လက်ရှိနိုင်ငံရေးအခြေအနေကနေ နောင် ၁၀ နှစ်မှာ ဘယ်လို ပုံစံရှိမလဲ လို့မေးလာရင်တော့ နိုင်ငံရေးမြင်ကွင်းသစ် သို့မ ဟုတ် အခင်းကျင်းသစ် (New Political Landscape) တခုဖြစ်လာမယ်လို့ပြောရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအခင်းအကျင်း က အချိန်နဲ့အမျှ ပြောင်းလေ့ရှိတယ်။ ၁၉၈၈ ခုနစ်နစ်မတိုင်မီ မြန်မာနိုင်ငံရေးအခင်းကျင်းကိုကြည့်ရင် အဓိကဇာတ် ဆောင်တွေက မဆလ၊ ဗကပ နဲ့ မဒညတ နဲ့ မဒတ စတာတွေဖြစ်ခဲ့တယ်။ ဦးနေ၀င်း၊ ဦးစမ်းယု၊ စိန်လွင်၊ မောင်မောင် သူတို့ကို စိန်ခေါ်သူတွေက သခင်ဗသိန်းတင်၊ ဦးနု၊ မန်းဘဇံ စတဲ့ခေါင်းဆောင်တွေက တော်လှန်ရေးရဲ့ အိုင်ကွန် (Revolution Icons) တွေ။ သူတို့ရဲ့ အမြင်၊ စွမ်းဆောင်မှုတွေနဲ့ ကျနော်တို့ မျိုးဆက်သစ်တွေကိုလှုံ့ဆော်ပေးခဲ့ကြတယ်။
နိုင်ငံရေးအာဂျင်ဒါတွေက ဆိုရှယ်လစ်စနစ်၊ ပြည်သူဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အာဂျင်ဒါတွေပေါ့။ ဒီ လမ်းကြောင်းမှာ ပဋိပက္ခ က နှစ်ပေါင်း ၂၆ နှစ်နီးပါး ကြာခဲ့တယ်။ ဒါပေမယ့် အဖြေမထွက်လာကြဘူး။
ဘာကြောင့်လဲ နိုင်ငံတကာအခင်းအကျဉ်း၊ ခေါင်းဆောင်မှု၊ အမြင်၊ နည်းနာနဲ့ သေနဂဗျူဟာ အားနည်းချက်တွေပေါ်မှာ မျိုးစုံမူတည်နေခဲ့တယ်။ ဒီစိန်ခေါ်မှုမျိုးစုံပေါ်မှာ ခေါင်းဆောင်တွေက အကောင်းဆုံး ညီမျှခြင်းကို မတွက်နိုင်ခဲ့ကြပေဘူး။
၁၉၈၈ ခုနစ် လူထုလှုပ်ရှားမှုကြီးဖြစ်လာတော့ နိုင်ငံရေးအခင်းကျင်းက ရုတ်တရက်ပြောင်းသွားတယ်။ မဆလ ရော၊ သူ့ ကိုဆန်ကျင်နေတဲ့ ဗကပ ပါ နိုင်ငံရေးမြင်ကွင်းကနေ တဖြေးတဖြေးပျောက်သွားရတယ်။
ဇတ်ဆောင်အသစ်တွေပေါ်လာပြန်တယ်။ ဒါကတော့ န၀တ၊ နအဖ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားတွေနဲ့ ကျောင်းသားတွေ ဖြစ်လာတယ်။ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ရွှေ၊ ဦးကြည် မောင် စသဖြင့် ဇတ်ဆောင်အသစ်တွေ ဖြစ်လာတယ်။ နိုင်ငံရေးလမ်းကြောင်းက ၉၀ ရွေးကောက်ပွဲရလဒ် အသိမှတ်ပြု ရေးနဲ့ ပါလီမန်ထဲကနေ နိုင်ငံရေးပြသနာတွေကိုဖြေရှငး ဆိုတဲ့ လမ်းကြောင်းဖြစ်လာတယ်။ အဖြေမထွက်ခဲ့ပြန်ဘူး။
လောလောဆယ်မှာတော့ ဦးသိန်းစိန်၊ ဒေါ်စု စသဖြင့် ဖြစ်လာတယ်။ လမ်းကြောင်းကတော့ ၂၀၀၈ အခြေခံဥပဒေ လက် ခံတဲ့အောက်မှာ ပါလီမန်ဘောင်ထဲကနေ နိုင်ငံရေးပြသနာတွေကိုဖြေရှင်ဆိုတာ ဖြစ်လာတယ်။ ဒီတော့ ပါလီမန်က ကရိ ယာ(Tool) တခုအနေနဲ့ အသုံးချဖို့ ဖြစ်လာတယ်။ ဒါကို ဒီချုပ်က လက်ခံလိုက်တဲ့အတွက် ပါလီမန်ထဲကနေ ပြုပြင်ပြောင်း လဲမှုတွေကို လုပ်မယ်ဆိုတာ ဖြစ်လာတယ်။ ပါလီမန်ပြင်ပ အင်အားစုတွေကလဲ ပြုပြင်ပြောင်းလဲမှုတွေကို ကန့်သတ်မှု တွေထဲကနေ လုပ်ကြမယ်။ ပြုပြင်ပြောင်းလဲမှုတွေကို တဖြေးဖြေးနဲ့ တိုးလုပ်သွားမယ်ဆိုတဲ့အယူဆ ဖြစ်လာတယ်။ ရှင်း ရှင်းပြောရရင်တော့ Evolution ဖြစ်လာတယ်။ Revolution မဟုတ်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ အချိန် (Time) အကန့်အသတ် ရှိနေပါတယ်။
