Thursday 18 April 2013

သတင်းအချက်အလက် ရယူခွင့်တိုက်ပွဲ။ ( RIGHT TO INFORMATION)..အောင်စံအေး..။

by Ko Nyo (Notes) on Thursday, April 18, 2013 at 9:59pm
သတင်းအချက်အလက် ရယူခွင့်တိုက်ပွဲ။
        ( RIGHTTO INFORMATION)

ဒီမိုကရေစီလို့ပြောကြတဲ့အခါ လူတွေရဲ့ ရပိုင်ခွင့်တွေ၊ အခြေခံအခွင့်အရေးတွေရှိတဲ့လူမှုအဆောက်အဦး ဒါမှမဟုတ် တရားဥပဒေစိုးမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် ယေဘူယျမြင်မကြမှာပါ။ဒါတွေအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွေရေးဆွဲပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကိုတည်ဆောက်ကြရတာပါ။
      ဒါပေမဲ့ ဘယ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှအဲဒီလူ့အဖွဲ့အစည်းအတွက် ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ တနည်းပြောရရင် ဒီမိုကရေစီအခွင့်အရေးကိုအသုံးချပြီး အဲဒီလူ့အဖွဲ့အစည်းအတွက် တည်ရှိပြီးသားဥပဒေတွေကို ပြုပြင်ကြရတယ်၊ တချို့ဖျက်သိမ်းရတယ်၊တချို့ အသစ်ရေးဆွဲပြဌာန်းရတယ်။
   ကျနော်တို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးဟာလွတ်လပ်ရေးရပြီးကတည်းက(၁၉၄၇) ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးပါ။အဲဒီနိုင်ငံမှာ အခြေခံရပိုင်ခွင့်တွေရှိနေလင့်ကစား လက်တွေ့ဘ၀မှာ ဆင်းရဲမွဲတေတဲ့ အလုပ်သမား၊လယ်သမား၊လယ်မဲ့ယာမဲ့တွေရဲ့ လိုအပ်ချက်တွေက ဒီနေ့အထိ ဒုနဲ့ဒေးပါ။ ဒါကြောင့်လည်း အရောင်အသွေးစုံတဲ့အိန္ဒိယနိုင်ငံကြီးမှာ လူတန်းစားအစုံ၊ တောင်းဆိုတိုက်ပွဲဝင်မှုအထွေထွေနဲ့ အချိန်ပြည့်ရှိနေပါတယ်။
အခုတင်ပြချင်တာကတော့ ၂၀၀၅ ခုနှစ်မှာ အိန္ဒိယပါလီမန်ကြီးက အတည်ပြုပြဌာန်းလိုက်တဲ့Right to Information (RTI)လို့ခေါ်တဲ့ သတင်းအချက်အလက် ရယူခွင့်ဥပဒေပေါ်လာတဲ့ တိုက်ပွဲတစိတ်တဒေသပါ။

