Saturday 30 March 2013
“ရှေ့ ဆက်ချင်ကြတယ်ဆိုရင်ဖြင့် “
ကိုကိုအောင်၊ မတ်လ ၃၁ ရက်၊၂၀၁၃၊ ခေတ္တ တိုကျို
ပြီးခဲ့တဲ့ ရက်တွေမှာမီဒီယာ၊ အင်တာနက်စာမျက်နှာများမှာမြင်တွေ့ နေရတာတွေအတော်မျာများဟာ
အတော့်ကိုစိတ်မချမ်းမြေ့စရာတွေများလှပါတယ်။လူလူချင်း လက်ဦးမှုယူပြီးသတ်ဖြတ်ကြ၊
ဘာသာရေးအဆောက်အဦတွေ လူမှုအဆောက်အဦတွေ လူနေအိမ်တွေ လူအသုံးအဆောင်
ပစ္စည်းတွေကို မီးရှို့ ကြ ဖျက်စီးကြနဲ့ အကြမ်းဖက်ပြီးတိုင်းပြည်ပျက်စီးအောင်ဖျက်စီးနေကြတာတွေ
ဟာ တိုးတက်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက်ကြီးစွာသောအဟန့် အတားတွေဖြစ်တယ်လို့ 
ပြောချင်ပါတယ်။တိုင်းပြည်က ဒီမိုကရေစီလမ်ေးကြာင်းပေါ်ရောက်အောင်မနည်းတွန်းတင်နေကြရ
တဲ့အချိန်ဘဲရှိပါသေးတယ်။လမ်းကြောင်းပေါ်အပြည့်အ၀ရောက်သွားပြီလို့ မဆိုလိုပါ။
(၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲရေးဆွဲစရာတွေကျန်နေပါသေးတယ်)
ဒီလိုအချိန်မှာ အပြောင်းအလဲမလိုလားသူတွေနဲ့ စနစ်ဟောင်းထဲမှာဘဲဆက်နေချင်သူတွေအတွက်                           အကွက်ကောင်းဖြစ်သွားနိုင်ပါတယ်။
ဒီကြားထဲမမှန်သတင်းတွေ လုပ်ကြံသတင်းတွေ၊တချို့ သတင်းတွေများဆိုရင် သတင်းတင်သူကိုယ်
တိုင်သတင်းဖြစ်နေတဲ့နေရာမှာရှိနေသယောင်ယောင်ရေးတင်ထားကြတာတွေဟာမီးလောင်ရာ
လေပင့်ဆိုတာမျိုးဖြစ်တယ်လို့ မြင်မိပါတယ်။
အတွေ့ အကြုံရပြောရရင်တော့ကျနော်တို့ လူမျိုးတွေဟာ အညှာလွယ်ကြတယ်လို့ ပြောချင်ပါတယ်။
စဉ်းစားချင့်ချိန်ပြီးမယုံကြ၊စကားကိုချဲ့ ကားပြောတတ်ကြတယ်၊တကယ်ကြောက်စရာကိုမကြောက်
တတ်ကြ၊ကြောက်စရာမဟုတ်တာကိုအလွန်အမင်းကြောက်ကြ၊ဒါတွေကအစပြုပြင်ကြရမယ်လို့ 
ထင်ပါတယ်။နိုင်ငံခြားမှာအနေကြာလာတော့ လေ့လာမိတာ နှိုင်းယှဉ်မိတာမိတာတွေပါ။
အပြစ်ပြော နှိမ့်ချနေခြင်းမဟုတ်ပါ၊ ကိုယ့်လူမျိုးအကြောင်းပြောရင်ကိုယ့်ပြောသလိုမျိုးခံစား
တတ်သူပါ။
ကျနော်လည်းဗမာတယောက်ပါ။ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုး
တွေ တိုးတက်ကြီးပွါးစေချင်လို့ အုတ်တချပ် သဲတပွင့်အဖြစ် ပြောမိတာပါ။
အပြောင်းအလဲဆိုတာ မိမိတို့ ကိုယ်တိုင် တဦးချင်းစီကလည်းပြောင်းလဲပြုပြင်သင့်တာတွေ
ရှိတယ်ဆိုတာပြောလိုရင်းပါ။သို့ မှသာ လူမှုအဆောက်အဦတခုလုံးဟန်ချက်ညီတဲ့ ပြုပြင်ပြောင်း
လဲမှုဖြစ်လာမှာမို့ ပါ။
နောက်ပြီးရှိသေးတယ်၊ ထစ်ကနဲဟေ့ ထူးခြားတာဖြစ်ပြီဆိုရင် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်
နာမည်ကျော်ကြားတဲ့လူတွေကိုအပြစ်တင် ပြောဆိုဖို့ လည်းလွယ်လွယ်နဲ့ လုပ်တတ်ကြပါတယ်။
အဖြစ်အပျက်ကိုသေသေချာချာ ဂဃနဏ မသိရသေးခင်
အစိုးရအပါအ၀င်နိုင်ငံရေးခေါင်းဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေအခြားထင်ရှားသူတွေ
