Tuesday 9 July 2013

မျိုးစောင့်ဥပဒေ ဆိုးကျိုးများ မကြာခင်လာတော့မည်။

မျိုးစောင့်ဥပဒေ စိတ်အထွေထွေ

မြနန္ဒာဂျာနယ်၊ အတွဲ-၂၊ အမှတ်-၂၅

ဆောင်းပါးရှင်-သင်းသင်းသော်

သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ မတွေ့တာကြာလို့ ဟိုအကြောင်း ၊ ဒီအကြောင်းတွေ ပြောဖြစ်ကြရင်း သူကမေးလာတယ်။ “ဟဲ့-နင်လက်မှတ်ထိုးမှာလား”တဲ့။ ဘာမဆိုင်ညာမဆိုင်၊ အရင်းမရှိ အဖျားမရှိမေးတော့ ဘာပြန်ပြောရမှန်း မသိဘူး။ “ဟိုဥပဒေလေ ။ လူမျိုး ခြားကို မယူဖို့”ဆိုတာ။ ပြီးတော့ဆက်ပြောသေးတယ်။“ ငါတော့သဘောတူတယ်။ လက်မှတ်ထိုးခိုင်းရင်ထိုးမှာ။ နင်လည်းထိုး၊ တကယ်လို့ လက်မှတ်မထိုးရင် နင်ကုလားမယားဖြစ်ချင်လို့ပဲ”တဲ့။ 
ဘုရား၊ ဘုရား၊ ဖုန်းကို ပစ်ချလိုက်တယ်။ ကြက်သီးတွေဖျန်းဖျန်းထလာတယ်။ သူဘာတွေဆက်ပြောနေလည်း ကျွန်မမသိတော့ဘူး။ ဒါ မျိုးချစ်စိတ်လား၊ အစွန်းရောက်စိတ်လား၊ ဒါမှမဟုတ် တစ်ယူသန်စိတ်လား။ ဘာကိုမှ ခွဲခြားမသိတော့ဘူး။ 

သံသယ

မုံရွာဘက်က အမျိုးတွေရောက်လာတယ်။ မိသားစုတွေ ၀ိုင်းထိုင်ပြီး စကားပြောဖြစ်ကြတယ်။ ရွာအကြောင်းလည်း မေးဖြစ်တယ်။ မုံရွာဘက်က သတင်းတွေကြားတယ်။ အဆင်ပြေကြရဲ့လား။ ခုကော အခြေအနေက ဘယ်လိုရှိလဲ။ အေးအေးချမ်းချမ်းပဲမို့လား။ မေးခွန်းတွေ ဆက်တိုက်မေးလိုက်တယ်။ ပြန်ဖြေတဲ့စကားလုံးက“လူတိုင်းသံသယစိတ်တွေနဲ့တဲ့။ စိတ်အေးလက်အေး မနေရပါဘူး”တဲ့။ 
သံသယစိတ်ဟာ အရမ်းကို ကြောက်စရာကောင်းပါတယ်။ ယုံကြည်မှုမရှိ၊ မလုံမခြုံစိတ်ခံစားချက်တွေနဲ့ စိတ်အေးလက်အေးမနေနိုင်တာ အပြစ်မဆိုသာပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီရက်ပိုင်းတွေမှာ မြန်မာပြည်အနှံ့အပြား နေရာဒေသတွေမှာ ကောလဟလတွေကလည်း ပျံ့လွင့်လို့နေသကိုး။ ကိုယ်တိုင်မြင်တွေ့ရတာလည်းမဟုတ်၊ ကိုယ့်ရှေ့မှာ ဖြစ်တာလည်း မဟုတ်၊ ကိုယ့်ရပ်ရွာမှာလည်း မဟုတ်ပါဘဲ။ ဟိုသတင်းဒီသတင်းတွေကြောင့် စိတ်အေးလက်အေးမနေရ၊ စိုးရိမ်ကြောင့်ကျနေကြရတာ ဖြစ်တတ်တာပါပဲ။ 
ဒီလိုပြသနာတွေ၊ ကောလဟလတွေအပြင် လောလောလတ်လတ်ကြီး လှုပ်လှုပ်ရှားရှားဖြစ်နေတာက လွှတ်တော်ကို တင်သွင်းမယ့် အမျိုးစောင့်ဥပဒေဆိုတဲ့ ကိစ္စပါပဲ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းက ဘာသာရေးဟေ့ဆိုရင် ဆတ်ဆတ်ထိ မခံကြ။ “ကောလဟာလတွေကလည်း ပျံ့နေတာပဲ။ ရေတွင်းထဲမှာဆေးခပ်ထားလို့တို့၊ ရေခဲချောင်းမှာ ဆေးတို့လိုက်လို့ ကလေးနှစ်ယောက်ဆေးရုံတင်လိုက်တာတို့၊ လမ်းဘေးသောက်ရေအိုးစင် မှာ ဘာသာခြားတွေက ဆေးခပ်ထားတယ်တို့နဲ့ စုံနေတာပဲ။ အကုန်လုံးကလည်း ဒါတွေကြားပြီး ကြောက်လန့်နေကြတယ်။ သံသယစိတ်တွေကလည်း အပြည့်။ အမတို့ဆီမှာ လမ်းဘေးရေအိုးစင် ရေကိုမရှိဘူး။ ထည့်မယ့်သူကလည်း မထည့်တော့သလို သောက်မယ့်သူလည်း မရှိတော့ဘူး။ အမတို့တောင် ရေအိုးစင်တည်ဖို့ ၀ယ်ထားတဲ့ သောက်ရေအိုး အခုမတည်ဖြစ်တော့ဘူးလေ။ 

