Monday 22 April 2013

ဒေါက်တာဘမော်အကြောင်း

၁၉၂၄ ခုနှစ်တွင် ဒေါက်တာဘမော်သည် ဘောဒိုးတက္ကသိုလ်မှ ပါရဂူဘွဲ့ (Ph.D)
ရရှိခဲ့သည်။ ဤသို့ ဖြင့် ပြင်သစ်နိုင်ငံမှ ပါရဂူဘွဲ့ ရရှိပြီးနောက် ၁၉၂၄ ခုနှစ်
နွေရာသီတွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင်
“ဗုဒ္ဓသာသနာပြုကျမ်း” ပြုစုရာမှ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာခဲ့သည်။
ထို့ နောက် ၁၉၂၆ ဧပြီ ၅ ရက်တွင် ဗမာအမျိုးသမီး ဒေါ်ခင်မမနှင့် အိမ်ထောင်ပြု
ခဲ့ပြီး ၀တ်လုံတော်အဖြစ် ဆောင်ရွက်နေရာမှ ၁၉၃၀ ပြည့်နှစ် ဖြစ်ပွားခဲ့သည့်
တောင်သူလယ်သမားအရေးတော်ပုံကြီး ကြုံကြိုက်ခဲ့ရာ အရေးတော်ပုံအတွင်း
တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံအဖမ်းခံရသောကြောင့်
ဆရာစံဘက်မှာ ၀တ်လုံအဖြစ် ဆောင်ရွက်ရာမှ နိုင်ငံရေးလောက၌ ထင်ရှားလာ
ခဲ့သည်။

ဝတ်လုံဒေါက်တာဘဟန်၊ ၀တ်လုံဒေါက်တာဘမော်၊ ၀တ်လုံကျော်မြင့်၊ ၀တ်လုံ
ကျော်ရင်၊ အမိန့် တော်ရ ရမ်းဗြဲဦးမောင်မောင်၊ ဒီးဒုတ်ဦးဘချို၊ အယ်ဒီတာနှင့်
စာရေးဆရာဦးဘခိုင်တို့ ပါဝင်သော မခွဲခွာရေး (တွဲရေး)အသင်းတစ်ခုကို
ဖွဲ့ စည်း၍ မြန်မာပြည်ကို အိန္ဒိယပြည်မှ မခွဲခွာသင့်ကြောင်း ဟောပြောကြသည်။
ထိုအဖွဲ့ ကို “မော်၊မြင့်၊ဗြဲ ပါတီ” ဟုခေါ်ကြသည်။ ၁၉၃၂ ဖေဖော်ဝါရီ ၂၄ရက်နေ့ 
တွင် တွဲရေးခေါင်းဆောင် ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်နှင့်
ခွဲရေးခေါင်းဆောင် ဦးဘဘေ၊ ဦးဘစီတို့  ယှဉ်ပြိုင်ဟောပြောသော ခွဲရေးတွဲရေး
ဟောပြောချက်များမှာ နှစ်ဖက်စလုံးပင် ယုတ္တိ သာဓက အကိုးအကားများ
ပါဝင်ကြသဖြင့် အလွန်ပင်ထင်ရှားသော ဟောပြောပွဲတစ်ခုဖြစ်သည်။

