Monday, 5 November 2012

ရွှေတူးသူများ

က ချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ အတော်ကြာခဲ့ပြီ။ ရှမ်းပြည်ထဲမှာလည်း မကြာမကြာ ဆိုသလို တိုက်ပွဲတွေ ရှိနေတုန်း ကရင်ပြည်နယ်ထဲမှာတော့ ဖောင်းဖောင်းမည်တဲ့ တိုက်ပွဲတွေ မရှိပေမယ့် အညိအစွန်းတွေ ရှိနေသေးတယ်။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကတော့ လက်နက်ကိုင် တိုက်ပွဲတွေနေတဆင့် ဖြစ်ပေါ်လာ တဲ့ မတည်ငြိမ်မှုထက် နောင်မှာ ပိုများ ဆိုးလာလေ မလား လို့လည်း တွေးမိပြန်တယ်။


ကြေးနီတောင် စီမံကိန်းလို အနိုင်ကျင့်ခံရတာတွေ၊ လယ်သိမ်းယာသိမ်း ကိစ္စတွေ၊ သစ်တောတွေပြုန်း တာတွေ၊ ဦးပိုင်နဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဗိုလ်ကျ နေတာတွေကလည်း ဗျောင်ကြလွန်းတာ တွေ့ရတယ်။ လယ်မြေအရင်းခံ အသက်မွေးသူ တွေရဲ့ ငိုရှိုက်သံတွေကလည်း မစဲသေးပါ။ အဲသလို နာကျင်သံတွေ မစဲသေးတဲ့ အချိန်မှာ ထားဝယ်စက်မှုဇုံ စီမံကိန်း ကလည်း ထားဝယ်က ကျေးရွာသူရွာသားတွေကို လည်ပင်းညှစ်ဖို့ အိမ်ဝင်းတံခါးရှေ့မှာ ရောက်လာနေတယ်။ ရခိုင်က သဘာဝ ဓာတ်ငွေ့ကို ရခိုင်သားတို့ သုံးစွဲခွင့်မရတာ သဘာဝ ကျပါတယ်တဲ့။ နိုင်ငံတော်အရေးကို ဦးစားပေးရတာ ကြောင့်ပါတဲ့။ အမှန်တော့ သည်ဇာတ်လမ်းမျိုးက အခုမှ ဖြစ်တာမဟုတ်။ ထားဝယ်သားတို့ ထားဝယ်ပင်လယ်ပြင်က ထွက်တဲ့ ဓာတ်ငွေ့ကို သုံးခွင့် မရခဲ့ကတည်းက ရှိနေပြီးသား အမျိုးတူ ဇာတ်လမ်းပါ။ ထားဝယ်သားတို့ လည်း နိုင်ငံတော် အတွက် အနစ်နာခံခဲ့ရတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရကလည်း မြန်မာပြည်ကြီး ပြောင်းလဲလာပြီ။ အရင်လို မဟုတ်တော့ဘလို့ အခွင့်သာတိုင်း အော် နေကြတယ်။ အဲတာကို ယုံပါတယ်လို့ ပြောတဲ့ ပြည်တွင်းပြည်ပက လူတွေလည်း တိုးလာနေတယ်။ နိုင်ငံခြားအစိုးရတွေနဲ့ နိုင်ငံခြား အဖွဲ့အစည်းများ (အင်စတီကျူးရှင်းကြီးတွေ) လည်း သည်အထဲမှာ ပါပါတယ်။ ပြောင်းပြီလို့ ဟန်ဆောင်ပြော တာကို အဲသလို ပြောင်းတာကို ယုံပါတယ်လို့ ဟန်ဆောင်ပြောသူ တချို့လည့်း ရှိပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး ပြောင်း လာနေပြီဆိုတဲ့ ရာသီဥတု ခန့်မှန်းချက်ကြောင့် ရင်းနှီးမြုတ်နှံလိုတဲ့ နိုင်ငံခြားကုမ္ပဏီ အသစ်အသစ်တွေကိုလည်း မြင်နေ ရတယ်။ ရန်ကုန်မြို့ဟာ ခါတိုင်းနဲ့ မတူဘဲ နိုင်ငံခြားသားများနဲ့ ပြည့်လျှံနေတာ ဟိုတယ်မှာ တည်းခိုတဲ့ စရိတ်တွေတောင် မကြားဖူးခဲ့တဲ့ နှုန်းတွေအထိ ခုန်တက်သွားတယ် မဟုတ်လား။ အိမ်ခန်းငှားခ ဆိုရင်လည်း အရင်က တလကို ဒေါ်လာ တထောင်ကျော်၊ တထောင့်နှစ်ရာလောက် ဌားရန်းခပေးရတဲ့ တိုက်ခန်းတွေဟာ အခုဆို ဒေါ်လာသုံးထောင်လောက် အထိ မြောက်ကုန်ပြီ။ တောင်းသလောက် ပေး မနေနိုင်ရင်တော့ ဂျာရေးကား ဂျောင်းပေါ့။

