Wednesday, 9 January 2013

မသောက်ရက်တဲ့ ရေနွေးတခွက် ( မိုးသီးဇွန်)

မသောက်ရက်တဲ့ ရေနွေးတခွက်

+

အလယ်တန်းကျောင်းသား ဘ၀လောက်တုန်းက ဆို မိုးတွင်းကျောင်းပိတ်ရက်မှာ ကျောင်းပိတ်ရက်ကိုပျော်တယ်။ အိမ်ပေါ်ထပ်က ကျနော်အခန်းကိုတနေ့ ကုန်ပိတ်ပြီး စာဖတ်တော့တယ်။
နတ်ရှင်နောင်၊ ဦးတိုး၊ မင်းသုဝဏ်၊ ဇော်ဂျီ ၊ ကဗျာစာအုပ် တွေ ဖတ်လိုက် ရေနွေးချမ်း လေးသောက်လိုက် ၊ကျနော်အတွက် တကယ့်ဇိမ်ပဲ။

+

ကရင်ပြည်နယ်မှာ ဆယ်စုနှစ် ၂ ခုလောက် ကျနော် ကျင်လည်ခဲ့ရတယ်။ ကရင်တပ်တွေနဲ့ ပူးတွဲ ပြီး ကျနော်တို့ တိုက်ပွဲဆင်ခဲ့ကြတော့ တောင်ငူသံတောင် ကစ နတ်အိမ်ထောင်အလယ်၊ ရေးဘိတ်ထားဝယ်ခရိုင်ဖက်တွေ အဆုံး ခေါက်တုတ်ခေါက်ပြန် သွားခဲ့သပေါ့။
၁၉ ၈၉ ကနေ ၂၀၀၁ လောက်အထိက တိုက်ပွဲတွေကလဲ အခုကချင်မှာဖြစ်နေသလိုပေါ့ ။ ဖေစ်ဘုတ်မပေါ်သေးတော့ ခင်ဗျားတို့ မသိကြဘူး။ ကရင်ရွာတွေကို စစ်တပ်က ၀င်လာလိုက် ၊ မီးရှို့ လိုက် ။၇ွာသားတွေက တောကြီးမျက်မဲထဲ ပုန်းရှောင်နေကြရတယ်။

ကျနော်တို့  ရွာတွေထဲကိုရောက်သွားရင် ကျီးနဲ့ ဖုတ်ဖုတ်ဖြစ်နေတာပေါ့။ တချို့ရွာလေးတွေက အလွန်မြင့်တဲ့ တောင်ပေါ်တွေမှာ သိပ်လှတယ်။
ရွာလေးတွေထဲကိုရောက်သွားတော့ ထူးခြားတဲ့သစ်ပင်သုံးပင်ကိုတွေကိုတွေ့ တယ်။
ဒါတွေက နှင်းဆီပင်၊ ငရုတ်ပင်နဲ့  စက္ကူပန်းပင်။

ငယ်ငယ်တုန်းက ရှားလော့ဟုမ်းဝထ္ကုတွေကို ဖတ်တယ်။ ၀ထ္တုတွေထဲမှာ ဇတ်ဆောင် တယောက် ကိုင်တဲ့ နှင်းဆီသား နဲ့ လုပ်ထားတဲ့ဆေးတန် အကြောင်း ၊ တုတ်ကောက်အကြောင်း တွေ ပါလာလေ့ရှိတယ်။
နှင်းဆီပင်ဆိုတာက ခပ်ငယ်ငယ်အပင်လေးတွေပဲမြင်ဘူးတော့
ဘယ်လိုများလုပ်ထားပါလိမ့်ပေါ့။ ကရင်ပြည်နယ်ရောက်မှာ ဒီဆေးတန် နဲ့တုန်ကောက်တွေကို ဘယ်လို လုပ်တာလဲ အဖြေ ထွက်တော့တယ်။

နှင်းဆီပင်တချို့ဆိုရင် ကျနော် သရက်ပင်လောက်ရှိနေကြတယ်လေ။

အပွင့်သေးသေးလေးတွေဖြစ်နေတယ်။
နှင်းဆီပင်ကမခုတ်ပဲလွတ်ပေးထားတဲ့အခါမှာ အပင်ကြီးလို ပဲဖြစ်သွားတယ်။ တချို့အပင်တွေဆိုရင် အနီးက ကျောက်တောင်ကြီးကို ၀ါးမြိုထားတယ်။သရက် သစ်ပင်ကြီးကို မျိုထားလိုက်တယ်။

အပင်ကိုင်းကြီးတွေကကြီးမားလာပြီး ကောက်ကွေး ပြီး ဖြစ်ခြင်တိုင်းဖြစ်နေတယ်။ အပွင့်တွေ က သေးသေးလေးတွေဖြစ်သွားတယ်။ အပွင့်လေးတွေက သိပ်မွေးတယ်။ ကျွေးနေတာတွေကိုကောက်ပြီး ကျနော်တို့ လက်ဘက်ခြောက်နဲ့ သောက်ကြတယ်။
သိပ်သောက်ကောင်းတယ်။