ဒေါက်တာဘမော်သည် ပညာရေးဝန်ကြီးအဖြစ် ထမ်းရွက်နေချိန်အတွင်း
ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ပေးပေါက်လာခဲ့သည်။
သပိတ်ပေးပေါက်ရခြင်းအကြောင်းအရင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ
ကိုနုသည် အမျိုးသားနေ့ တွင် တက္ကသိုလ်အုပ်ချုပ်ပုံမကောင်းကြောင်း
ဟောပြောသဖြင့် ကျောင်းအုပ်ကြီး မစ္စတာဒီကျစလော့စ် (D.J Sloss)က
ကိုနုအား ကျောင်းမှထုတ်လိုက်သည့်အကြောင်းဖြစ်သည်။ ထို့ ပြင် ကိုအောင်ဆန်း
အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သော အိုးဝေမဂ္ဂဇင်း အတွဲ ၅၊ အမှတ် ၁
(၁၉၃၆ ဇန်န၀ါရီ)ထုတ်တွင် အင်္ဂလိပ်ကဏ္ဍပိုင်း၌ ပါဝင်သော Yamamin
(ယမမင်း)၏ The Hell Hound At Large (ငရဲခွေးကြီး လွတ်ပြေးနေသည်)
အယ်ဒီတာထံပေးစာကြောင့် ၇န်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြိး စကော့စ်က
ပေးစာရေးသူအမည်ကို ဖော်ထုတ်ပေးရန် အယ်ဒီတာ ကိုအောင်ဆန်းအား
တောင်းဆိုလိုက်ရာ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်ဝတ္တရားအရ
ကလောင်ရှင်အမည်ကို ဖွင့်ဟထုတ်ပြောရန် ငြင်းပယ်လိုက်သဖြင့်
ကိုအောင်ဆန်းအား ကျောင်းမှထုတ်ပစ်ရန် တက္ကသိုလ်အာဏာပိုင်များက
ကြံရွယ်နေကြောင်း သတင်းထွက်ပေးလာသည်။ ကျောင်းသားများညီညွတ်စွာ
သပိတ်မှောက်ခဲ့သော ကျောင်းသားသပိတ်ကြောင့် ပညာရေးဝန်ကြီး
ဒေါက်တာဘမော် အခက်အခဲနှင့်ကြုံတွေ့ ကာ တက္ကသိုလ်သပိတ်ကိစ္စကို စုံစမ်းရန်
ဆာမြဘူးကော်မတီ (Sir Mya Bu Comittee)ကို ဖွဲ့ စည်း၍ စုံစမ်းစေသည်။
ထို့ ပြင် ယင်းကော်မတီကို တက္ကသိုလ်ဥပဒေကို ပြင်ဆင်ရန်လည်း တာဝန်ပေး
ထားသည်။ ပညာရေးဝန်ကြိးဒေါက်တာဘမော်သည် သပိတ်ကျောင်းသား
ခေါင်းဆောင်များနှင့် အကြိမ်ကြိမ်တွေ့ ဆုံ၍ ကျောင်းသားများ ကျေနပ်အောင်
ဆောင်ရွက်ပေးခဲ့ရသည်။ စုံစမ်းရေးကော်မရှင်အစီရင်ခံစာထွက်ပြီးနောက်
မကြာမီမှာပင် “ဘာဆာ” (Bursor)ခေါ် တက္ကသိုလ်ငွေထိန်း ဦးထင်အပေါ်
ကျောင်းသားများ၏ စွပ်စွဲချက်ကို စုံစမ်း၍ အလုပ်မှထုတ်ပစ်လိုက်သည်။
ထို့ နောက် ကျောင်းသားများနှင့် ဒေါက်တာဘမော်တို့  သဘောတူညီချက်
ရရှိပြီးနောက် ၀န်ကြီး၏ ကတိဖြင့် ကျောင်းသားများကျောင်းပြန်တက်ကာ
သပိတ်မှောက်ခြင်း ပြီးဆုံးသွားသည်။

