Wednesday, 10 April 2013

ဗိုလ်ချုပ်ဝေ လွင် မြေသိမ်းမှု

ဗိုလ်ချုပ်ဝေလွင်သိမ်းဆည်းသော မြေယာအမှု
=============================

နေပြည်တော်

ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆယ်စု အုပ်စု
ကိုင်းပလွေးကွင်းအမှတ် (၁) အတွင်းရှိ
လယ်သမား (၁၈) ဦးထံမှ
လယ်မြေ နှင့် ယာမြေများ သိမ်းဆည်းမှု
သုံးသပ်တင်ပြခြင်း
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
မာတိကာ
အခန်း (၁) နိဒါန်း
အခန်း (၂) လယ်သမား တစ်ဦးချင်းစီ၏ ထွက်ဆိုချက်
အခန်း (၃) ဓာတ်ပုံမှတ်တမ်း
အခန်း (၄) သုံးသပ်တင်ပြခြင်း

အခန်း (၁)
နိဒါန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်းအနေဖြင့် နိုင်ငံတော်အား တာဝန်ယူဆောင်ရွက်သည့် အချိန်မှစ၍ မြေယာသိမ်းဆည်းမှု ပြဿနာများမရှိဟု ပြောဆိုထားခဲ့သော်လည်း နေပြည်တော် နှင့် အနီး တ၀ိုက်ရှိ လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများသည် နေပြည်တော်မြို့သစ်တည် စီမံကိန်း နှင့် ဒီမိုကရေစီ အစိုးရသစ် အကူး အပြောင်းတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် မြေလွတ်မြေလမ်များစွာ ရှိနေသည် မှန်သော်လည်း ထိုမြေလွတ်မြေလပ်များတွင် နိုင်ငံသားများမှာ မိမိတို့၏ စားဝတ်နေရေးအတွက် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြပြီး ဌာနဆိုင်ရာများ၏ အသိအမှတ်ပြုပေးခြင်း မခံရသည့်အခါ မလိုအပ်သော ပြဿနာများ ပေါ်ပေါက်လာသည်ကိုလည်း တွေ့ရှိ ရပေသည်။ စိုက်ပျိုးလုပ်ကိုင်ကြသူများ၏ အားနည်းချက်အနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော စိုက်ပျိုးမြေများကို နိုင်ငံတော်မှ အသိအမှတ်ပြုပေးရေး ဆောင်ရွက်ကြခြင်း မရှိသလို ဌာနဆိုင်ရာ ၀န်များက လည်း မိမိတို့၏ လာဘ်လာဘကို မျှော်ကိုး၍ လက်ငုတ်စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် တောင်သူလယ်သမား များ၏ အကျိုးကိုလျစ်လျှူရှုကာ ဆောင်ရွက်ကြခြင်းကြောင့်လည်း ပြဿနာများ ပေါ်ပေါက်လျှက်ရှိသည်ကို တွေ့ရှိရပါသည်။
ယခုတင်ပြမည့် တောင်သူလယ်သမားများ၏ ဖြစ်စဉ်သည် ဂျပန်ပြေးပြီးသည့် နောက်တစ်နှစ်တွင် စတင် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြပြီး ဘိုးဘွားလုပ်ငုတ် လယ်နှင့် ယာမြေများ ဖြစ်သည်ကို တွေ့ရှိကြရမည်ဖြစ်သည်။

အခန်း (၂)
လယ်သမားများ၏ ထွက်ဆိုချက်
ဦးကုလား (ခ) ဦးစိုးမြင့်အောင်

မန်ကျီးကုန်းရွာ ဇာတိ။ ယာက (၁၅)ဧက ၊ လယ်က (၃.၆၈)ဧက ရှိပါတယ်။ ဘိုးဘွားပိုင်လယ်တွေပါ။ အဖေပြောဖူး တာတော့ ဂျပန်ပြေးပြီး နောက်တစ်နှစ် တောတိုးပြီး လုပ်ကိုင် ခဲ့ကြတာပါ။ နှမ်း ၊ စပါး ၊ ကြံ ၊ မတ်ပဲ အဓိက စိုက်တယ်။ ကြံက စီမံကိန်းနဲ့ စိုက်ရတာ။ တပ်မ (၄၁၁) စီမံကိန်းနဲ့ စိုက်ခိုင်းတာ။ သူတို့ကို ကတ္တားချ ပေးရတယ်။ စပါးဆိုလည်း နိုင်ငံတော်ကို ဒိုင်ချပေးရပါတယ်။
လယ်မြေတွေနဲ့ ပတ်သက်ပြီး ဒိုင်ချတဲ့ပြေစာတွေ ရှိတယ်။ လုပ်စားပိုင်ခွင့်တွေလည်း ရှိတယ်။ ယာမြေ အတွက်ကတော့ စီမံကိန်း ကြံစိုက်ပေးရတာမျိုးရှိတယ်။ မိဘလက်ထဲကနေ လွှဲပြောင်းပြီး လုပ်ကိုင်လာတာ အနှစ် (၂၀)ကျော်သွားပြီ။ ညီကိုမောင်နှမ (၅)ယောက်ရှိတယ်။ အမတွေ လာမလုပ်ဘူး။ အမတွေကို တခြား အမွေအနှစ်ပေးတယ်။ ညီကိုနှစ်ယောက်ပဲ ဒီလယ်ယာတွေကို လုပ်တယ်။ အဲဒီအချိန်တုန်းက ဘာမှ အခက်အခဲ မှ မရှိဘူး။ ဒီလယ်မြေတွေ သိမ်းတော့မှပဲ အခက်အခဲဆိုတာ ဖြစ်လာတာ။
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထဲမှာ စသိမ်းတယ်။ တောအုပ်ကြီး ဦးသိန်းဟန်ကနေပြီးတော့မှ နေပြည်တော် တိုင်းမှူးအကွက်ဆိုပြီး လာပြောပြီးသိမ်းတာ။ နေပြည်တော် တိုင်းမှူးက ဗိုလ်ချုပ်ကြီးဝေလွင်။ ကြောက်တော့ ဘာမှပြန်မပြောရဲဘူး။ ဦးသိန်းဟန်က ပြောသေးတယ်။ မင်းတို့ကို ထောင်ချပစ်လို့ရတယ်။ မင်းတို့တဲတွေဖျက်။ မဖျက်ရင် မီးရှို့ပစ်မယ်လို့ ဦးသိန်းဟန်ကပဲ ပြောတယ်။ တိုက်ရိုက်လာပြောတာပါ။ အဲဒီ တုန်းက တောထဲတဲမှာ နေတာပါ။ မိုးတွင်းမှာပဲ ဘာမှလုပ်မစားရတော့ဘူး။ စိုက်ပြီးသားပဲခင်းတွေကို နင်းခြေ ဖျက်ပြီး စိန်တစ်လုံး သရက်တွေ လာစိုက်တယ်။ တားလို့မရတော့ မတားတော့ဘူး။
ဗိုချုပ် ဝေလွင်လာပါသေးတယ်။ တောင်သူတွေနဲ့ ထိပ်တိုက်တွေ့တယ်။ သူကပြောတယ်။ ကျွန်တော်က ဒါတွေ သစ်တောဆီက အပြတ်ဝယ်ပြီးသားလို့ ပြောတယ်။ လယ်မြေလေးတွေ အတွက်ကတော့ ခင်ဗျားတို့ကို ကျွန်တော် အစိုးရသတ်မှတ်တဲ့အတိုင်း ပေးမယ်လို့ပြောတယ်။
ကျွန်တော်တို့အကွက်တွေ ဘယ်လိုလုပ်ပေးမှာလဲလို့ မေးတယ်။ ကျွန်တော်တို့မှာ လုပ်စားစရာ မရှိဘူး လို့ ပြောပြတယ်။ ပြီးမှ ကောင်းသလိုကြည့်စီစဉ်ပေးပါ့မယ်တဲ့။ အဲဒီအချိန်မှာပဲ ဦးသိန်းဟန်က ဗိုလ်ချုပ်ဝေလွင် အရှေ့မှာ ခင်ဗျားတို့ကို အကွက်ဖိုးပေးမှာ မပါဘူး။ စကားထဲ ထည့်မပြောနဲ့လို့ ပြောတယ်။ ကျွန်တော်တို့ အကွက်လည်းရှိနေတယ်။ ပိုင်ရှင်တွေလည်း ရှိနေတာ ပြောမှာပဲလို့ ပြောလိုက်တယ်။ ဗိုလ်ချုပ်ဝေလွင်က တောအုပ်ကြီးတို့ ဗိုလ်မှူးကြီး မောင်မောင်ကိုတို့နဲ့ အဆင်ပြေအောင် ညှိပါလို့ ပြောပြီး ရှောင်ထွက်သွားတယ်။ အဲဒီနှစ်ကတည်းက မစိုက်ရတော့တာ အခုဆို(၃)နှစ်ရှိပြီ။ လယ်ကတော့ မလုပ်ရတာတစ်နှစ်ပဲ ရှိသေးတယ်။
ကျွန်တော်တို့ တင်ပြတိုင်ကြားတာတွေ ရှိပါတယ်။ သမ္မတဆီကို ပထဆုံးတိုင်တယ်။ ဘာမှ ထူးခြားမှု မရှိပါဘူး။ ILO အဖွဲ့က အကူအညီလာပေးဖူးတယ်။ လွှတ်တော်အမတ်တွေက အကူအညီမပေးပါဘူး။ ကိုယ့်ဟာကို စာတိုက်ကနေ တိုင်ရတယ်။ ဒီအကြောင်းတွေကို လွှတ်တော်အမတ် ဦးနိုင်ငံလင်းဆီကို သွားပြော ဖူးတယ်။ NLD ပါတီက စုံစမ်းစစ်ဆေးရေး ဆင်းပေးမယ်လို့ ပြောတယ်။ လွှတ်တော်မှာ တင်ပြပေးပါမယ်လို့ လည်းပြောတယ်။ လွှတ်တော်မှာ တင်ပြတာမျိုးမကြားမိဘူး။
၂၀၁၂ခုနှစ်ထဲမှာမှ လယ်ဝေး (ဒက္ခိဏသီရိ) မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်တယ်။ ခင်ဗျားတို့လယ် တွေ ယာတွေကနေ ဖယ်ပေးရမယ်လို့ ပြောတယ်။ ခင်ဗျားတို့ကို လျော်ကြေးနစ်နာကြေးပေးတာမဟုတ်ဘူး။ သနားလို့ မုန့်ဖိုးပေးတာ။ ငွေယူလည်း ဆုံးမှာပဲ။ ငွေမယူလည်း ဆုံးမှာပဲတဲ့။ လယ်တန်ကြေး ယာတန်ကြေး ပေးတာ မဟုတ်ဘူးလို့ မှတ်ထားတဲ့။ ဗိုလ်မှူးတွေထဲမှာ ဘယ်ဗိုလ်မှူးမှ ငွေပေးတာမျိုး မရှိဘူးတဲ့။ အုပ်ချုပ်ရေး မှူး ဝေလွင်ဖြိုးက အဲဒီအတိုင်းပဲ ပြောတယ်။
ကျွန်တော်တို့အကွက်တွေကနေ တန်ရာတန်ကြေး မဟုတ်ရင် မဖယ်ပေးနိုင်ဘူးလို့။ ကိုယ့်လယ် ကိုယ့်မြေပဲ ပြန်လုပ်ချင်တယ်လို့ ပြောလိုက်တယ်။
စစ်သားတွေနဲ့ ကျွန်တော့်တဲကို ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ ဖျက်စီးသွားပါတယ်။ ကျွန်တော်တဲကို တော့ မီးရှို့မသွားဘူး။ ကျွန်တော်နဲ့ အကွက်ချင်းစပ်ရပ်က ဦးစိမ်းတဲကိုတော့ ရှို့သွားတယ်။
လယ်တွေယာတွေ လုပ်နေတုန်းကတော့ စီးပွားရေး ချောင်လည်တာပေါ့။ တစ်နှစ်ကို စပါး(၄၀၀)ကျော် လောက် ထည့်ရတယ်။ ပဲဆိုလည်း ဆီဝမ်းစာ တစ်နှစ်စာကို လောက်ငရုံမကဘူး။ ရောင်းစားရသေးတယ်။ သားသမီး (၄)ယောက်ရှိပါတယ်။ လယ်ယာထဲက ထွက်တဲ့ပိုက်ဆံနဲ့ပဲ ကလေးတွေကို ကျောင်းထားပေးနိုင်ခဲ့ တယ်။ ဆယ်တန်းတွေ ၊ တက္ကသိုလ်တွေ ရောက်အောင် ကျောင်းထားပေးနိုင်ခဲ့တယ်။
အခု ငယ်တဲ့ သားလေး နှစ်ယောက်ကြမှ ကျောင်းထုတ်ထားရတယ်။ ၈ တန်း တစ်ယောက် ၊ ၇ တန်း တစ်ယောက် ထုတ်ထားရတယ်။ ကျွန်တော်လည်း အလုပ်လက်မဲ့ဖြစ်သွားတယ်။ အကွက်မသိမ်းခင်က ကျွဲဆယ်ကောင်ရှိတယ်။ အခုကျွဲလေး (၂)ကောင်ပဲ ကျန်တော့တယ်။ အသိမ်းခံရတဲ့အထဲမှာပဲ နေ့စားပြန် လုပ်မယ်ဆိုတော့လည်း အကွက်ရှင်တွေ မဆင်းရဘူးဆိုလို့ မဆင်းရပါဘူး။
အတိအကျတော့ မပြောတတ်ဘူး။ အခုဗိုလ်ချုပ်ဝေလွင်က ယုပန်းမြိုင်ကုမ္ပဏီကို လွှဲထားတယ်လို့ ကြားတယ်။ ဗိုလ်ချုပ်ဝေလွင် လုပ်စဉ်အခါကလည်း သူ့နာမည်နဲ့ မဟုတ်ဘူး။ သူ့မိန်းမ ဒေါ်ဆွေဆွေဦး နာမည်နဲ့ပဲ လုပ်တယ်။ ဒေါ်ဆွေဆွေဦး ပုဂ္ဂလိက ကျွန်းစိုက်ခင်းဆိုပြီး ဆိုင်းဘုတ်ထောင်ပါသေးတယ်။ နောက်မှ အဲဒါကြီးကို သူတို့ဖြုတ်ပစ်တာပါ။
ကျွန်တော်တို့ လယ်တွေယာတွေထဲမှာ အခုလည်း ပဲစိုက်၊ စပါးစိုက် အဲဒါပဲ လုပ်နေတယ်။ အခုတော့ ဗိုလ်ချုပ်ဝေလွင်ရဲ့လူတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့မိုးတွင်းက ဦးမြင့်ဝေတဲ့ (အရာခံဗိုလ်)လို့ပြောတာပဲ။ လက်ရှိ ခြံစောင့်ရှိနေတဲ့သူတွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ကို ၀င်ခွင့်မှမပြုတော့ဘဲ။ ဧက (၁၀၀)လုံးကို သံစူးကြိုးတွေ ပိတ်ကာထားတယ်။
ကျွန်တော်တို့ ဘယ်အသိမ်းခံချင်ပါ့မလဲ။ ကျွန်တော်တို့ မိသားစု ဒါလေးပဲ ရှိတာကို။ အခုလည်း ကိုယ့်လယ် ကိုယ့်ယာလေး ကျွန်တော်တို့ ပြန်လုပ်ချင်တာပေါ့။ ကျွန်တော်တို့ နားမယ် အသိမ်းခံထားရတွေ ရှိပါတယ်။ ၀င်းကုမ္ပဏီတို့ ယုဇန ကုမ္ပဏီတို့ ဒဂုံအင်တာနေရှင်နယ်တို့ သိမ်းတာတွေ ရှိတယ်။ ဗိုလ်မှူး ခင်မောင်ဝင်း သိမ်းထားတာလည်း ရှိပါတယ်။ ဗိုလ်မှူးခင်မောင်ဝင်းကြတော့ ကာလတန်ကြေးပေးပြီး အကွက် ရှင်နဲ့ ညှိနှိုင်းပြီးဝယ်တာ။ အသိမ်းခံရတဲ့သူတွေလည်း ကျေကျေနပ်နပ်ရှိတယ်။ ဗိုလ်မှူးခင်မောင်ဝင်းက လယ်ညံ့ရင် ၆သိန်းနှုန်း ၊ ကောင်းတဲ့လယ်ဆို (၇)သိန်းနှုန်းပေးတယ်။ ယာကို (၄၅၀၀၀၀)လေးသိန်းခွဲနှုန်းပေး တယ်။
ဗိုလ်ချုပ်ဝေလွင်အနေနဲ့ ကာလတန်ကြေးပေးမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ အခုပေးထားတဲ့ ပိုက်ဆံ ကြတော့ မုန့်ဖိုးလို့ ပြောပြီးပေးတာ။ ငွေပေးမှာဆိုရင်လည်း ကာလတန်ကြေးနဲ့ ကိုက်ညီအောင်ပေးသွားမယ်ဆို ရင် လက်ခံပါတယ်။ တကယ်ဖြစ်ချင်တာကတော့ ကိုယ့်လယ် ကိုယ့်ယာကိုပဲ ပြန်လိုချင်တာ။
ဒေါ်ခင်သန်းနု (ဦးကုလား၏ ဇနီး)