“တစ်ချို့၇ွာတွေမှာပိုဆိုးတယ်။ ကိုယ့်ခြံဝင်းထဲက ရေတွင်းကို ဆေးလာခပ်ခံ၇မှာစိုးလို့ ညဘက်စောင့်အိပ်တာတို့၊ ရေတွင်းကို အ၀တ်ဖုံးထားတာတို့တွေတောင် လုပ်ကြတာ။ ညနေဆိုရင် ရွာသားတွေက ကင်းလှည့်နေကြပြီ။ ဟိုအသံဒီအသံကလည်း စုံနေတော့ ရင်းနှီးတဲ့ သူတွေကိုတောင် သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံ၊ ကြောက်စိတ်တွေ၊ သံသယစိတ်တွေနဲ့ စိတ်အေးရတယ်လို့ကို မရှိတော့ပါဘူး”တဲ့။ 

အေးချမ်းနေတဲ့ ရင်ထဲကို ဒီသံသယတွေနဲ့ ဒီအကြောက်တရားတွေ ဘယ်သူရိုက်သွင်းပေးနေတာလဲ။ ပူလောင်မှုတွေနဲ့ မငြိမ်းချမ်းခြင်းတွေကို ဘယ်သူထည့်သွင်းပေးလိုက်တာလဲ။ကောလဟလတွေကို ဘယ်သူဆောင်ကြဉ်းလာတာလဲ။ မသီတာထွေး အမှု၊ ရန်ကုန်-တောင်ကုတ် အဝေးပြေးကားပေါ်မှာ ပါလာတဲ့မူဆလင် ဆယ်ယောက် အသတ်ခံရတဲ့ကိစ္စ၊ မိတ္ထီလာကိစ္စ ၊ လားရှိုးကိစ္စ၊ ....များပြားလှတဲ့ ကိစ္စတွေက ဆက်တိုက်ဆက်တိုက်..ဒါတွေရဲ့ နောက်ဆက်တွဲကတော့ အခုအမျိုးစောင့်ဥပဒေ ကို အတည်ပြုဖို့ ကြိုးစားလာနေကြတဲ့ သံဃာတော်တွေအပေါ် ပုခုံးပြောင်း သွားပြန်ပါတယ်။ ဘယ်သူတွေက သားကောင်ဖြစ်ပြီး ဘယ်သူတွေက အရွှေ့ခံနေရတာလည်း။ ဆင်ကွက်ထဲဝင်သွားတာလား။ ထွင်ကွက်ထဲ ၀င်သွားတာလား။ သေချာတာကတော့ အခု လူတိုင်းရဲ့ ရင်ထဲမှာ သံသယတွေ၊ အကြောက်တရားတွေနဲ့ ပျံ့နှံ့ တုန်လှုပ်နေကြပါတယ်။ ဒါဟာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေဖို့ အခွင့်ကောင်းဖြစ်နေပါပြီ။ အမုန်းတရားတွေကတော့ စွဲမြဲနေခဲ့ပါပြီ။ 