၁၉၃၆ ခုနှစ် ဧပြီလတွင်ကျင်းပသော အကြိမ် ၂၀ မြောက် မင်္ဂလွန်းဂျီစီဘီအေ၏
နှစ်ပတ်လည်ညီလာခံတွင် ဒေါက်တာဘမော်သည် ၉၁ ဌာနအုပ်ချုပ်ရေး
ရွေးကောက်ပွဲ ၀င်ရောက်အရွေးခံရန် ဆုံးဖြတ်ခဲ့ပြီး ဆင်းရဲသားများအကျိုး
ဖြစ်ထွန်းစေသော “ဆင်းရဲသားဝါဒ” ကို ကွန်ဖရန့် အစည်းအဝေးသို့ တင်၍
ညီလာခံက ဆွေးနွေးအတည်ပြုခဲ့သည်။ ထိုနှစ် ၉၁ဌာနအုပ်ချုပ်ရေးသစ်
ရွေးကောက်ပွဲတွင်လည်း ထိုနိုင်ငံရေးလမ်းစဉ်ကို ၀ါဒတစ်ရပ်အနေအားဖြင့်
ဒေါက်တာဘမော်၏ ဆင်းရဲသားအဖွဲ့ က နိုင်ငံတွင် အထပ်ထပ်ကြေညာ၍
မဲဆွယ်စည်းရုံးခဲ့သည်။ အတိုက်အခံပါတီဝင်များကလည်း ဒေါက်တာဘမော်သည်
ငါးထောင်ကျပ်စားပညာရေးဝန်ကြီးကို လက်ခံယူ၍ ဆင်းရဲသားဝါဒအကြောင်းကို
ဟောပြောနေခြင်းမှာ ရှေ့ နောက်မညီညွတ်၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝါဒ
သည် မဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ကြသည်။ ရွေးကောက်ပွဲပြီး၍ အမတ်အင်အား
၁၆ ယောက်သာရသောအခါ ဘုရင်ခံက ဒေါက်တာဘမော်အား ပညာရေးဝန်ကြီး
ရာထူးမှ နုတ်ထွက်စေပြီး ပညာရေးဝန်ကြီးနေရာတွင် ၀တ်လုံဦးသိမ်းမောင်ကို
ခန့် အပ်ခဲ့သည်။

ဒေါက်တာဘမော်နန်းရင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသောအချိန
၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၈ ရက်တွင် ချောက်ရေနံမြေမှစတင်၍ အလုပ်သမား
သပိတ် စတင်ဖြစ်ပွားသည်။ ရေနံချက်စက်ရုံမှ သပိတ်မှောက်ဖြစ်ပွားနေစဉ်
အတွင်း ဗုဒ္ဓဘာသာ မွတ်စလင်အဓိကရုဏ်းကြီးသည် ၁၉၃၈ ခုနှစ် ဇူလိုင် ၂၆
ရက်နေ့  ညနေပိုင်းကစ၍ ရန်ကုန်မှစတင်ဖြစ်ပွားခဲ့သည်။

ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ၊ တို့ ဗမာအစည်းအရုံးနှင့် ကျောင်းသားများ
အဖွဲ့ ပူးပေါင်း၍ စစ်အတွင်း အင်အားစုကြီးတစ်ရပ်ဖွဲ့ စည်းရန် ဆုံးဖြတ်ကြသည်။
ထိုအဖွဲ့ ကြီး၏အမည်ကို သတ်မှတ်ရန်ရွေးချယ်ကြသောအခါ ဒေါက်တာဘမော်က
ရှေးမြန်မာရာဇ၀င်တွင် အထင်အရှားရှိခဲ့သည့် ထွက်ရပ်ပေါက်ဘိုးဘိုးအောင်၏
ထူးခြားသောအစွမ်းသတ္တိအပေါ် အခြေခံ၍ “ဗမာ့ထွက်ရပ်ဂိုဏ်း” ဟု အမည်ခေါ်ရန်
အကြံပြုခဲ့သည်။ ထို့ နောက် ဒေါက်တာဘမော်၏နေအိမ်တွင် ကျင်းပသော
အစည်းအဝေးတွင် “ဗမာ့ထွက်ရပ်ဂိုဏ်း” ကို စတင်ဖွဲ့ စည်းခဲ့သည်။
ဒေါက်တာဘမော်မှ ဦးစီးခေါင်းဆောင်ဖြစ်ပြီး သခင်အောင်ဆန်းမှာ အတွင်းရေးမှူး
ဖြစ်၏။ ဗမာ့ထွက်ရပ်ဂိုဏ်ကြီးအနေဖြင့် ၁၉၄၀ ခုနှစ် အစောပိုင်းကာလသို့ 
ရောက်သော် လူထုထောက်ခံမှု တခဲနက် ရရှိခဲ့ရုံမျှမက ဗမာ့ထွက်ရပ်ဂိုဏ်ကြီးတွင်
ပူးပေါင်းဆောင်ရွက်နေသောပါတီအချင်းချင်း စည်းလုံးညီညွတ်မှုလည်း ပိုမို
ခိုင်မာလာသည်။ ၁၉၄၀ နှစ်လယ်လောက်ရောက်သောအခါ သခင်အောင်ဆန်း
သည် မြန်မာပြည်လွတ်လပ်ရေးအတွက်၊ နိုင်ငံခြားအကူအညီရရေးအတွက်
ပြည်ပနိုင်ငံသို့ သွားရောက်ရန်ကိစ္စကို ဒေါက်တာဘမော်ထံ လာရောက်ဆွေးနွေး
ခဲ့သည်။ ထို့ နောက် ဒေါက်တာဆူဇူကီး၏ ဆက်သွယ်ပေးမှုကြောင့် ဂျပန်သံရုံးမှ
ဒုတိယကောင်စစ်ဝန် မစ္စတာဖူကိုင်းနှင့် ဗမာ့ထွက်ရပ်ဂိုဏ်းခေါင်းဆောင်များ
ဖြစ်ကြသော ဒေါက်တာဘမော်၊ သခင်အောင်ဆန်း၊ ဦးသိန်းမောင်တို့ သည်
ဒေါက်တာဘမော်၏နေအိမ်၌ သခင်အောင်ဆန်း ဂျပန်နိုင်ငံသို့ ထွက်ခွာရန်
အစီအစဉ်များကို ညှိနှိုင်းခဲ့ကြသည်။