တခါ ဆင်းရဲနွမ်းပါးမှုကလည်း နက်သထက်နက်လာတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချရမယ်လို့ သမ္မတကြီးနဲ့ သူ့ရဲ့ ဝန်ကြီး တွေက ပြောလာကြတယ်။ ကောင်းပါတယ်။ အမှန်တကယ်သာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချဖို့ ဆန္ဒ အစစ်အမှန် ရှိမယ် ဆိုရင်တော့။ ဝန်ကြီးတပါးကတော့ အသေးစားအလတ်စား စက်မှုလက်မှု လုပ်ငန်းတွေ တိုးပွားလာအောင် တိုးတက်လာ အောင် လုပ်ဖို့က အရင်ဆုံးပစ်မှတ် ဖြစ်တယ် လို့ ပြောပြန်တယ်။ ဒါပေမယ့် စက်မှုတော့မယ် ဆိုရင် လျှပ်စစ်ဆိုတာ လိုလာတယ်။ မြန်မာပြည်မှာ လျှပ်စစ် ဆိုတဲ့ စွမ်းအင် ဈေးချိုချိုနဲ့ ရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေ ချာချာ ရေရေရာရာ အဖြေမပေးနိုင်သေး။ အသေးစားစက်မှုကို ပြောနေတဲ့ အသံတွေများလာနေတုန်း လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးရေးဆိုတဲ့ အသံက တိတ်သွားပြန်တယ်။ သို့သော် သမ္မတကြီးကတော့ သူ့ရဲ့ စံပြကိုယ်ပိုင် လယ်ထဲမှာ နွားတွေနဲ့ ဖက်ရုန်းနေတုန်းပဲ ဆိုတော့ အားတက်ဖို့ ရှိသေးတာပေါ့။ အကြားအမြင် ဆရာမဟုတ်တော့ သမ္မတကြီး နွားတွေနဲ့ ဖက်ရုန်းမရုန်း မသိနိုင်ပါ။ နယ်စပ်ဒေသ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ စကားမျိုးတွေ အခုတလောမှာ အသံတိတ်သွားတယ်။ မြင်ရတာကတော့ ပဲ့နင်းတော့ ဦးထောင်၊ ဦးကိုနင်းတော့လည်း ပဲထောင့် ဆိုတာမျိုးလို ဖြစ်နေတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးတဲ့ ပြောလာပြန်တယ်။ သို့သော်လည်း တရုတ်ကို လင်လုပ်မယ် သားမွေးပေးမယ်ဆိုရင် ကျပ်ငွေ သိန်း ၃ဝ လောက်ရမယ်ဆိုတဲ့ အရောင်းအဝယ်မျိုးတွေ ပေါ်လာပြန်တယ်။ အိမ်နီးချင်း နိုင်ငံမှာ ရှိနေတဲ့ ပြည့် တန်ဆာတွေထဲမှာ ကိုယ့်တိုင်းပြည်က အမျိုးသမီးလေးတွေ လျှော့သွား တယ်လို့ မကြားမိသေးဖူး။ ထိုင်းမှာ အလုပ်ရမယ် ဆိုလို့ ငွေကျပ်လေးသိန်း ပွဲစားကိုပေးပြီး လာတဲ့သူတွေ နယ်စပ်မှာ သောင်တင်နေတာမျိုးလည်း ရှိသေးတယ်။ သေချာ တာကတော့ နိုင်ငံခြားမှာ တရားမဝင် အလုပ်ထွက်လုပ်ကြတဲ့ နောက်ဆက်တွဲအဖြစ် နဂိုကတည်းက လူဦးရေနည်းပါးတဲ့ ဒေသတွေမှာ လူငယ် အရွယ်ကောင်း လုပ်သားအင်အား လျှော့ကျလာသလို လူဦးလျှော့ပါး လာတာနဲ့လည်း ရင်ဆိုင် နေရတယ်။ အရပ်ထဲ သူခိုး ဝင်လာရင်တောင် ထွက်လိုက်ဖို့ အားကောင်းမောင်းသန် အမျိုးသားဦးရေ သိပ် မကျန်တော့ဖူး။ မြန်မာပြည်မှာက နိုင်ဝမ်းဝမ်း နှိပ်ပြီး ပုလိပ်ကို ဖုန်းဆက်ခေါ်တဲ့ စနစ်လည်း မရှိတော့၊ အရေးဟဲ့ဆိုရင် အမျိုးသမီးတွေ ကိုယ်တိုင် တုတ်ကိုင်၊ ဓားကိုင်၊ ဝါးချွန်ကိုင် လာကြရတယ်။ 





