Wednesday, 15 August 2012

ယမကာလုလင်များ ၀မ်းမြောက်ဖွယ်သတင်း

နိုင်ငံခြားအရက် တရားဝင်တင်သွင်းခွင့်ပြုတော့မည်

နိုင်ငံတကာမှထုတ်လုပ်သည့် နိုင်ငံခြားအရက်အမျိုးမျိုးကို ပြည်တွင်းသို့ တရားဝင် တင်သွင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇူလိုင်လ ၃၀ ရက်နေ့က မန္တ လေးမြို့ ကုန်သည်၊ စက်ပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများမှာ ပြည်တွင်းသို့တရားမဝင်တင်သွင်းလာသည့် အရက်အတုများကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုးများကို ခံစားရလျက်ရှိမှုများမှာ နယ်စပ်ဒေသ ကုန်သွယ်ရေးလုပ်ငန်းများကို အဓိကကိုင်တွယ်ရသည့် စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိ သည်ပာု ယူဆသည့်အတွက် နိုင်ငံခြားအရက်အမျိုးမျိုးကို တရားဝင် ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


“အရက်သွင်းခွင့်ပေးတော့မယ်။ သုံးစွဲသူတွေ အရက်အတုသောက်နေလို့ တရားဝင် သွင်းခွင့်ပေးချင်တယ်လို့လည်း သမ္မတကြီးထံ တင်ပြထား တယ်”ပာု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။


လက်ရှိအချိန်တွင် ပြည်တွင်းရှိကျေးလက်နေတောင်သူများမှာ အရက်တုများကိုသာ သောက်သုံးနေရသည့်အတွက် ကျန်းမာရေးထိခိုက်ကာ ဆိုးကျိုးကိုသာ ခံစားနေရသည့်အတွက် မကြာမီကာလအတွင်း ပြည်တွင်းသို့ နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


“ကျွန်တော့်မျက်နှာသာကြည့်တော့။ အရက်တုတွေသောက်ရတဲ့အတွက် ဘယ်လိုဖြစ်နေတယ်ဆိုတာ”ပာု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ရယ်ရွှင်ပွင့်လင်းစွာပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။


မြန်မာနိုင်ငံတွင် အရက်၊ စီးကရက်အပါအဝင် ကုန်စည်ရှစ်မျိုးကို ပြည်တွင်းသို့ တင်သွင်းရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ပြည်တွင်း၌ တရားမဝင် တင်သွင်းလာသော အရက်၊ စီးကရက်အပါအဝင် ကန့်သတ်ကုန်များကို တွင်ကျယ်စွာသုံးလျက်ရှိပြီး ယင်းပစ္စည်းအတုများကိုသာ သုံးစွဲရ သည့်အတွက် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း သိရသည်။


Ref:Popular News

No comments :