ဖြစ်ဖြစ် ထောက်ပြကြတယ်၊ လိုအပ်ရင် တောင်းဆိုချက်တွေ လုပ်ကြတယ်။ လိုအပ်ရင် လိုအပ်သလို ဆန္ဒပြပွဲတွေ ကျင်းပြပြီး အစိုးရကို ဝေဖန်မှုတွေပေးကြတယ်။ တခါခါတော့ အဲဒီဆန္ဒပြပွဲကနေ တနိုင်ငံလုံး ဆန့်ကျင်ဆန္ဒပြို့ ခေါင်းဆောင်တွေက ညွှန်ကြားပေးလိုက်ကြတယ်။ ဒီတော့ တနိုင်ငံလုံးမှာ ဆက်သွယ်ရေးလမ်ကြောင်းတွေကို အတိုက်အခံလူထုက ပိတ်ထား လိုက်ကြတာပါပဲ။ အဲဒီလို အချိန်ခါမျိုးမှာ အဏာရပါတီနဲ့ အတိုက်အခံ ပါတီတွေရဲ့ နှစ်ဖက်အင်အားစုတွေဟာ လမ်းမ တွေပေါ်မှာ သတ်ကြ၊ ပုတ်ကြတော့တာပါပဲ။ အစိုးရကို အာဏာခံတဲ့ ပလိပ်တပ်ဖွဲ့ကတော့ အာဏာရပါတီဖက်ကနေ အမြဲတမ်း လိုက်ပါပြီး အတိုက်အခံပါတီတွေရဲ့အင်းအားစုတွေကို နှိမ်နင်းတာကို အမြဲလို မြင်တွေ့ရတတ်ပါတယ်။ 

အတိုက်အခံပါတီ Bangladesh Nationalist 
Party  ခေါင်းဆောင် Begum Khalida Zia
အတိုက်အခံဖက်ကတော့ ခဲနဲ့ပြန်ပေါက်တာ၊ နှစ်ပိုင်းကျိုးနဲ့ဆော်ထည့်တာတွေဟာ သမရိုးကျတွေပါ။ ပိုဆိုးတာက တွေ့တဲ့ ကားတွေ၊ ဘတ်စ်ကားတွေ၊ ဆိုက်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ စသဖြင့် တွေ့ရှိသမျှ ယာဉ်တွေကိုြိုဖျက်၊ မီး တိုက်တော့တာပါပဲ။ ဒီအထဲ သေဆုံးသူတွေကလည်း မနည်းတော့ပါဘူး။ ဒါကြောင့်မို့ အဲဒီနေ့တွေမှာ ရုံး၊ အလုပ်သွားသူ တွေ အယမ်းနည်းပါတယ်။ နောက်တခုကတော့ အဲဒီနေ့မှာ အဖမ်းအဆီးပါ။ ပလိပ်တွေက အတိုက်အခံ ပါတီဖက်က ခေါင်းဆောင်တွေရယ်၊ သူတို့ကိုဆော်တဲ့ လူတွေရယ် လိုက်ဖမ်းတော့တာပါပဲ။ နောက်တော့ စစ်ဆေးပြီပြန်လွှတ်ပေး သူကိုပေး၊ ဒါမှမဟုတ် ဥပဒေအရ အရေးယူသူကိုယူပေါ့။

အခုတလော လက်ရှိဖြစ်ပေါ်နေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရေး တိုက်ပွဲက ပိုပြီပြင်းထန်နေပါတော့တယ်။ အတိုက်အခံတွေ ရဲ့ အဓိက တောင်းဆိုချက်က လာမယ့် ၂၀၁၄ ရွေးကောက်ပွဲကို ကြာဖြတ်အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ ကျင်းပပေး ရမယ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာရပါတီကေတော့ ယခင်က ဥပဒေဟောင်းကို ပြင်ဆင်ပြီး လက်ရှိအစိုးရ လက် ထက်မှာပဲ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်တယ်။ ဒါကိုပြန်ပြင်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေလည်း မနည်းတော့ပါ ဘူး။ ထိခိုက်ဒါဏ်ရာ ရသူ၊ သေဆုံးသွားခဲ့ရသူတွေလည်း ရှိခဲ့ပြီဖြစ်ပါတယ်။ နောက်တော့ အတိုက်အခံဖက်က ရက် ပေါင်း ၉၀ အချိန်ပေးပြီး အစိုးရကို ဆက်တောင်းဆိုထားတာလဲ ရှိပါသေးတယ်။ ပေးထားတဲ့အချိန် ကျော်လွန်လာခဲ့ရင် ဒီထက်ပြင်းထန်တဲ့ လှုပ်ရှားမှုကြီးတွေနဲ့အတူ အစိုးရပြုတ်ကျတဲ့အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားကြဖို့ ရှိပါတယ်။