ခေါင်း စဉ် ကို နှိပ်ပြီး ဆက်ဖတ်ပါ။




မြန်မာပြည်ထဲကို ပြန်ဝင်ပြီး အလုပ်လုပ်နိုင်မှ ရုံးခန်းဖွင့်နိုင်မှ နိုင်ငံခြားအလှူရှင် ကြည်ဖြူလိမ့်မယ် ထပ်ပြီးပေးချင်လိမ့်မယ် ဆိုတဲ့ အယူအဆကလည်း အမြန်ဆုံးနှုန်းနဲ့ ပြန့်ပွားနေတယ်။ ဒါကြောင့် ထင်ပါရဲ့ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက် သိမ်းမယ် ဆိုပြီး ကြွေးကျော်ထားတဲ့ အဖွဲ့တွေတောင် အထဲကို ပြန်သွားနေကြတယ်။ တပ်ပေါင်းစုဆိုတာ သေသွားတာ ကြာလှပြီလို့ ဆိုရတော့မယ်။ သေသွားဆို ကိုယ်ရကိုယ်ယူ စနစ်နဲ့ ကိုယ်ဖြစ်ကိုယ်ခံစနစ် ဖွံ့ဖြိုးလာတာ ကြာမှကိုး။ ပြည်တွင်းမှာတော့ အန်ဂျီအို အလုပ်ဆိုတာ စီးပွားရေးအလုပ်တခုလို ဖြစ်လာနေပြီး စီးပွားပြိုင်ဖက်တွေလည်း အလျှိုအလျှို ပေါ်ထွန်း လာနေတယ်။ အန်ဂျီအိုမဟုတ်ဖူး လူမှုရေးအဖွဲ့ပါလို့ ပြောတဲ့အဖွဲ့များလည်း ရှိသေးတယ်။ အဲသည်ထဲက တချို့ ကတော့ ဟော်တယ်တွေ၊ ရက်စတောရင့်တွေက ခန်းမတွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ မကြာခဏ ဆိုသလို ကျင်းပကြ တယ်။ လူထုကို ပညာပေးဖို့လို့ ဆိုတယ်။ အကြားရအများရဆုံး နာမည် ကတော့ တော်ဝင်နှင်းဆီပဲ။ အဲသလို အဖွဲ့အစည်း တွေ အများအပြား ပေါ်ထွန်းလာ နေတာကို လူမှုဗေဒစကားအရ နယ်ပယ်တခုအတွင်း ဖွံ့ဖြိုးတိုးတက် လာခြင်းလို့ တချို့က ထောက်ပြတယ်။

မြန်မာပြည်ကြီးမှာ အဲသလို အဲသလို ဖြစ်နေတာတွေကြောင့် ငြိမ်းချမ်းရေးလိုလာတယ်။ ငြိမ်းချမ်းရေး ရအောင် ဆောင် ကျဉ်းဖို့ လိုလာတယ်။ ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ် ဆိုတဲ့ အခြေအနေအောက်မှာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဆိုတာတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဆိုတာတွေလည်း ဟိုကသည်က ပေါ်လာတယ်။ တချို့ကတော့ ပေါ်လာတာ မဟုတ်ဖူး မိုးပေါ်ကကျ လာတာ။ မိုးပေါ်က ကျလာတာမှာလည်း နှစ်မျိုးရှိတယ်။ တမျိုးက ဝန်ကြီးအဆင့်၊ တမျိုးက (ဖောရိမ်း အိတ်စပါတ်)။ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယ ဆိုတဲ့ အသံတွေကို သူတို့ တတွေက သူများထက်ပိုပြီး ကျယ်ကျယ်လောင် ပြောကြတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ငြိမ်းချမ်းရေးရမှ ဒီမို ကရေစီ အသွင်ကူးပြောင်းတာ ချောမွေ့မှာကိုး။ ဒီလိုနဲ့ အကျိုးဆက်အဖြစ် ငြိမ်းချမ်းရေးစင်တာ ဆိုတာကြီး ပေါ်ပေါက် လာတယ်။ ငြိမ်းချမ်းရေးစင်တာမှာ ဗမာရော၊ နိုင်ငံခြားသား ကျွမ်းကျင်သူ ဆိုသူများပါ ပါဝင်ကြတယ်။ နိုင်ငံတကာ အလှူရှင်များ၊ ပြည်တွင်းပြည်က မီဒီယာများနဲ့ သိလိုသူများက သူတို့ကို ဒီလိုမေးလို့ သူတို့က ဒီလိုဖြေကြတယ်။