လက်မှတ်ထိုးကောက်ခံ

နေရာတော်တော်များများမှာ အမျိုးစောင့်ဥပဒေ ကို အတည်ပြုနိုင်ဖို့အတွက် ဗုဒ္ဓဘာသာဝင်တွေဆီက ထောက်ခံလက်မှတ်တွေ ထိုးခိုင်းနေပါပြီ။ မန္တလေး ဘုရားကြီးဘက်မှာဆိုရင် လော်စပီကာကြီးဖွင့်၊ သီချင်းတွေဖွင့် ခုံတွေခင်းပြီး လက်မှတ်ထိုးတွေကောက်နေတာ တော်တော်ကို ခရီးပေါက်နေပါပြီ။ အနယ်နယ်အရပ်ရပ်မှာတော့ ဒီထောက်ခံလက်မှတ်ထိုးတွေကို ဆရာဒကာရင်းတွေကတဆင့် စုဆောင်းတယ်လို့လည်းသိရတယ်။ မုံရွာ၊ ပုလဲမြို့နယ်ထဲမှာ ရှိတဲ့ကျေးရွာတွေမှာတော့ ကျောင်းထိုင်ဆရာတော်တွေက တစ်ရွာလုံးကို ကျောင်းကိုလာဖို့ဆင့်ခေါ်ပြီး လက်မှတ်ထိုးခိုင်းပါသတဲ့။ 

“ရွာဘက်က ဆရာတော်က သူတို့ရဲ့ ဒကာမတွေကို လက်မှတ်လိုက်ထိုးခိုင်းတယ်။ ဒကာ၊ ဒကာမတစ်ယောက်စီက လက်မှတ် တစ်ရာစီပြည့်အောင် စုခိုင်းထားတယ်။ အမတို့အိမ်ဘက်တွေလည်း ရွာထဲက လူတွေကလက်မှတ်လာထိုးခိုင်းတယ်။ ဘာသာခြားကို မယူဖို့တဲ့။ ကိုယ်လည်းယူမှမယူတာ ဘာမှဖတ်ကြည့်မနေတော့ဘဲထိုးပေးလိုက်တယ်။ တစ်ချို့ရွာက ဘာသာခြားတွေဆိုရင် ပြောင်းသွားကြပြီ။ ဘာသာခြားဆိုင်တွေလည်း အရောင်းတွေကျသွားတယ်။ အရမ်းကို သိသာတယ်”လို့ အလည်လာတဲ့ မုံရွာဆွေမျိုးတွေက တစ်ယောက်တစ်ခွန်း ပြောပြကြတယ်။ 

ဒီအမျိုးစောင့်ဥပဒေဆိုတာဟာ ကိုယ့်ဘာသာသာသနာနဲ့ ကိုယ့်ဗုဒ္ဓဘာသာ မိန်းခလေးတွေကို ကာကွယ်ပေးလို့ ဒီဥပဒေကို အကောင်အထည်ဖော်နေတဲ့ ဆရာတော်တွေကို အင်မတန်ထောက်ခံပြီး ကျေးဇူးတွေလည်း တင်နေကြတယ်တဲ့။ 

နူးညံ့သူတွေ မုန်းကြပြီလား

တရားလာဟောတဲ့ ဆရာတော်တွေရဲ့ တရားတွေကို နာကြ၊ ခွေတွေကို ကြည့်ကြ၊ ဒေါသတွေထွက်၊ အမုန်းမီးတွေတောက်၊ ခံပြင်းစိတ်တွေဝင်ပြီး အပူတွေကိန်းအောင်းကုန်ကြတာကိုတော့ မေ့လျော့နေကြပါပြီ။ 

“အ၇င်တုန်းကတော့ တရားနာတယ်ဆိုတာ ရင်ထဲက အပူမီးတောက်တွေ ငြိမ်းအေးပြီး စိတ်ရောကိုယ်ရော အေးချမ်းသွားတာ။ လောဘတွေ၊ ဒေါသတွေ ၊ မောဟတွေ အကုန်ငြိမ်းအေးသွားလောက်အောင်ကို တရားရေအေးတိုက်ကျွေးတယ်ပေါ့နော်။ အခုတော့ လူတွေရဲ့ ရင်ထဲမှာ အမုန်းတွေပွားလာတယ်။ ကံ၊ ကံ၏ အကျိုး၊ ကိုယ်ပြုတဲ့ကံ ကိုယ့်သာခံ၇မယ်ဆိုတဲ့ စကားတွေလည်း မရှိတော့ဘူး။တကယ်က ဗုဒ္ဓဘာသာဆိုတာ အင်မတန် သိမ်မွေ့တဲ့ အရာ။ အခုတော့ ကိုယ့်အိမ်က လူတွေတောင် ဟိုမုန့်ဆိုမစားဘူး။ ဒီဆိုင်ဆို မ၀ယ်ဘူး။ တော်တော်ကို ရင်မအေးစရာပါပဲ”လို့ လည်း မြို့ခံ အချို့က ပြောကြပါတယ်။ 