လယ်တွေအသိမ်းခံရတာ (၃)နှစ်ရှိသွားပြီ။ ဗိုလ်ချုပ်ဝေလွင် သိမ်းခံတာဆိုပြီး တောခေါင်းက သိမ်းတာ။ သိမ်းလို့ဘယ်ဖြစ်မတုံးလို့ပြောတော့ မသိမ်းလို့ မဖြစ်ဘူး။ သိမ်းရမှာပဲတဲ့။ အဘကကြည့်မနေပါဘူး။ ပေးမှာပါတဲ့။ တကယ့်တကယ်ကြတော့ မပေးဘူး။
အဒေါ်တို့က လယ်ထဲမှာပဲ တောက်လျှောက် နေတာ။ လယ်တဲတွေကို မီးရှို့တဲ့ဟာရှို့။ အဒေါ်တို့တဲကို ဖျက်ပြီးပုံထားတာ။ ဟိုရောက်တော့ တဲတွေ အကုန်တွန်းလှန်ပစ်ပြီ။ မရှိတော့ဘူး။ အဒေါ်တို့က အကွက်ထဲမှာ အသီးအရွက်တွေသွားခူးတော့ မလာရဘူးလို့ ပြောတယ်။ အဒေါ်တို့က ဆွတ်မှာ ခူးမှာပဲလို့။ တပြားမှ ပေးထား တာလဲမရှိဘူးလို့ပြောလိုက်တယ်။ ဒါသက်သက် အလကားယူတာ။ ဘာမှပေးထားတာ မရှိဘူးလို့။
နောက်မှ ဒက္ခိဏကိုခေါ်ပြီး မယူလည်းဆုံး ယူလည်းဆုံးဆိုပြီး မုန့်ဖိုးပေးတယ်။ မုန့်ဖိုးဆိုပြီး လက်မှတ် ထိုးခိုင်းတယ်။ အဲဒီမှာ ကြောက်ပြီး ယူရတာပေါ့။ တိုင်တယ်လို့ မပြောဘူး။ သူကတော့ ဦးသိန်းစိန် ထုတ်ပြန် တဲ့ စာတွေနဲ့ သိအောင်လို့ တင်ပြတာပေါ့။ တင်ပြတာလည်း ဘာမှမထူးဘူး။ အဒေါ်တို့လယ်က ၄ ဧက ၊ ယာက ၁၅ ဧကကျော်ရှိတယ်။ စစ်တပ်တွေ ဘာတွေနဲ့လာတယ်။ ဘယ်ကတပ်လဲလို့ မေးကြည့်တော့ နေပြည်တော် ရွာတော်ဘက်ကလို့ ပြောတယ်။ လယ်တွေစိုက်နေတုန်းကို အခုဖယ်ပေးရမယ်လို့လုပ်တာ။ သူတို့ကြတော့ သရက်ပင်လေးတွေစိုက်ပြီး ဘာမှလုပ်တာ မဟုတ်ဘူး။ ဘာမှမပေးခင်ကတည်းက စူးကြိုးတွေ ခတ်ကုန်ပြီ။ ကိုယ့်လယ်ထဲကို ၀င်တာထွက်တာကိုပဲ ၀င်ခွင့်မပေးချင်ဘူး။ ကျွဲကများတော့ တဲကို (၆)ပင်တဲဆောက် ထားတာ။ ဦးမြင့်ဆိုရင် သနားစရာကောင်းတာ တအားပဲ။ ကျွန်တော်တို့ကို ပေးထားတာ တပြားမှမရှိသေးဘူး လေတဲ့။ မဆိုင်ဘူးတဲ့။ ထွက်ဆိုအခုထွက်တဲ့။ သားသမီးက (၄)ယောက်ရှိတယ်။ နောက်နားကမှ တစ်ယောက် အိမ်ထောင်ကျသွားတယ်။ အကုန်လုံးကျောင်းသားတွေချည်းပဲ။ အဲဒီလယ်တွေက တစ်နှစ်ကို စပါး (၃၀၀)ကျော်၊ (၄၀၀) တစ်နှစ်ပတ်ကို အလောက်ပဲ။ တခြားသီး နှံတွေနဲ့ဆို ပိုလျှံတာပေါ့။ အရင်တုန်းက ကျောင်းသားတွေအတွက်လိုတယ်ဆို ရှိတဲ့သီးနှံလေး ရောင်းပေးလိုက်အဆင်သင့်ပဲ။ အခုကြတော့ ကြပ်သွား တာပေါ့။
ဒေါ်ခင်မာအေး