ဘာလုပ်နေလဲ၊ လေ့ကျင့်နေတယ်။
ဘယ်သူ့အတွက်လဲ၊ မြန်ပြည်သူအတွက်။
ဘာအတွက်လဲ၊ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး။
ဘာလိုအပ်လဲ၊ ရန်ပုံငွေ ရန်ပုံငွေ။
ဘယ်ညာ၊ ဘယ်ညာ၊ ဘယ်ညာ၊ ဘဲ။

နောက်ကျသွားမှာ စိုးတဲ့အတွက် နော်ဝေက အိတ်စ်ပါတ်တွေလည်း တရုတ်သိုင်းကားထဲက အကွက်မျိုးတွေနဲ့ ငြိမ်းချမ်းရေး စင်တာကို ခုန်ဝင်လာတယ်။ အရှေ့အလယ်ပိုင်းနဲ့ သီရိလင်္ကာမှာ နော်ဝေရဲ့ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်တာ ကျဆုံးခဲ့ တယ်။ မြန်ပြည်အတွက်တော့ ဘယ်လို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို သယ်ဆောင်လာသလဲ ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မသိရသေး။ အင်္ဂလိပ်လိုတော့ (သင့်တဲန့်ခ်) မြန်မာလိုတော့ အတွေးအခေါ်တိုင်ကီ အဖွဲ့က ဒေသခံတွေဆိုတော့ ငြိမ်းချမ်းရေးစင်တာကို ဦးဆောင်မယ်။ ဒါပေမယ့် သူတို့ မကြိုက်သူတွေ၊ မချစ်မနှစ်သက်သူတွေ ကိုတော့ အဲသည့် ငြိမ်းချမ်းရေးစင်တာ တံစက်မြိတ် အောက်မှာတောင် အခိုမခံပါ။ ရဝမ်ဒါက တူစီဟူတူ လူမျိုးတုံးသတ်ဖြတ်မှု ပြဿနာကြီး မှာ အတွေ့အကြုံရှိခဲ့သူလို့ ဆိုတဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူ တဦးလည်း အပြေးလေးလာတာ မြင်ရတယ်။ တချို့က ပြောတော့ အဲ့သည့်ပုဂ္ဂိုလ်ဟာ တူစီ-ဟူတူ ပြဿနာ မှာ ဝင်ရောက်ဖြန်ဖြေတားဆီး ပေးခဲ့တဲ့ အလုပ်မျိုး လုပ်ခဲ့တာ မဟုတ် ပါဖူးတဲ့။ ဟိုမှာ သတ်လို့ဖြတ်လို့ ပြီးတော့မှ ရောက်သွားခဲ့တာလို့ ဆိုကြတယ်။

ပြောင်းနေပြီ ပြောင်းနေပြီ ဆိုတဲ့ ရာသီဥတုခန့်မှန်းချက် အောက်မှာ မြန်မာပြည်ဟာ ထိုသူထိုသူများ ဤသူဤသူများ အတွက် ရွှေတွင်းကြီး တတွင်း တွေ့သလို ဖြစ်နေပြီ လို့ ဝေဖန်ရေးဆရာ တချို့က ထောက်ပြတယ်။ ရှေးတုန်းက အမေရိကားမှာ လာရောက် အခြေချသူတွေ အမေရိကန် အနောက်ဖက်ခြမ်းမှာ ရွှေတွေ အကြီးအကျယ် ထွက်တယ်ဆိုလို့ ရွှေရှာဖို့ အုပ်လိုက်ကြီး အပြေးအလွှား သွားကြတာမျိုးနဲ့ တူနေတယ်လို့လည်း တင်စားပါတယ်။ အဲသလို အပြေးအလွှား ရွှေရှာဖို့ သွားကြတာကို အင်္ဂလိပ်လိုတော့ (ဂိုးလ်ရပ်ရှ်) လို့ခေါ်ကြတယ်။ မြန်မာလို့ ဆီလျှော်အောင် ပြောရ ရင်တော့ ရွှေနဲ့အတူပြေး ရွှေနဲ့အတူလိုက်လို့ ဆိုရမှာပါ။ ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက် ဆိုတာက လည်း မြန်မာစကားပုံမှာ ရှိတယ်မို့လား။ သူများတွေက ရွှေရှာဖို့ အပြေးအလွှား ဖြစ်နေတဲ့ အချိန်မှာ မြန်မာပြည်သား အများစုကြီးကတော့ ဘာဘာ ဘာမှမသိ ဖြစ်နေရတယ်။ ဘာမသိတာတုန်းလို့ မေးရင် ရွှေသိုက်ကြီး အပေါ်မှာ ထိုင်နေရဲ့သားနဲ့ ရွှေသိုက်မှန်း မသိတာ ကိုပါ။ သိပြီ ဆိုရင်တော့ ကိုယ့်ရဲ့ ရွှေသိုက်ကို လူတကာ တူးချင်သလိုတူး ဖော်ချင်သလိုဖော် မလုပ်နိုင်အောင် ဟန့်တားဖို့ လိုတယ်လို့ ပြောခြင်ပါတယ်။