                  တိုက်ပွဲအစ၊ အဖိနှိပ်ခံလယ်သမားက

အဲဒီဥပဒေဟာ ဘယ်ပညာရှင်၊ ဘယ်နိုင်ငံရေးသမားမှ တွေးခေါ်ကြံဆလို့ အစပြုပေါ်ထွန်းလာတာမဟုတ်ပဲနင်းပြားဆင်းရဲသား အလုပ်သမား၊ လယ်သမားတွေက သူတို့အခွင့်အလမ်းအတွက် တိုက်ပွဲဝင်ရင်းအစပြုလာတာကို သိစေချင်ပါတယ်။
        အိန္ဒိယ အနောက်ပိုင်းက ရာဂျစ်စတန်ပြည်နယ်ဟာမိုးခေါင်ရေရှားဒေသပါ။ ယဉ်ကျေးမှုအစဉ်အလာမြင့်မားသလို မျိုးချစ်စိတ်လည်းကြီးမားတယ်။ဒါပေမဲ့ လူများစုက ဆင်းရဲသားလယ်သမားတွေ။ မြေမဲ့ယာမဲ့ လယ်ကူလီတွေချည်း သန်းနဲ့ချီရှိတယ်။ဒေသဖွံ့ဖြိုးရေးအတွက်ပြည်နယ်အစိုးရကရော ဗဟိုအစိုးရကရော အမျိုးမျိုးသော စီမံကိန်းတွေကိုလုပ်ပေးကြတယ်။ဥပမာ(နိုင်ငံတကာအလှုငွေတချို့နဲ့) ဗဟိုအစိုးရက ဆင်းရဲသားပပျောက်ရေးအတွက် လူမွဲများထောက်ပံ့ငွေပေးတာ၊သောက်ရေသန့်ပေးဝေတာ၊ တိရိစ္ဆာန်အစာပေးဝေတာ၊ စသဖြင့်အထောက်အပံ့တွေလုပ်ပေးတယ်။ ပြီးတော့ကျောင်း၊ ဆေးခမ်း၊ လမ်းတံတား လုပ်ငန်းတွေမှာ အဲဒီက နင်းပြားတွေကို ခေါ်သုံးတယ်။
     အဲဒီပြည်နယ်မှာ ၅ဦးကော်မတီဖွဲ့ပြီးကျေးရွာကိုအုပ်ချုပ်တယ်။ ဟိန္ဒီူလို ပန်းချာရတ်ခ်ျလို့ခေါ်တယ်။ ကော်မတီဟာ စောစောက ဖွံ့ဖြိုးရေးအလုပ်တွေအကောင်အထည်ဖော်ဖို့အခွင့်အာဏာအပြည့်ရှိတယ်။ ခက်တာက လယ်သမားအများစုက စာမတတ်ဖူး။ သူတို့အတွက် အစိုးရက ဘာတွေစီမံပေးပြီး၊ဘာတွေကူညီသလဲ ဆိုတဲ့ အစီအစဉ် ပရောဂျက်တွေကို မသိဖူး။ ပန်းချာရတ်ခ်ျတွေ လမ်းဖောက်ဖို့ခေါ်ရင်ပိုက်ဆံရလို့ ကျေးဇူးရှင်လို့ထင်နေကြတယ်။ အလုပ်ကြမ်းတွေလုပ်ရင်း ၀မ်းသာနေတယ်။ အစိုးရအရာရှိမင်းများက သူတို့ကို လုပ်ခပေးတဲ့အခါတိုင်း စာအုပ်နီကြီးတအုပ် အမြဲကိုင်ဆောင်လေ့ရှိတာကိုတော့သူတို့မြင်နေကျမို့သိတယ်။ သူတို့လစာထုတ်တိုင်း အဲဒီစာအုပ်ကြီးဒထဲမှာ ရေးမှတ်နေတာကိုလည်းသိထားတယ်။ ပန်းချာရတ်ခ်ျတွေက သူတို့သားသမီးတွေကို မြို့ပေါ်တက်ပြီးစာသင်ခိုင်းတယ်၊ ပြီးတော့အရာရှိ အရာခံတွေ ဖြစ်သွားကြတယ်။ ပြီးတော့ မြို့ပေါ်မှာလည်း အိမ်တွေခြံတွေကားတွေနဲ့။လယ်သမားတွေကတော့ လူမွဲဘ၀ကတိုးတက်မလာဖူး။
