Tuesday 12 February 2013

မ လွမ်း ဘယ် သူ နေ ပါ့  မ လဲ


" မလွမ်းဘယ်သူနေပါ့မယ် "

ဆွတ်ပျံ့ဘွယ်အောင်၊ ယုဂန်တောင်က
ဝေမှောင်အုံပျ၊ နွေနှောင်းလ...တဲ့
နတ်သျှင်နောင်ရဲ့ ရတုကဗျာ
အရောင်တွေ... အရောင်တွေ
ခင်ဗျားမျက်ဝန်းအိမ်ထဲ ပြေးဝင်မလာဘူးလား။

မိခင်နို့ရည်
"ပီကာဆို"ရဲ့ ချိုးငှက်
"ဆန်တာကလော့"ရဲ့ မုတ်ဆိတ်ထူလဗြစ်
တိမ်ဆိုလို့
ကြက်မ တဝပ်စာတောင်မရှိ
ထပ်ပြီးပြောရအုံးမယ်
တိမ်ဆိုလို့
မူးလို့တောင်ရှူစရာမရှိ
ဒါပေမယ့် ခင်ဗျားကောင်းကင်ကြီးကို
မော့ကြည့်လိုက်စမ်းပါ
"ဝေါဒစ္စနေး"…ကို လှလှပပကြီး
တွေ့လိုက်ရမှာသေချာတယ်။

"ဗန်ဂိုး"ရဲ့ နေကြာပန်း
ကျေးလက်က မီးနေသည်မ မျက်နှာ
ဆန်းသလောက် မလင်းနိုင်ဘု
လမ်းတစ်လျှောက်သင်းပါတဲ့
ဦးကြော့ရဲ့ ပန်းပိတောက်မင်း

"ဘလော့" ရဲ့ ဝင်းပတဲ့ လေ
လက်ပံတောင်းတောင်က တန်ဆောင်မုန်းလပြည့်ည
လက်ပံတောင်းတောင်က မီးတောက်မီးလျှံ
ပြီးတော့ မီးစွဲမီးလောင်နေတဲ့ သံဃာများ...

ကြေကွဲဝမ်းနည်းခြင်း
အထိမ်းအမှတ်လက်ပတ်
ကြယ်မဲ့ လမဲ့ မဟူရာည
သန်းခေါင်ယံ လကွယ်ည
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့
ဘယ်တော့မှ မေ့လို့ပျောက်လို့မရတဲ့
အင်းစိန်ထောင်က (၆)တိုက်ည

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့
"မောင့်ဘဝ ညအလားကွယ်" မဟုတ်
ကျုပ်တို့အပါအဝင် အဖိနှိပ်ခံ ပြည်သူတွေရဲ့
ဘဝဟာ ညအလား တကယ်ဖြစ်ခဲ့တယ်
နှစ်ပေါင်းငါးဆယ်…နှစ်ပေါင်းငါး

ဆယ်
ရာစုတစ်ဝက်ကြာခဲ့တယ်… ကြာခဲ့တယ်။

ဟင်္သာပြဒါး
လမ်းမပေါ်က သွေးစက်များ
တက္ကသိုလ်ကျောင်းက သွေးစက်များ
မာရီလင်မွန်ရိုးရဲ့ ပတ္တမြားနှုတ်ခမ်း
ကျုပ်တို့ ဖူးတွေ့ချင်လှတဲ့
အရုဏ်ဦး…အရုဏ်ဦး…အရုဏ်ဦး

ရှားဝု(ဒ်)သစ်တောထဲက "ရော်ဘင်ဟု"
ဘိုလီဘီးယား တောနက်ထဲက ရဲဘော်ချေဂွေဗားရား
ပဲခူးရိုးမ မြရာပင်
မြရွက်ထူပိန်းပိန်းထဲက
တောမီးကို တောမီးနဲ့လှန်ရှို့ ခဲ့တဲ့
ရဲဘော်သခင်သန်းထွန်းနဲ့ ရဲဘော်များ
ခင်ဗျားတို့ရဲ့ စွန့်လွှတ်မှုကို
မလွမ်းဘယ်သူနေပါ့မယ်...
မလွမ်းဘယ်သူနေပါ့မယ်...။

မောင်သင်းခိုင်

(၆-၁-၂၀၁၃)

No comments :