ဇော်မင်း
၁ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၂ ခုနှစ်

1 comment :

Maung Toe said...

“နေပြည်တော် အုပ်ချုပ်သူ သူခိုး တာဝန်ယူမှု”

နေပြည်တော်သည် မြန်မာနိုင်ငံ၌ နောက်ဆုံး တည်ထောင်သော မြို့တော်ဖြစ်ပြီး ကမ္ဘာ့အဆင့်မှီ တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ အုပ်ချုပ်ရေးမြို့တော် အဖြစ်လည်း လူသိများပါသည်။

နေပြည်တော်သည် အုပ်ချုပ်သူ သမ္မတများ၊ စစ်တပ်ဗိုလ်ချုပ်ကြီးများ နှင့် အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိ အစိုးရများ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး၊ အုပ်ချုပ်သူ နှင့် အနီးဆုံး နေရာလည်း ဖြစ်ပါသည်။

နေပြည်တော်တွင် မြို့တော် အင်္ဂါနှင့် ညီညွတ်ရေးအတွက် ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ အစရှိသည့် မြို့နယ်များကိုလည်း တည်ဆောက် ထားသည်။ ထိုမြို့နယ် များတွင် အိမ်များဆောက်ထားပြီး လူမနေနိုင်သည့် အတွက် သူခိုးများ ပျော်ပါးကျက်စားရာ စားကျက်ဖြစ်လာနေသည်။ တည်ဆောက်ရေး လုပ်ငန်းများမရှိသည့် အတွက် ဝမ်းစာရှာရန် ခက်လာသော အနယ်နယ် အရပ်ရပ်မှ နေ့စား၊ လစား အလုပ်သမားများ၏ စားဝတ်နေရေးမှာလည်း ခက်ခဲ နေကြပြီ ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများမရှိ ခြင်း နှင့် အုပ်ချုပ်သူတို့၏ ပြည်သူတို့ အိုးအိမ် လုံခြုံရေး အပေါ် တာဝန်ယူမှု ကင်းမဲ့မှုကြောင့် ထိုမြို့နယ်များတွင်
- ဆောက်ပြီးသော အိမ်များမှ ပြူတင်းတံခါးများ ဖြုတ်ခိုးခြင်း

- သစ်သား နှင့် သွပ်ပြားများ ဖြုတ်ခိုးခြင်း

- အိမ်ရှင်ဟန်ဆောင်လျက် အိမ်အလုံးလိုက်ကို ကားဖြင့်လာပြီး ဖြုတ်ခိုးခြင်းများ (ဂိုဏ်းဖွဲ့ကာ ခိုးသည့် အဆင့်ဖြစ်သည်၊ ဆောက်လုပ်ရေး လုပ်သူများပင် ပါနိုင်သည်) အထိ

ဖြစ်ပွားနေပါသည်။


ထို့ကြောင့် နေပြည်တော် သည် အုပ်ချုပ်သူများနှင့် အနီးဆုံး လက်လှမ်းအမီဆုံး နေရာဌာနဖြစ်ပါလျက် သူခိုးထူပြောနေသည်ကို အုပ်ချုပ်သူ အစိုးရများသည် ၎င်းတို့၏ တာဝန်ကို တာဝန်ယူမှုမရှိဘဲ ပျက်ကွက် နေသည် ဟု ဆိုရမည် ဖြစ်ပါသည်။