ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ယူရဲသည့် ဂုဏ်သိက္ခာ နောက်ထပ်ပြယုဒ်တစ်ခုမှာ စိတ်ဝင်စားဖို့ ကောင်းပါသည်။ လက်လှမ်းမီသည့် စာအုပ် ၂ အုပ်မှ မှီငြမ်း ကိုးကားတင်ပြလိုပါသည်။
၁။ နိုင်ငံရေး အတွေ့အကြုံများ ၊ ကိုသန်း (ကြည့်မြင်တိုင်)
ပင်ဝါးရုံစာပေ ၊ ပထမအကြိမ် ၊ ၂၀၀၉ နိုဝင်ဘာ ၊
၂။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ၊ ကျော်အောင်
Last and First in Burma by Maurice Collis
ရာပြည့်စာအုပ်တိုက် ၊ ပထမအကြိမ် ၊ ၂၀၁၁ ဇန်န၀ါရီ ၊
"ရွာလူထုက တိုင်ကြား
ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ရန်အောင်နှင့် သခင်ထွန်းအုပ်တို့ ပါဝင်သော ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဌာနချုပ်သည်လည်း မော်လမြိုင်စစ်ကြောင်းနှင့် လိုက်ပါခဲ့ပြီး ထိုင်းနိုင်ငံတွင်းရှိ သာဆောင်ရန်းမှ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော် ချီတက်ခဲ့ကြသည်။ မြန်မာနယ်စပ်ကို ဖြတ်ကျော်ပြီး သံလွင်မြစ်ကို ဖြတ်ကူးသည်။ ထို့နောက် မဲပလီ၊ ယင်းပိုင်တို့မှတစ်ဆင့် ဘီးလင်းမြစ်ကို ဖြတ်ကူးကာ ၀မဲလူ၊ ၀င်းကလုံမှ ဆက်လက် ချီတက်ခဲ့ကြရာ စစ်တောင်းမြစ်ကမ်းပေါ်ရှိ ကွမ်းဆိပ်သို့ ရောက်သည်။ ယင်းသို့ ချီတက်ခဲ့ရာတွင် သထုံခရိုင် ပေါင်မြို့နယ် အတွင်းမှ သဲဖြူကုန်းရွာ ကုလားသူကြီးသည် အင်္ဂလိပ်စစ်တပ်များ အတွက် သူလျှိုလုပ်ပေးရပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုလည်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ခဲ့ကြောင်း ရွာလူထုက တိုင်ကြားသည်။ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့
ထိုအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ဌာနချုပ်က ကုလားသူကြီးကို ဖမ်းဆီးပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးသည်။ စစ်ဆေးရာတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ပေးရန် စစ်ခုံရုံးက ဆုံးဖြတ်သည်။ (ဗိုလ်ချုပ်အောင်ဆန်းက စစ်ခုံးရုံး ဥက္ကဋ္ဌ ဖြစ်သည်) ထိုအင်္ဂလိပ် သူလျှို ကုလားသူကြီးကို မုတ္တမမြို့ ဘောလုံးကွင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓါးရှည်ဖြင့် ခုတ်ပြီး ကွပ်မျက်ခဲ့သည်။ တော်တော်နှင့် မသေသဖြင့် သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရန် အမိန့်ပေးရသည်ဟု ဆိုသည်။ သူလျှို ကွပ်မျက်ပွဲသို့ လူအမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။
ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်လာရာ လမ်းကြောင်းတစ်လျှောက်တွင် အင်္ဂလိပ်သူလျှိုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ၊ ပဉ္စမံများ၊ အလိုတော်ရိများ၊ သူခိုးဓါးပြများကို သုတ်သင်ခဲ့ကြရသည်။ ထိုသို့ ပြုလုပ်ခဲ့သဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ အုပ်ချုပ်မှုအောက်ရှိ မြို့ရွာ ကျေးလက်ဒေသများသည် ရေခဲနှင်းဆောင်းတမျှ အလွန်အေးချမ်းခဲ့သည်။ တံခါးမပိတ်ဘဲ အိပ်လျှင်ပင် ခိုးမည့်သူမရှိ။ မှုခင်းမရှိသလောက် နည်းသည်။ သဲဖြူကုန်း သူကြီးကို သေဒဏ် ပေးခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ချီတက်ခဲ့ရာ လမ်းကြောင်းတစ်လျှောက် သေဒဏ်ပေး ကွပ်မျက်ခဲ့သည့် အမှုပေါင်းများစွာ အနက်မှ တစ်ခုသာဖြစ်သည်။