ဒီကြားထဲ အဓိက အတိုက်အခံပါတီ (BNP) ထိပ်ပိုင်း ခေါင်းဆောင် Mr.M Illias Ali နဲ့အတူ သူ့ရဲ့ ကားဒရိုင်ဘာတို့ ပျောက်ခြင်းမလှ ပျောက်ဆုံးနေခြင်းပါပဲ။ ဧပြီလ ၁၇ ရက်နေ့ ညဥ့်ကနေ ဒီနေ့ထိ ရှာမတွေ့သေးဘူး ဖြစ်နေတယ်။ တာဝန် ရှိတဲ့ အစိုးရ အာဏာပိုင်တွေကလည်း တလပဲ ကြာသွားတယ် ခုထိ တစုံတရာ ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူး။  ဒါကြောင့်မို့ ဧပြီလ ၂၉ နှင့် ၃၀ ရက်နေ့များမှာ ပျောက်ဆုံးနေတဲ့ အတိုက်အခံဘက်က ခေါင်းဆောင်ကို ရှာဖွေပေးဖို့နှင့် ကြာဖြတ်အစိုးရဖြင့်သာ ၂၀၁၄ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးခေါ်ယူခဲ့တယ်။ အဲဒီနေ့မှာ ၀န် ကြီးချုပ်ရုံးရှေ့မှာ ကားတစီး မီးရှို့ခံခဲ့ရတာရယ်၊ ၀န်ကြီးများရုံးရှေ့မှာ လက်လုပ်ဗုံးတွေ့ရှိတာရယ်ကြောင့်၊ အတိုက်အခံ ပါတီခေါင်းဆောင် ၄၅ ဦးကို ဒီအမှုတွေနဲ့ ပါတ်သက်တယ်ဆိုပြီး ရဲအဖွဲ့က တရားစွဲဆိုလိုက်ပါတော့တယ်။

ထိုခေါင်းဆာင်တွေအားလုံး ရက်အနည်းငယ် ပုန်းရှောင်နေခဲ့ကြပြီးတဲ့နောက်မှာ တရားရုံးကို လာပြီး ၃၃ ယောက်က အမှု ရင်ဆိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တရားရုံးတော်က အတိုက်အခံခေါင်းဆောင်တွေကို အာမခံနဲ့တောင်လွှတ်မပေးဘဲ တိုက် ရိုက်ကြီး ထောင်ထဲကို ဧပြီ ၁၆ ရက်နေ့မှာတန်း ပို့လိုက်တော့တာပါပဲ။ ဒီတော့ အတိုက်အခံတွေဖက်က ၁၇-၀၅-၂၀၁၂ နေ့မှာ ထပ်ပြီးအဖမ်းခံလိုက်ရတဲ့ ခေါင်းဆောင် အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ ဆန္ဒပြပွဲ ခေါ်ပါ တော့တယ်။ အဲဒီနေ့ အသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ နောက်ထပ် ခေါင်းဆောင်တယောက် အ ဖမ်းခံခဲ့ရပြီး၊ နောက်တယောက် ဒါဏ်ရာ ရရှိသွားကြတယ်လို့ သတင်းတွေမှာ ဖော်ပြကြတာကို တွေ့ရပါတယ်။ တဆက် တည်းမှာ ၂၀-၀၅-၂၀၁၂ နေ့ အတိုက်အခံမဟာမိတ် ပါတီတွေက လူထုဟောပြောပွဲကြီး ကျင်းပကြမှာ ဖြစ်သလို၊ နောက် ထပ် ဘယ်လို အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးတွေ ပေါ်ပေါက်လာမှာလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရအုံးမှာ ဖြစ်ပါ တယ်။ အတိုက်အခံ ၁၈ ပါတီရဲ့ ခေါင်းဆောင် ၃၃ ဦးကို အဖမ်းခံလိုက်ရပေမဲ့လည်း နောက်ဆက်တိုက်ပွဲဝင်ဖို့ ခေါင်း ဆောင်တွေအများကြီး ရှိနေသေးကြောင်းနဲ့၊ လက်ရှိအစိုးရ ပြုတ်ကျသွားတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကျန် ခေါင်းဆောင်တွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အာဏာရ ပါတီ Bagladesh Awami League ကလည်း၊ မင်းမဲ့စရိတ် လုပ်ငန်းတွေရဲ့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို ကာ ကွယ်သွားဖို့ အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလျက်ပါ။


ခိုင်ဆန်းအောင်
မေလ ၁၈ ရက်၊ ၂၀၁၂ ခုနှစ်။

3 comments :

ခိုင်ဆန်းအောင် said...

၁၉၇၂ မှာ အစား ၁၉၇၁ ဟု ပြင်ဆင်ဖတ်ရှုကြပါရန် တောင်းပန်ပါသည်။ Typing mistake အတွက် ခွင့်လွှတ်နိုင်ကြပါရန်။

ခိုင်ဆန်းအောင် said...

၁၉၇၂ မှာ အစား ၁၉၇၁ ဟု ပြင်ဆင်ဖတ်ရှုကြပါရန် တောင်းပန်ပါသည်။ Typing mistake အတွက် ခွင့်လွှတ်နိုင်ကြပါရန်။

ခိုင်ဆန်းအောင် said...

၁၉၇၂ မှာ အစား ၁၉၇၁ ဟု ပြင်ဆင်ဖတ်ရှုကြပါရန် တောင်းပန်ပါသည်။ Typing mistake အတွက် ခွင့်လွှတ်နိုင်ကြပါရန်။