တခါ နောက်ထူးခြားတဲ့အပင်တပင်ကတော့ ငရုတ်ပင်။ ငရုတ်ပင်ကလဲ မခုတ်ပဲ ကရင်လူမျိုးတွေက စိုက်ထားလေ့ရှိတော့ ခြေသလုံးလောက်၊ပေါင်လောက်တွေဖြစ်နေတယ်။
သိပ်တော့မမြင့်ဘူး။ ပုခုန်းလောက်ပေါ့။ ငရုတ်သီးက သေးသွားတယ်။
ဆန်စေ့လောက်ဖြစ်သွားတယ်။ တထောင့်ခြင်းခူးရခက်လာတယ်။ ဒီတော့
အရွက်တွေပါသပ်ချပြီး ခူးကြတယ်။ အရွက်တွေပါရောထောင်းပြီါ် ချက်ကြတယ်။ သွားတော့မစားလိုက်နဲ့  ငရဲပြည်ကိုအရှင်လတ်လတ်ရောက် သွားမယ်။ သိပ်စပ်တယ်။

မျောက်ခြေးခါးလေး ဘာလေး ကျန် သေးတယ်ဆိုရင် ရေနွေး ဆူအောင်လုပ်၊ မျောက်ချေးခါးလေးတဇွန်းလောက်ထည့်၊ ခုန က ခူလာတဲ့ငရုတ်သီးတွေကို ဖေါင်းဘီအိပ်ထဲက ထုတ်ပြီး ပြစ်ထည့်လိုက်ရင်
ဟင်ချို့ ဖြစ်လာတယ်။ ပူပူစပ်စပ် ခါး ဟင်းချို နဲ့  ညနေစာပေါ့။ ချွေးတွေဘာ
တွေပြန်သွားမယ်လေ။

နောက်ကျနော် ချစ်တဲ့အပင်တပင်ကလဲ စက္ကူပန်းပင်တွေ၊ဒီအပင်တွေကိုလဲ
မခုတ်ပဲ ထားကြလေ့၇ှိတော့ တခါတလေမှာ ၄ ထပ်တိုက်လောက် တောင်ကုန်းတခုကိုမြိုချထားတယ်။ အရောင်တွေစုံနေအောင်ပွင့်နေတယ်။ အရိုင်းဆန်လှတဲအလှက တောကြီးထဲမှာ ပြိုင်ဖက်ကင်းနေတယ်။
အောက်က ရေစီးသန်လှတဲ့ စမ်းချောင်ကို သူကိုင်းတွေ ကနွဲ့ ကရကျနေပုံက။
လုံမ ငယ်က တေးဆိုရင်း စမ်းချောင်းထဲ ခြေချနေသလို ပ။
တော်ရုံတန်ရုံ နုတဲ့ ရသေ့ရဟန်း လောက် ကိုတော့ လွမ်းနာကျ နိင်ရဲ့ ။
ကျူပ်တို့ မို့ ခံနိင်တာလေ။

ဒီအပင်ကြီးတွေကို စစ်တပ်က ၀င်လာတဲ့အခါမှာတော့
ရွာလေးကိုလဲ မကြင်နာ၊ အပင်ကြီးတွေကိုရဲ အလှကိုလည်းမမြင်၊ အကုန်လုံးမီးတိုက် သွားတယ်။ နှင်းဆီရုံကြီးလဲ မီးတောက်ထဲမှာ အပြိုအပြိုအလဲ၊မီးသွေးခဲဖြစ်တာဖြစ်၊ အမြစ်တွေလှန်မှောက်လိုမှောက်။
ငရုပ်ပင်ကြီးလဲ တုံးလုံးပက်လက် အသက်ထွက်ရတယ်။
စက္ကူပန်းပင်ကြီးခမြာ အငုတ်တောင်မကျန် နိင်ရှာပဲ မီးလောင်မြေထဲမှာ။

ငိုကျွေးနေတဲ့ မိသားတစု ကိုရှို ထဲမှာတွေ့ တယ်။ အဖေ၊အမေ၊ ဆယ်ကျော်သက် သမီးငယ်၊ ကလေးငယ်နှစ်ဦး။ ကြောက်ရွံနေတုန်းပဲ။

ညနေဇောင်းတော့ ညစ်ပေနေတဲ့ သင်တိုင်းကို ၀တ်ထားတဲ့ ကလေးမလေးယောက်..'' သရာ ( ဆရာ့အတွက် ) အတွက် '' တဲ့ ၀ါးခွက်ထဲထည့်ထားတဲ့ အကြမ်းရည်ခွက် လေး လာပေးတယ်။

နှင်းဆီးပွင့်ခြောက်လေး တွေခတ်ထားတဲ့
ရေနွေးခြမ်း လေး တခွက် ပေါ့။
ဒီအပွင့်လေးတွေက ဒါနောက်ဆုံးဖြစ်မယ်။

No comments :