၁၉၄၁ ခုနှစ် သြဂုတ်လ ၁ ရက် နံနက် ၈း ၃၀ နာရီ၌ ရန်ကုန်မြို့  အစိုးရအိမ်တော်
တွင် မြန်မ့လွတ်လပ်ရေးနေ့ သဘင်အခမ်းအနားများ ကျင်းပသည်။ နံနက်
၉ နာရီတွင် မြန်မာနိုင်ငံတော်အုပ်ချုပ်ရေးစီမံမှုအဖွဲ့ ဝင် ဗန္ဓုလဦးစိန်က
ရွှေပုရပိုက်ကို ဖွင့်လှစ်၍ မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြားပြီး
မြန်မာနိုင်ငံအုပ်ချုပ်ရေးစည်းမျဉ်းဥပဒေအတည်ပြုခြင်းဖြစ်ကြောင်း ကြေညာသည်။
ထို့ နောက် ဒေါက်တာဘမော်အား နိုင်ငံတော်အဓိပတိအဖြစ် တင်မြှောက်ပြီး
“အရှင်မင်းကြီး” ဟူသော ဝေါဟာရသစ်တစ်ခုကို အာဏာရှင်ဘုရင်ဆန်ဆန်
သုံးစွဲရန်နှင့် ဒေါက်တာဘမော်၏ဇနီးကိုလည်း “ကြင်ယာတော်” ဟူသော
အသုံးအနှုန်း ခေါ်ဝေါ်သုံးစွဲကြရန်ကိုလည်း ဆုံးဖြတ်ခဲ့သည်။ ထို့ နောက်
ဗန္ဓုလဦးစိန်ကဘဲ မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းကြီးကို ဖတ်ကြားလေ၏။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ည ၇ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ သည်
သရက်ခရိုင် ပုဏ္ဏားကျွန်းတွင် ဖွင့်လှစ်ထားသော ပြည်သူ့ လွတ်လပ်ရေး
တပ်မတော်ဌာနမှ ဖက်ဆစ်ဂျပန်ကို တော်လှန်လိုက်ပြီဖြစ်ကြောင်း ကြေညာကာ
ဖတပလ မှ ဦးစီး၍ မြန်မာနိုင်ငံတ၀န်းလုံးရှိ ဖက်ဆစ်ဂျပန်တို့ အား ဆင်နွှဲ
လိုက်ကြလေသည်။ ၁၉၄၅ ခု ဧပြီ ၂၂ တွင် ဂျပန်တပ်များ၏ စစ်သေနာပတိချုပ်
ကီမူရာက ၄င်း၏စစ်ဦးစီး ဒုတိယဗိုလ်ချုပ်ကြီး တာနာကာအား ရန်ကုန်မှ
အတင်းဆုတ်ခွာခိုင်းသည်။ ယင်းနေ့ မှာပင် ဂျပန်စစ်ဗဟိုဌာနချုပ်မှ
ဒေါက်တာဘမော်ဦးဆောင်သော ၀န်ကြီးများအား ဧပြီ ၂၃ ည ၁၈ နာရီတွင်
မော်လမြိုင်သို့ လိုက်ပါရန် အမိန့် ထုတ်ခဲ့သည်။ ထို့ နောက် ၁၉၄၅ ခု ဧပြီ ၂၃
ည ၉း ၃၀ နာရီတွင် ရန်ကုန်မှဆုတ်ခွာသော ဂျပန်စစ်တပ်ကြီးများနှင့်အတ
ဒေါက်တာဘမော်နှင့် မိသားစုဝင်များ၊ ဒေါက်တာဘဟန်၊ ဦးလှဖေ၊
သခင်လွန်းဘော်၊ သခင်နု၊ ဗန္ဓုလဦးစိန်တို့ သည် လိုက်ပါသွားခဲ့ကြသည်။