       လေးနှစ်တကြိမ် ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျရင် နိုင်ငံခေါင်းဆောင်တွေသူတို့ရွာကိုရောက်လာပြီး တရားတွေဟောကြမယ်၊ ပြီးရင် အရက်သောက်ရမယ်၊ အာလူးပူရီနဲ့ နံပြားအ၀စားရမယ်၊ ကံကောင်းတဲ့လူတချို့က အမတ်မင်းရဲ့ မဲဆွယ်ကားပေါ်မှာ မတ်တပ်စီးခွင့်ရမယ်၊ဒါနဲ့ပဲကျေနပ်ပြီး ရွာပြန်ရင် ကြွားလုံးထုတ်လို့မဆုံး။ ဒီလိုနဲ့ ၁၉၉၀ခုနှစ်လောက်မှာဒီလူတွေရဲ့ အခွင့်အရေးအတွက် ပညာတတ်လူတစုကဦးဆောင်ပြီး Mazdoor Kisan ShaktiSangathan(MKSS) ကိုဖွဲ့စည်းခဲ့ကြတယ်။ အဓိကအဖွဲ့ဝင်တွေကတော့ လူမွဲလယ်သမားတွေပဲ။
       အမှန်တော့ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကလယ်သမားနင်းပြားတွေဘ၀ အသက်ရှုချောင်ဖို့ တတ်နိုင်သလောက် ဖေးမခဲ့ပေမဲ့ ပန်းချာရတ်ခ်ျတွေကပညာမဲ့ လယ်သမားတွေကို နည်းအမျိုးမျိုးနဲ့ခေါင်းပုံဖြတ်ခဲ့ကြတယ်။ ဒီလယ်သမားတွေထွက်ပေါက်ရဖို့စောစောက MKSS ကတံခါးဖွင့်ပေးလာတယ်။ နင်းပြားလယ်သမားတွေဘာမှန်းမသိပဲ တသက်လုံး မထိမကိုင်ခဲ့ဖူးတဲ့စာအုပ်နီကြီးကို ကြည့်ရှုခွင့်ရဖို့ တောင်းဆိုမှုတွေ လှို့ဆော်မှုတွေဖြစ်လာတယ်။ စာနာတတ်တဲ့အရာရှိတချို့က အဲဒီစာအုပ်ကြီးမှာ မတရားမှုတွေ၊ အလိမ်အညာတွေ၊ ခြစားမှုတွေ ရှိတယ်ဆိုတာကိုလယ်သမားအကျိုးဆောင် MKSS တွေကို လက်တို့လိုက်လို့ဖြစ်တယ်။
     နောက်ပိုင်းမှာတော့ အရာရှိတချို့နဲ့ပန်းချာရတ်ခ်ျ် တွေဟာ နင်းပြားတွေဆီကမတရား ခေါင်းပုံဖြတ်ခဲ့တဲ့ အထောက်အထားတွေ ပေါ်ထွက်လာအောင်အားထုတ်လာကြတယ်။ အခြေအနေကို ရဲရဲရင့်ရင့် ဖြေရှင်းဖို့ ပညာတတ်MKSS တွေကြံဆလာကြတယ်။

                          လူထုကြားနာပွဲများ

သူတို့ရွေးချယ်လိုက်တဲ့နည်းက ရိုးရိုးရှင်းရှင်းလေး။ (Jan Sunwais) လို့ခေါ်တဲ့လူထုကြားနာပွဲတွေကျင်းပပြီး အမှန်တရားဖော်ထုတ်ပွဲတွေ လုပ်ခဲ့ကြတာပါ။ လူထုကြားနာပွဲတွေအဖြစ်ရွာတွေမှာ အစည်းဝေးခေါ်တယ်၊ သိထားတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး တာဝန်ရှိတဲ့ အစိုးရအရာရှိတွေ ပန်းချာရတ်ခ်ျတွေကို မေးမြန်းတယ်။ ခံခဲ့ရတဲ့ လယ်သမား၊ အလုပ်သမား တဦးချင်းစီကသူတို့ ဘယ်အချိန်၊ ဘာအလုပ်တွေကို လုပ်ခ ဘယ်လောက်နဲ့ လုပ်ခဲ့ကြရတယ်ဆိုတာတွေကို အဲဒီကြားနာပွဲကတဆင့်တင်ပြကြတယ်။
ကြားနာပွဲတွေကို လူထုက သူတို့ကြိုက်တဲ့နေရာမှာ လွတ်လွတ်လပ်လပ်လုပ်ကြတယ်။ ပန်ချာရာတ်ခ်ျတွေဦးဆောင်သွားမှာစိုးလို့ ကျေးရွာအစည်းဝေးပွဲတွေမှာမလုပ်ဖူး။ ရပ်ရွာကအများလေးစားအသိအမှတ်ပြုတဲ့သူတွေကို သဘာပတိထားပြီးဆောင်ရွက်တယ်။ ပြီးတော့ အဲဒီကြားနာပွဲတွေကို တရွာလုံး၊ အစိုးရ၀န်ထမ်းတွေ၊ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့မီဒီယာတွေကိုပါဖိတ်ကြားတယ်။ MKSS တွေက ဒီကြားနာမှုမှာ ဖွံ့ဖြိုးရေး စီမံကိန်းတခုရဲ့လဂ်စားမှုဆိုင်ရာသတင်းအချက်အလက်တွေကို ဗော်လန်တီယာ အဖွဲ့တွေဆီက ရယူခဲ့တယ်။ အစိုးရအရာရှိတွေဆီကလည်းတရားဝင် အသုံးပြုမှု မှတ်တမ်းတွေကို ခက်ခက်ခဲခဲချည်းကပ်ရယူခဲ့တယ်။
ကြားနာပွဲအစည်းအဝေးတွေစတာနဲ့ စည်းမျဉ်းတွေကိုတခါတည်းထုတ်ပြန်တယ်။အရက်မူးနေသူကလွဲလို့ ဘယ်သူမဆို ကိုယ့်အမြင်ဖော်ထုတ်ခွင့်ရတယ်။ ရွားသားတွေ အလုပ်သမားတွေနဲ့ အထောက်အပံ့ပေးသူတွေ၊ ကန်ထရိုက်တာတွေက သူတို့ ဘယ်သူဆီက ဘာအတွက် ငွေဘယ်လောက် ရတယ်ဆိုတာတွေကိုတင်ပြကြတယ်။ အစိုးရ အရာရှိတွေက ပြန်ပြီးရှင်းပြတယ်။ သူတို့ကိုယ်သူတို့လည်းကာကွယ်တယ်။အဲဒီနည်းနဲ့ ငွေကြေးကွာဟမှုနဲ့ အလွဲသုံးစားမှုတွေကို စုံစမ်းနိုင်ခဲ့တယ်။ ညောင်မြစ်တူးရင်းပုတ်သင်ဥတွေပေါ်လာတယ်။
  ပထမဆုံးJan Sunwais ကို၁၉၉၄ ခုနှစ် ဒီဇင်ဘာမှာစလုပ်ခဲ့တယ်။ အဲဒီမှာ ဒေါသထွက်နေတဲ့ အလုပ်သမားလယ်သမားတွေက သူတို့ ဘယ်တုံးကမှ အလုပ်မသွားပဲ သူတို့နာမည်တွေ နဲ့လုပ်ခရခဲ့တာတွေကို အစိုးရအရာရှိကြီးတွေရဲ့(Measure Book) မှာ ဖော်ပြထားတာကို အတုတွေအဖြစ် ဖော်ထုတ်နိုင်ခဲ့တယ်။ ပြီးတော့ ကျောင်းမဆောက်၊လမ်းမဖောက်၊ ဆေးခန်းမရှိပဲ စာရင်းပြထားတာတွေဖော်ထုတ်ခဲ့တယ်
 လူထုကြားနာပွဲတွေ(JanSunwais) ကနေ
-စီမံကိန်းအတွက် အ၀ယ်စာရင်းကို နည်းနည်းဝယ်ပြီးစာရင်းများများ ပိုပြတာမျိုး။
-အရည်အသွေးနိမ့်ကျတဲ့ အညံ့စားပစ္စည်းတွေ ၀ယ်ပြီးဈေးတင်ထားတာမျိုး။
- အလုပ်သမားအမည်စာရင်းတွေထဲမှာ သေဆုံးပြီးသားအမည်တွေမဖျက်ပဲ တင်ထားတာမျိုး။
-အလုပ်သမားတွေကို အမှန်တကယ်ပေးရမဲ့ လုပ်ခ ထက်ဈေးနှိမ့်ပေးထားတာမျိုး။
-ဘယ်တုံးကမှ မလုပ်ခဲ့တဲ့ စီမံကိန်းတွေ ထည့်သွင်းစာရင်းပြထားတာမျိုး။
-အလုပ်သမားတွေသုံးတဲ့ စာရင်းအင်းကို လိမ်လည်ပြတာမျိုးတွေလည်းပါတယ်။စီမံကိန်းရဲ့ ၆၀ရာနှုံးလောက်စာရင်းပြပြီး အလုပ်သမားတွေအတွက် ၄၀ရာနှုံးပဲသုံးစွဲတာမျိုးတွေ။
 လူထုကြားနာပွဲတွေကနေအစိုးရစီမံကိန်းတွေကိုသိခဲ့ရပေမဲ့ အဲဒီစီမံကိန်းတွေက သူတို့ဘ၀အတွက် မဟုတ်ဖူးဆိုတာကိုလူထုက သဘောပေါက်သွားခဲ့တယ်။ သူတို့အတွက်လုပ်ခဲ့တဲ့စီမံကိန်းတွေကနေ သူတို့ ဘာမှ အကျိုးမခံစားခဲ့ရတာကိုမြင်သွားတယ်။ သူတို့တသက်လုံး ဂရုမစိုက်မိတဲ့ စာအုပ်နီကြီးကနေ အထက်လူကြီးတွေရဲ့ လဂ်စားမှုတွေသိလိုက်ရတယ်။ ဒီထက်ပိုသိလိုက်ရတာက သူတို့တတွေဟာ ဘယ်တုံးကမှ မှတ်တမ်းမရှိ၊ အမှတ်မထားခဲ့မိတဲ့အမှားတွေပဲဖြစ်တယ်။ အခုလို ကြားနာပွဲတွေကြောင့်သာ အစိုးရ အသုံးစရိတ်တွေကို သက်သေနဲ့တကွရခဲ့တာဖြစ်တယ်။

                   အရာရှိဆိုးများ တုန့်ပြန်မှု

MKSS တွေရဲ့ ပြည်သူကြားနာရေးပွဲတွေကို ၁၉၉၈မှာတော့  အစိုးရအရာရှိတွေက ဒေါသတကြီးတုန့်ပြန်လာတယ်။ အစိုးရကသူတို့ကို ပြည်သူ့ကြားနာပွဲတွေအတွက် (Measure Book) ကော်ပီကိုပေးဖို့ အမိန့်ထုတ်တာကိုမလိုက်နာပဲ သပိတ်မှောက်ဆန္ဒပြခဲ့တယ်။  သူတို့အနေနဲ့အစိုးရစာရင်းစစ်ကလွဲလို့ တခြားဘယ်သူ့ကိုမှ စာရင်းအင်းတွေ မပြနိုင်ဖူးလို့ ငြင်းဆန်တယ်။ပြီးတော့ MKSSတွေကို ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာတွေ လုပ်တယ်။ ဆင်းရဲသား လယ်သမားတွေကြားဇာတ်ကွဲမှု မျိုးရိုးမတူမှု၊ ဘာသာမတူမှုတွေ အခြေခံပြီး သွေးခွဲတာတွေလည်းလုပ်လာတယ်။ ဒီလိုအနှောက်အယှက်တွေထဲကပဲ MKSS တွေက ကြားနာပွဲတွေ ဆက်လုပ်ခဲ့တယ်။

                        လူထုကြားနာပွဲရဲ့အသီးအပွင့်

၁၉၉၆မျာ MKSS တွေက၅ဦးကော်မတီဥပဒေတွေပြင်ဖို့ ထိုင်သပိတ်တွေဆင်နွှဲပြီး တောင်းဆိုခဲ့တယ်။ဒေသန္တရအာဏာပိုင်တွေရဲ့ စာရင်းစာအုပ်တွေ ကော်ပီကူးယူခွင့်တောင်းဆိုတယ်။ အာဏာပိုင်တွေကငြင်းဆန်လို့လူထုချီတက်ပွဲတွေနဲ့ တောင်းဆိုတယ်။ရာဂျစ်စတန်ပြည်နယ် မြို့တော့ ဂျိုက်ပူမှာ ၅၃ရက်ကြာချီတက်လှုပ်ရှားမှုကိုလုပ်ခဲ့တယ်။အိန္ဒိယတပြည်လုံး အဲဒီလှုပ်ရှားမှုတွေပျံ့နှံ့သွားတယ်။ အဖိနှိပ်ခံတွေဘက်က လယ်သမား အလုပ်သမားတွေနဲ့ပညာရှင်တွေ၊ မီဒီယာတွေ နိုင်ငံရေးသမားတွေ ပူးပေါင်းပါဝင်လာတယ်။ အစိုးရဟာ အများနဲ့သက်ဆိုင်တဲ့သိသင့်သိထိုက်တာတွေကို အများသိအောင်ဆောင်ရွက်ပေးရမယ့်တာဝန်ရှိတယ်ဆိုတာကို တောင်းဆိုလာတယ်။ဒီလိုနဲ့ သက္ကရာဇ် ၂၀၀၀ မှာ ရာဂျစ်စတန်ပြည်နယ်ထဲမှာ (Right To Information) သတင်းအချက်အလက်ရယူနိုင်တဲ့ အခွင့်အရေး ဥပဒေ ကို ပြဌာန်းပေးလိုက်ရတော့တယ်။ အဲဒီပြည်နယ်ထက် နောက်ကျပြီးတိုက်ပွဲဝင်ခဲ့ပေမဲ့ အဲဒီဥပဒေပြဌာန်းနိုင်ခွင့် စောစောရသွားတဲ့ ပြည်နယ်တွေကတော့ အိန္ဒိယတောင်ပိုင်းကတမီလ်းနာဒူးပြည်နယ်(၁၉၉၆)၊ ဂိုအာပြည်နယ်(၁၉၉၇)၊ မက္ကဒယာပရာဒါက်ခ်ျ(၁၉၉၈) အပါအ၀င် ပြည်နယ်၈ခုမှာ ဒီဥပဒေကိုပြဌာန်းနိုင်ခဲ့တယ်။ ဗဟိုအစိုးရပါလီမန်ထဲမှာတော့ ၂၀၀၅ခုနှစ် ဂျွန်လ၁၅ရက်မှာ တပြည်လုံးကိုလွမ်းခြုံတဲ့ Right to Information ကိုပြဌာန်းပေးလိုက်တယ်။

                      ရလဒ်ကောင်းများ

ဒီလှုပ်ရှားမှုကနေ အစိုးရမူဝါဒရေးဆွဲရာမှာ လက်တွေ့ကျကျလုပ်ဆောင်ဖို့တွန်းအားတွေဖြစ်စေခဲ့တယ်။ဥပမာ စီမံကိန်းတခုမှာ ၆၀ရာနှုံးကိုအလုပ်အကိုင်အတွက်သုံးပြီး ပစ္စည်းဝယ်ဖို့ ၄၀ရာနှုံးထက်မပိုဖို့ပြဌာန်းတာတွေဖြစ်လာတယ်။ဒီလှုပ်ရှားမှုကြောင့် ရာဂျစ်စတန်ပြည်နယ်က အစိုးရဌာန ၅၅ခုဟာ ပြည်သူ့အခွင့်အရေးတွေကိုအရင်ထက် မြန်မြန် အကောင်ထည်ဖော်လာတယ်။  လူထုကြားနာပွဲတွေကြောင့်ဒေသအာဏာပိုင်တွေ၊ အင်ဂျင်နီယာနဲ့ အစိုးရ၀န်ထမ်းတွေ၊ နိုင်ငံရေးသမားတွေ အကြား ခြစားမှု၊အလွဲသုံးစားမှုတွေကို ထိမ်းချုပ်နိုင်ခဲ့တယ်။ အစိုးရမှတ်တမ်းတွေကို သာမန်ပြည်သူတွေလက်လှမ်းမီသိရှိနိုင်လို့အစိုးရ စီမံကိန်းနဲ့ အုပ်ချုပ်ရေးကို တိုးတက်စေအောင်ပြောင်းလဲနိုင်ခဲ့တယ်။ ပြည်သူတွေကိုနိုးကြားစေပြီးညီညွတ်မှုရှိစေခဲ့တယ်။ မတရားမှု အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရဲတဲ့ သတ္တိနဲ့အခွင့်အရေးတွေ ရှိလာတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ ပိုဖြစ်လာတယ်။ အစိုးရကရောအစိုးရမဟုတ်တဲ့ NGO တွေကပါ မိမိတို့စီမံကိန်းကိုအများ ပြည်သူတွေသိအောင် ရှင်းလင်းပြတာတွေဖြစ်လာတယ်။ဒီကနေ့အချိန်မှာအမျိုးသမီးအခွင့်အရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတောင် RTIဥပဒေကို အသုံးပြုပြီး အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ အပြောင်းအလဲတွေမြှင့်တင်နိုင်ခဲ့တယ်။
RTI(Right To Information) ကမ်ပိန်းဟာ အိန္ဒိယရဲ့တည်ရှိဆဲ ဒီမိုကရေစီအဆောက်အအုံအောက်က ပြည်သူတွေအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ ဒီမိုကရေစီအခွင့်အရေးတွေပိုမိုရရှိစေခဲ့တယ်။

           ဘာ့ကြောင့်အောင်မြင်တာလဲ

လူထုကြားနာပွဲတွေက ဘာကြောင့်အောင်မြင်တာလဲဆိုတာဟောဒီအချက်(၃)ချက်နဲ့ သုံးသပ်ဖော်ထုတ်ခဲ့ကြတယ်။
၁။ MKSS ခေါင်းဆောင်မှုအပိုင်းက ကိန်းကြီးခန်းကြီးမလုပ်ကြဘူး။ ပြည်သူတွေနဲ့ အတူစား အတူသွားပြီး တသားထဲရှိနေကြတယ်။ ပြည်သူတွေ သောက်သုံးရေခက်ခက်ခဲခဲသယ်ယူသလို သူတို့လည်း ဒုက္ခခံသယ်တယ်။ ပြည်သူရဲ့ ယုံကြည်မှုကို သူတို့နဲ့ အေးအတူပူအမျှနေထိုင်ပြီးအရယူတယ်
၂။ လိုအပ်တဲ့ ဘဏ္ဍာငွေကြေးကို ဒေသခံတွေနဲ့ တသီးပုဂလအလှုရှင်တွေဆီကနေပဲယူတယ်။ဘယ်NGO နဲ့ အစိုးရဆီကမှမယူဖူး။ ဒါကြောင့် သူတို့ရဲ့ လွတ်လပ်မှုနဲ့ သြဇာကို ထိမ်းသိမ်းနိုင်ခဲ့တယ်။အာဏာပိုင်တွေကိုလည်း တည့်တည့်ရင်ဆိုင်နိုင်ခဲ့တယ်။
၃။ MKSSခေါင်းဆောင်ပိုင်းတွေဟာ ဗျူရိုကရက်တွေ၊ပညာရှင်တွေ၊ အခြားတက်ကြွလှုပ်ရှားသူတွေ မီဒီယာတွေနဲ့ ကောင်းကောင်းဆက်သွယ် လှုပ်ရှားနိုင်တဲ့အရည်အချင်းတွေရှိတယ်။ သူတို့လှုပ်ရှားမှု သတင်းကောင်းတွေကို ပျံ့နှံ့အောင်လုပ်နိုင်တယ်။

                          နိဂုံး
RTI ဥပဒေကို ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရကတိတိကျကျလိုက်နာကျင့်သုံးမှုမရှိတဲ့ အခြေအနေတွေလည်း ရှိနေတုံးပါ။ မသမာမှုတွေဆိုတာRTI နဲ့ ဖော်ထုတ်ယုံနဲ့သာ လုံလောက်မှုမရှိပဲ တရားဥပဒေရဲ့ အထောက်အပံ့တွေ ကလည်းအရေးပါတယ်။အသေချာဆုံးကတော့ ပြည်သူတွေက ညီညီညွတ်ညွတ် အထောက်အထားခိုင်မာမှုနဲ့ သက်သေပြဖော်ထုတ်နိုင်ဖို့ပဲဖြစ်တယ်။အစိုးရတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုကို တွန်းအားပေးမှာက သတင်းအချက်အလက်ရယူခွင့်( Right to Information) ပဲဖြစ်တယ်။

အောင်စံအေး။

No comments :