အပြင်ပြည်ပရောက်နေသူတွေကိုပါ အမှုတွဲထဲဆွဲထည့်လိုက်ကြသေးတာပါ။
ပြီးခဲ့တဲ့မကြာသေးခင်ရက်တွေကမိထ္ထီလာ ကစခဲ့ပြီး အခြားမြို့ ရွာအချို့ တို့ ကိုပါကူးစက်ဖြစ်ပွါးခဲ့တဲ့                                                                     ဘာသာရေး၊လူမျိုးရေးအစွန်းရောက်တွေလို့ ပြောရမလား၊ ကြီးကြယ်တဲ့အကြောင်း
တစုံတရာကြောင့် အုပ်စုတစုက အကွက်ချစီမံပြီး အကြမ်းဖက်ကြတာလားစသည်ဖြင့်ဆိုရမဲ့
အကြမ်းဖက်မှုကြီးတခုဖြစ်ခဲ့တာမျိုး ကျနော်တို့ နိုင်ငံသားတိုင်း ကိုယ့်တိုင်းပြည်ကိုတကယ်
ဖွံ့ ဖြိုးတိုးတက်ကြစေလိုတယ်ဆိုရင် နောက်နောင်ဒီလိုအဖြစ်ဆိုးကြီးမျိုးမဖြစ်ရလေအောင်
ဝိုင်းဝန်းကြိုတင်တားဆီးကာကွယ်ကြရမဲ့တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။
အထိကရုန်း အကြမ်းဖက်မှုတွေ အာဃာတ နာကျည်းမှုတွေပိုမိုကြီးထွားလာစေမဲ့
ပြောဆိုရေးသားမှုတွေ လှုံ့ ဆော်မှုတွေ လုပ်ဆောင်မှုတွေကိုလည်း ရှောင်ကျဉ်တားဆီး
ကာကွယ်ကြရမှာပါ။တခါတရံ တချို့ ကိစ္စမျိုးတွေမှာ မလိုအပ်ဘဲထပ်တလဲလဲ ပြောဆို
ရေးသားနေကြတာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေတတ်ပါတယ်။
အထူးသဖြင့် လူတွေကြားထဲမှာထင်ရှားသူတွေ ဩဇာရှိသူတွေ ပိုမိုသတိထားသင့်
ပါတယ်။
အဓိကနဲ့ ပထမဆုံးတာဝန်ရှိသူကတော့အစိုးရဘဲဖြစ်ပါတယ်။ဒုတိယတာဝန်ရှိသူတွေကတော့
ကျနော်တို့ နိုင်ငံသားအားလုံးဘဲဖြစ်ပါတယ်။အကြမ်းဖက်မှုကြီးမှာ
ပါဝင်ခဲ့သူတွေ၊ကြိုးကိုင်စီမံခဲ့သူတွေစသဖြင့်အပြစ်ရှိသူတွေ မည်သူ့ ကိုမဆို စုံစမ်း
ရှာဖွေဖော်ထုတ်ပြီးအမြန်ဆုံးအရေးယူဖို့ အစိုးရမှာတာဝန်အပြည့်ရှိပါတယ်။                            
ဘာသာရေး၊လူမျိုးရေးအစွန်းရောက်နေကြမယ်ဆိုရင်ဖြင့် ကျနော်တို့ နိုင်ငံမှာ မကြာခဏ
လူလူချင်းကြောက်မက်ဖွယ်ကောင်းတဲ့ ပဋိပက္ခ အကြမ်းဖက်မှုတွေရှိနေမှာဖြစ်ပြီး
ဖွံ့ ဖြိုးတိုးတက်မှုတွေလည်းရပ်တန့် နောက်ဆုတ်သွားမှာဖြစ်ပါတယ်။နိုင်ငံသားအားလုံးနီးပါး
မကြုံတွေ့ ချင်တော့တဲ့စနစ်ဆိုးကြီးမျိုးလည်းတပါတ်ပြန်လည်လာနိုင်ပါတယ်။
ဥပဒေအရ အားလုံးဟာစစ်မှန်တဲ့နိုင်ငံသားဖြစ်နေရင် နိုင်ငံသားအခွင့်အရေးရကြရပါမယ်။
ကိုးကွယ်သည့်ဘာသာမတူတာ၊လူမျိုးစုအုပ်စုမတူတာ တွေအပေါ်မှာ အခြေမခံကြရပါ၊
အားလုံးဟာလူသားတွေဖြစ်ပါတယ်၊လူသားအခွင့်အရေးရရှိကြရပါမယ်၊
နိုင်ငံသားအားလုံးဟာ နိုင်ငံသားအခွင့်အရေးတန်းတူရကြရပါမယ်။
ကိုးကွယ်ယုံကြည်ရာဘာသာမတူသူချင်း၊လူမျိုးအုပ်စုမတူသူချင်း အပြန်အလှန်လေးစား
အသိအမှတ်ပြုကြရပါမယ်။သို့ မှသာ တိုးတက်ဖွံ့ ဖြိုးတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု (၀ါ)
Democratic Federal Union ဖြစ်လာမှာပါ လို့ ဆိုချင်ပါသည်။
No comments :