Wednesday, 6 February 2013

ပလောင် ညစာစားပွဲ မတက်

ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၆) ရက်နေ့

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီဗဟိုအဖွဲ့သည် နေပြည်တော်တွင်ကျင်းပ ပြုလုပ်မည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ယမာန်နေ့ ညနေပိုင်းတွင် ဖိတ်ကြားခဲ့ကြောင်း ဥက္ကဌဖြစ်သူ တာအိုက်ဘုန်းက ဆိုပါသည်။

“မနေ့ညက ကျနော် အီးမေလ်လိပ်စာနဲ့ ဖိတ်စာကို ပေးပို့လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီညစာစားပွဲကို တက်ရောက်ဖို့ အစီစဉ် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှိနေတဲ့ နယ်မြေထဲမှာ အစိုးရတပ်ဖွဲ့တွေက အကြောင်း မျိုးမျိုးပြ ပြီးအင်အားတွေ တိုးချဲ့ ချထားနေလို့ ဖြစ်ပါတယ်။ ပြီးတော့ စစ်ကြောင်းတွေနဲ့ လည်း ကျနော်တို့ ရှိတဲ့နေရာတွေကို စစ်ဆင်နေတယ်။ တဖက်က မီး၊ တဖက်က ရေပေါ့ဗျာ ခြောက်တခါ ချော့တလှည့် နည်းနဲ့လုပ်နေတယ်လို့ဘဲ မြင်ပါတယ်။” ဟုဆိုပါသည်။

အစိုးရမှ တည်ခင်းဧည့်ခံသော ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲသည် နေပြည်တော်ရှိ သမ္မတအိမ်တော်ဝင်းအ တွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၁၈ နာရီမှ ၂၁ နာရီထိ ကျင်းပကြမည် ဖြစ်ပါသည်။

PSLF သည် ထိုဧည့်ခံပွဲသို့ တက်ရောက်မည်ဆိုပါက ၄င်းတို့၏ အမျိုးသားဝတ်စုံဖြင့် တက်ရောက်နိုင်ပါကြောင်း ပြည်ထောင် စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီဗဟိုအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒုတိယဝန်ကြီး အောင်သိမ်းက ဖိတ်ကြားလွှာတွင် ရေးသားထားပါသည်။
PSLF ကမူ အစိုးရ၏ ဖိတ်ကြားချက်သည် စစ်မှန်သော ငြိမ်းချမ်းရေးဘက်သို့ ဦးတည်သော ဖိတ်ကြားချက်မျိုး မဟုတ် ကြောင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု တာအိုက်ဘုန်းက ဆိုပါသည်။

“ကျနော်တို့အဖွဲ့နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးခြင်း တခါမှမလုပ်ခဲ့ဘဲနဲ့ ဖိတ်ကြားတာဆိုတော့ စဉ်းစားစရာကို ဖြစ်နေပါတယ်။ ကချင်ပြည်နယ်ဘက်က တိုက်ပွဲသံတွေရပ်တော့ ကျနော်တို့ဘက်ကို တိုက်ပွဲက အဆင်သင့် ရောက်လာတော့မယ်ဆိုတာ ကြိုပြီး တွက်ထားပါတယ်။ ဖိတ်တာကို အကြောင်းပြပြီးတော့ ကျနော်တို့လက်မခံတဲ့အတွက် တိုက်တယ်ပေါ့ဗျာ အဲဒီအချိုး မျိုးပါဘဲ” ဟု ဆိုပါသည်။

ဤကဲ့သို့ ဖိတ်ကြားခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ခလရ (၁၃၆) မှ အင်အား ၁၀၀ ကျော်သည် PSLF အခြေခံစခန်းဖြစ်သော မုန်ဂျီကျေးရွာသို့ ရောက်ရှိလာပါသည်။ ထို့အပြင် အစိုးရစစ်ဆင်ရေး တပ်များသည် လာရှိုးမှ ကွတ် ခိုင်မြို့နယ်သို့ စစ်ကား (၄) စီးဖြင့် ထပ်ရောက်လာပါသည်။ ဤသို့ကြောင့် စစ်ဆင်လာသော အစိုးရတပ်များနှင့် KIA တပ်မဟာ (၄)၊ လက်အောက်ခံ တပ်ရင်း (၂) မှ တပ်ခွဲ (၅) ပြည်သူစစ်တပ်ဖွဲ့တို့သည် မုန်ဂျီ-မုန်းပေါ်တွင် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု ဆိုပါသည်။

KIA တပ်မဟာ (၄) ဒေသနှင့် PSLF အခြေခံဒေသဖြစ်သော ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရမှ စစ်ဗျူဟာ (၃) ခုဖြင့် အင် အားတစ်ထောင်ကျော် စစ်ဆင်လျှက်ရှိနေကြောင်း PSLF က ဆိုပါသည်။

Credit: Phophtaw News Association
ပြည်ထောင်စုနေ့ တက်ရောက်ရန် PSLF အား E-mail ဖြင့် ဖိတ်ကြား

No comments :