စာရေးသူသည် (ကိုသန်း၊ ကြည့်မြင်တိုင်) ဗမာ့လွတ်လပ်ရေး တပ်မတော်မှ သေဒဏ်ပေး ကွပ်မျက်မှု နှစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ တစ်ခုက စိန့်မိုက်ကယ် မျက်မမြင်ကျောင်းဝင်း အတွင်း ဓါးပြတစ်ယောက်ကို ဗိုလ်ကျော်ဇောက လှံစွပ်ထိုး ကွပ်မျက်မှု ၊ နောက်တစ်ခု ဟင်္သာတမြို့ ဘောလုံးကွင်းအတွင်း ဗိုလ်ရန်နိုင်၏ နောက်ချန်တပ်ဖြစ်သော ဗိုလ်သန်းအောင်၏ တပ်က ဓါးပြတစ်ဦးအား လှံစွပ်ထိုး ကွပ်မျက်မှုတို့ ဖြစ်သည်။ ယင်းအတွက် မည်သူ့ကိုမျှ အရေးယူသည်ဟု မကြားခဲ့ရပေ။"
(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က ဆောင်းပါး ၊ စာမျက်နှာ ၉၉ - ၁၀၀)
အထက်ပါ ဖြစ်ရပ်သည် ၁၉၄၁ ဒီဇင်ဘာလ ပတ်ဝန်းကျင်အတွင်း ဖြစ်ခဲ့သည်ဟု ခန့်မှန်းရပါသည်။ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်လာသည့် ဘုရင်ခံ ဒေါ်မန်စမစ်၏ ဥပဒေပြုကောင်စီ အစည်းအဝေးကို ၁၉၄၆ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ၁၉၄၁ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ စစ်ချီခဲ့သည့် သခင်ထွန်းအုပ်သည်လည်း ထိုဥပဒေပြုကောင်စီတွင် အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ သခင်ထွန်းအုပ်က ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား လူသတ်တရားခံအဖြစ် စွပ်စွဲလိုက်သည်။ လူသတ်မှုဖြင့် ဖမ်းဆီးရမည်။ သခင်ထွန်းအုပ်က သူကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ရုံးတွင် သက်သေခံမည်ဟု တင်ပြသည်။ (အသေးစိတ်ကို ဆရာကျော်အောင် ဘာသာပြန်ထားသည့် မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ စာအုပ် ၊ အောင်ဆန်းနှင့် ယှဉ်ပြိုင်ခြင်း အခန်း ၊ စာမျက်နှာ ၃၈၈တွင် ဖတ်ရှုနိုင်ပါသည်။)
ထိုသတင်းသည် ရန်ကုန်သတင်းစာများ၊ လန်ဒန်သတင်းစာများတွင် ပျံ့နှံ့သွားသည်။ ဗိုလ်ချုပ်ကို ဖမ်းဆီးချင်နေသည့် အင်္ဂလိပ်တို့ ပိုမို ဗျာများသွားသည်။ ဖမ်းဆီးရန် သင့် မသင့် နယ်ဘက် စစ်ဘက် ခေါင်းဆောင်များ ခေါင်းချင်းဆိုင်ကြသည်။ ဘုရင်ခံက ဖမ်းဆီးချင်နေသူ ဖြစ်သည်။ ပုဂ္ဂိုလ်ချင်း ဆက်သွယ်မှု၏ အကျိုးတရားများကို ယုံကြည်သူ ဘုရင်ခံ ဒေါ်မန်စမစ်က ၁၉၄၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအိမ်တော်သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။
"ဘုရင်ခံက သူကြီးကွပ်မျက်မှု အကြောင်းကို မေးမြန်းသောအခါ ဗိုလ်ချုပ်အောင်ဆန်းက ရှောင်လွှဲဖုံးကွယ်ခြင်း အလျဉ်းမပြုဘဲ ယင်းအမှုအတွက် သူ့တွင် တာဝန်ရှိသည်ဟု မဆိုင်းမတွ ပြောသည်။ ဣနြေ္ဒမပျက် တည်ငြိမ်စွာ ပြောခြင်းဖြစ်သည်။ ဘုရင်ခံပင် အံ့သြသွားသည်။ ထိုသူကြီးကို ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်ခုံးရုံးက စစ်ဆေးပြီး သေဒဏ်အပြစ်ပေး၍ ကွပ်မျက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံကို ပြောသည်"
(နိုင်ငံရေး အတွေ့အကြုံများ စာအုပ် ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဆီးရန် နယ်ချဲ့တို့ ကြိုးပမ်းခဲ့စဉ်က ဆောင်းပါး ၊ စာမျက်နှာ ၁၀၉)
source: ပရော်ဖက်ဆာဒေါက်တာကြွက် Facebook
1 comment :
ဘာကုလားသူကြီးလည်း။ လျှောက်မပြောနေနဲ့ ၊ အဲဒါ က၇င်သူကြီး။ အောင်ဆန်းသတ်ခဲ့တာ က၇င်ဘဲ၇ှိတယ်။ ကုလားမ၇ှိဘူး။
Post a Comment