Friday 17 May 2013

မြန်မာသမ္မတ၏ အမေရိကခရီးစဉ် – သန်းစိုး(ဘောဂဗေဒ)
May 17, 2013 | Posted in အတွေးအမြင် | No comments
နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စပ်လျဉ်း၍ အာရှ၏ နိုင်ငံခြားကုန်သွယ်မှု မှတ်တမ်းများ…ကြောင့် အမေရိကန်ပြည်ထောင်စု အစိုးရက ပေးသောကုန်သွယ်မှု အထူးအခွင့်အရေးပေး နိုင်ငံ (Most Favoired Nation-MFN) နှင့် ကုန်သွယ်မှု ဖြေလျှော့ရေးဆိုင်ရာ အထူးအခွင့်အရေး (Generalized System of Preference – GSP) များ၏ ကျေးဇူးမကင်းသည့် သာဓက များစွာရှိခဲ့သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် အကျိုးစီးပွားအပေါ် အခြေခံ တည်ဆောက်သော်လည်း နှစ်ဖက်အကျိုးစီးပွား ရစေသော ကုန်သွယ်မှုအခွင့် အလမ်းများက ဖွံ့ဖြိုးမှုကို ပိုမိုတွန်းတင် ပေးနိုင်ခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးမှု အစတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနှင့် ကုန်သွယ်ရေး ဖြေလျှော့မှုကြောင့် အခွန်အခ သက်သာသော (Low Tariff) ဈေးကွက်ပမာဏကြီးသည့် အမေရိကနှင့် အီးယူနိုင်ငံများသို့ ၄င်းတို့၏ ပြည်တွင်းထုတ်ကုန် (Products) များ တင်ပို့လိုကြသည်။ အခြားတစ်ဖက်တွင် ဖြစ်သည့် အမေရိကနှင့် အီးယူ အနေနှင့်လည်း ဖွံ့ ဖြိုးပြီးနိုင်ငံများ၏ ထုတ်ကုန် (Products) များထက် နှိုင်းယှဉ် ဈေးနှုန်းသက်သာမှုကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ထုတ်ကုန်များကို တင်သွင်း လိုကြသည်။ အနောက်၏ နိုင်ငံရေးမျှော့ကြိုးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ်အခြေပြုပြီး ဒီပလိုမေစီကို အလျှော့အတင်း လုပ်ကြသည်။
အဆိုပါ ဒီပလိုမေစီမှာ စီးပွားရေးကို အခြေခံခြင်းလော၊ နိုင်ငံရေးကို အခြေခံခြင်းလော၊ စနစ်အပေါ် အခြေခံခြင်းလော ဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ၏ ဖြစ်တည်မှု ပေါ်မူတည်သည်။ တစ်နည်းဆိုသော် ကုန်သွယ်ရေးကို အခြေခံမည်လော၊ နျူကလီးယားကို အခြေခံမည်လော၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အခြေခံမည်လောဟု ဆိုလိုရင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအကူအညီပေးရေး ဖြစ်စဉ်တွင် ယူတတ်ရန် လိုသလို ထိုရလာသော အခွင့်အလမ်းများ ကိုလည်း အသုံးချတတ်ရန် လိုသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာစီးပွားရေး ဖွံ့ဖြိုးမှု အရှိန်ယူ လမ်းကြောင်းအတွင်း ၂၀၁၅ တွင် ဖြစ်တည်လာမည့် အာဆီယံ AEC (ASEAN Economics Community) ကြောင့် လက်လွတ်နိုင်ဖွယ်ရှိသော ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု အခွင့်အလမ်းများကို ကြိုတင်မြင်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။ အမေရိကန်၏ အာရှအတွက် ကုန်သွယ်မှု အထူးအခွင့်အလမ်းပေး ဖြစ်ရပ်များ ဆိုခဲ့ပါ အခွင့်အလမ်းများသည် အာရှနိုင်ငံများတွင် အခြေအနေ အမျိုးမျိုးပေါ်မူတည်ပြီး ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။