ကျွန်မက ဒီမန်ကျီးကုန်းဇာတိ။ လယ်က (၃)ဧကရှိ တယ်။ ယာက (၄)ဧက ရှိတယ်။ မိဘဘိုးဘွားပိုင် တွေပေါ့။ နှစ်ပေါင်း (၆၀)လောက်က လုပ်ကိုင်ခဲ့တဲ့ လယ်ယာတွေကို ကျွန်မတို့ အမွေခံပြီး လုပ်ကိုင်စားသောက် လာတာ။ အိုးကွဲ အိမ်ကွဲ ဖြစ်ပြီး လုပ်ကိုင်စားလာတာပဲ (၂၆) နှစ်ရှိပြီ။ စိုက်ပျိုးတဲ့ သီးနှံကတော့ စပါး၊ စီမံကိန်း ပြောင်း ၊ ကြံ။ ကြံကလည်း ပျဉ်းမနားသကြားစက်ကို တာဝန်ကျေအောင် ချပေးရတယ်။ ကြံပြီးတဲ့အချိန်မှာ ၀ါ စီမံကိန်း ဆိုပြီး ကျလာပါတယ်။ ကျွန်မ ၀ါ (၃)ဧက မြို့နယ်ကနေ မျိုးစေ့ ထုတ်ပြီး စိုက်ပျိုးခဲ့တယ်။ အဲဒီရဲ့ နောက် ပိုင်းမှာ နှမ်းတို့ မြေပဲ တို့ပဲ စိုက်တယ်။ နိုင်ငံတော်က တာဝန်ပေးတာ ကိုလည်း ထမ်းဆောင်ရတယ်။ မြေပဲဆို လည်း မြေပဲ သွင်းရမယ်ဆိုတဲ့အတိုင်း သွင်းပေးတယ်။
စီးပွားရေး အခြေအနေကတော့ အဆင်ပြေတာပေါ့။ ၀မ်းစာဆိုလည်း စပါး (၄၀၀)(၅၀၀) ထည့်ပြီး အဆင်ပြေတယ်။ လယ် ၊ ယာ အပြင် ဘာစီးပွားရေးမှ မရှိဘူး။ ဒီလယ်ယာလေးပဲ လုပ်ကိုင်စားသောက်ရတယ်။ မိသားစု (၉)ယောက်ရှိတယ်။ သားသမီး (၇)ယောက်။ သားသမီးတွေကို (၇)တန်း (၈)တန်းအထိပဲ ထားနိုင် တယ်။ လက်ရှိက (၅)ယောက်။ အိမ်ထောင်သည် (၂)ယောက်။
ဒီ့မတိုင်ခင် ဘာပြဿနာမှ မရှိခဲဘူး။ သိမ်းတဲ့အချိန်ကို ကျွန်မပြောပြမယ်။ ဘယ်ဗိုလ်ချုပ်ကနေပြီး တော့ ဒီလယ်မြေတွေမှာ ဘာစိုက်ခင်းစိုက်ပါမယ်ဆိုပြီး တောင်သူတွေကို ကြိုတင်ပြီး မပြောဘူး။ ကြိုတင် မပြောတဲ့အပြင် နှမ်းကြဲထားတဲ့ ထားရေးပြင်ကို စိန်တစ်လုံးစိုက်ခင်းလို့ အမည်တပ်ပြီး ကျွန်းပင်စိုက်သွား ပါတယ်။ နှမ်းပင်ပေါက်နေပြီ။ နှမ်းတစ်ဧကလောက် ပျက်စီးသွားတယ်။ ပဲက ဧက၀က်လောက်ပဲ ရှိတယ်။
သူတို့ကို သီးနှံတွေထဲ ဘာကြောင့်ဝင်လုပ်တာလဲ။ မစိုက်ဖို့ပြောတယ်။ အဲဒီလိုပြောတဲ့အချိန်မှာ တောအုပ်ကြီး ဦးသိန်းဟန်က အဘက (ဗိုလ်ချုပ်ကြီးဝေလွင်)ပေါ့နော်။ အဘက နစ်နာအောင် မလုပ်ဘူးလို့ ပြောပြီး စိုက်သွား တယ်။
၂၀၁၀ ထဲမှာပဲ စိန်တစ်လုံးတွေစိုက်ပြီး ဗိုလ်ချုပ်ကြီးဝေလွင်က တောင်သူတွေကို ပေးမယ်ဆိုပြီး ခေါ်တယ်။ ခေါ်တဲ့အချိန်မှာ အဒေါ့်အမျိုးသားပါတယ်။ ကိုကုလားကြီးတို့ပါတယ်။ နေ့လည်ခင်း ၂ နာရီလောက် ကြီးပေါ့။ အဲဒီမှာ တောင်သူတွေကို မနစ်နာအောင် ပေးမယ်လို့ ပြောတယ်။ အတိုက်အခံတော့ ဘာတစ်ခုမှ မလုပ်ဘူး။ သူတို့ကလည်း ပေးမယ်ဆိုလို့ နေနေတယ်။ ၂၀၁၁ ကြတော့ ၂လုံးထီရောင်းလို့ ကျွန်မ ထောင်ထဲမှာ နေတဲ့အချိန်။ အဲဒီမှာ ဒါတွေက သစ်တောမြေထဲကလယ်။ မင်းတို့ကို မြေစာရင်းက လုပ်ပေးတယ်ဆိုရင်လည်း အဲဒီမြေစာရင်းကို ဖြုတ်ပစ်လို့ရတယ်လို့ ပြောတယ်။ ဒက္ခိဏ အုပ်ချုပ်ရေးမှူး ဝေလွင်ဖြိုးက ပြောတယ်လို့ သိတယ်။
သူတို့က ယာတွေဘာတွေ သိမ်းဆည်းပြီးတဲ့အခါကြတော့ အလုပ်မရှိလို့ ရောင်းတယ်။ အလုပ်လုပ် ကိုင်စားသောက်စရာ မရှိတော့တဲ့အတွက် မိသားစု စားဝတ်နေရေးအတွက် နှစ်လုံးထီ ရောင်းစားရင်း ထောင်ကျ သွားတယ်။ အဲဒီလိုကျွန်မ ထောင်ထဲမှာ နေတဲ့အချိန်မှာပဲ ဒီလယ်ကို မုန့်ဖိုးဆိုပြီး လယ်(၃)ဧက အတွက် ငွေ (၆)သိန်း ကျွန်မယောက်ျားကို ခြိမ်းခြောက်ပြီး ခေါ်ပေးပါတယ်။ အဒေါ်ယောက်ျားကတော့ ကြောက်တဲ့အခါကြတော့ ၊ သစ်တောမြေလယ်တွေဖြစ်တဲ့ တရားမ၀င်ဘူး ဆိုတော့ ကြောက်လို့ သူက ယူထား လိုက်တာ။ အဲဒီနောက်ပိုင်းမှာ ဒီလယ်တွေကို ထွန်ရှင်းငှားတွေနဲ့ လာရှင်းပါတယ်။ အဲဒီအချိန်မှာ ကျွန်မ သားတွေ နေ့စားလိုက်ဖို့ သွားပြောပါတယ်။ လယ်ပိုင်ရှင်ရဲ့ သားသမီးတွေကို နှစ်ရစ်နဲ့ ဦးမြင့်ဝေဆိုတဲ့ စစ်သားက လယ်ပိုင်ရှင်ရဲ့ သားသမီးတွေ နေ့စားမငှားဘူးဆိုပြီး ပြောလွှတ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ လယ်တွေ ရိတ်သိမ်းပြီးတော့ ကျွန်မတို့လယ်မှာ နွေရာသီ မတ်ပဲ အကြဲမခံနိုင် တော့ဘူးဆိုပြီး ငုတ်တိုင်တွေစိုက်ပြီး ခြံခတ်ပစ်လိုက်တယ်။ ကျွန်မတို့က တန်ရာတန်ကြေးလည်းမရ ၊ ယာဖိုး လည်း မရ။ လယ်ဖိုးကြတော့လည်း တစ်ဧကမှ (၂)သိန်းလေး ပေးထားတာမို့လို့ ကျွန်မတို့ တန်ရာတန်ကြေး မရဘူးလို့ ပြောတဲ့အခါကြတော့ ဦးမြင့်ဝေက ဒါက ဗိုလ်ချုပ်ဝေလွင် ရဲ့ စီးပွားရေးမဟုတ်ဘူးတဲ့။ တပ်အတွက် ၀မ်းစာလို့ ပြောတယ်။ တပ်ဝမ်းစာလို့ ပြောပြီးစပါးသိမ်းသွားပြီးတဲ့အခါမှာ ပိတ်လိုက်တာ။ ပိတ်ပြီးတဲ့ အချိန်မှာ ဦးဝင်းဌေး(ပိတောက်ကုန်း ဥက္ကဌ)ကနေပြီးတော့မှ ခေါ်ပြောတယ်။ အမ ငွေယူထားတာ ။ ပြဿနာဖြစ်ရင် အမယောက်ျား ထောင်ကျလိမ့်မယ်တဲ့။ ကိုယ့်လယ်ကို အ၀င်မခံနိုင်တော့လို့ ခြံခတ်ထားတာကို သူက ပြန်ဖွင့် ခိုင်းတာ။ ကျွန်မတို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို သွားဖွင့်ခိုင်းတာ။ သူ(မြင့်ဝေ)ကိုယ်တိုင် ကျွန်မတို့ဆီ မလာတော့ဘူး။
ယုပန်းမြိုင်ဝယ်ထားတယ်ဆိုတာကို ဦးဝင်းဌေးဆီသွားတော့မှ သိရတာ။ လာစိုက်တုန်းက စစ်တပ် အင်အားနဲ့ လာစိုက်တယ်။ အဲဒီကနေ ကျွန်မတို့ ခြံခတ်ထားတာလေးကို ဖွင့်ပေးလိုက်ရတာ။ ကျေးရွာ အုပ်ချုပ် ရေးမှူးက ပြောတာဆိုတော့လည်း ကောင်းစေချင်လို့ ပြောတာပဲဆိုပြီး ဖွင့်ပေးလိုက်ရတာ။ အဲဒီဥက္ကဌကလည်း ကျွန်မတို့ သိမ်းဆည်းခံရတာတွေနဲ့ ပတ်သက်ပြီး ဘာမှ ကူညီတာမရှိဘူး။
အခုကျွန်မက ဒီလယ်တွေကို ထိုက်တန်သလောက် အနားလေးဘက်လေးလံ ကုမ္ပဏီတွေဆိုရင် ထိုက်သင့်တဲ့ ငွေကြေးပမာဏကို ပေးပြီး နှစ်ဦးသဘောတူ ကျေကျေနပ်နပ်လုပ်တာ။ ကျန်တဲ့ကုမ္ပဏီတွေက။ အဲဒီလို တန်ရာတန်ကြေးမရခဲ့သည့်အတွက် လာမယ့်သီးနှံချိန်မှာ လယ်ရော ၊ ကုန်းရော ကျွန်မကိုယ်တိုင် ဆင်းလုပ်တော့မှာ။ ကျန်တဲ့သူတွေကလည်း တဲဝင်ဆောက်ပြီး လုပ်ကြမယ့်သူတွေချည်းပဲ။ ကျွန်မလယ်ကိုသာ သူတို့စိုက်နေတာ။ ကုန်းကွက်(ယာ)ကိုကြတော့ အစိုက်မခံလို့ စစ်သားတွေလည်း မစိုက်ရဲဘူး။ ကျွန်မ ကုန်း (၂)ဧကလောက်က ၂၀၁၀လောက်က သိမ်းလိုက်တာ ။ အခု(၂၀၁၃) အထိ ကျွန်မတို့လည်း ဘာမှ မစိုက်ရဘူး။ သူတို့လည်း ဘာမှ မစိုက်ဘဲနဲ့ မြေလစ်ဟင်းနေပါတယ်။
ဦးဖိုးထူး

မန်ကျီးကုန်းဇာတိပဲ။ လယ်က နည်းနည်းလေးပဲ ပါတယ်။ တစ်ဧက ကျော်တယ်။ ယာက (၆)ဧက ရှိတယ်။ ကိုယ်တိုင်တောတိုးထားတာတွေပါ။ တောထိုးထားတာ နှစ်ပေါင်း (၄၀)ကျော်လောက်ရှိပြီ။ ညီကို (၂)ယောက်လုပ် ထားတာ။ အခုတော့ ဦးလေး(၁)ယောက်ပဲ ဆက်လုပ်တာ။ အခုဗိုလ်ချုပ်ဝေလွင်ဆောက်ထားတဲ့ ဗိုလ်တဲနေရာက ပဲစိုက်တဲ့နေရာ တည့်တည့်ပဲ။ ငှက်ပျောပင် တွေရှိတာ လည်း မခုတ်ရဲ။
လယ်လေးက တစ်နှစ်ကို စပါး(၈၀)လောက်ရတယ်။ အဆင်ပြေတဲ့နှစ်ဆိုရင် (၉၀)လောက်အထိ ရတယ်။ နွေစပါးပါ လုပ်တာ။ အဲဒါဆိုရင် စပါး(၁၀၀)ကျော်လောက်အထိ ရတယ်။ ယာတွေမှာတော့ ပဲလည်း အသင့်အတင့် ၊ နှမ်းလည်းရတယ်။ တစ်နှစ်စာဖူလုံအောင် ရတယ်။ ကလေးတွေလည်း ကျောင်းထားနိုင်တယ်။ အခုချိန်မှာတော့ သမီးနှစ်ယောက်ကလည်း မုန့်လုပ်ရောင်းနေရတယ်။ ဦးလေးဆိုလည်း ဓရံယက်ရတယ်။ အရင်တုန်းက အဲဒါတွေ ဘယ်လုပ်ရလိမ့်မတုန်း။ မိသားစုက (၆)ယောက်ရှိတယ်။ အခုကျောင်းတစ်ယောက်ပဲ ထားနိုင်တော့တယ်။ ကျန်တာတွေ အကုန်ထွက်ပေါ့။ အိမ်ထောင်ကျတဲ့သူလည်း ကျကုန်ပြီ။
သစ်တောက ဦးသိန်းဟန်က ကိုယ်တိုင်မဟုတ်ဘူး။ သူ့နေ့စားသမားတွေကို ပြောခိုင်းတာ။ ခင်ဗျားတို့ တဲ (၃)(၄)ရက်အတွင်း ရွှေ့ရင်ရွှေ့၊ မရွှေ့ရင် မီးရှို့ခံရမလား။ အဖျက်ခံရမလားပဲ ဆိုတော့ ကိုယ်လည်း အပစ် လွတ်အောင်ဆိုပြီး ဖျက်လိုက်ပါတယ်။ အဲဒီကတည်းက ပြန်ကို မဆောက်နိုင်တော့တာ။ ဦးကုလားကြီးတို့နဲ့ တောက်လျှောက်လိုက်တယ်။ လယ်တွေ ပြန်ရချင်လို့ လိုက်တာ။ ကုန်းဖိုးတွေလည်း မရ။ လယ်ကလည်း တန်ရာ တန်ကြေးမဟုတ်။
နဂိုမူအတိုင်းပဲ မြေတွေပဲ ပြန်လိုချင်တယ်။ ကိုယ့်လယ် ကိုယ့်မြေ ပြန်လုပ်စားမယ်။ ၀မ်းစားလည်း မထည့်နိုင်တော့ဘူး။ ကြာပြီ။ အခုကြတော့ ဆန်ဆိုလည်း တစ်ပြည်ဝယ်စား ၊ နှစ်ပြည်ဝယ်စား လုပ်နေရတယ်။ ဒီကိုလာဖို့တောင်ခဲခဲယင်းယင်းလာရတာပါ။
ကျွန်တော့်မိန်းမ နာမည်က မမုန်းတဲ့။ သူကတော့လည်း ပြန်ပြီးလုပ်စားချင်တာ။ ခံစားမှုတော့ စိတ်ရှုပ် စိတ်ညစ်ဖြစ်ပြီး လယ်အကြောင်း ယာအကြောင်းပြောတိုင်း ငိုတာပဲ။ ဦးလေးတို့ကတော့ သူတို့ဗိုလ်တဲတွေကို ကြည့်ကို မကြည့်ချင်တာ။ အဖြစ်သာလို့နေကြရတာပဲ။ ကိုယ့်လယ်ကိုယ့်အတိုင်း ပြန်လုပ်စားဖို့ပဲ။
ဒေါ်မုန်း (ဦးဖိုးထူး၏ ဇနီး)

တောင်သူတွေလေ။ ဓားမဦးချလုပ်ထားတဲ့ လယ်တွေ။ ဒီအတိုင်းသိမ်းပြစ်တဲ့ အခါကြတော့ ဒီအတိုင်း ထွက်ရတာ။ လုပ်ကိုင်စားလာတာ နှစ်(၄၀)ကျော်ပြီ။ သိမ်းတာက (၃)နှစ်ကျော်ပြီ။ သိမ်းတုန်းက သူတို့က ဒီတဲ ကိုဖျက်တဲ့။ မဖျက်လို့ရင် သူတို့က မီးရှို့မယ်ဆိုပြီး တော့တောင် လုပ်တာ။ အဲဒီတော့ ကြောက်လို့ ထွက်ပစ်ရတာပါ။ ဘာမှ ပြန်မပြောရဲတော့ တဲလေးကို ဖျက်ပုံပြီးတော့ လှဲလေးနဲ့ ရွာကို ပြန်တင်လာရတာပါ။
လာပြောတာက ဦးသိန်းဟန်တဲ့။ ဒီမြေပဲခင်းတွေက ဘာလို့စိုက်တာတုန်း ၊ ငှက်ပျောပင်တွေလည်း ခုတ်လှဲပစ်ပြီး ဒီတဲတွေက ဖျက်မှာလား မဖျက်ဘူးလား။ မီးအရှို့ခံရမယ်နဲ့ အဲဒီလိုလုပ်တာ။ အဒေါ်တို့က ယာထဲ မယ်ပဲအမြဲနေကြတာ။ လယ်တွေယာတွေအတွက်ကို နစ်နာကြေး ထိုက်ထိုက်တန်တန်မပေးဘဲ မုန့်ဖိုးပါဆိုပြီး တစ်ဧက ကျော်တဲ့လယ်ကို တစ်ဧကပဲထားပြီး ၂သိန်းပဲပေးတယ်။ ယာရောဆို (၇)ဧကကျော်တယ်။
အစ ကနဦးလာတာက ဦးသိန်းဟန် လာပြီးသိမ်းတာ။ နောက်ကြမှ ဗိုလ်ချုပ်ဝေလွင်ပါလာတာ။ တစ်ခါမှလည်း ဗိုလ်ချုပ်ဝေလွင်နဲ့ ထိပ်တိုက်မတွေ့ပါဘူး။ အခုလိုအသိမ်းခံရပြီးတော့ အယ်ဒီယာလေးတွေ မြင်ရင်မျက်ရည်ကျမိလို့ သွားကိုမသွားတော့ဘူး။

ဦးကျော်ဝင်း

ကျွန်တော်က ဂူနှစ်လုံး ဆယ်စုကျေးရွာမှာ နေပါတယ်။ အဓိက အလုပ်အကိုင်က တောင်သူပါပဲ။ အခုတော့လက်မဲ့ဖြစ်နေပြီပေါ့။ ကျွန်တော့် မှာ ယာ (၇)ဧက။ လယ်(၁)ဧက။ ဗိုလ်ချုပ်ဝေလွင် သိမ်းတဲ့ အထဲမှာ အကုန်ပါသွားပါတယ်။ လယ်တွေ ယာတွေ က မိဘလက်ထပ်ကတည်းကပါ။ နှစ်(၄၀)ကျော်ပါပြီ။ မိဘတွေက ပြန်ခွဲပေးတာပဲ နှစ်(၂၀)ကျော်သွားပြီ။
ကျွန်တော်တို့ စိုက်ပျိုးသီးနှံက တပ်မ ၄၁၁ရဲ့ စီမံကိန်းနဲ့ စိုက်ပျိုးခဲ့ရတာမျိုးရှိတယ်။ အဓိက ကြံစိုက်ရပါတယ်။ ၂၀၀၀ ခုနှစ်ထဲမှာ ၅ဧက အတွက်ဆိုရင် ကြံ တန်ချိန်နဲ့ ၂၀ ချပေးရပါတယ်။ အဲဒီအချိန်တုန်းကတော့ သူတို့ပေးတဲ့ဈေးနဲ့ လည်း ကိုက်ပါတယ်။ ပျဉ်းမနား အမှတ်(၂)သကြားစက်ကို စာချုပ်ပြီး ၁၀တန် ပို့ရတယ်။ တောင်စင်အေး သကြားစက်(အေလာမှာရှိတယ်)ကို ၈တန်ပို့ရတယ်။ သူတို့ပို့ခိုင်းတဲ့ နေရာတွေကို ပို့ရတယ်။ တောင်တွင်းကြီးက ဒူရင်ကပို သကြားစက်ကိုလည်း ပို့ပေးရပါတယ်။ အဲဒါလည်း စာချုပ်တန်ပဲ။ အဲဒီလို စာချုပ်တန်ပိုရင်တော့ သကြားစက်တွေကိုပဲ လွတ်လွတ်လပ်လပ် ရောင်းစားလို့ရတယ်။ စာချုပ်နဲ့ရောင်းတဲ့အခါမှာ ၂၀၀၀ ဈေးပေးတယ်။ စာချုပ်လွတ်သွားတဲ့အခါမှာ (၃၀၀)ပိုရပြီး (၂၃၀၀)ဈေးလောက်ရတယ်။
တာဝန်ကျေပေးထားတာတွေ။ ကြံစာချုပ်စာတန်းတွေ လက်ရှိအချိန်ထိ ရှိပါသေးတယ်။ ၁၉၇၈ ခုနှစ်မှာ မြေအခွန်ဆောင်ရတာတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ လက်ရှိလည်း ရှိပါတယ်။ အဲဒီအချိန်တုန်းက သစ်တောက ဘာမှ ပြဿနာမရှာဘူး။ အခွန်ဆောင်ခိုင်းတာလေးပဲ ရှိတယ်။ ကျွန်တော်တို့လည်း ပုံမှန် ဆောင်ပေးပါတယ်။
ပြဿနာစတက်တာက သစ်တောက ဦးသိန်းဟန်က ၂၀၁၀ခုနှစ် (၆)လပိုင်းထဲမှာ ဗိုလ်ချုပ်ဝေလွင် အာဏာနဲ့ သိမ်းသွားပါတယ်။ သိမ်းစဉ်အခါမှာ ဗိုလ်ချုပ်ဝေလွင်ကို ကျွန်တော်တို့ မေးပါတယ်။ လယ်ယာ မြေ အခြေအနေလေး ပြောပြပါအုံးဆိုတော့ သစ်တောကို ကုန်းကွက်တွေနဲ့ ပတ်သက်ပြီး ပေးပြီးသားလို့ ပြောပါ တယ်။ လယ်တွေအတွက်ကို တောင်သူတွေ စိတ်မဆင်းရဲအောင် သူ့ဘက်က ၀န်ဆောင်မှုပေးမယ်လို့ ပြောတယ်။
ဒါပေမယ့် သူပြောတာနဲ့ အဆင်မပြေဘူး။ သူပြောတဲ့စကားနဲ့လည်း မညီဘူး။ ၂၀၁၂ခုနှစ် (၁)လပိုင်း (၉)ရက်နေ့ ကျွန်တော်တို့ တောင်သူ အားလုံးကို ဒက္ခိဏ(လယ်ဝေး)အုပ်ချုပ်ရေးမှူးရုံးကို ခေါ်တယ်။ ခေါ်ပြီး တော့ ကျွန်တော်တို့ တောင်သူတွေကို မုန့်ဖိုးသဘောမျိုးနဲ့ ငွေချေပေးမယ်။ ကျွန်တော်တို့တောင်သူတွေက ကာလတန်ကြေးမရတော့ မယူဘူးလို့ပြောသေးတယ်။ လက်မခံဘူးပေါ့ဗျာ။ ဒက္ခိဏအုပ်ချုပ်ရေးမှူး ဝေလွင်ဖြိုး က ခေါ်ပြောတာ။ ခင်ဗျားတို့ မယူရင်လည်း အကွက်ထဲမဆင်းရတော့ဘူး။ မယူရင်ငွေလည်းဆုံးမယ် အကွက် လည်းဆုံးမယ်ပေါ့ဗျာ။ အမျိုးမျိုးခြိမ်းခြောက်ပြီးပြောတော့ တစ်အုပ်စုလုံးပေးတာလေးယူပြီး ပြန်လာခဲ့ရတာ။ အဲဒီလိုလုပ်တာကိုလည်း တိုင်စာတွေ ထပ်တင်တယ်။ ဘာမှမထူးခြားဘူး။ ကနေ့အထိပဲ။
လယ်လုပ်တုန်းကတော့ မိသားစုအခြေအနေက အဆင်ပြေတယ်။ အခုကြတော့ လက်မဲ့ဘ၀တွေ ရောက်ကုန်တယ်။ အခုကြတော့ ကြုံရာလုပ်စားနေရတယ်။ သားသမီးနှစ်ယောက်ရှိတယ်။ ဒီအခြေအနေဆိုရင် ရှေ့ဆက်ကျောင်းမထားနိုင်တော့ဘူး။ လာမယ့်နှစ် အလယ်တန်းစတက်ရမယ်။ ဒီပုံစံအတိုင်းဆိုရင် စဉ်းစားမယ့် အခြေအနေဖြစ်လာပြီ။
ကျွန်တော်တို့ဖြစ်ချင်တာက အလားတူ သိမ်းဆည်းခံရတဲ့ တောင်သူတွေ အများကြီးရှိပါတယ်။ အဲဒီ ပတ်ဝန်းကျင်က တောင်သူတွေနဲ့ ကုမ္ပဏီတွေက ညီမျှသွားကြပြီ။ ဗိုလ်ချုပ်ဝေလွင်သိမ်းတဲ့ ကျွန်တော်တို့ (၁၈) ဦးပဲ ကျန်နေတယ်။ ဒီလိုမှ မဟုတ်ရင်တော့ (၂၀၁၃)ခုနှစ်မှာ ကိုယ့်လယ်ကိုယ့်ယာ ပြန်လုပ်ချင်တယ်။ သူတို့ ဘက်က မကျေနပ်ပါဘူးဆိုရင် သူတို့မုန့်ဖိုးပေးထားတာကို ကျွန်တော်တို့ တောင်သူတွေက ပြန်ပေးလို့ရတယ်။ သူတို့လက်ရှိပေးထားတာက ဒဿမ ၂၀ ဖိုးလောက်ပဲ ရှိတယ်။

ဦးမြင့်

အဘဇာတိက မန်ကျီးကုန်း။ လယ် (၅)ဧကရှိတယ်။ ယာ(၉)ဧက လောက်ရှိပါတယ်။ ဒီအဖွဲ့ထဲမှာ သိမ်းခံရတာ အများဆုံးကတော့ ဦးမြင့်(အဘ) နဲ့ ဦးကုလားပါပဲ။ မိဘလက်ထက်က တောတိုးလာတဲ့ လယ်တွေပါ။ အဘ လုပ်ကိုင်စားလာတာ (၄၇)နှစ်လောက်ရှိပါပြီ။ တခြားစီးပွားရေးမရှိပါဘူး။ ဒီလယ်ယာပဲ ရှိပါတယ်။ အခြေအနေကတော့ လယ်ယာသိမ်းပြီးကတည်းက တော်တော်ယိုင်သွားပါတယ်။ ဒီလယ်ယာ မသိမ်းခင်က အမြန်လမ်း ဖောက်တဲ့ နေရာမှာလည်း (၅)ဧက လောက်ပါ သွားသေးတယ်။ အဲဒီအတွက်လည်း ပိုက်ဆံမရသေး ပါဘူး။ ပေးမယ် လို့လည်း အသံမကြားရဘူး။
မိသားစု(၉)ယောက်ရှိတယ်။ သားသမီး (၇)ယောက်။ အိုးကွဲ အိမ်ကွဲ (၄)ယောက်ဖြစ်သွားပါပြီ။ လက်ရှိ ကလေးတွေက တစ်ယောက်က (၇)တန်း၊ တစ်ယောက်က (၉)တန်းနဲ့ ကျောင်းထုတ်လိုက်ရပါတယ်။ အဘ နွေမိုးဆောင်း ဒီယာထဲမှာပဲ နေတာပါ။ ကလေးတွေက သွားချည်လာလှည့်နေကြတာပါ။ သူတို့လာပြောတော့ အဘနဲ့ ထိပ်တိုက်တွေ့တယ်။ အဘကို စစ်တပ်က လာပြောတာပါ။ ဗိုလ်ချုပ်ဝေလွင်ရဲ့ ဘက်စ်မန်းဇော်ဌေးက သုံးရက်အတွင်း ရွှေ့ရင်ရွှေ့ မရွှေ့ရင် တဲဖျက်ပစ်မယ်လို့ ပြောပါတယ်။ ၅ ရက်အတွင်းလို့ ခွင့်တောင်းတာမရ ဘူး။ ၃ ရက်အတွင်းပဲ ရွှေ့ပေးလိုက်ရပါတယ်။
ပြန်ပြောဖို့ဟာကြတော့လည်း မပြောရဲဘူး။ ရွာပြန်နေတယ်။ ကိုကျော်ဝင်းတို့ ကိုကုလားကြီးတို့နဲ့ လိုက်တိုင်ပါတယ်။ တိုင်တာတွေက ဘာမှမထူးခြားပါဘူး။ ကနေ့ထက်ထိ။ အခုကြတော့ ကလေးတွေ နေ့စား လိုက်နေရတယ်။ ကြဘမ်း ရာသီပေါ်အလုပ်ပေါ့။ လယ်တွေ ယာတွေလုပ်နေတုန်းက တစ်နှစ်ကို စပါး (၁၅၀) (၂၀၀)လောက်ပိုလျှံပါတယ်။ အခုမလုပ်ရတော့တဲ့အခါကြတော့ ၀မ်းစာထည့်မစားနိုင်တော့ဘူး။
ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်လယ်ကိုယ့်ယာကို ပြန်လုပ်ချင်ပါတယ်။ သူတို့လုပ်သွားတာ ဥပဒေနဲ့ မညီပါဘူး။ သူတို့က ထွက်ပေးရင်ပေး ၊ မပေးရင် မီးရှို့မယ်လို့ တောအုပ်တွေက အစ ပြောတာပါ။ မသက်သာ တဲ့အဆုံး စစ်သားတွေနဲ့လာလို့ ရွှေ့ပေးလိုက်ရတာပါ။ အရှေ့ဘက်က ဦးစိမ်းတဲကြတော့ မီးရှို့ပစ်တယ်။ ဦးကုလားတဲကြတော့ ဖျက်စီးပြီး ချွတ်ပုံပစ်တာပါ။ အဘတဲလေးကိုတော့ ကိုယ်ဖာသာပဲ ဖျက်ယူသွားလိုက် တယ်။
သူတို့ဒီဟာတွေ စိုက်တာက တောအုပ်ကြီးတွေ ခေါ်ပြီးစိုက်တာပါ။ ဆွေဆွေဦးရဲ့ ဆိုင်းဘုတ်တင် တယ်။ သူတို့က သစ်တောကို အကူအညီတောင်းပြီး စိုက်ခိုင်းတာ။ အခုတော့ ဒေါ်ဆွေဆွေဦး ဆိုင်းဘုတ်ကြီး ဖြုတ်ပစ်ပါပြီ။ အခုတော့ ဘာဆိုင်းဘုတ်မှ မရှိတော့ဘူး။ အဘဧရိယာကိုလည်း မိုးဦးကျမှာ စူးတွေနဲ့ ခတ်ပစ်ကုန်တယ်။ အ၀င်လည်း မခံပါဘူး။
အဘကတော့ ဘယ်ကျေနပ်မတုံး။ အဘ ဒီလယ်ယာလုပ်စဉ်အခါက စီးပွားရေး အဆင်ပြေတယ်။ သူတို့အနိုင်ကျင့်ပြီး သိမ်းဆည်းသွားကာမှ ကျောင်းသားတွေလည်း ကျောင်းမထားနိုင်တော့ဘူး။ စီးပွားရေး လမ်းကြောင်းလည်း မတည့်တော့ပါဘူး။ ကိုယ်တိုင်ထွန် ၊ ကိုယ်တိုင်စိုက် အဲဒီတုန်းက အလုပ်ရှိတယ်။ အခု အလုပ်လက်မဲ့ဖြစ်သွားပြီ။ စိုက်ပျိုးနေတုန်းက ကျွဲ(၆)ကောင်ရှိတယ်။ ကျွဲ(၆)ကောင်လည်း ပြုတ်ပြီ။ လှည်းလည်း ပြုတ်သွားပါပြီ။
အဘဖြစ်ချင်တဲ့အတိုင်းအတာကတော့ ကိုယ့်လယ်ကိုယ်ယာ ပြန်လုပ်ချင်တာပဲ။ ကိုယ့်လယ်ကိုယ်ယာ မှ ပြန်မလုပ်ရဘူးဆိုရင် ကာလပေါက်ဈေးပြန်လိုချင်တယ်။ သူတို့က ပတ်ဝန်းကျင်ဈေးအတိုင်း တန်ရာတန် ကြေးပေးမယ်ဆိုရင်တောင် တစ်ဖက်မှာ ဒီငွေနဲ့ လယ်ပြန်လုပ်လို့မရပါဘူး။ လယ်တွေရာတွေက ဧက(၇၀၀) လောက်တောင်သူတွေဆီက သိမ်းပစ်တော့ ၀ယ်ဖို့မလွယ်တော့ပါဘူး။ ဈေးမြင့်ကုန်ပါပြီ။
ဦးသံချောင်း

အဘက ဒီပိတောက်ကုန်းဇာတိ။ မကျီးကုန်းနဲ့ မလှမ်း မကမ်းဘဲ။ အဘက လယ်မပါဘူး။ ကုန်းကွက်တွေချည်းပဲ။ အားလုံးမှ (၂ဧကခွဲ)လောက်ပဲရှိတယ်။ ဦးကုလားကြီးနဲ့ တစ်ဆက်တည်းပဲ။ အဲဒီ (၂ဧက ခွဲက ပဲတင်း(၅၀)လောက်ထွက်တယ်။ မိုးနှမ်းဆိုရင် တင်း (၁၀)လောက်ရတယ်။ ယာထဲမှာတော့ မနေဘူး။ သွားချည် ပြန်လှည့် ပေါ့။ အဲဒီကုန်းကွက်လေးမှာ လုပ်လာတာ ကြာပြီပေါ့။ နှစ်ပေါင်း (၄၀)ကျော်၊ (၅၀)ဖြစ်ပြီ။ ကိုယ်တိုင် တောခုတ်ထားတာပါ။
သူတို့က သိမ်းမယ်ဆိုတုန်းက ကျွန်တော်နဲ့လည်း မတွေ့ရဘူး။ အကြမ်းဝင်ပြီး ကျွန်းတွေ စိုက်တာပဲ။ အဲဒီတုန်းက နှမ်းတွေကြဲထားတယ်။ နှမ်းတွေ တက်နင်းပြီးတော့ လုပ်သွားတယ်။ အကုန်ပျက်စီးကုန်တယ်။ နောက်ပိုင်းကြတော့ ကုလားကြီးတို့နဲ့ အတူတူ ပိုက်ဆံခေါ်ပေးတယ်။ မုန့်ဖိုးဆို အတိအကျ (၆၄၀၀၀)ရတယ်။
ဘယ်ကျေနပ်မတုံး။ ကြောက်လို့သာ ပေးရတာ။ ဒက္ခိဏရုံးကို ရောက်တော့ ဒီလောက်လေးနဲ့တော့ မယူနိုင်ဘူးလို့ပြောတယ်။ သူတို့က ယူလည်းဆုံးမှာပဲ မယူလည်း ဆုံးမှာပဲ လို့ပြောတယ်။ ဗိုလ်ချုပ်ဝေလွင်က ကိုယ်တိုင်မလာဘူးလေ။ သူ့တပည့်ကိုလွှတ်တာ။ တင်းလိုက် မာလိုက်ဖြစ်ပြီး ဇွတ်ပိုက်ဆံထုတ်ပေးပြီး လက်မှတ်ထိုးခိုင်းတာပဲ။ လက်မှတ်ထိုးတဲ့စာရွက်ကို မိတ္တူပြန်ပေးတာမျိုလည်းမရှိဘူး။
မိသားစု စီးပွားရေးအခြေအနေကတော့ ဒီ ပဲ နှမ်း မရတဲ့အခါ ချို့တဲ့တာပေါ့။ သားသမီးတွေရဲ့ ပညာရေး ဆုံးခန်းတိုင်အောင်လည်း မထားနိုင်ဘူးလေ။
ဖြစ်ချင်တာကတော့ ကျွန်တော်တို့က ပြန်ပေးမယ်ဆိုလည်းပေး။ ဒါမှမဟုတ်ရင် တန်ရာတန်ကြေး လိုချင်တာပေါ့။ ဘာမှ ထူးမလာဘူးဆိုရင် ကိုယ့်ဟာကိုယ်တော့ ပြန်လုပ်ချင်တာပဲလေ။ သူတို့ကစစ်တပ်နဲ့ ချိန်း ခြောက်တော့ လူတွေက မလုပ်ရဲအောင် ဖြစ်နေတာ။

အဖွား ဒေါ်ထွေး

အဖွားက မကျီးကုန်းဇာတိပဲ။ အဖွားက လယ်မရှိဘူး။ ယာကွက်ပဲရှိတယ်။ ယာကွက် (၅)ဧက ရှိတယ်။ အဖွားတို့ဘာသာ တောခုတ်ပြီး လုပ်ထား တာ။ အဖွားတို့လုပ်ကိုင်လာတာ နှစ်(၄၀)ကျော်သွား ပြီ။ ကြံစိုက်တယ်။ နှမ်းစိုက်တယ်။ ပြောင်းစိုက်တယ်။ မြေပဲလုပ်တယ်။ မိသားစုအတွက် အဲဒီအကွက်က လုံလောက်တယ်။ အခုတော့ မလုံလောက်တော့ ဘူးပေါ့ကွယ်။
ရွာထဲမှာပဲနေတယ်။ မိုးဦးကျ ရောက်ရင် တဲလာထိုးတယ်။ အဘက ရှိတယ် မျက်စိမကောင်းတော့ဘူး။ လက်ရှိသားလေး တစ်ယောက် ၊ သမီးလေးတစ်ယောက်ရှိတယ်။ သူတို့နဲ့ လုပ်စားနေတာ။ အဘအလုပ်မလုပ် နိုင်တော့လို့ သားလေးနှစ်ယောက်ကို ခိုင်းတယ်။ အသိမ်းခံရမယ့်နှစ်က မိုးနှမ်းတွေ စိုက်ထားတယ်။ မိုးနှမ်းတွေ စိုက်ထားတဲ့ကြားထဲမှာ သရက်တွေ အတင်းဝင်စိုက်တယ်။ တို့ဒီအထဲမှာ လုပ်မစားရတဲ့အတူတူ နင်တို့အထဲမှာ နေ့စားထည့်မယ်ဆိုပြီး တစ်ရက်ဆင်းသွားတယ်။ နေ့စားဆင်းတဲ့အခါကြတော့ အကွက်ပိုင်ရှင်ကလေး ပါရင် မလုပ်ရဘူးဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။
ကလေးက ကျွန်တော်တို့အကွက်ပါလို့ ပြောတော့ အကွက်ပိုင်ရှင်မို့လို့ အဆင်းမခံတာလို့ ပြောတယ်။ အခုတော့ အဖွားတို့ အဲဒီအကွက်ထဲမှာ မလုပ်ရတော့ သီးနှံမရတော့ဘူးပေါ့ကွယ်။ ကလေးတွေက ပေါ်ပင် အလုပ် လုပ်ရတယ်။ နေ့စားလိုက်စားရတာပေါ့။
အဖွားတို့က ပိုက်ဆံလည်းမရဘူး။ လုံးဝမခေါ်ဘူး။ ထားပစ်ခဲ့တာ။ ဘာလို့မခေါ်တာလည်းတော့ မသိဘူး။ အကွက်စာရင်တင်ထားပါလျှက်နဲ့ ထားပစ်ခဲ့တာ။ အခုနေ အဖွားအကွက်တွေသွားကြည့်ရင် မှတ်မိ တယ်။ အခုသရက်ပင်စိုက်ထားတာ ဘာမှ မဖြစ်ဘူး။ ငှက်ပျောဥယဉ်ထဲ ငှက်ပျောသွားခုတ်တော့ ခြံစောင့်က ခင်ဗျားကို ဘယ်သူဝင်ခုတ်ခိုင်းလို့လည်းလို့ ပြောတယ်။ အဖွားက တို့ပိုက်ဆံမှ မရသေးတာပဲ ၀င်ချင်ဝင် မှာပေါ့လို့ ပြောလိုက်တယ်။ ၀င်ခွင့်ပေးတယ်။ ခုတ်လို့ပြောပါတယ်။ အဖွားသွားခုတ်တုန်းက စစ်သားလေးတွေ စောင့်နေတာ။ အဖွားဥယဉ်လားတဲ့။ ကျွန်တော်တို့လည်း လယ်သိမ်းပြီးရင် ပြန်မှာပါလို့ ပြောတယ်။
အဖွားကတော့ မကျေနပ်ဘူး။ သူများတွေ မုန့်ဖိုးရတယ်။ အဖွားတို့က မုန့်ဖိုးတောင်မရတဲ့လူတွေ။ အဖွား လိုမရတဲ့သူ (၇)ဦးလားပဲ။ အဖွားကတော့ ယာပြန်မရရင် တန်ရာတန်ကြေးလိုချင်တာပေါ့ကွယ်။ ကိုယ့်ယာ ကိုယ်ကတော့ လိုချင်တာပေါ့။ အဖွားယာကွက် သိမ်းတဲ့သူတွေကိုတော့ မကျေနပ်ဘူးပေါ့။

ဒေါ်သန်းမြင့်

အဒေါ်တို့က ပိတောက်ကုန်းဇာတိ။ အဒေါ်တို့ ကယာတွေချည်းပဲ (၅)ဧကလောက်ရှိတယ်။အမျိုးသား က ဦးပန်းမြိုင်။ အဓိက စီးပွားရေးက ဒီယာခင်းကွက် ကလေးပဲ လုပ်ကိုင်စားရတာ။ အရင်ကတော့ ဒီယာလေး လည်းလုပ်တယ်။ ဘေးဘာယီယလည်း လုပ်တယ်။ အခုဒီယာလေးသိမ်းဆည်းပစ်တော့ ဘေးဘာယီယပဲ လုပ်ကိုင်စားရတာပေါ့။ ယာတွေမှာ မြေပဲစိုက်တယ်။ နှမ်းစိုက်တယ်။ ဆောင်းတွင်းဘက်ဆိုရင် ကုန်းမတ်ပဲ တွေ စိုက်တယ်။
မိဘက ကျွန်မအိမ်ထောင်ကျပြီးတော့ ဒါလေးလုပ်စားဆိုပြီး ပေးလိုက်တာ။ အဒေါ်တို့လုပ်စားတာပဲ (၂၅)ကျော်ပြီ။ အရင်က ဘာပြဿနာမှ မပေါ်ခဲ့ဘူး။ ၂၀၁၀မှာ သူတို့သိမ်းသွားတာပဲ။ အခုအဲဒီအကွက်ထဲမယ် မြေပဲတွေ စိုက်ထားတုန်း ကျွန်းတွေဆင်းစိုက်သွားတယ်။ သိမ်းမယ်လို့လည်း မပြောဘဲ ခြံခတ်သွားတယ်။ သိမ်း မယ့် ဆည်းမယ့်အကြောင်းမပြောဘူး။ နံဘေးက ပြောလို့ ဗိုလ်ချုပ်ဝေလွင် သိမ်းမယ်လို့ ပြောတယ်။ အထက်က အကြီးအကဲပဲ အရှင်းကြီးတော့ ထားမှာမဟုတ်ပါဘူးဆိုရင် နေလိုက်တာလေ။ ဗိုလ်ချုပ်ဝေလွင်ဘက်က ဘာမှ လုပ်ပေးတာမရှိဘူး။
လယ်ဝေး(ဒက္ခိဏ)ရုံးကိုသွားတော့ ကိုပန်းမြိုင်ပါသွားတယ်။ စာရင်းထဲမှာ မပါဘူး။ ပြောပြတော့ လုပ်ပေးပါ့မယ်တဲ့။ ဘာမှလုပ်မပေးဘူး ကနေ့အချိန်ထိ။ အိမ်သားက ကျမ်းမာရေးလည်း သိပ်မကောင်းဘူး။ ဒီယာလေးတွေ မလုပ်ရတော့ ခေါင်းထိုးပန်းရွက် ဈေးလေးရောင်းစားရတယ်။ မနည်းရုန်းကန်နေရတာပေါ့။
ဒီယာလေးတွေ လုပ်မစားရတဲ့အခါကြတော့ မိသားစု စားဝတ်နေရေး ခက်ခဲတယ်။ ဘက်ကျေနပ် မတုန်း။ ကိုယ့်ယာခင်းကွက် ပြန်လုပ်စားရမယ်ဆိုလည်း လုပ်စားချင်တယ်။ ကာလတန်ကြေးပေးမယ်ဆိုလည်း ရချင်တာပေါ့။ အခုကတော့ တပြားမှ မရဘူး။ ပြောချင်တာကတော့ မကျေနပ်ဘူး။ ကြီးကဲတဲ့သူတွေ ကောင်း သလို ဖြေရှင်းပေးစေချင်တာပေါ့။

