ပါတီထောင်ရန် KNU/KNLA ငြိမ်းကောင်စီ လက်မခံ
____________________________________
၂၀၁၅ မတိုင်မီ နိုင်ငံရေးပါတီ တည်ထောင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ရန် အစိုးရက တောင်းဆိုထားခြင်းကို သဘောတူမည် မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ယနေ့ ပြောလိုက်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရထိပ်တန်းအရာရှိများက
ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"ဦးအောင်မင်းအဖွဲ့
မနေ့က ဘားအံမှာ ကျွန်တော်တို့ အဖွဲ့ကို ခေါ်တွေ့ပြီး ပါတီ ထောင်ခိုင်းတယ်။
ပြီးရင် ဒေသက ထွက်တဲ့ သယံဇာတတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ခိုင်းတယ်။ ဒီလို
ဖိအားပေးတာကို လုံးဝ လက်မခံနိုင်ဘူး” ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သည့်
ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဧရာဝတီ သတင်းဌာနကို ပြောသည်။
အစိုးရ၏
လုပ်ရပ်သည် သွယ်ဝိုက်၍ လက်နက်ချခိုင်းခြင်းဖြစ်ပြီး မိမိတို့အနေနှင့် ကရင်
အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူအတိုင်း လက်နက်ချမည့် အလုပ်ကို လုံးဝ
ပြုလုပ်မည် မဟုတ်ဟုလည်း ဖြည့်စွက် ပြောကြားသည်။
ဗိုလ်ချုပ်ကြီး
စောဌေးမောင်သည် ယခင်က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိပ်တန်း
တပ်မှူးကြီးတဦးဖြစ်သည်။ ၂၀၀၇ နှစ်ဆန်းပိုင်းတွင် တပ်သား
အများအပြားနှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရနှင့်
ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA
ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။
အဖွဲ့၏ တပ်မှူးတဦးဖြစ်သည့်
ဗိုလ်ချုပ်ထော့လေးက ”ရှင်းရှင်းပြောမယ်၊ အရင် ငြိမ်းချမ်းရေး လက်မှတ်
ထိုးကတည်းက စရဖဗိုလ်ချုပ်ဟောင်းရဲမြင့်ကို ပြောထားပြီးသား၊ လက်နက်ချမှာ
မဟုတ်သလို နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ပြည်သူ့စစ်လည်း မလုပ်ဘူး” ဟု
ဆိုသည်။
ယနေ့တွင် မြ၀တီမြို့၌ ဗိုလ်ချုပ် စောဌေးမောင်အဖွဲ့နှင့် ထပ်မံဆွေးနွေးရန် ၀န်ကြီးဦးအောင်မင်းတို့က ထပ်မံ ဖိတ်ကြားခဲ့သည့်။
ဖိတ်ခေါ်မှုကြောင့် ယနေ့နံနက်ပိုင်းက ရောက်ရှိခဲ့သော်လည်း မွန်းလွဲ ၂
နာရီကျော်အထိ စောင့်ဆိုင်းသော်လည်း တွေ့ခွင့် မရကြောင်း
ဗိုလ်ချုပ်ကြီးစောဌေးမောင်က ပြောသည်။
“တနေကုန် စောင့်တာ၊
မနိုင်တော့ဘူး၊ ပြန်တော့မယ်။ ထပ်ဆွေးနွေးလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။
ကျွန်တော်တို့ ရပ်တည်ချက်ကတော့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ဝန်ကြီးဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊
နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့သည်
ယနေ့နံနက်ပိုင်းက စတင်ကာ ဒေသခံ လက်နက်ကိုင်အဖွဲ့များကို တဖွဲ့ချင်း အလိုက်
တွေဆုံ ဆွေးနွေးခဲ့သည်။
၎င်းတွေ့ဆုံမှုသည် ကရင်ငြိမ်းအဖွဲ့များအားလုံး
ဥပဒေဘောင်အတွင်း ၀င်ရောက်ကာ နိုင်ငံရေးပါတီများ တည်ထောင်ရန်၊
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖိအားပေးခြင်းဖြစ်သည်ဟု
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ကရင်တပ်မှူးတဦးက ပြောသည်။
စည်သူ၊ ပြည်တော်မြင့် ~TUESDAY, JANUARY 22, 2013- Irrawaddy
ဓာတ်ပုံ -KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ကြီးစောဌေးမောင်
No comments :
Post a Comment