ဒေါက်တာဘမော်သည် ဂျပန်တို့ လက်နက်ချပြီးနောက် ၁၉၄၅ ခုနှစ် သြဂုတ်လ
၁၆ ရက်နေ့ တွင် ဂျပန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းရန် ယိုးဒယား မြန်မာ
ရထားလမ်းခရီးဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ ဂျပန်နိုင်ငံတွင် ခေတ္တ
ခိုအောင်းနေခဲ့ပြီးနောက် ၁၉၄၅ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တိုကျိုရှိ
ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီး ဖီးဂျီးစ် ထံတွင် လက်နက်ချ အဖမ်းခံခဲ့သည်။
၁၉၄၅ ဒီဇင်ဘာလကုန်ခန့် တွင် ဒေါက်တာဘမော်အား အမေရိကန်
ထောက်လှန်းရေးအဖွဲ့ က ဆူဂါမိုအကျဉ်းထောင်သို့  လွှဲပြောင်းပေးခဲ့သည်။
ဆူဂါမိုအကျဉ်းထောင်တွင် ၁၉၄၆ ဇူလိုင်လကုန်အထိ ကြာမြင့်ခဲ့ပြီး ဗြိတိသျှ
အစိုးရ၏ စစ်အတွင်းအပစ်များမှ ခွင့်လွှတ်ကြောင်းအမိန့် ထွက်လာပြီးနောက်
မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့  ၁၉၄၆ သြဂုတ်လ ၁ ရက်တွင် ရောက်ရှိလာရာ
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့ 
လွတ်လပ်ရေးအဖွဲ့ ချုပ် (ဖဆပလ)တွင် ပါဝင်ရန် စည်းရုံးခဲ့သော်လည်း
လက်မခံဘဲ မဟာဗမာပါတီကို ပြန်လည်ထူထောင်ကာ ဗြိတိသျှကိုဆန့် ကျင်သည့်
အတိုက်အခံနိုင်ငံရေးသမားများကို ခေါင်းဆောင်ခဲ့သည်။ ဒေါက်တာဘမော်သည်
၁၉၄၇ ဇန်န၀ါရီ ၂၇ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်းဝန်
အက်တလီတို့  ချုပ်ဆိုခဲ့သော “အောင်ဆန်း - အက်တလီစာချုပ်” ကို
ဆန့် ကျင်ခဲ့သည်။

ဒေါက်တာဘမော်သည် ၁၉၄၇ မတ်လ ၉ ရက်တွင် ရန်ကုန်မြို့  နေသူရိန်ရုံကြီး၌
မဟာဗမာအဖွဲ့ ချုပ်မှ ကြီးမှူးသော ဗမာ့လက်ငင်း လွတ်လပ်ရေး အစည်းအဝေး
တွင် သဘာပတိဆောင်ရွက်ကာ အောင်ဆန်းအက်တလီစာချုပ်နှင့် ပက်သက်ပြီး..