ဦးမောင်ရွှေ

ဦးလေးဇာတိက ပိတောက်ကုန်း။ လယ်မပါ ဘူး။ ယာ(၅)ဧကရှိတယ်။ မိဘလက်ထက်က ဟာတွေ။ မိုးဘက်ဆိုရင် မိုးနှမ်းကြဲတယ်။ မြေပဲစိုက်တယ်။ ဆောင်းရာသီဆိုရင် ကြံစိုက်တယ်။ ဆောင်းနှမ်းကြဲတယ်။ မိဘ နဲ့အတူနေပြီးတော့ ပဲလုပ်လာတာ။ အမေက အသက်ကြီးပြီ။ အသက် (၉၀)ရောက်ပြီ။ အဖေက ဦးလေးတို့ ငယ်ငယ်က တည်းက ဆုံးသွားတာ။ မွေးချင်း ညီကိုမောင်နှမ (၉)ယောက်ရှိတယ်။
အရင့်အရင်ကတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ဒီ ၂၀၁၀လောက်ကြမှ သိမ်းတယ်ဆိုတာကို သိရတာ။ သိမ်း တယ်ဆိုပေမယ့် ဘာအမိန့်နဲ့ သိမ်းတယ်လို့ ဘာမှကို မသိရဘူး။ သိမ်းဆည်းကြောင်း စာရွက်စာတမ်း ထုတ်ပြ တာမျိုး ဘာမှမရှိဘူး။ ဘယ်သူမှလည်း လာပြီး အသိမပေးဘူး။ ယာကွက်ထဲကို ပတ်ဝန်းကျင်ပြောသံကြားနဲ့ သွားကြည့်လိုက်တော့ ကျောက်တိုင်တွေစိုက်ပြီး သံစူးကြိုးတွေ တန်းကာပစ်ပြီ။ သွားပြီးတော့လည်း မပြောရဲ ဘူး။ ဦးလေးက သီးနှံလေးသိမ်းထားပြီး အကွက်ပြောင်ပဲရှိသေးတယ်။ သူတို့က ၀င်သိမ်းတာ။
သိမ်းပြီးဆိုတော့ ဒီယာလေး လုပ်စားနေရစဉ်ကတော့ မိသားစုအဆင်ပြေတာပေါ့။ အခုဆို ဦးလေးတို့ နေ့စားလိုက်လုပ်နေရတယ်။ ကလေးတွေရောပဲ။ ဘာမှတော့ လာမပြောဘူး။ စာရင်းလာတောင်းတဲ့အခါကြ တော့ပြောလိုက်တယ်။ စာရင်းပါမလာဘူး။ လယ်ဝေး(ဒက္ခိဏ)ရုံးကိုသွားတော့လည်း စာရင်းမပါလို့ဆိုပြီး လိုက်မသွားတော့ဘူး။
အခုတော့ သူတို့ ယာကွက်ထဲမှာ ဆောင်းဘက်က နှမ်းကြဲပြီး အခုဘာပင်မှ မရှိဘူး။ ဦးလေးဖြစ်ချင် တာကတော့ မိသားစုအတွက် ဒီယာကွက်ကလေး လုပ်စားရဆိုတော့ ပြန်လုပ်စားရမယ်ဆိုရင်လည်း လိုချင် တာပေါ့။ အကွက်ပြန်မပေးဘူး။ ကာလတန်ကြေးပေးမယ်ဆိုရင်လည်း လိုချင်တာပေါ့။ သူတို့လုပ်တာ ဥပဒေနဲ့ မညီဘူးလို့ပဲ ထင်ပါတယ်။ ဦးလေးခန့်မှန်းတာတော့ သစ်တောပိုင်တဲ့ မြေဆိုပြီးမှ တောအုပ်ဦးသိန်းဟန်က သိမ်းပေးတာပဲ။ နောက်ပြီးတော့မှ ဗိုလ်ချုပ်ဝေလွင်ခြံဆိုပြီးတော့ပဲ သိရတယ်။
ရွာထဲမှာပဲ နေတာ။ ယာလုပ်ချိန်ကြမှ တဲလေးလာထိုးပြီးနေတယ်။ သီးနှံလေးသိမ်းပြီးရင် ရွာပြန်နေ တယ်။ ဗိုလ်ချုပ်ဝေလွင်တို့နဲ့လည်း တစ်ခါမှ ထိပ်တိုက်မတွေ့ဘူး။ ဦးလေးပြောသလိုပေါ့။ ကာလတန်ကြေး လေးပေးမယ်ဆိုရင်လည်း လိုချင်တာပေါ့။ ကိုယ့်အကွက်ကိုယ် ပြန်လုပ်စားဆိုရင်လည်းလိုချင်တာပေါ့။ မကျေ နပ်ပေမယ့် ကြောက်လို့နေကြရတာ။
ကိုမင်းအောင်

ပိတောက်ကုန်းဇာတိပဲ။ လယ်မရှိဘူး။ ယာ (၃)ဧက ရှိတယ်။ မိဘတွေလက်ထဲက ခွဲပေးထားတာ။ အိမ်ထောင် ခွဲတာ (၁၁)နှစ်လောက်ရှိပြီ။ အိမ်ထောင်ခွဲ ကတည်း က လုပ်ကိုင်စားလာတာပါ။ သားသမီး (၂)ယောက်ရှိတယ်။ ကျောင်းသားတွေ ဖြစ်နေပြီ။ (၅)တန်းတစ်ယောက် (၆)တန်း တစ်ယောက်။ စီးပွားရေးက ဒီယာပဲ အဓိကထားလုပ်တယ်။ ယာက လုပ်နေရရင် မိသားစုအတွက် လောက်လောက်ငငရှိပါတယ်။
မြေပဲတို့ နှမ်းတို့ ကြံတို့ မတ်ပဲ တို့အဓိကစိုက်တယ်။ ကျွန်တော်တို့က ယာထဲမှာနေတာများတယ်။ ကျွန်တော့်ကို ဘာမှ မပြောဘူး။ သိမ်းမယ်ဆည်းမယ်ဆိုတာလည်း မသိလိုက်ရဘူး။ နောက်ပိုင်း စစ်တပ်ဝင် လာတယ်။ ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှ မရဘူး။ သူတို့ဝင်လာတဲ့အချိန်က ယာထဲမှာ နေတဲ့အချိန်။ တဲတွေ ရွှေ့ရမယ်ဆိုလို့ ရွာကိုပြန်ရွှေ့ရတယ်။
သူတို့က ရွှေ့ရမယ်ဆိုတော့လည်း ဘာကြောင့်ဘယ်လိုမမေးမိဘူး။ ကြောက်လို့။ အခုယာမရှိတော့ နေ့စားပဲလိုက်စားနေရတယ်။ ယာလုပ်နေစဉ်က အစစအရာရာ အဆင်ပြေတယ်။ ယာမလုပ်ရတော့ အဆင်မ ပြေဘူး။
မကျေနပ်တာတော့ ရှိတာပေါ့။ ခါတိုင်း ဒီယာကွက်လေး လုပ်ကိုင်စားနေရတာ အဆင်ပြေတယ်။ အဆင်မပြေတဲ့အခါကြတော့ မကျေနပ်ဘူးပေါ့။
ကျွန်တော်တို့ ယာကွက်လေးတွေ ပြန်လုပ်စားခွင့်ရှိမယ်ဆိုရင် ပြန်လုပ်စားချင်တယ်။ တန်ရာတန်ကြေး ပေးမယ်ဆိုရင်လည်း ကျေနပ်ရမှာပေါ့။ သူတို့လုပ်သွားတာကိုအနိုင်ကျင့်တယ်လို့ပဲ ထင်တယ်။

ကိုမင်းရာ

ဇာတိက ပိတောက်ကုန်းရွာ။ ကျွန်တော် က လယ်မရှိဘူး။ ယာ (၂)ဧကတင်ရှိတယ်။ ဦးကုလားကြီးတို့နဲ့ ကပ်ရပ်ပဲ။ မိဘပိုင်ပေါ့။ အမေမလာနိုင်လို့ ကျွန်တော်လာရတာ။ လယ်က ရွာနားမှာ နည်းနည်းရှိတယ်။ ယာကွက်ရှိတာ လေးကတော့ သိမ်းသွားတာပေါ့။
ကျွန်တော်တို့ကို သူတို့က ဒီအကွက် ကိုဆင်းမလုပ်နဲ့လို့ပြောပြီးသူတို့က စူးလိမ်ကြိုး ကာတယ်။ ကျွန်တော်တို့ကလည်း ကြောက်တော့ ပြန်မမေးရဲဘူး။ သူတို့ကာထားတဲ့အထဲ ဆင်းမ လုပ်ရဲဘူး။ ဗိုလ်မှူးဝေလွင် ကာခိုင်းလို့ တခြား လူက ကာတာပေါ့။ အဲဒါတော့ သိပါတယ်။ လယ်ဝေး (ဒက္ခိဏ)ကို ခေါ်တော့လည်း ကျွန်တော်တို့မလိုက်ရပါဘူး။ ကျွန်တော်တို့ကိုလည်းမခေါ်ဘူး။ ဦးကုလားကြီးတို့နဲ့ တိုင်တဲ့အထဲမှာပါတယ်။ တိုင်စာတင်တာ (၃)ခါလောက်ရှိပြီ။ ဘာမှမထူးခြားဘူး။ ဒီလိုပဲ ပြီးသွားတာပါ။
ကျွန်တော်က မိုးနှမ်းတွေ ကြဲထားတဲ့အချိန်မှာ သူတို့ဝင်လုပ်တာပေါ့။ အဲဒါလေးတွေ သိမ်းပြီး နောက်သီးနှံ စိုက်လို့မရတော့ဘူး။
မကျေနပ်တာတော့ ယာကွက်ကလေးမှ အဆင်းရတော့ စားဝတ်နေရေး မပြေလည်ဘူးပေါ့။ ကျွန်တော် တို့က ဘာမှ ပြောချင်တာတော့မရှိဘူး။ လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် ဒီယာကွက်ကလေးကို ဆင်းလုပ်ချင်တယ်။ လုပ် ပိုင်ခွင့်မရှိဘူးဆိုရင်လည်း တန်ရာတန်ကြေးလိုချင်တယ်။ အခုသိမ်းထားတဲ့အကွက်တွေကို ခြံပြီး သွပ်စူးကြိုး ကာထားတယ်။
အဖွားဒေါ်မြလေး

အဖွားက မကျီးကုးန်ဇာတိ။ အဖွားအခု အသိမ်း ခံရတာက (၅)ဧက။ အမြန်လမ်းဘက်ကို ပါတာလည်း အများကြီးရယ်။ အမြန်လမ်းထဲမယ် (၅)ဧက။ ဗိုလ်ချုပ်ဝေလွင် သိမ်းတဲ့အထဲမယ် (၅)ဧက။ လယ်မပါဘူး။ အမြန်လမ်းအတွက် အသိမ်းခံရတာလည်း ပိုက်ဆံမရဘူး။ ဗိုလ်ချုပ် ဝေလွင်သိမ်းတာက (၂၀၁၀)ခုနှစ်မှာ။ သိမ်းတဲ့ အချိန်မှာ အဖွားတို့ ပဲစိုက်ထားတယ်။ ယာစပါးစိုက် ထားတယ်။ အဖွားတို့ကို သိမ်းတာနဲ့ ပတ်သက်ပြီး ဘာမှမပြောဘူးလေ။ ဦးသိန်းဟန်ကနေပြီးတော့ မထွက်ပေးလို့ရင် ဒီလယ်တွေမီးနဲ့ရှို့ ပစ်မယ်ဆိုပြီး တော့ ပြောလို့ ထွက်ပေးရပါတယ်။
အဖွားတို့က ရွာမှာနေပြီးတော့ တောင်ယာထဲကို သွားသွားလုပ်တာလေ။ အဖွားတို့က ဘာမှပြန်မပြော တတ်ဘူးလေ။ သူတို့ကဖယ်ဆိုလို့ ဖယ်ပေးရတယ်။ အဲဒီအချိန်အခါမှာ ချွေးမလုပ်တဲ့သူက ပိုးထိလို့ ဆေးရုံ တင်ထားရတဲ့အချိန်။ ဒီယာတွေကို အတူနေသားနဲ့လုပ်စားနေတယ်။ အဖိုးက ကျမ်းမာရေးမကောင်းလို့ မလုပ် နိုင်တော့ဘူး။ အဖွားတို့နဲ့ ဗိုလ်ချုပ်ဝေလွင် တစ်ခါမှ မတွေ့ပါဘူး။ လယ်ဝေး(ဒက္ခိဏ)ရုံးကိုသွားတော့ အဖွားတို့ မပါဘူး။ စာရင်းထဲမှာ ဦးမောင်မောင်လို့ ခေါ်ပေမယ့် ဘယ်သူကမှ မခေါ်လို့ မပါသွားဘူး။ အဖွားတို့ဘာမှ ရထားတာလည်း မရှိသေးပါဘူး။
အဖွားကလည်း အများတကာလိုပဲ ရသင့်ရထိုက်တာလေးတော့ လိုချင်တယ်ပေါ့လေ။ မြေလေးရမယ် ဆိုရင် မြေပြန်လိုချင်တယ်။ တန်ရာတန်ကြေးရမယ်ဆိုရင်လည်း လိုချင်တယ်။ စီးပွားရေးအခြေအနေကတော့ ပဲပေါင်း (ပဲပြုတ်)ရောင်းစားရတာပေါ့။ သူများလို နေ့စားလိုက်စားလို့ ရတဲ့အရွယ်လည်း မဟုတ်တော့ဘူးလေ။ သားသမီးတွေလဲ အိုးခွဲပြီး ကစဥ့်ကလျား လုပ်စားကြရတာပေါ့။ ယာလေးတွေရှိတုန်းကတော့ အဆင်ပြေ သေးတာပေါ့ကွယ်။ သမီးလေးက ဆယ်တန်းတက်နေတဲ့အချိန်။ သမီးလေးကတော့ ဆရာမဖြစ်သွားတယ်။ ဒီလိုပဲ ရှာဖွေပြီး ထားရတာပဲ။
အဖွားကတော့ အနိုင်ကျင့်ပြီးသိမ်းတယ်လို့ပဲ ထင်တယ်။

အခန်း (၃)
ဓာတ်ပုံမှတ်တမ်း

Figure 1
သိမ်းဆည်းခံထားရသော လယ် နှင့် ယာမြေများအတွင်း တောင်သူဦးကြီးများ နှင့် လယ်သမာများ၏ ဇနီး အဖွားအိုတို့လိုက်လံ ပြသသည်ကို မှတ်တမ်းလိုက်လံ ရယူစဉ်

ဒေါ်ခင်မာအေး မှ ၎င်းတို့မိသားစု သိမ်းဆည်းခံထားရသော လယ် နှင့် ယာမြေများကို လိုက်လံ ပြသနေစဉ်

ကိုမင်းအောင်မှ ၎င်း၏ ယောက္ခမဖြစ်သူ သိမ်းဆည်းခံထားရသော တဲလေး နှင့် ၎င်းကိုယ်တိုင် သိမ်းဆည်း ခံထားရသော ယာမြေပေါ်မှ တဲကို ဖျက်ဆီးပစ်လိုက်ကြောင်း ရှင်းပြနေစဉ်

ကိုမင်းရာ မှ ၎င်း၏ ယာကွက်ကို လက်ညှိုးညွှန်၍ ယခင်က ဆီဆုံကြီးထားရှိကာ ဆီကြိတ်တဲ့ နေရာ နှင့် ယခုသိမ်းဆည်း၍ သွပ်စူးကြိုးခပ်ထားသည်တို့ကို ရှင်းပြနေစဉ်

သိမ်းဆည်းခံရသူ (၁၈)ဦးတွင် ဧကအများဆုံး သိမ်းဆည်းခံရသည့် ဦးကုလား မှ ၎င်း၏ လယ်မြေများကို လက်ညှိုးညွှန်၍ တမျှော်တခေါ်ရှိကြောင်း ရှင်းလင်းပြောဆိုနေခြင်း ဖြစ်သည်။
ညီဖြစ်သူ တပ်မတော် ၀န်ထမ်း (တပ်ကြပ်)၏ ဇနီးနှင့် တူ ၊ တူမလေးများအား လုပ်ကိုင်စားသောက်ရန် လယ်တစ်ဧကခွဲ နှင့် ယာ (၄)ဧက စိုက်ပျိုးလုပ်ကိုင်ရန် ခွဲပေးခဲ့ကြောင်း ပြောဆိုသည်။ တပ်မတော် ၀န်ထမ်းအချင်ချင်းပင် ဖြစ်သော်လည်း တပ်မတော်အကြီးအကဲ၏ လူပါးဝမှုအပေါ် ခံနေရသည်သာ ဖြစ်ကြောင်း ၊ လက်ရှိ သူ၏ လယ်မြေတွင် ဗိုလ်ချုပ် ဝေလွင်မှ သိမ်းဆည်းပြီး မြေပဲစိုက်ထားသည်ကို ရှင်းလင်းပြောဆိုနေခြင်း ဖြစ်သည်။

ပိတောက်ကုန်းကျေးရွာမှ ဦးသံချောင်းမှ ၎င်း သိမ်းဆည်းခံထားရသော ယာမြေပေါ်တွင် လုပ်ကိုင်စားသောက်ခွင့် မရတော့သည့်အခြေအနေကို ရှင်းလင်းပြောဆိုနေစဉ်။


ဦးပန်းမြိုင်၏ ဇနီး ဒေါ်သန်းမြင့်မှ ၎င်းတို့၏ ယာမြေအစပ်တွင် စည်းရိုးခတ်ထားကြောင်း ၊ ၎င်းတို့အနေဖြင့် လုပ်ကိုင် စားခွင့်မရသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ပြောဆို။

ဦးဖိုးထူး၏ ယခင်တဲနေရာဟောင်းတွင် ဗိုလ်ချုပ်ဝေလွင်၏ ဗိုလ်တဲ ဆောက်လုပ်ထားကြောင်း တောင်သူများ လိုက်လံ ပြသသည်။

ဗိုလ်ချုပ်ဝေလွင် ဆောက်လုပ်ထားသော ဗိုလ်တဲအား ဦးညွှန့်ဝင်း (တပ်ကြပ်ကြီး)၏သား ရဲကိုကိုနှင့် ဦးဖိုးထူးတို့မှ ဗိုလ်တဲဆိုသည့် ဗိုလ်ချုပ်ဝေလွင်၏ အဆောက်အဦးအား လိုက်လံပြသစဉ်

ဦးမောင်ရွှေမှ သရက်ပင်တည့်တည့်ကို လက်ညှိုးညွှန်၍ သူ၏ ယာကွက်ဖြစ်ကြောင်း ပြောဆို


အဖွားဒေါ်မြလေးမှ ၎င်း၏ ခဲအို ဦးစိမ်း ၏ အကွက်အား လက်ညှိုးထိုး၍ တပါတည်း မှတ်တမ်းတင်သွားကြပါ ကလေးတို့ရယ်ဟု ပြောဆို။

ဦးစိုး၏ ဇနီး အဖွားဒေါ်ထွေးမှ ၎င်း၏ ယာကွက်အတွက် ငွေတစ်ပြားတစ်ချပ်မှ ရရှိခြင်း မရှိကြောင်း ပြောဆို၍ ယာခင်းထဲရှိ ငှက်ပျောပင်မှ ငှက်ပျောခိုင်သွားခုတ်ရာတွင် ခြံစောင့် မှ မ၀င်ရဘူးဟု ပြောဆိုသည်ကို ငါတို့ တပြားတချပ်မှ ယူထားတာမရှိဟု ပြန်လည်ပြောဆိုကာ ငှက်ပျောခိုင် ၀င်ခုတ်ခဲ့ကြောင်း ရှင်းပြသည်။


ဦးလေးမြင့်မှ ၎င်း၏အကွက်အတွင်း သိမ်းဆည်းပြီး စိုက်ပျိုးခြင်းမရှိသည့်အတွက် ပြန်လည် တောထနေသည် ကို နောက်ခံထား၍ သိမ်းဆည်းခံရသည့် ပမာဏမှာ အမြန်လမ်းမကြီးအနီးထိ ပါဝင်ကြောင်း ပြောဆိုသည်။ အမြန်လမ်းမကြီးဖောက်လုပ်ရာတွင်လည်း ၎င်း၏ လယ်မြေများ သိမ်းဆည်းခံရပြီး ငွေကြေးမရရှိခဲ့ကြောင်း ဆိုသည်။

ဦးမောင်မောင်၏ ဇနီး အဖွားဒေါ်မြလေးမှ ၎င်းတို့၏ ယာမြေများကို လက်ညှိုးညွှန်၍ ယာများကို ဒုက္ခအမျိုးမျိုးခံပြီး ခုတ်ထွင်ရှင်းလင်းလုပ်ကိုင်ခဲ့ကြောင်း ရှင်းလင်းပြောဆို

ကျွဲတင်းကုပ်အား အမြန်ဖြတ်ခိုင်းသည်ဖြစ်၍ တင်းကုပ်ကိုဖျက်၍ လွတ်ရာတွင် တိုင်များကို ရွှေ့ပုံထားရကြောင်း အဘ ဦးမြင့် ပြောဆို

အခန်း (၄)
သုံးသပ်တင်ပြခြင်း
အထက်ပါ လယ်ယာသိမ်းဆည်းမှု ဖြစ်စဉ်သည် အရှင်းဆုံး သုံးသပ်ရမည်ဆိုလျှင် အာဏာအလွဲသုံး စားမှုဟု သာဆိုရမည်ဖြစ်သည်။ လယ်ယာမြေများကို သိမ်းဆည်းရယူရာတွင် နိုင်ငံတော်အကျိုးမှ တပါး အခြား ပေါ်ပေါက်သက်ရောက်ခြင်း မရှိစေရဟူသော သတ်မှတ်ချက်ကို ကျော်လွန်၍ နိုင်ငံတော်အကြီးအကဲတစ်ဦးမှ အာဏာနှင့် တပ်မတော်ကိုပါ အသုံးချ၍ သိမ်းဆည်းရယူသွားခြင်း ဖြစ်သည်။
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီမှ သုံးသပ်တင်ပြခဲ့သမျှ လယ်ယာမှုခင်းများတွင် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ / မရှိ။ နိုင်ငံတော် အနေဖြင့် အမှန်တကယ် အသုံးချခြင်း ရှိ / မရှိ။ လယ်ယာမြေကို လက်ငုတ် လုပ်ကိုင်နေသူများ နှင့် ပြေရာပြေကြောင်း ညှိနှိုင်းဆောင်ရွက်ခြင်း ရှိ / မရှိ ဟူသော ဥပဒေနှင့် ညီညွတ်ခြင်း ရှိ / မရှိ ဆိုသော အချက်အပြင် ကာယကံရှင် လက်ငုတ်လုပ်ကိုင်သူများနှင့် အဆင်ပြေပြေဆောင်ရွက်ခြင်း ဖြစ်လျှင် လည်း ဥပဒေပြင်ပ ဆိုသော်ငြား ကြိုက်ရောင်း / ကြိုက်ဝယ်သဘောမျိုးဖြစ်သဖြင့် တရားမျှတမှု ရှိသည်ဟု သုံးသပ်တင်ပြမြဲဖြစ်ပါသည်။
လယ်ယာမြေမှုခင်းများကို လိုက်ပါဆောင်ရွက်ခဲ့ပေါင်း များလာသည့် အားလျှော်စွာ သိမ်းဆည်းရယူ သူတို့သည် အာဏာရှိ ၊ ရာထူးကြီး များ ဖြစ်သည့်အားလျှော်စွာ နစ်နာသူများဘက်မှ ရပ်တည်ဆောင်ရွက် ပေးရာတွင် လွယ်လင့်တကူပြီးမြောက်ခြင်း မရှိသည့်အတွက်လည်း များစွာ စိတ်မကောင်းဖြစ်မိသည်။ စေတနာ ရှေ့ထားဆောင်ရွက်ကြပါလျှင် ဖြစ်ပေါ်လျှက်ရှိသော လယ်ယာမှုခင်းများသည် ဥပဒေနှင့် ညီညွတ်စွာ ဆောင် ရွက်ခြင်းဖြင့်သော်လည်းကောင်း ၊ နှစ်ဦးနှစ်ဖက် ပြေရာပြေကြောင်း ညှိနှိုင်းဆောင်ရွက်၍သော်လည်းကောင်း ပြီးမြောက်ရမည်သာဖြစ်ပါသည်။
နစ်နာသူများဘက်မှ ဥပဒေနှင့်အညီအညွတ်တင်ပြသော်လည်း အခြေအနေတို့သည်ထူးခြားမလာ။ နှစ်ဦး နှစ်ဖက်ပြေရာပြောကြောင်း ညှိနှိုင်းဖို့ အကြံပြုတင်ပြရာတွင်လည်း ဆောင်ရွက်ပေးခြင်း မရှိသည့် အလျှောက် နစ်နာသူများဖြစ်ကြသည့် တောင်သူလယ်သမားများမှ “စိုက်စားစရာ မရှိ ၊ တိုက်စားရမည့် အခြေ အနေ” သို့ ရောက်ရှိလာသည်။ ကျနော်တို့သည်လည်း နိုင်ငံရေးတာဝန်ကို ထမ်းဆောင်မည့်ဟု ဆုံးဖြတ်ထား သည့်အားလျှော်စွာ နစ်နာသူများ ပြေလည်မှုရသည်အထိ နည်းအမျိုးမျိုးဖြင့် လိုက်ပါကူညီဆောင်ရွက် ရမည်သာ ဖြစ်ပါသည်။
အထက်ပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ စဉ်းစား သုံးသပ်မည်ဆိုက ဘေးပတ်ဝန်းကျင်တွင်လည်း ကုမ္ပဏီများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ရှိနေသည်ကိုတွေ့ရသည်။ ထိုပုဂ္ဂလိက လုပ်ငန်းရှင်များသည် တောင်သူများနှင့် ညှိနှိုင်းကာ သင့်တော်သော ဈေးနှုန်းဖြင့် အသီးသီးရယူသွားသည့် အားလျှော်စွာ ပြဿနာ ပေါ်ပေါက်ခြင်း မရှိ ခဲ့ပေ။ ယခုသိမ်းဆည်းခံ (၁၈)ဦးသာလျှင် တခြားတောင်သူများကဲ့သို့ ထိုက်တန်သော နစ်နာကြေး ရရှိခြင်း မရှိဘဲ ယနေ့ထက်တိုင် မပြေလည်နိုင်ကြသေးပေ။
သစ်တောမြေဟုဆို၍ တောခေါင်းမှ ဗိုလ်ချုပ်ဝေလွင်အတွက်ဟု ဆိုကာ သိမ်းဆည်းခြင်းဖြစ်သည်ဟု တောင်သူများကလည်း ဆိုသည်။ သစ်တောမြေနှင့် ပတ်သက်၍ ကျနော်တို့ လိုက်ပါဆောင်ရွက်ခဲ့သော ကသာ မြို့ ဖြစ်စဉ်ကိုသာ ပြန်လည်သုံးသပ်ပြလိုပါသည်။ ယခုဖြစ်စဉ်သည် ဧက (၁၀၀)ခန့် ၊ တောင်သူ (၁၈)ဦးမျှသာ ရှိပါသည်။ ကသာမြို့နယ် ၊ အင်းဒယန်းကျေးရွာ နှင့်အနီးတ၀ိုက်မှ သစ်တောမြေအတွင်း ကြံစိုက်တောင်သူများ အား ဂရိတ်ဝေါကုမ္ပဏီမှ သစ်တောဌာန အပါအ၀င် သက်ဆိုင်ရာတို့၏ အင်အားကို သုံးကာ တောင်သူများ လုပ်ကိုင်စားသောက်လျှက်ရှိသော မြေကို ရယူရန်ကြိုးပမ်းမှုတွင် ဧကပေါင်း (၃၀၀၀၀)ကျော် နှင့် တောင်သူ (၇၀၀)ခန့် ရှိပါသည်။ အဆိုပါဖြစ်စဉ်တွင် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ နိုင်ငံတော် ဟူသည် (မြေကြီး + ပြည်သူ) ဟု ရှင်းလင်းပြောဆို၍ နိုင်ငံသူ နိုင်ငံသားတို့၏ စားဝတ်နေရေး ၊ ဘ၀ရပ်တည် ရေးအတွက် ဒီမြေပေါ်မှာမှ လုပ်ကိုင်စားသောက်ခွင့် မရလျှင် မည်သို့ လုပ်ကိုင်စားသောက်ရမည်နည်း။ ဧရာဝတီတိုင်း နှင့် နှိုင်းချိန်ထိုး၍ မြစ်ချောင်းများ ဘေးတစ်လျှောက်မှ သစ်တောများအတွင်း ၀င်ရောက်၍ တောတိုးလုပ်ကိုင်ခြင်းကြောင့် လယ်မြေပေါင်းများစွာ တိုးပွားလာရခြင်းဖြစ်ကြောင်းနှင့် အခြေမဲ့ အနေမဲ့ လက်လုပ်လက်စားတို့မှာ တောတောင်များအတွင်း ဒုက္ခခံ၍ နိုင်ငံတော်အကျိုး ကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သူများ အဖြစ်သာ ရှုမြင်သင့်ကြောင်းဖြင့် သုံးသပ်ပြောဆိုခဲ့ပါသည်။ ယခုဖြစ်စဉ်ကိုလည်း ထိုနည်း တူစွာပင် သုံးသပ်ရပါမည်။
တောင်သူများသည် မိမိတို့ ဘ၀ရပ်တည်ရေးအတွက် တောတိုးခုတ်ထွင် လုပ်ကိုင်လာခြင်း ဖြစ်သကဲ့ သို့ နိုင်ငံတော်မှ ပေးအပ်သည့် တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ သစ်တောမြေဟု ဆို၍ သိမ်းဆည်းရာတွင် ယခင်နှစ်ပေါင်းများစွာက ထိုသို့ ပြောဆိုခြင်းမျိုးတစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပါပဲလျှက် ယခုအခါ ဗိုလ်ချုပ်ဝေလွင် မျက်စိကျပါမှ သစ်တောဟူသော နာမ်စားသုံးကာ ရယူသွားခြင်းမျိုးဖြစ်ရကား လွန်စွာမှပင် အရုပ်စိုး အကျည်းတန်သော လုပ်ရပ်ပင် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေနှင့် တိုင်းသူပြည်သားများ၏ အကျိုးစီးပွားကို ရှေးရှုသည်ဟု ဆိုပါလျှင် နိုင်ငံတော် အကြီးအကဲတို့သည် ဖြစ်သည့်အတွက်ကြောင့် ထိုသို့သောလုပ်ရပ်မျိုးကို လုပ်ရသနည်း ဟု မေးဖွယ်ဖြစ်လာပေမည်။ အချီနိဒါန်းတွင် ပြောဆိုထားသကဲ့သို့ နိုင်ငံတော်သမ္မသည် မိမိတာဝန်ထမ်းဆောင် သည့် အစိုးရလက်ထပ်တွင် လယ်ယာမြေသိမ်းဆည်းမှုများမရှိဟု ပြောဆိုထားသော်ငြား ယခုဖြစ်စဉ်သည် နိုင်ငံတော်အစိုးရသစ်လက်ထပ်ပေါ်ပေါက်သော အမှုဖြစ်၍ ဖုံးဖိထားခြင်း ကြောင့်သာလျှင် နိုင်ငံတော်သမ္မတ မသိရှိခဲ့ခြင်းဖြစ်မည်။ ထို့အတွက်လည်း မိမိ၏ အစိုးရလက်ထက် လယ်ယာမြေသိမ်းဆည်းမှု မရှိဟု ပြောဆိုမိ ခြင်းဖြစ်ပေလိမ့်မည်။
နိုင်ငံတော်သမ္မတ မသိရှိသော နိုင်ငံတော်အစိုးရသစ်လက်ထက် လယ်ယာမြေသိမ်းဆည်းမှုများ နေပြည်တော်အနီးတ၀ိုက်ရှိနေသေးသည်ဟု အရိပ်အမြွက်မျှ ပြောကြားလိုပါသည်။ ဖုံးဖိထားခြင်း ကြောင့် ပေါ် ပေါက်မလာခြင်း ဖြစ်ပေမည်။ ပြည်သူတို့၏ တင်ပြတိုင်ကြားစာများကို ရှေးယခင်နည်းအတိုင်း အမှိုက်ပုံး သို့မဟုတ် ဖျေက်ဖျက်ခြင်းကြောင့်လည်း နိုင်ငံတော်သမ္မတ မသိရှိလိုက်ရခြင်း ဖြစ်ပေမည်။
ယခုဖြစ်စဉ်ပါ တောင်သူများ ရင်ထုမနာဖြစ်ရသည်မှာ ယုံကြည်အားကိုး၍ မဲပေးလိုက်ကာမှ လယ်ယာမြေတွေ ပတ်သိမ်းနေခြင်းအပေါ် အယုံအကြည်မဲ့လာကြခြင်း ဖြစ်သည်။ မည်သူ့မျှ အားကိုးမရသည့် အခြေအနေသို့ ရောက်ရှိလာသည်ဖြစ်၍ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်ဖို့အထိ ဆုံးဖြတ်ထားကြပေ ပြီ။ တောင်သူများမှ ယခုနှစ်စိုက်ပျိုးရာသီအမီ တောင်သူများ၏ နစ်နာမှုအား တန်ရာတန်ကြေး ပေးလျှော်ခြင်း မရှိလျှင် မိမိအကွက်မိမိ ပြန်လည်စိုက်ပျိုးတော့မည် ဟု ဆုံးဖြတ်ထားကြပေပြီ။ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ် လာပါက ပြည်သူများပင် အထိနာမည်ကို စိုးရိမ်မိပေသည်။
လက်ရှိမြေပြင်အခြေအနေတွင် တောင်သူများလုပ်ကိုင်စဉ်က နှစ်စဉ်မပျက် စိုက်ပျိုးခဲ့သော နေရာများ တွင် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့်အတွက် ခြံနွယ်ပိတ်ပေါင်းများပင် ထူထပ်နေပေပြီ။ လယ်ယာလက်မဲ့ဖြစ် သွားသော လယ်သမားများအား ၎င်းတို့သိမ်းဆည်းရယူသွားသည့် လယ်ယာမြေထဲတွင် နေ့စားလုပ်သားအဖြစ် ပင် ပြန်မခိုင်းနိုင်လောက်အောင် ပြတ်သားသော အာဏာရှိသူကိုလည်း လွန်စွာမှ နားကျည်းနေကြပေသည်။
စုံစမ်းရေးကော်မရှင် စစ်ဆေးခြင်း မပြုနိုင်အောင်ပင် တားဆီးထားသည်ဟု သတင်းကြားသိရသဖြင့် ယခုဖြစ်စဉ်ပါ လယ်သမားများအရေး မည်သူက ဆောင်ရွက်ပေးမည်နည်း မည်သို့စီစဉ်ပေးမည်နည်းဟု မည်သူ့ကိုမေးရမည်ကိုပင် မသိနိုင်လောက်အောင်ဖြစ်ရပါသည်။

လမ်း၏ တဖက်တွင် ယုဇနကုမ္ပဏီမှ လယ်သမားများနှင့် ညှိနှိုင်းကာ တန်ရာတန်ကြေးပေး၍
သိမ်းဆည်းထားခြင်းဖြစ်ကြောင်း သက်သေ
ယခုဖြစ်စဉ်အား မီဒီယာများမှ ကျယ်ကျယ်ပြန်ပြန်ဖော်ပြလျှင် နိုင်ငံတော်အကြီးအကဲတစ်ဦး၏ ဂုဏ် သိက္ခာကို ချိုးနှိမ်ရာရောက်ပေတော့မည်။ သို့ဖြစ်ပါသောကြောင့် နစ်နာသူလယ်သမားများအရေး ဆောင်ရွက် ပေးမည်ဆိုကလည်း အလွယ်တကူပင်ပြီးမြောက်နိုင်ပါသည်။ အတွေ့အကြုံ နှင့် အကြားအမြင် ရှိလာပြီဖြစ် သော တောင်သူများ တောင်းဆိုသကဲ့သို့ အများနည်းတူ တန်ရာတန်ကြေးပေး၍ တောင်သူများ၏ နစ်နာမှု အတွက်ဆောင်ရွက်ပေးခြင်းဖြင့်လည်း ပြီးမြောက်နိုင်ပါသည်။
တောင်သူများတောင်းဆိုသည့် ဒုတိယနည်းလမ်းမှာ မိမိတို့လယ်ယာမြေ မိမိတို့ ပြန်လည်လုပ်ကိုင် စားသောက်ခွင့်ရရှိရေး ဟုဆိုကြသည်။ ထိုတောင်းဆိုမှုအတွက် မြေလွပ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဆိုင်ရာ ဥပဒေနှင့် နှိုင်းချိန်ပြလိုပါသည်။ မြေလွတ်မြေလပ်ဟု ဆိုသော်ငြား တောင်သူများ စိုက်ပျိုးလာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ကြောင်း သတိချပ်ရမည်။ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဆိုင်ရာ ပြဌာန်းချက်အရလည်း လက်ငုတ်လုပ်ကိုင်နေသူများရှိပါက လက်ငုတ်လုပ်ကိုင်သူနှင့် လျှောက်ထား လုပ်ကိုင်လိုသူ နှစ်ဦးနှစ်ဖက်ကို မြေယာစီမံခန့်ခွဲရေး ကော်မရှင်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟူ သောအချက်ပါရှိပြီး ဖြစ်ပါသည်။ ယခုလယ်မြေသိမ်းဆည်းခံ အမှုမှာ အာဏာသုံး၍ ရယူသွားခြင်း ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် သုံးသပ်၍ အမြန်ဆုံး ညှိနှိုင်းဖြေရှင်ဆောင်ရွက်ပေးနိုင်ပါရန် သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။

ဦးအောင်မျိုးဦး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ

1 comment :

Anonymous said...

very easy,all farmers' children try to become army officers and then after they grow up, can occupy back for their parents fields. Same the way, every body want to get democracy, all must go in army and keep wishing and then fighting back that will get back what they want. If keep in army about 20years, now really can get democracy.