၁၉၈၀တွင် တရုတ်သည် အမေရိကန်တို့၏ ကုန်သွယ်မှုအထူး အခွင့်အရေးပေး နိုင်ငံအဆင့်ကို စတင် ရရှိသည်။ ထိုမှ တရုတ်ဖွံ့ဖြိုးမှု အရှိန်မြင့်လာပြီး ၁၉၈၉ ခုနှစ် တိန်ယန်မင် အရေးအခင်းကြောင့် အထစ်အငေါ့ ဖြစ်ခဲ့သေးသည်။ သမ္မတ စီနီယာ ဂျော့ဘွတ်ရှ်နှင့် အမေရိကန်၏ လိုအပ်ချက်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများအပေါ် အကြောင်းပြသည်။ သမ္မတကလင်တန် လက်ထက်ထိ အမေရိကန်-တရုတ် ကုန်သွယ်ရေးသည် အဆိုပါတိန်ယန်မင် အရေးအခင်း ကြောင့် ပူးတုံခွာတုံဖြင့်ပင် နှစ်နိုင်ငံကုန်သွယ်ရေး လှည့်ပတ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံကို ကုန်သွယ်မှုအထူး အခွင့်အရေးပေး နိုင်ငံအဖြစ် အမေရိကန်က သတ်မှတ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင် ပေးခဲ့သည်။ ဗီယက်နမ် အခွင့်အရေးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများထက် နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့် အတိတ်ဒဏ်ရာဆိုး ဖြေလျှော့ ရေးပေါ်တွင် အလေးကဲခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၏ သမိုင်းဒဏ်ရာကို ကုန်သွယ်မှု အခွင့်အရေးပေးခြင်း၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများက ဂေါပကလုပ်ခဲ့ခြင်း တို့ဖြင့် ကုစားခဲ့သည်။ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သော ဗီယက်နမ် ပို့ကုန်များအနေနှင့် ၁၉၉၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၀ သန်း ၁၉၉၅ မှာ ဒေါ်လာ ၂၂၇ ဒသမ ၈ သန်း၊ ၁၉၉၆ ခုနှစ်တွင် ဒေါ်လာ ၃၃၇ ဒသမ ၆ သန်း၊ ၁၉၉၇ ခုနှစ်တွင် ဒေါ်လာ ၄၀၇ ဒသမ ၁ သန်း၊ ၁၉၉၈ ခုနှစ်တွင် ၅၈၈ ဒသမ ၇ သန်းအထိ နှစ်စဉ်မှန်မှန် တိုးတက်သွားခဲ့သည်။ အမေရိကအနေနှင့် ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံကို ကုန်သွယ်မှုအထူး အခွင့်အရေးပေး နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့သည်။
ထိုအခွင့်အရေးကြောင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သော ကမ္ဘောဒီးယားနိုင်ငံ ပို့ကုန်များသည် ၁၉၉၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်း၊ ၁၉၉၇ ခုနှစ်တွင် ၁၀၂ ဒသမ ၉ သန်း၊ ၁၉၉၈ ခုနှစ် တွင် ၁၃၄ ဒသမ ၃ သန်းအထိ ထိုးတက်သွားခဲ့သည်။ ကမ္ဘောဒီးယား အဝတ်အထည် လုပ်ငန်းများမှာ အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့သည်။ ထိုရရှိထားသည့် အခွင့်အရေးကြောင့် ဟောင်ကောင်၊ ထိုင်ဝမ်၊ မလေးရှား၊ တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံများရှိ အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံသူ များ၏ အထည်ချုပ် စက်ရုံ ၂၇၀ အထိ ကမ္ဘောဒီးယားနိုင်ငံ အတွင်းသို့ ဝင်ရောက်လာပြီး အမေရိကား၏ ကုန်သွယ်မှု အခွင့်အရေးကို အရယူခဲ့ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များ ကာလအတွင်း အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံ တို့သည်လည်း အမေရိက၏ ကုန်သွယ်ရေး အခွင့်အရေးပေးသည့် ပေါ်လစီ နှစ်ရပ်နှင့် အခြား အထောက်အပံ့များကို ရယူခဲ့သည့် ဖြစ်စဉ် မှတ်တမ်းများရှိခဲ့သည်။
အာရှနိုင်ငံများ၏ ဂျီဒီပီတိုးတက်မှု အချိုးတွင် အဆိုပါကုန်သွယ်မှု အခွင့်အရေး နှစ်ရပ်ကြောင့် များစွာဖွံ့ ဖြိုးလာကြောင်း အရှေ့တောင်အာရှ- အမေရိကန် ကုန်သွယ်ရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။ အမေရိကန်ကပေးသော ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှု များတွင် အာရှနိုင်ငံများ၏ လူ့အခွင့်အရေးနှင့် အမျိုးသား အကျိုးစီးပွားတွင် တရုတ်နိုင်ငံ ဖွံ့ဖြိုးမှုနိမ့်ကျ နိုင်ငံများအတွက် WTO စည်းမျဉ်းစည်းကမ်းနှင့် အညီပေးခဲ့သော မလေးရှားနှင့် စင်ကာပူနိုင်ငံ၊ ဂုဏ်သိက္ခာ အကြောင်းပြခဲ့ သော ဗီယက်နမ်နိုင်ငံနှင့် နိုင်ငံရေး ဆင်းရဲနွမ်းပါးမှု အကြောင်းပြသော ကမ္ဘောဒီးယားနှင့် ကွန်မြူနစ်ရန် အကြောင်းပြသော ထိုင်းနိုင်ငံတို့၏ အဖြစ်အပျက်များက ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် နိုင်ငံရေးစနစ် အားဖြင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ လွတ်လပ်မှုအားဖြင့် အကြောင်းပြရန် ခိုင်လုံသည့် အထောက်အထား နည်းလာပြီ ဖြစ်သောကြောင့် အမေရိကားက နားလည်မှုပေးရန် အဆင့်ကို ရောက်ရှိလာပြီဖြစ်သည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး မြန်မာအစိုးရ၏ အမေရိကန်ခရီးစဉ်နှင့် စပ်လျဉ်းပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် အခြားအခွင့်အလမ်းများ အတွက် ပေါ်လစီချမှတ်ရေးတွင် ရရှိနိုင်သည့် အခွင့်အလမ်းများကို အလေးပေး ဆွေးနွေးရန် မြန်မာဘက်က ဖြစ်နိုင်ခြေရှိသော နိုင်ငံရေးအကြောင်းပြချက်များ ထင်ရှားစွာရှိနေပြီဖြစ် သည်။ ကုန်သွယ်မှုအပြင် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများ၏ ထောက်ပံ့မှုနှင့် အာမခံ ပေးနိုင်သည့် အခြေအနေတွင် ရပ်တည်ပေးရန် တာဝန်တစ်ရပ် ရှိလာသည်ဟု သုံးသပ်ရမည်ဖြစ်သည်။ မြန်မာဘက်က ဖြစ်နိုင်ခြေရှိသော ပြည်တွင်းအခင်းအကျင်း များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဒီမိုကရက်တစ် အခင်းအကျင်းဖြင့် တိုင်းတာပါက ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတိုက်အခံ နိုင်ငံရေးသမားများ အားလုံး လွှတ်ပေးခဲ့ပြီးဖြစ်သည်။
(၂) ပါတီနိုင်ငံရေး အခင်းအကျင်းဖြင့် တိုင်းမည်ဆိုပါက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး NLD အမတ်များကို လွှတ်တော် အတွင်းသို့ ခေါ်ဆောင်ခွင့်နှင့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့် ပြုထားဆဲ ဖြစ်သည်။
(၃) လူ့အခွင့်အရေး ပေတံဖြင့် တိုင်းမည်ဆိုပါက အလုပ်သမား ဆန္ဒပြမှုများ၊ မြေယာအဓမ္မ သိမ်းဆည်းခြင်းနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများကို ဥပဒေဖြင့် ထိန်းကွပ် ထားသော်လည်း အထိုက်အလျောက် ခွင့်ပြုထားခြင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အစိုးရခွင့်ပြုချက် မလိုဘဲ ဆောင်ရွက် နေသည်ကို ခွင့်ပြုထားသည်။
(၄) မီဒီယာလွတ်လပ်မှုနှင့် ပတ်သက်ပြီး စာပေစိစစ်ရေးကို ဖျက်သိမ်း ပြီး သမ္မတကို တရားစွဲနိုင်သည် ဆိုသည့် သတင်းများပင် ဖော်ပြနိုင်ခွင့် ရှိလာပြီး ဖြစ်သည်။ (အာရှနိုင်ငံ အချို့တွင်ပင် နိုင်ငံတော် ထိပ်သီးခေါင်းဆောင်အပေါ် တရားစွဲဆိုခြင်း များကို မီဒီယာတွင် ဖော်ပြခွင့် မပြုကြသေးပေ။
(၅) အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ဖြစ်စဉ်ကိုလည်း ပြုပြင်ပြောင်းလဲ ရန်နှင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်လေးရပ်ဖြင့် ကတိပြုထားပြီးဖြစ်သည်။ ထို့အတူ သမ္မတ၏ ခရီးစဉ်၌ လိုက်ပါသွားကြမည့် သူများတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ သက်ဆိုင်ရာ ပညာရှင်များ၊ တတ်သိကျွမ်းကျင်သူများ အနေနှင့် အမေရိကန် အစိုးရနှင့် ဆွေးနွေးရာတွင် မည်သည့်ပေါ်လစီကို ဦးစားပေးရွေးချယ်မည် ဆိုသည်ကို ကနဦး စီစဉ်ထားရန် လိုအပ်သည်။
မြန်မာအစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ငန်း လေးရပ်တွင် အမေရိကန် အစိုးရကလည်းကောင်း၊ အမေရိကန်အစိုးရက ဖွင့်ပေးလိုက်သော နိုင်ငံတကာ အဖွဲ့အစည်း၊ ငွေကြေး အကူအညီများ ထံမှလည်းကောင်း မည်သည့်ပုံစံဖြင့် ရရှိနိုင်သည်၊ ရရှိထိုက် သည်ကို အချက်အလက်ကျကျ တင်ပြနိုင်ရန် လိုအပ်သည်။ အမေရိကန်အစိုးရနှင့် လွှတ်တော်သို့အိတ်ဖွင့်ပေးစာ မြန်မာနိုင်ငံနှင့် စပ်လျဉ်းပြီး အမေရိကန်အစိုးရ အဆက်ဆက် ချမှတ်ခဲ့သည်ကို ခုနှစ်အလိုက် ဖော်ပြရလျှင်၊ ၁၉၉၀၊ ၁၉၉၆၊ ၁၉၉၇၊ ၂၀၀၃၊ ၂၀၀၈ ခုနှစ်တို့ ဖြစ်ပြီး ဥပဒေအဆင့်ဖြင့် ဖော်ပြရလျှင် ပြည်ထောင်စု ဥပဒေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု၊ သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်ခဲ့သော အမိန့်၊ မြန်မာနိုင်ငံ အတွက် သီးခြားပြဋ္ဌာန်းခဲ့သော ဥပဒေတို့ဖြစ်သည်။ အချို့ဥပဒေ များ၊ အမိန့်များကို ဖျက်သိမ်း ခဲ့သော်လည်း အချို့မှာ ကျန်ရှိနေသေးသည်။ မြန်မာအစိုးရ၏ အံ့သြလောက်ဖွယ်ဖြစ်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား အီးယူ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များကပင် ချီးကျူးထောမနာ ပြုနေသော အခါသမယ၌ ကျန်ရှိနေသေးသော ပြည်တွင်း အကျပ်အတည်း အချို့ဖြင့် အမေရိကန်၏ ဒီပလိုမေစီ ကစားမှုကို ဈေးကိုင်ထားနေပါက မြန်မာ၏ စီးပွားရေး အခွင့်အလမ်းများနှင့် ပြည်သူလူထု၏ အခြေခံစီးပွားရေး ဘဝမှာ မြင့်တက်လာရန်ရှိသော အကြောင်းတရားများ ရှာတွေ့နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လက်တင်အမေရိက၊ ပစိဖိတ်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးစ ကနဦး ကာလများ၌ အမေရိကန်၏ နိုင်ငံရေးအားဖြင့် ထောက်ခံမှု၊ စီးပွားရေး အားဖြင့် ပံ့ပိုးမှုဖြစ်စဉ်များ အပေါ် မြန်မာအစိုးရအနေနှင့် ထောက်ပြရန် အကြောင်းများစွာ ရှိသည်။ မြန်မာ-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်ပြီး နိုင်ငံရေး အလွှာတွင် ထဲထဲဝင်ဝင် တည်ဆောက်နေပြီ ဖြစ်သည်။
ကနဦးလုပ်ငန်းစဉ်များ အနေဖြင့် မစ္စတာဒဲရစ်မစ်ချယ်ကို အမေရိကန် ညှိနှိုင်းရေးမှူး ခန့်အပ်ခြင်းနှင့် သံအမတ်ကြီး ခန့်အပ်မှု၊ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း လာရောက် လည်ပတ်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်း၊ ၂၀၁၂ ခုနှစ်တွင် သမ္မတအိုဘားမား လာရောက်ခြင်း တို့ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အကူအညီ များရရန် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီးဖြစ်သည်။ ယခုတစ်ဖန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် က ပြည်ထောင်စုလွှတ်တော် ရုံးခွဲတွင် မေလ ၆ရက်နေ့ လယ်ယာစိုက်ပျိုးရေး ကနဦး ဆွေးနွေးပွဲ၌ မြန်မာ့လယ်သမားများ အတွက် Soft Loan (ကာလရှည် အတိုးနည်းချေးငွေ) များ ပံ့ပိုးပေးမည်ဟု ပြောကြားသွားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရကိုယ်စားလှယ် များက ထိုကဲ့သို့ တစ်ဦးချင်း သဘောထားများဖြင့် မီဒီယာများတွင် တွေ့နေရသော်လည်း လက်တွေ့ လိုအပ်နေသည်မှာ အမေရိကန်ပြည်ထောင်စု လွှတ်တော်က မြန်မာနိုင်ငံအတွက် ဒဏ်ခတ် ပိတ်ဆို့ထားသော ဥပဒေလေးခု၊ မြန်မာနိုင်ငံ အတွက် သီးခြားပြဋ္ဌာန်းသော ဥပဒေကဲ့သို့ အာဏာတည်သော သမ္မတ၏ အမိန့်တို့ကို ပယ်ဖျက်ပေးရန် ပိုမိုလိုလားလျက် ရှိသည်။ စီးပွားရေး ဖွံ့ဖြိုးမှုအပိုင်းနှင့် စပ်လျဉ်းပြီး အမေရိကန်အစိုးရ ဖြေလျှော့ပေးရန်လိုသော အချက်များမှာ (၁) နှစ်နိုင်ငံကုန်သွယ်မှု အခွင့်အရေး ပေးမှုများ ပြုလုပ်ပေးရန်၊ (၂) ကြိုတင် ကတိခံခဲ့သော SME ထောက်ပံ့ရေး လုပ်ငန်းများအတွက် ဘဏ္ဍာရေး အားဖြည့်ပေးရန်၊ (၃) အမေရိကန်အစိုးရ မီးစိမ်းပြ လိုက်ရုံဖြင့် မြန်မာအုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲမှုအတွက် ကျခံသုံးစွဲမည့် ငွေကြေးများကို နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများ အားလုံးက အကူအညီပေးရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ကူညီပေးရန်တို့ ဖြစ်သည်။ သန်း ၆၀ အတွက် အမေရိကန်၏ နိုင်ငံခြားရေးရာ ပေါ်လစီသည် သက်ဆိုင်ရာနိုင်ငံ အလိုက် မူဝါဒအမျိုးမျိုး ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် တစ်နည်းတစ်ဖုံ ဆန်းသစ်ရန် လိုအပ်သည်။
တစ်စုံတစ်ရာ စီးပွားရေး အသီးအပွင့် အတိုင်းအတာအထိ မြန်မာ့အခြေခံ Level အနေနှင့် စောင့်ဆိုင်းရန် ဖြစ်နိုင်ခြေ ရှိသော်လည်း နိုင်ငံတကာက ပံ့ပိုးရမည့် ပေါ်လစီများမှာမူ ဈေးဆစ်ရန် မသင့်တော့ပေ။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင် မြန်မာနိုင်ငံ တစ်နံတစ်လျား အားလုံးခံစားရမည် မဟုတ်သော်လည်း ရေရှည် မဟာဗျူဟာအတွက် မြန်မာအစိုးရကို အပေးအယူ လုပ်ခြင်းဖြင့် မြန်မာပြည်သူ သန်း ၆၀အတွက် တစ်စုံတစ်ရာ အစီအစဉ်များ ရှိနေသင့်သည်။

သန်းစိုး(ဘောဂဗေဒ)

No comments :