“အင်္ဂလိပ်က ဗမာတောင်းသမျှကို ပေးရမယ့်အခြေအနေ၊ ဗမာက အင်္ဂလိပ်ဆီက
တောင်းသမျှ ရရမယ့်အခြေအနေမှာ ရောက်ခဲ့နေတယ်။ သူတို့ ဟာ လက်ကိုင်မမီ
ခြေကုတ်မရ ဖြစ်နေကြတာ ကမ္ဘာကတောင်သိတယ်။ တကမ္ဘာလုံးမှာ
သူတို့ ဟာ မီးတွေပတ်ပတ်လည်ဝိုင်းနေတယ်။ စစ်ပြီးကတည်းက အင်္ဂလိပ်တွေဟာ
အာရှတိုင်းပြည်တွေကနေ အထုတ်ထမ်းပြီး ပြေးရတော့မယ့်ဘ၀ ရောက်နေပါတယ်။
ဒါကိုလည်း အာရှတိုင်းပြည်တွေက သိကြတယ်။ သိတဲ့အတိုင်း လုံးဝအလျှော့
မပေးဘဲ အရေးဆိုကြတယ်။ အိန္ဒိယ၊ အီဂျစ်၊ ပါလက်စတိုင်းတို့ ဆိုရင် အင်္ဂလိပ်က
ဈေးဆစ်တာတောင် တစ်ရွေးသားမှ မခံကြဘူး။ ဦးအောင်ဆန်းတို့ တစ်ဦးတည်း
ကသာ အင်္ဂလိပ်ကပေးသမျှကို တင်းတိမ်ပြီး သဘောတူလက်မှတ်ထိုးခဲ့ကြတယ်။
ဦးအောင်ဆန်းကိုယ်တိုင်လည်း ၀န်ခံထားတယ်။ ဗမာတပြည်လုံးလည်း သိနေကြတဲ့
ကိစ္စဘဲ။ ဘာလဲဆိုတော့ ဒီစာချုပ်ဟာ ၁၉၃၅ ခုနှစ် ဗမာပြည်အုပ်ချုပ်ရေးဥပဒေနဲ့ 
၁၉၄၅ ခု ဗမာပြည်အုပ်ချုပ်ရေးဥပဒေ၊ အဲဒီနှစ်ခုပေါ်မှာ အခြေတည်တယ်။
ရှင်းရှင်းဆိုရင် အဂ်လိပ်အစိုးရက လုံးဝတာဝန်ခံရတဲ့ အင်္ဂလိပ်ဘုရင်ခံအာဏာရှင်
ဖြစ်တဲ့ အုပ်ချုပ်ရေးဘဲ။ ဦးအောင်ဆန်းလက်မှတ်မထိုးခင်ကအတိုင်းဆိုရင်
ဒီဘုရင်ခံအာဏာရှင်အုပ်ချုပ်ရေးဟာ ရွေးကောက်ပွဲပြီးတာနဲ့ တပြိုင်နက်
ရုပ်သိမ်းရမယ်။ အခု အင်္ဂလိပ်အောင်ဆန်းစာချုပ်ကြောင့် ဗမာ့လွတ်လပ်ရေး
မရမချင်း တည်နေမယ်တဲ့။ ဒါဟာ စာချုပ်ထဲကအတိုင်းဘဲ။ ဒီစာချုပ်ကို
သေသေချာချာစဉ်းစားရင် ပုလိပ်အဖွဲ့ ဥက္ကဌ ဦးဝင်းမောင်ရဲ့ စကားအတိုင်း
“၀ါးလေခါးလေ“ ဘဲ။

ဦးအောင်ဆန်းဟာ ဘိလပ်သွားပြီး ဘာသွားတောင်းတာလဲ။ သူတို့  ဖဆပလ
အဖွဲ့ ကရော၊ ဖဆပလ သတင်းစာတွေကရော ခုမှ သူတို့ တောင်းတဲ့
အချက်တွေကိုမေ့အောင် အမျိုးမျိုးလုပ်နေကြပေမယ့် ဗမာတွေရော၊
ကမ္ဘာကရော မမေ့ဘူးနော်။ ဘာတွေတောင်းခဲ့သလဲ။ (၁) ဗမာ့လွတ်လပ်ရေးကို
တစ်နှစ်အတွင်း ကန့် သတ်ပေးဖို့  (၂) တိုင်းပြုပြည်ပြုလွှတ်တော်ကိ
ဗမာသာဖြစ်ပြီး အာဏာပိုင်ဖြစ်ဖို့  (၃) အာဏာပိုင်အစိုးရ တစ်လအတွင်းဖြစ်ဖို့ 
အဲဒီသုံးချက်ဘဲ။ သွားခါနီးတုန်းက ဘိလပ်သွားမယ်၊ ဒါတွေတောင်းမယ်၊
မရရင်ချမယ်၊ ချရင်လည်းနိုင်မယ်။ အသင့်ပြင်ထားကြ၊ ဘာဖြစ်မယ်မသိဘူး။
သပိတ်မှောက်ထားနှင့်ကြဆိုပြီး ဗမာတစ်မျိုးလုံးကို လိုက်ပြီးခိုင်းသွားတယ်
မဟုတ်လား။ ဟိုရောက်တော့ကော ဗမာ့ဆန္ဒ (၃)ချက်ကို တောင်းသတဲ့လား။
ကျုပ်ကိုမမေးနဲ့ ။ ဦးအောင်ဆန်းကိုမေး။ ရခဲ့သလား၊ ကျုပ်ကိုမမေးနဲ့ ။
စာချုပ်ကိုကြည့်ကြ။ တောင်းမတောင်းသိချင်ရင် သူတို့ နဲ့ တူတူပါသွားတဲ့
သခင်ဗစိန်တို့ သိတယ်။ မရခဲ့ဘူးဆိုတာကတော့ စာချုပ်ကိုကြည့်လို့ သိရတယ်။
အဲဒီလို ဗမာလိုလားချက်မရတဲ့စာချုပ်ကို သဘောတူလက်မှတ်ထိုးခဲ့ရုံမကသေး။
ဦးအောင်ဆန်းဟာ ဗမာတွေကို အတင်းလက်ခံခိုင်းနေတယ်။ ...” ဟူ၍
ပြောကြားသွားသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့  နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင်
အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး)၌ အစည်းအဝေးပြုလုပ်နေစဉ်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများကို ဂဠုန်ဦးစော၏ စေခိုင်းချက်အရ
နောက်လိုက်လူသတ်သမားတို့ က လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့်
ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်
ကြီးများ ကျဆုံးပြီးနောက် ၁၉၄၇ သြဂုတ်လ ၁ ရက်နေ့ တွင် ဘုရင်ခံ၏
အမှုဆောင်ကောင်စီ (ကြားဖြတ်ယာယီအစိုးရ)က အတိုက်အခံခေါင်းဆောင်များကိ
ဖမ်းဆီးခဲ့ရာ ဒေါက်တာဘမော်၊ သခင်ဗစိန်နှင့် ဗိုလ်ရန်နိုင်တို့ လည်း ပါဝင်ခဲ့သည်။
အစိုးရက ၁၉၄၈ ခု မေလ ၈ ရက်နေ့ တွင် ဂဠုန်ဦးစောနှင့် နိုင်ငံတော်လုပ်ကြံမှု
တရားခံများအား ကြိုးပေးပြီးနောက် ၂ လ အကြာ ဇူလိုင်တွင် ဒေါက်တာဘမော်
အား ထောင်မှ ပြန်လည်လွှတ်ပေးခဲ့သည်။

(ပူးတွဲပုံပါ ၂၀၁၃ ခုနှစ် ဧပြီလထုတ် စာအုပ်မှ ရေးသားဖော်ပြထားချက်အချို့ အား
ကောက်နုတ်ထားခြင်းဖြစ်ပါသည်)

No comments :