၂၀၁၅ ဟိုဖက်မှာတော့ နောက်ထပ် အခင်းအကျင်းသစ် ဖြစ်လာမယ်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ အဓိက ဇတ်ဆောင်တွေအဖြစ်ကနေ အနားယူသွားမယ့်ကာလ ဖြစ်တယ်။ အများစုသော ၈၈ မျိုးဆက် ပြည်တွင်း ပြည်ပ အင်အားစုတွေလဲ နိုင်ငံရေးမြင်ကွင်းကနေ ပျောက်ကွယ်ကုန်မှာ ဖြစ်ပါတယ်။
ဇတ်ဆောင်အသစ်တွေ ထပ်ပေါ်လာမယ်။ အလံကိုလက်ဆင့်ကမ်း သယ်လာကြရသလို ဖြစ်မှာပဲ။
ချုပ်ပြောရရင် စစ်အာဏာရှင်စနစ်ကို တိုက်လာကြတဲ့ ဗကပ ခေတ်၊ ဦးနု (ပြည်ချစ်ပါတီ)ခေတ်၊ ဒီချုပ်ခေတ် ရန်အင်အား စုတွေဖြစ်တဲ့ မဆလ၊ တစည၊ ကြံ့ဖွတ်တွေဟာလဲ ၂၀၁၅ နောက်ပိုင်းမှာ ပျောက်ကွယ်တာတွေ၊ မှေးမိန်တာတွေဖြစ်လာ တော့မှာ ဖြစ်တယ်။
၈၈ ရဲ့သံဓိဋ္ဌာန်က ဒီမိုကရေစီ၊ လူအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ တံခါးဖွင့်စီးပွားရေးစနစ်ဆိုတဲ့ ရည်မှန်းချက် တွေ မဟုတ်လား။ ဒီတော့ ဒီရည်မှန်းချက်တွေရဖို့အတွက် ဒီမိုကရေစီက ဦးဆောင်မှုရဖို့အတွက် ကျနော်တို့ဟာ နောင် မျိုးဆက်ကို ဘယ်လောက်အထိ ပြင်ဆင်ထားသလဲအပေါ်မှာ မူတည်နေတယ်။
ဒီကာလ ခေါင်းဆောင်မှုကိုရဖို့အတွက် ၈၈ မျိုးဆက်တွေထဲမှာ ဘယ်လောက်ပြင်ဆင်နိုင်ကြသလဲ ဆိုတာ မူတည်လာ တယ်။ ကျနော်တို့်က နောင်မျိုးဆက်သစ် ခေါင်းဆောင်မှုအတွက် အစွမ်းကုန် တည်ဆောက်ပေးရမယ့် ကာလဟာ ဒီနေ့ ကာလ ဖြစ်ပါတယ်။ ယောနသံဇင်ယော ၀တ္ထုကို ပြန်သတိရမိတယ်။
အတိတ်ကပေးတဲ့ သင်္ခန်းစာက ဘာလဲ။ သင်္ခန်းစာက အချိန် (Time) မတာ (Matter) ကို နားလည်နိုင်ကြဖို့ပါပဲ။ ဘော လုံးပွဲလိုပေါ့။ နှစ်သင်းစလုံးဘယ်လောက်ပဲ အစွမ်းကုန် ကစား ကစား အချိန်ပြည့်ရင် ပွဲစဉ်ကို ရပ်နားတယ်။ နောက်ထပ် ကစားသမားအသစ်တွေ ကွင်းထဲကို ဆင်းလာခြင်း ဖြစ်တယ်။
ဒါကြောင့် ကိုယ်ကစားခွင့်ရနေချိန်မှာ အနိုင်ဂိုးကိုသွင်းနိုင်အောင် အားထုတ်ရမှာ ဖြစ်တယ်။
အရင်က ကစားသမားတွေဖြစ်တဲ့ ဗကပ၊ ပြည်ချစ်၊ မဒတ တွေက စားခဲ့ကြပြီးပြီ။ အနိုင်ဂိုး မသွင်းနိုင်ခဲ့ကြသေးဘူး။ ဒီနေ့ ကွင်းထဲရောက်နေတဲ့ ကစားသမားတွေဟာ ဒါကို သတိပြုဖို့လိုတယ်။
ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းခံပြီး ကစား ကစား၊ မိုးထဲရေးထဲမှာ ဘယ်လောက်ပဲ ရုမ်းကန်လှုပ်ရှား ကစား ကစား။ အနိုင်ဂိုးမသွင်းနိုင်ရင်၊ အောင်နိုင်သူအဖြစ် သမိုင်းမှာ သတ်မှတ်လို့မရခြင်း ဖြစ်တယ်။
မိုးသီးဇွန်
Tuesday, 15 May 2012
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment