Saturday 18 May 2013

Memory of 1988 Movement

၁၉၈၈ ဇွန်လ ကျောင်းသားအရေးအခင်း ၂၅နှစ်ပြည့်အမှတ်တရစာစု

၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်း၊ အင်းလျားကန်ဘောင် တံတားနီအရေးအခင်းတွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးတွေ ကြားမှာ အရေးကြီးတဲ့ကွင်းဆက် အဖြစ်အပျက်ကတော့ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ပဲဖြစ်ပါတယ်။

အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့၂၅နှစ်ကဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီမြင်ကွင်းတွေ၊ ရနံ့တွေ၊ အသံတွေဟာ စိတ်ထဲမှာရှိနေတုန်းပါ။ အတူလက်တွဲခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းတွေ ဟာလဲ အဲဒီအဖြစ်အပျက်တွေ ကို လွမ်းမောဂုဏ်ယူစိတ်တွေနဲ့ အမှတ်တရရှိနေကြလိမ့်မယ်လို့ထင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့ အဲဒီအဖြစ်အပျက်လေးမှာ ပါဝင်ပတ်သက်ခဲ့သူများစွာထဲက ကျနော်တို့ပါဝင်ပတ်သက်ခဲ့တဲ့ တထောင့် တနေရာကနေ ငွေရတုအမှတ်တရ မှတ်တမ်း ပြုလိုက်ပါတယ်။
......................
မတ်လမှာကျောင်းတွေပိတ်လိုက်တော့ သူငယ်ချင်းအချင်းချင်းဆုံကြဖို့ဟာ အရင်လိုမလွယ်တော့ပါဘူး။ အဲဒီခေတ်က အခုလိုမျိုး အီးမေးလ်၊ ဖေ့စ်ဘုတ်၊ လက်ကိုင်ဖုန်းတွေ အသာထားလို့ တယ်လီဖုန်းရှိတဲ့အိမ်တောင် ရှာရခက်တဲ့ခေတ်ပါ။ တယောက်နဲ့တယောက်တွေ့ချင်ရင် တကူးတက သွားရရှာရပါတယ်။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတင်ဇော်ဝင်းရဲ့ ညီလေးတင်အောင်ဝင်းဟာ နံနက်စောစော ပြိုင်စက်ဘီးစီးလေ့ကျင့်နေတုန်း မတော်တဆယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး ရုတ်တရက်ကွယ်လွန်ခဲ့ရပါတယ်။ တင်ဇော်ဝင်း၊ တင်အောင်ဝင်းတို့ဟာ အဲဒီခေတ်က ခြင်းခတ်တဲ့ နာမည်ကြီး ခြင်းသန်းသန်းဌေးရဲ့ မောင်တွေပါ။ အဲဒီ နာရေးမှာတော့ ကျနော်တို့သူငယ်ချင်းများ ပြန်ဆုံခဲ့ရပါတယ်။

ငယ်သူငယ်ချင်း ဝင်းသူရဲ့  သူငယ်ချင်းတဦးဖြစ်တဲ့ ဗိုလ်ဗိုလ်မြင့်ယူလာခဲ့တဲ့ Far Eastern Economic Review စာစောင်မှာဖော်ပြထားတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံဖြစ်သွားပြီ ဆိုတဲ့သတင်းအပေါ်မှာ ကျနော်တို့သူငယ်ချင်းများ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖုန်းမော် အရေးအခင်း၊ အင်းယားကန်ဘောင်ကိစ္စတွေ၊ ဖမ်းခံရတဲ့သူတွေ အချုပ်ကား ပေါ်မှာမွန်းပြီးသေဆုံးရတဲ့ကိစ္စတွေ၊ လက်ရှိအဖမ်းခံနေရတဲ့ ကျနော်တို့သူငယ်ချင်းတွေ ကိစ္စတွေ ဒါတွေကို ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အားလုံးသဘောတူတာတခုကတော့ ကျနော်တို့ ဒီအတိုင်းငုံ့ခံမနေနိုင်ဘူးဆိုတာပါပဲ။ ဒါနဲ့ပဲ ဒီကိစ္စတွေအပေါ်မှာ သဘောညီတဲ့ ဆက်သွယ်ဆွေးနွေးလို့ရနိုင်သမျှ သူငယ်ချင်းတွေအားလုံး မြင့်ဦးခြံထဲမှာ ပြန်ဆုံကြဖို့ ရက်တရက်သတ်မှတ် ချိန်းဆိုခဲ့ကြပါတယ်။

မြင့်ဦးခြံထဲမှာ စည်းဝေးကြတဲ့ပွဲဟာ ၁၀ယောက်ပါတဲ့ ကျနော်တို့အုပ်စုလေးရဲ့ ပထမဦးဆုံး တစုတစည်းဆွေးနွေးခဲ့ကြတဲ့ပွဲပါ။ အဲဒီ ၁၀ယောက်စုစည်းမှု ဟာလည်း တကယ်တော့ တယောက်အကြောင်းကို တယောက်သိတဲ့ ငယ်သူငယ်ချင်းတွေရဲ့ စုစည်းမှုမျိုးမဟုတ်ပါဘူး။ ကျနော်နဲ့သိတဲ့သူက ဝင်းသူနဲ့ ဆာမူရိုင်း နှစ်ယောက်သာပါပြီး ကျန်သူတွေက သူတို့မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအသစ်စက်စက်တွေပါ။ မတရားမှုကို ငုံ့မခံဘဲ ကျောင်းသားသပိတ်နဲ့ ပြန်လည် ရင်ဆိုင်သွားဖို့ စိတ်တူကိုယ်တူဖြစ်တဲ့ မေဂျာအသီးသီးက ကျောင်းသားတွေ လက်လှမ်းမီသရွေ့ စုစည်းမိခဲ့ခြင်းပဲဖြစ်ပါတယ်။ (နောက်ပိုင်းမှာ အဲဒီ သူငယ်ချင်းတွေဟာ ဆဲမနာဆိုမနာ တကယ့်ငယ်ပေါင်းကြီးဖော်တွေဖြစ်သွားခဲ့ကြပါတယ်။)

အစည်းအဝေးမစမီ မြင့်ဦးက ကင်မရာကြီးယူလာပါတယ်။ အမှတ်တရဓါတ်ပုံရိုက်မယ်လို့ဆိုပါတယ်။ အားလုံးက ပထမတော့ အံ့အားသင့်၊ နောက်တော့အကြောက်အကန်ငြင်း ကြပါတယ်။ စစ်ထောက်လှမ်းရေးအတွက် အင်မတန်အသုံးတဲ့မယ့် ဓါတ်ပုံဖြစ်သွားမယ် ဆိုတဲ့အယူအဆနဲ့ပါ။ အခုလိုအချိန်မှာတော့ အဲဒီတုန်းကသာ ဓါတ်ပုံရိုက်ဖြစ်ခဲ့ရင် တကယ့်ကိုအမှတ်တရလေးဖြစ်မှာလို့ တွေးမိနေပါတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ကျနော်တို့အားလုံးဟာ ကမ္ဘာကြီးရဲ့ တနေရာစီမှာ ရောက်ရှိ အခြေကျနေခဲ့ကြပြီ၊ အသက်အရလဲ ၄၅နှစ်ကျော်တွေဖြစ်ကုန်ကြပြီ၊ ပြီးတော့ တချို့ လဲ ကွယ်လွန်ခဲ့ကြပါပြီ။

ကျောင်းတွေပြန်ဖွင့်ရင် သပိတ်မှောက်ကြမယ်ဆိုတာ သဘောတူကြပြီး ကျောင်းတွေပြန်မဖွင့်ခင်စပ်ကြားမှာလဲ စည်းရုံးလှုံ့ဆော်မှုတွေလုပ်ဖို့ တိုင်ပင်ကြပါတယ်။ ကျနော်တို့တတွေရဲ့တောင်းဆိုချက်တွေကို အစိုးရရုံးတွေ၊ သံရုံးတွေ၊ သတင်းဌာနတွေကို ပို့ဖို့တိုင်ပင်ကြပါတယ်။ မတ်လအရေးအခင်းမှာ ခေတ္တ အဖမ်းခံခဲ့ရတဲ့ ဒုတိယနှစ်ရုက္ခဗေဒက ကြည်ဇော်မိုး (အောင်ဇော်-ဧရာဝတီ) ရဲ့ စစ်ကြောရေးအတွေ့အကြုံတွေကို နားထောင်ကြပါတယ်။ ကျနော်တို့အားလုံး နားလည်လက်ခံ ကြတာက ကျနော်တို့အားလုံး ဒါမှမဟုတ် အများစုက အဖမ်းခံကြရမှာပဲ။ အဲသလိုအခြေအနေမျိုးနဲ့ကြုံတဲ့အခါ အကောင်းဆုံးကတော့ ကျနော်တို့သိတဲ့လူတွေ အဆက်အသွယ်တွေကို တတ်နိုင်သမျှလျှို့ ဝှက်ထားနိုင်ဖို့ အဆက်အစပ်တွေကို တတ်နိုင်သမျှဖြတ်ထားဖို့ ကျနော်တို့ရဲ့ ၁၀ယောက်ရှိနေတဲ့အုပ်စုကို အုပ်စုငယ်သုံးခုခွဲ လိုက်ဖို့ဖြစ်ပါတယ်။

အခုလက်ရှိအစည်းအဝေးကနေ စိတ်ပိုင်းလိုက်တဲ့ အုပ်စုငယ်တွေကနေတဆင့် ဆင့်ပွားစည်းရုံးသွားမယ့်သူတွေဟာ ကိုယ့်အုပ်စုငယ်တခုတည်းကိုပဲသိနေပြီး ကျန်တဲ့ အုပ်စု၂ခုနဲ့ အဲဒီအုပ်စု၂ခုရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့မရအောင် ခွဲထားတဲ့သဘောပါပဲ။ လိုအပ်လာတဲ့အချိန်မှာတော့ အင်အားစုတွေအားလုံး အချိန်ကိုက် ပေါင်းစပ်သွားကြမယ်လို့ တိုင်ပင်ကြပါတယ်။ အဲဒီအတိုင်းပဲ အုပ်စုငယ်သုံးခုခွဲလိုက်ပြီး လေးလွင်၊ ကြည်ဇော်မိုးနဲ့ ကျနော်တို့ဟာ အုပ်စုငယ်တွေရဲ့ တာဝန်ခံတွေအဖြစ် စာဝေလှုံ့ဆော်ကြမယ့်အစီအစဉ်တွေနဲ့ စည်းရုံးရေးတွေကို ဦးဆောင်သွားကြဖို့ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မြင့်ဦးခြံ၊ စည်သူစိုးမိုးရဲ့အိမ်နဲ့ ကျနော့်အိမ်တွေမှာ ကျနော်တို့ ခပ်စိပ်စိပ်တွေ့ဆုံခဲ့ကြပြီး အစီအစဉ်တွေဆွဲခဲ့ကြပါတယ်။ သံရုံးများကို ပို့မယ့်စာတွေကိုတော့ အင်္ဂလိပ်စာအဓိကကျောင်းသားတွေဖြစ်တဲ့ ဗိုလ်ဗိုလ်မြင့်နဲ့ စည်သူစိုးမိုးတို့နှစ်ယောက် တာဝန်ယူပြီး၊ ဖယောင်းစက္ကူပေါ်မှာ မီးချောင်းနဲ့ လှိမ့်ရတဲ့ လှုံ့ဆော်စာတွေရိုက်ပေးဖို့ကိုတော့ ကြည်ဇော်မိုးနဲ့ ကျနော်က တာဝန်ယူရပါတယ်။ စာဝေကြဖို့သတ်မှတ်ထားတဲ့ နေရာတွေကိုတော့ လေးလွင်၊ ဝင်းသူ၊ ဆာမူရိုင်း၊ မိုးကျော်သူနဲ့ ကျော်စိုးမိုး တို့က လေ့လာကြဖို့တာဝန်တွေခွဲခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဆိုတဲ့ တံဆိပ်တုံး အဝိုင်းနဲ့ ခွပ်ဒေါင်းပုံ တံဆိပ်တုံးတွေဖြစ်လာဖို့ကိုတော့ အစဦးပိုင်းက ကျနော်၊ ဝင်းသူနဲ့ ဆာမူရိုင်းတို့တာဝန်ယူခဲ့ပါတယ်။ ရန်ကုန်မြို့ ထဲက ရာဘာတံဆိပ် တုံးဆိုင်တွေမှာ လိုချင်တဲ့ ပွိုင့်နဲ့ လိုချင်တဲ့စာလုံးတွေကို ခွဲအပ်ရပါတယ်။ ထားဝယ်သမဂ္ဂ ရန်ကုန်မြို့  ဆိုတဲ့ တံဆိပ်တုံးအဝိုင်းက တခု၊ တက္ကသိုလ်သိန်းထီဆိုင် ဆိုတာက တခု၊ ဘုန်းကြီးကျောင်းသားများသာ ဆိုတာက တခု၊ ဆိုင်သုံးဆိုင်မှာ ခွဲအပ်ပြီးတော့ နောက်မှ ဖြတ်ညှပ်ကပ်နဲ့ ပြန်ဆက်စပ်ဖို့ပါ။ လုပ်ကြည့်တော့ အဆင်မပြေပါဘူး။ ရာဘာအထူအပါးညှိရတာ၊ စာလုံးတွေကို ဖြတ်ရကပ်ရတာ အတော်ခက်ပါတယ်။ နောက်ပြသနာတခုက အဲဒီအချိန်တုန်းက ခွပ်ဒေါင်းပုံဟာ ရှာရအတော်ခက်ပါတယ်။ စာကြည့်တိုက်များမှာ အတော် မွှေနှောက်ရှာဖွေခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ မအောင်မြင်တဲ့ တံဆိပ်တုံးစစ်ဆင်ရေးကို မြင့်ဦးက ခပ်တည်တည်နဲ့ တာဝန်ယူခဲ့ပါတယ်။ တကယ်တော့ မြင့်ဦးရဲ့ ဦးလေးတော်သူဟာ ရာဘာတံဆိပ်တုံးတွေကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်တတ်သူပါ။ ကျနော်တို့အတွက်လဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဆိုတဲ့ တံဆိပ်တုံးအဝိုင်းလေးတခု သပ်သပ်ရပ်ရပ်လှလှပပ ရခဲ့ပါတယ်။ (အဲဒီအတွက် မြင့်ဦးရဲ့ မိသားစုဝင်များပါ နောက်ပိုင်းမှာ အရေးယူခံရ တယ်လို့သိရပါတယ်။) ဇွန်အရေးအခင်း အရှိန်အဟုန်မြင့်လာချိန်မှာ မဆလ အစိုးရက ထုံးစံအတိုင်းကျောင်းတွေပိတ်တယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျနော်တို့ကျောင်းသားတွေအနေနဲ့ ကျောင်းပိတ်ထားချိန်တွေမှာ ကိုယ်တတ်နိုင်သမျှ လုပ်ကြပါ။ လှုံ့ဆော်မှုတွေ၊ စည်းရုံးရေးတွေလုပ်ကြပါ။ ထုတ်ပြန်ကြေငြာချက်တွေအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဆိုတဲ့ တံဆိပ်ကိုအခုရနိုင်ပါတယ်လို့ ကြေငြာခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးပေါ်ငုတ်တုတ်ထိုင်လို့ လာထိုးပေးသမျှ စာရွက်တွေ၊ စာအုပ်တွေပေါ်မှာ အဲဒီတံဆိပ်တုံးအဝိုင်းလေးကို မင်နီနဲ့ နှိပ်နှိပ်ပေးခဲ့ရတာ ပြန်အမှတ်ရမိနေပါတယ်။

"မတရားဖမ်းထားတဲ့ ငါတို့ကျောင်းသားတွေကို လွှတ်၊ မတ်လအရေးအခင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနှုတ်ထွက်ပေး၊ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်ရေး" စတဲ့တောင်းဆိုချက်များပါတဲ့ကြေငြာချက်တွေကို ဧပြီလ မေလများမှာ ရန်ကုန်မြို့ လယ်လူစည်ကားရာနေရာများ၊ ရုပ်ရှင်ရုံများ၊ ဈေးကြီးများ၊ ဘတ်စ်ကားဂိတ်များမှာ ဝေငှလှုံ့ ဆော်ခဲ့ကြပါတယ်။ ရန်ကုန်ရဲ့ အထင်ကရ အလုပ်သမားထုကြီးများ စုစည်းရာ အင်းစိန်ရထား စက်ခေါင်းပြင်စက်ရုံ၊ အုတ်ကျင်းချည်မျှင်နှင့် အထည်စက်ရုံ၊ အုတ်ကျင်းဂုန်နီစက်ရုံနဲ့ ကြို့ ကုန်းဘီဘီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံက အလုပ်သမားတွေထံကိုလည်း အရောက်သွားလို့ ကျောင်းသားနဲ့အလုပ်သမားထုများ နစ်နာမှုများအတွက် တာဝန်ရှိတဲ့ မဆလ အစိုးရကို ဆန္ဒပြ ရင်ဆိုင်ကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။ တကယ်တော့ ဒါတွေကို ကျနော်တို့ ဇောချွေးများပြန်ပြန် ကြောက်ကြောက်ရွံ့ ရွံ့  နဲ့ လုပ်ခဲ့ကြတာပါ။ သတ်မှတ်ထားတဲ့ နေရာ၊ သတ်မှတ်ထားတဲ့ အချိန်တွေမှာ ရုတ်တရက် စာတွေဝင်ဝေရတာ အရမ်းကို ရင်ခုန်ရတဲ့ကိစ္စပါ။ ပြီးရင် အိုက်တင်လေးနဲ့ မနေနိုင်ဘဲ ကိုယ့်နောက်က လိုက်ဖမ်းမယ့်သူ ရှိရှိ၊ မရှိရှိ ကြောက်ကြောက်နဲ့ နောက်ဖက်ကို ပြန်လှည့်မကြည့်စတမ်း အဲဒီနေရာက လွတ်အောင်ပြေးရပါသေးတယ်။

စာဝေမယ့်ကိုယ့်ကို စာပြန်ဝေသွားတာလဲ ခံခဲ့ရပါတယ်။ ရန်ကုန်မြို့ လေဟာပြင်ဈေးထဲမှာပါ။ ကျနော်တို့ ရလာတဲ့ လှုံ့ဆော်စာဟာ ခွပ်ဒေါင်းပုံကို ပီပီပြင်ပြင်ဆွဲထားပြီး စာကူးစက်လိုမျိုးနဲ့ အသေအချာကူးထားပုံရလို့ မင်ကျမင်န သပ်သပ်ရပ်ရပ်နဲ့ပါ။ ကျနော်တို့တတွေလဲ အခြားအဖွဲ့များပါ တိုက်ပွဲဝင်နေကြပြီဆိုတာ အသေအချာသိရလို့ အင်မတန်အားတက်ခဲ့ရပါတယ်။

ကျနော်တို့ ဝေငှတဲ့စာရွက်တွေဟာ အစပိုင်းမှာတော့ စာရွက်တွေပေါ် ဖယောင်းစက္ကူတင်၊ မီးချောင်းနဲ့လှိမ့်ရလို့ မင်သီးတဲ့နေရာသီး၊ မင်ကျဲတဲ့နေရာကျဲ၊ တခါတလေများ စာရွက်ပေါ် ကိုယ့်လက်ဗွေရာတွေထင်နေလို့ စိတ်မလုံခြုံဖြစ်ပြီး ပွတ်ဖျက်မိလို့ မင်မည်းအစင်းတွေထင် စသဖြင့် ချို့ တဲ့တဲ့ အပြင်အဆင်တွေနဲ့ပါ။ ဒါတောင် အီးပီစီရုံးမှာ အလုပ်လုပ်တဲ့ ဟန်မျိုးသူ(လုပ်သားများကောလိပ်)က မြန်မာလက်နှိပ်စက်နဲ့ ရိုက်ပေးလို့ အတော်အဆင်ပြေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အခြေခံပညာဦးစီးဌာနမှာ အလုပ်လုပ်နေတဲ့ အော်ဂက်စတင်းထဲက ကျောင်းနေဖက် ငယ်သူငယ်ချင်း အောင်လွင်သန့်(ကုလားကြီး) (လုပ်သားများကောလိပ်) က စွန့်စား ကူညီပြီး ရုံးကစာကူးစက်နဲ့ ရိုက်ပေးလို့ ကျနော်တို့ရဲ့ လှုံ့ဆော်စာတွေဟာ နိုင်ငံတော် စားရိတ်နဲ့ အတော်လေး သပ်ရပ်လာခဲ့ပါတယ်။

အစပိုင်းမှာတော့ ရုပ်ရှင်ရုံ အပေါ်ထပ်တွေကနေ စာရွက်တွေကြဲချခဲ့ကြတာပါ။ စက်ရုံတွေ အလုပ်ဆင်းချိန်ညမှောင်မှောင်မှာ စက်ဘီးတွေနဲ့ စာရွက်တွေဝေတာ၊ ဒတ်ဆန်းအမြန်ယာဉ်တွေ မီးပွိုင့်မိနေတုန်း ကားထဲကိုစာရွက်တွေထိုးထဲ့တာ၊ ရန်ကုန်မြို့ လည်ကောင်မှာ ဘတ်စ်ကားတွေတွယ်စီးပြီးတော့ မီးပွိုင့်မှာ လမ်းကူးမလို့စောင့်နေတဲ့ လူအုပ်ကြားစာရွက်တွေပစ်ထဲ့တာတွေ လုပ်ရင်းနဲ့ ကြာတော့ နည်းနည်းအရေထူလာသမျိုးဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ ဈေးကြီးတွေထဲ ခပ်တည်တည်နဲ့ စာရွက်တွေလိုက်ဝေကြပါတယ်။

ဒီလိုနဲ့ပဲ ဇွန်လဆန်းမှာ ကျနော်တို့စောင့်မျှော်နေခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ မတ်လမှာ အရေးအခင်းတွေကို ရက်ရက်စက်စက် ပြတ်ပြတ်သားသားနှိမ်နင်းခဲ့တဲ့ မဆလအစိုးရဟာ ကျောင်းသားတွေကို နှိမ်လိုက်နိုင်ပြန်ပြီဆိုတဲ့ ယုံကြည်ချက် မျိုးနဲ့ ဇွန်လဆန်းမှာ တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်ပေးခဲ့တာပါ။

ကျောင်းတွေပြန်ဖွင့်ပြီး တပတ်အကြာအထိ ကျနော်တို့ သပိတ်မှောက် လှုပ်ရှားမှုတွေမလုပ်နိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ မြင့်ဦးက ကျနော်တို့တာဝန်ခံ ၃ယောက်ကို ဖိအားပေးပါတော့တယ်။ အခုရက်ပိုင်းအတွင်း သပိတ်မှောက်ဖြစ်အောင်လုပ်ပါ။ မင်းတို့မလုပ်နိုင်ဘူးဆိုရင် ဒီအဖွဲ့က ငါထွက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ကျနော်တို့လဲ တိုင်ပင်ရပါတော့တယ်။ ကဲ ဒို့တွေဘာလုပ်ကြမလဲဆိုတော့ တယောက်ကပြောခဲ့တာက အဲဒီအချိန်က တက္ကသိုလ်မော်ကွန်းထိန်းတာဝန်ယူထားတဲ့ ဒေါ်သိန်း (ကိုအေးချမ်းနိုင်-ဒီဗွီဘီ၊ မဝေဝေနိုင်-နယူးယောက် တို့ရဲ့ မိခင်) စီးတဲ့ ရုံးကားကို မီးတင်ရှို့ ပြီး သပိတ်ကိုစကြဖို့ပါ။ ဒါပေမယ့်လဲ အဲသလို ညစ်တွန်းတွန်းတဲ့ အကြမ်းဖက်လုပ်ရပ်ဟာ ကံကောင်းစွာနဲ့ ဖြစ်မလာခဲ့ပါဘူး။ အဲဒီအစား ကျောင်းဖွင့်ပြီး တပတ်အကြာမှာ ရန်ကုန်တက္ကသိုလ် အပန်းဖြေခမ်းမ (အာစီ) အတွင်းမှာ စာကပ်တာက အစပြုလို့ ကျနော်တို့လိုပဲ စည်းရုံးလှုပ်ရှားနေကြတဲ့ ကျောင်းသားအုပ်စု အသီးသီးဟာ ရန်ကုန်တက္ကသိုလ် အပန်းဖြေခမ်းမကို ဗဟိုပြုပြီး ဇွန်ကျောင်းသားသပိတ်ကို စတင်ခဲ့၊ ဝန်းရံခဲ့ကြပါတော့တယ်။

စစ်ထောက်လှမ်းရေးများက ကပ်ထားတဲ့လှုံ့ဆော်စာများကို ချက်ခြင်းလာရောက်သိမ်းဆည်းသွားခဲ့ပေမယ့် နာရီဝက်ခန့်အတွင်းမှာပဲ ကျနော်တို့ ၁၀ဦးအပါအဝင် သပိတ်မှောက်ဦးဆောင် ကျောင်းသားများက ဂျပ်ဆင်ကန်တင်း ကနေ တောင်ငူဆောင်ရှေ့  စားသောက်ဆိုင်တန်းများအထိ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပါတယ်။ ဂျပ်ဆင်ကန်တင်းထဲက ဝိုင်းအုံကြည့်နေကြတဲ့ ကျောင်းသားတွေကို အတူပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက အများစုဟာ အဆင်သင့်မဖြစ်ခဲ့ကြပါဘူး။ အဲဒီအတွက် ဗိုလ်ဗိုလ်မြင့်နဲ့ ဆာမူရိုင်းတို့ ခံစားပေါက်ကွဲခဲ့ကြတဲ့ မြင်ကွင်းကိုလဲ ခုထိအမှတ်ရမြင်ယောင်နေမိပါတယ်။ ထူးခြားချက်တခုကတော့ အဲဒီအချိန်က စတင်လို့ ကျနော်တို့ရဲ့ မျက်နှာများကို လက်ကိုင်ပုဝါများ၊ လွယ်အိတ်ကြိုးများနဲ့ ကာကွယ်ထားခဲ့ကြခြင်းပါ။

ဒုတိယနေ့မွန်းတည့်ချိန်က စပြီး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များဟာ စာသင်ခန်းတွေအတွင်း ဝင်ရောက်လှုံ့ဆော်ခဲ့ကြပါတယ်။ အမှန်တရားကိုမြတ်နိုးတဲ့ငါတို့သူငယ်ချင်းတွေဟာ လူလိမ်လူညစ်တွေရဲ့ အကျဉ်းသားဖြစ်နေချိန်မှာ ငါတို့ အေးအေးဆေးဆေးစာသင်မနေနိုင်ဘူး၊ ရန်ကုန်တက္ကသိုလ်ဟာ မတရားမှုကို ခေါင်းငုံ့လည်စင်းပေးရိုးထုံးစံ မရှိဘူး၊ ငါတို့ကျောင်းသားတွေဟာ ရေကိုပိုင်းဖြတ်ခွဲခြားလို့မရသလို အားလုံးဟာ တသားတည်းဖြစ်တယ်ဆိုတဲ့ သွေးစည်းညီညွတ်မှုတွေနဲ့အတူ ရန်ကုန်တက္ကသိုလ်အပန်းဖြေခန်းမ၊ အာစီကနေ အဓိပတိလမ်းမကြီးအတိုင်း ကျောင်းသားသမဂ္ဂ အဆောက်အဦး တည်ရှိခဲ့ရာနေရာ၊ ဗိုလ်အောင်ကျော်အထိမ်းအမှတ်များကို ကြွေးကြော်သံများနဲ့ချီတက်ခဲ့ကြပါတယ်။ ဝါးဖတ်ဦးထုပ်ကို ဆောင်းထားတဲ့ ကျောင်းသားတဦးက သမဂ္ဂဝင်း ခြံစည်းရိုးအုတ်တိုင်ပေါ်ကို တွယ်တက်ပြီး ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာသမိုင်းနဲ့ ငါတို့ရဲ့လက်ရှိတာဝန်တွေ အကြောင်း အသံသြဇာရှိရှိနဲ့ ပြတ်ပြတ်သားသားတရားဟောသွားခဲ့သလို သူ့ရဲ့အမည်ကိုလဲ မောင်မောင်ကျော်လို့ ကြေငြာခဲ့ပါတယ်။

တတိယနေ့က စတင်လို့ အာစီရှေ့ မှာ ခုံခင်းပြီး တရားပွဲများ စတင်ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ မိုးသီးဆိုတဲ့ ကျောင်းသားခေါင်းဆောင်တဦး အဟောအပြောကောင်းကောင်းနဲ့ ကျောင်းသားထုကို စတင်ဦးဆောင်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ ကိုမိုးသီးဟာ အဲဒီအချိန်တုန်းက သူ့ကိုယ်သူ မိုးသီးလို့သာ သတ်မှတ်သုံးနှုန်းခဲ့တယ်လို့ထင်ပါတယ်။ နောက်ပိုင်းမှ ဇွန်သပိတ် အမှတ်တရအနေနဲ့ မိုးသီးဇွန်ရယ်လို့များ သတ်မှတ်သုံးနှုန်းခဲ့သလား မသိပါ။ (ကျနော် အမှတ်မှားနိုင်ပါတယ်။)

သပိတ်မှောက်ဦးဆောင်ကျောင်းသားများ အနေနဲ့ အခြားတက္ကသိုလ် ကောလိပ်များကို သွားရောက်ပြီး ဆန္ဒပြသပိတ်မှောက်ကြဖို့လဲ တာဝန်ခွဲဝေခဲ့ကြပါတယ်။ ဗိုလ်ဗိုလ်မြင့်၊ ကျော်လွင်ဦးနဲ့ ကျနော်တို့ဟာ အာစီသရီးလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေကို သွားရောက်ပြီး စားသောက်ဆိုင်တန်းမှာ စာကပ်၊ စာဝေ လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြပါတယ်။

အမှတ်ရစရာ အဖြစ်အပျက်တခုအနေနဲ့ အဲဒီအချိန်က ရန်ကင်း စူနီယံပတ်ခ်မှာ နေထိုင်တဲ့ အင်္ဂလိပ်လူမျိုးတဦးက မြန်မာတိုင်းရင်းသူတဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်ခဲ့မှုကို အင်္ဂလန်ဝန်ကြီးချုပ်ရဲ့ဖိအားပေးမှုကြောင့် ဦးနေဝင်းရဲ့အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အကြောင်းနဲ့ တဖက်ကလဲ ကျောသပ် တဲ့သဘောနဲ့ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း ခြေစမ်းပွဲများ ကစားဖို့ ရန်ကုန်မြို့ ကို လာမယ့်အကြောင်း သတင်းတွေဖြစ်ပေါ်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။ မတ်လအရေးအခင်းမှာ ကိုယ့်တိုင်းသူပြည်သား ကျောင်းသားကျောင်းသူများအပေါ် လက်နက်အားကိုးနဲ့ ရက်ရက်စက်စက် နှိပ်ကွက်ခဲ့တဲ့ မဆလအစိုးရဟာ နိုင်ငံခြားသားတဦးရဲ့ ကိုယ့်တိုင်းရင်းသူ တဦးအပေါ်ကျူးလွန်ခဲ့တဲ့ လူသတ်မှုကိုတော့ အမှန်အတိုင်း ပြတ်ပြတ်သားသား အရေးမယူရဲဘဲ ဘောလုံးအသင်းတသင်းရဲ့ ချစ်ကြည်ရေးခရီးနဲ့ သူရဲဘောကြောင်ကြောင် အပေးအယူလုပ်ခဲ့တဲ့အပေါ် ဇွန်အရေးအခင်းမှာ ထုတ်ဖော်ပြောဆိုကန့်ကွက်ခဲ့တဲ့ အဖြစ်ပဲဖြစ်ပါတယ်။

စတုတ္ထနေ့မှာတော့ အသံချဲ့ စက် မိုက်ကရိုဖုန်းများနဲ့ တရားဟောစင်ဟာ ပိုမို ပီပြင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ခေတ်အဆက်ဆက် ကျောင်းသားထုကို အလျှော့မပေးစတမ်း အဆက်မပြတ်နှိမ်နင်းနှိပ်ကွပ်ခဲ့တဲ့ မဆလအစိုးရကို သွေးသစ်ကျောင်းသားထုက နောင်တော်ကြီးများရဲ့ အစဉ်အလာအတိုင်း ပြင်းပြင်းထန်ထန် ဆက်လက်ဆန့်ကျင် စိန်ခေါ်ခဲ့ပါတော့တယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သပိတ်ဟာ လေးရက်အတွင်း ကျယ်ပြန့်သွားခဲ့ပြီး လှိုင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ စက်မှုတက္ကသိုလ်၊ လုပ်သားများ ကောလိပ်၊ ဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်၊ အင်းစိန်ဂျီတီအိုင်၊ တို့သာမက အခြေခံပညာ ကျောင်းသားများပါ အသီးသီး သပိတ်တိုက်ပွဲဝင်ခဲ့ကြပါတယ်။

မနက်ဆိုကျောင်းကိုသွား နေ့လည်ပိုင်းမှာ အာစီနား မယောင်မလည်လုပ်နေ တယောက်ယောက်က စပြီး မျက်နှာကိုစည်းလိုက်ပြီဆိုတာနဲ့ တပြိုင်နက် ကျန်တဲ့သူငယ်ချင်းတွေကလဲ အသီးသီးမျက်နှာကို စည်းကြတော့တာပါ။ အဲဒီအချိန်ကနေစပြီး တနေ့တာ တရားပွဲများစတင်ဖို့ အဆင်သင့်ဖြစ်ကြပါပြီ။ တခါတလေမှာတော့ တယ်လီဖုန်းတိုင်များမှာ တပ်ထားတဲ့ သေတ္တာငယ်များကို အသံဖမ်းစက်များတပ်ထား တယ်လို့ ထင်ယောင်ထင်မှားဖြစ်ကြ တက်ဖြုတ်ကြ၊ အဲဒီသေတ္တာငယ်များကို ဖျက်ဆီးကြတာမျိုးတွေရှိခဲ့ပါတယ်။ တကယ်တော့ စစ်ထောက်လှမ်းရေးက ကျောင်းဝန်းအတွင်းဖြစ်ပျက်သမျှ တွေအားလုံးကို သူ့နည်းသူ့ဟန်နဲ့ အချိန်နဲ့တပြေးညီသိနေခဲ့တာပါ။ ကျနော့်အဖွဲ့ငယ်က သူငယ်ချင်းဟန်မျိုးသူဟာ ရန်ကုန်မြို့ လျှပ်စစ်ဓါတ်အားဖြန့် ဝေရေးရုံးချုပ် (အီးပီစီ ရုံးချုပ်) မှာအလုပ်လုပ်ပါတယ်။ အဲဒီရုံးချုပ်က ရန်ကုန်မြို့ ရဲ့ လျှပ်စစ်ဓါတ်အားပေးဝေမှုကို ထိန်းချုပ်ထားတဲ့အတွက် အရေးကြီး ဌာနတခုဖြစ်ပါတယ်။ အဲဒီရုံးမှာ တပ်ဆင်ထားတဲ့ကြေးနန်းသတင်းတွေကနေ ကျနော်တို့ရဲ့ အာစီရှေ့ ကတရားပွဲတွေအကြောင်းကို အဲဒီရုံးမှာအလုပ်လုပ် နေတဲ့ ဟန်မျိုးသူ သိနေခဲ့ပါတယ်။

ကိုဇော်ဝမ်းတူးလို စိတ်အခြေအနေပုံမှန်မဟုတ်ဘဲ ကျောင်းဝင်းအတွင်း ဝင်ထွက်သွားလာနေသူတွေ ကိုလဲ အထင်မှား(တနည်းအားဖြင့် စစ်ထောက်လှမ်းရေးလို့ အထင်လွဲ) ပြီး ထိုးကြိတ်ရိုက်နှက်တာမျိုးတွေလဲ ရှိခဲ့ပါတယ်။

တရားဟောစင်အနားမှာ ကျောင်းသားရေးနဲ့ နိုင်ငံရေးငြင်းခုံဆွေးနွေးကြတာတွေ အခြေအတင်ဖြစ်ကြရတာတွေလဲ ရှိခဲ့ပါတယ်။ အဲဒီခေါင်းစဉ် နှစ်ခုအပေါ်မှာ ကျနော့်အနေနဲ့ သဘောထားမကွဲလွဲပါ။ ကျနော်ယူဆခဲ့တာကတော့ အတူတူပဲဆိုတာပါ။ ခေါင်းစဉ်တွေဘာပဲတပ်တပ် အဲဒီအပေါ်မှာ သဘောထားကွဲလွဲကြမယ့်အစား လုပ်ရပ်ပေါ်မှာ ဆုံးဖြတ်တာက ပိုပြီးအမှန်နဲ့ နီးစပ်မယ်လို့ထင်ပါတယ်။

ကျနော်စကားပြောပြီးဆင်းလာတော့ ကျောင်းသားတဦးက နိုင်ငံရေးကိုလျော့ပြောဖို့ လောလောဆယ်မှာ ကျောင်းသားရေးကိုပဲ ဦးတည်ကြဖို့ လာဆွေးနွေးခဲ့တာပါ။ ကျောင်းသားရေးလို့ခေါင်းစဉ်တပ်ပြီးလုပ်ရင် အဖမ်းခံရရင်လဲသက်သာနိုင်တယ်လို့လဲ သူကပြောခဲ့ပါသေးတယ်။ ကျနော်တို့လုံးဝ သဘောမတူခဲ့ဘဲ ငြင်းခုံဆွေးနွေးခဲ့ကြရပါတယ်။

ကျောင်းသားထုကြီး စတင်တောင်းဆိုခဲ့ကြတာကတော့ ဖမ်းဆီးကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ တာဝန်ရှိသူများ နှုတ်ထွက်ပေးရေးနဲ့ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေးတို့ပဲဖြစ်ပါတယ်။ ကျောင်းသားထုအတွင်းမှာ ကျောင်းသားရေးနဲ့နိုင်ငံရေးရယ်လို့ အစပိုင်းမှာ အယူအဆကွဲပြားခဲ့ကြသေးပေမယ့် ကျောင်းသားသပိတ်ကြီး အရှိန်မြင့်လာချိန်မှာတော့ အားလုံးတညီတညာတည်းကြွေးကြော် တောင်းဆို ခဲ့ကြတာကတော့ မဆလအစိုးရအလိုမရှိ ဆိုတာပါပဲ။

သပိတ်မှောက်ကြတဲ့ရက်တွေမှာ တခြားသူတွေတော့ ဘယ်လိုနေမယ်မသိပါ။ ညနေပိုင်းလူစုခွဲကြလို့ ကိုယ့်အိမ်ကိုပြန်ကြချိန်မှာတော့ ကျနော့် စိတ်ထဲမှာ အမြဲပဲ တင်းကြပ်နေခဲ့ပါတယ်။ တယောက်ယောက်က အနောက်ကလိုက်လာနေသလို စိတ်မလုံခြုံမှုမျိုးအမြဲခံစားရပါတယ်။ အဖမ်းခံရမှာကို စိုးကြောက်နေခဲ့တာလဲဖြစ်နိုင်ပါတယ်။ အဲဒီခံစားချက်ဟာ တကယ်တမ်း စစ်ထောက်လှမ်းရေးများ ကျနော့်အိမ်ကိုလာရောက် ဖမ်းဆီးတဲ့နေ့အထိ ဖြစ်ခဲ့ပါတယ်။ အဖမ်းခံလိုက်ရပြီးချိန်မှာတော့ စိတ်ဒုန်းဒုန်းချလိုက်လို့လားမသိ အဲဒီ စိတ်ဖိစီးမှုကနေ ပေါ့ပါးလွတ်မြောက်သွားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ကနေ စတင်ခဲ့တဲ့ ဇွန်သပိတ်ဟာ ရန်ကုန်မြို့ ပေါ်ကတက္ကသိုလ်၊ ကောလိပ်နဲ့ အထက်တန်း၊ အလယ်တန်းကျောင်းအသီးသီးက ကျောင်းသားထုကြီးထောင်ချီ ချီတက်ဆန္ဒပြခဲ့ကြတဲ့၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများပါသွေးမြေကျခဲ့ရတဲ့ ဇွန်လ၂၁ရက် လုံထိန်းတပ်များရဲ့ ဟန့်တားဖြိုခွင်းမှုခံခဲ့ရတဲ့ မြေနီကုန်း အရေးအခင်းမှာ တခန်းရပ်သွားခဲ့ပါတယ်။

ဇွန်၂၁ရက်နေ့မတိုင်မီကတည်းက ပညာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေပိတ်ကြောင်း ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံပညာ ကျောင်းများက ကျောင်းသားကျောင်းသူအများစုဟာ လှည်းတန်းကနေ စတင်ချီတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများနဲ့ တလမ်းလုံးတောက်လျောက် ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ ကမာရွတ်ဝက်ဂီ၊ ဟံသာဝတီ၊ စမ်းချောင်းစတဲ့ရပ်ကွက်တွေက အထက်တန်း၊ အလယ်တန်းကျောင်းသားကျောင်းသူ အများစု ဟာ မြေနီကုန်းကို ဦးတည်ချီတက်လာတဲ့ သပိတ်မှောက်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြရင်း တဖြေးဖြေးနဲ့ သပိတ်မှောက်တပ်ဦးမှာ အဖြူအစိမ်းရောင်တွေ လွှမ်းသွားခဲ့ပါတယ်။ စမ်းချောင်းအထက(၂) အနီး ယုဝတီဆောင်ရှေ့ အကျော်လေး မှာ အသင့်စောင့်နေကြတဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကြား အတင်းဝင်ရောက် ရိုက်နှက်ဖြိုခွဲခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားအများအပြားလဲ အဲဒီနေရာမှာပဲ ဖမ်းဆီးခံခဲ့ကြရပါတယ်။

ဇွန်၂၁ရက်နေ့ ချီတက်ဆန္ဒပြပွဲအကြောင်းကို ဇွန်လ၂၂ရက်နေ့နံနက် ဘီဘီစီအသံလွှင့်ဌာနက ထုတ်လွှင့်သွားခဲ့ရာမှာ ၁၉၆၂ခုနှစ်က စတင်ခဲ့တဲ့ စစ်အာဏာရှင် ဦးနေဝင်းရဲ့ အုပ်ချုပ်ရေးသက်တမ်းတလျောက်မှာ (အဲဒီအချိန်အထိ)အကြီးမားဆုံး ကျောင်းသားအုံကြွမှုကြီး ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။

ပါဝင်လှုပ်ရှားခဲ့ကြတဲ့ကျောင်းသူကျောင်းသားများဟာလဲ အသက်ဆုံးရှုံးမှု၊ ကိုယ်လက်အင်္ဂါပျက်ဆီးချို့ ယွင်းမှု၊ ဖမ်းဆီးခံရမှု၊ ထွက်ပြေးတိမ်းရှောင်မှုများနဲ့ ကြုံခဲ့ကြရပါတယ်။ ဇူလိုင်လဆန်းမှာ မဆလအစိုးရဟာ အရေးပေါ်ပါတီညီလာခံကို ခေါ်ယူခဲ့ပြီး ဇူလိုင်လ ၈ရက်နေ့မှာတော့ ဘယ်သူမှမထင်မှတ်ဘဲ မတ်လနဲ့ ဇွန်လအရေးအခင်းများအတွင်း ဖမ်းဆီးထိမ်းသိမ်း ထားသူများကို ရုတ်တရက် ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အဲဒါကြောင့်လဲ ဇွန်အရေးအခင်းမှာ ပါဝင်လှုပ်ရှား ခဲ့သူများဟာ ၁၅နှစ် နှစ်၂၀ နှစ်ရှည် ထောင်ဒဏ်များ ကျခံရနိုင်တဲ့အခြေအနေကနေ ၁၅ရက် ရက်၂၀နဲ့ပဲ နံမည်ကျော်ရေကြည်အိုင် စစ်ထောက်လှမ်းရေးဌာနချုပ် ကနေ ပြန်လည် လွတ်မြောက်လာကြရပါတယ်။

ဇွန်လကျောင်းသား သပိတ်မှာပါဝင်ဆင်နွှဲခဲ့ကြတဲ့သူ အများစုဟာ ဇူလိုင်လကုန် လပြည့်နေ့ ရွှေတိဂုံရင်ပြင်ဆန္ဒပြပွဲနဲ့ သမိုင်းလမ်းဆုံအထိ ချီတက်ပွဲ၊ ရှစ်လေးလုံးနေ့ လူထုအုံကြွဆန္ဒပြပွဲ၊ ရန်ကုန်ဆေးရုံကြီးရှေ့ တရားပွဲများနဲ့ စစ်အာဏာသိမ်းခဲ့တဲ့ စက်တာဘာ၁၈ရက်နေ့အထိ သပိတ်တိုက်ပွဲပေါင်း များစွာမှာ အတူတကွလက်တွဲခဲ့ ဆင်နွှဲခဲ့ကြပါတယ်။

ကျနော်တို့ရဲ့ အသက်၂၀၊ ၂၁ ပတ်ဝန်းကျင် လူငယ်ဘဝတနေရာမှာ ဇွန်လတက္ကသိုလ်ကျောင်းသားများသပိတ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးစတာတွေနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ ကိုယ့်တာဝန် ကိုယ့်အပိုင်းက ဘယ်လိုပင် သေးငယ်သော်လည်း ကျောင်းသားတယောက်၊ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတခု၊ တာဝန်တရပ်ကို ဦးလည်မသုန် ဆောင်ရွက်ခွင့်ရရှိခဲ့တဲ့အဖြစ်အပျက်လေးဟာ ကျနော်တို့ရဲ့ အတိတ်ငယ်ဘဝ စာအုပ်ကြီးထဲက အမြဲဂုဏ်ယူစရာ အမှတ်တရစာမျက်နှာလေးတခုဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းတွေထက်ပိုပြီး ရဲဘော်ရဲဘက်တွေလို အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြရတဲ့၊ ကျနော့်နှလုံးသားထဲမှာ အမြဲမှတ်တမ်းတင်ထားခဲ့တဲ့ လေးလွင်(နောက်ဆုံးနှစ် ပထဝီ)၊ ကြည်ဇော်မိုး (ခေါ်) အောင်ဇော်-ဧရာဝတီ (ဒုတိယနှစ် ရုက္ခဗေဒ) ၊ ဝင်းသူ-ဧရာဝတီ (ဂုဏ်ထူးတန်း ဒုတိယနှစ်)၊ ဗိုလ်ဗိုလ်မြင့် (တတိယနှစ် အင်္ဂလိပ်စာ)၊ ဆာမူရိုင်း (ခေါ်) မြတ်ကိုကို (ဂုဏ်ထူးတန်း ဒုတိယနှစ်)၊ မြင့်ဦး (နောက်ဆုံးနှစ် ပထဝီ)၊ စည်သူစိုးမိုး (တတိယနှစ် အင်္ဂလိပ်စာ)၊ မိုးကျော်သူ (ကွယ်လွန်) (ဂုဏ်ထူးတန်း ဒုတိယနှစ်)၊ ကျော်စိုးမိုး (တတိယနှစ် ဓါတုဗေဒ)၊ ဝေလဝင်း (တတိယနှစ် ဘူမိဗေဒ)၊ ထွန်းထွန်းသန်း (တတိယနှစ် ရူပဗေဒ) ကျော်လွင်ဦး (ဒုတိယနှစ် သင်္ချာ)၊ မျိုးမင်းထွဋ် (ဒုတိယနှစ် သင်္ချာ)၊ ဟန်မျိုးသူ (ဒုတိယနှစ် လုပ်သားများကောလိပ်)၊ တင်မောင်အေး (ခေါ်) ပိတုန်း (နောက်ဆုံးနှစ် ပထဝီ) ၊မာနူး (တတိယနှစ် ဓါတုဗေဒ)၊ အောင်လွင်သန့် (ဒုတိယနှစ် လုပ်သားများကောလိပ်)၊ စည်သူထွဋ် (တတိယနှစ် စက်မှု)၊ ဝင်းဇော် (တတိယနှစ် စက်မှု)နဲ့ တင်ဇော်ဝင်းတို့ကို ဇွန်သပိတ်ငွေရတု အမှတ်တရအဖြစ် ကျနော့်ရဲ့ Facebook မှာ စာနဲ့ပေနဲ့ မှတ်တမ်းတင်လိုက်ပါတယ်။

၂၅နှစ် ကြာခဲ့ပြီဖြစ်တဲ့ ဇွန်သပိတ်မှာ ထင်ရှားခဲ့တဲ့ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမိုးသီးဇွန်၊ ကိုမောင်မောင်ကျော် (ကျော်စွာထွဋ်-တတိယနှစ်သင်္ချာ)တို့နဲ့ အတူ မထင်မရှား ကျရာနေရာက ရဲရဲဝံ့ဝံ့ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားကျောင်းသူအပေါင်းကိုလဲ ဒီစာစုနဲ့ အလေးပြုအပ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

4 comments :

Anonymous said...

Pay Respect to all students who committed and devoted their efforts and lives for the country!

New World said...

စာရေးသူအမည် ပါသင့်တယ်။

sanchaung9 said...

I am so proud of you guys. I respect all of you.

sanchaung9 said...

I am so proud of you guys. I respect all of you.