“ကျွန်တော်တို့ရွာက ကျောင်းထိုင်ဆရာတော်က ဘယ်ရွာသားကိုမှ လက်မှတ်မကောက်ဘူး။ ၀င်လည်းမပါဘူးလေ။ ဒါကို ရွာကအချို့လူတွေက ဆရာတော်ကို မကျေနပ်ဘူး။ တာဝန်မကျေဘူးလို့လည်း ပြောကြတယ်။ ရွာမှာဒီကိစ္စနဲ့ ဆရာတော်ကို ကြည်ညိုတဲ့သူ၊ မကြည်ညိုတဲ့သူ ကွဲကုန်ပြီ။ အချင်းချင်းတွေလည်း လက်မှတ်ထိုးမယ် မထိုးဘူးနဲ့ စိတ်ဝမ်းတွေ ကွဲနေတယ်။ 

အခြေအနေကတော့ ဒီအတိုင်းပဲ။ ရွာက လူတွေက အားရင် ဒီတရားခွေတွေကိုပဲ စပီကာနဲ့ အပြိုင်ဖွင့်ထားတာ။ အားနေလည်း ဒီအကြောင်းတွေပဲ ပြောနေတယ်။ ဒီစိတ်တွေနဲ့ မွန်းကြပ်နေကြသလိုပဲ။ ခွေတွေကြည့်ပြီး ဒေါသတွေထွက်နဲ့ အမုန်းတွေကတော့ တော်တော်ကိုစိုးတယ်”လို့လည်း ကိုယ်လက်လှမ်းမီတဲ့ ရွာကမိတ်ဆွေတွေကို မေးမြန်းစုံစမ်းကြည့်တော့ ပြန်ဖြေခဲ့တဲ့ စကားပါ။ 


သက်ရောက်မှုတိုင်း ကောင်းပါ့မလား

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး လှုပ်ရှားမှုကတော့ တဟုန်ထိုးဖြစ်နေပါပြီ။ ဘယ်လိုပဲတွေးတွေ ၊ ဘယ်လိုပဲမေးမေး အဖြေကတော့ ပေါ်မလာပါဘူး။ ဗုဒ္ဓဘာသာ မြန်မာမိန်းခလေးတွေဟာ တကယ်ပဲ ဥပဒေနဲ့ ထိန်းချုပ်ထားမှ ၊ တားမြစ်ထားမှ၊ ဘောင်ခတ်ကန့်သတ်ထားမှ ရမယ့်သူတွေလား။ ဒီလောက်ထိ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မစောင့်ထိန်းနိုင်တော့တဲ့သူတွေဖြစ်သွားလို့လား။ဥပဒေနဲ့ ထိန်းကျောင်းရလောက်အောင်ထိ မြန်မာအမျိုးသမီးလေးတွေက ဘာသာခြားတွေကို ဘယ်လောက်ရာခိုင်နှုန်းလောက် ယူထားသလဲဆိုတဲ့ စစ်တမ်းအသေးစိတ်တွေကော ကောက်ထားလို့လား။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာတော့ မိသားစု အစုတစ်ရာမှာ ဘာသာခြားကို ယူတဲ့သူ တစ်ယောက်မရှိပါဘူး။အခြားဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ဘယ်လိုထင်ကြမလဲ။ ကိုယ့်သိက္ခာကိုယ်မစောင့်စည်းကြလို့ ဒီလိုဥပဒေထုတ်ခံ၇တာပေါ့လို့များတွေးပြီးဟားကြလေမလား။ ဒီလိုသာဆိုရင် မွေးထုတ်ပေးလိုက်တဲ့ မိဘတွေကိုယ်တိုင်က ကိုယ့်သမီးပျိုတွေကို မသွန်သင်နိုင်လို့၊ မဆုံးမနိုင် မထိန်းကျောင်းနိုင်တော့လို့ ဆရာတော်သံဃာတော်တွေက ၀င်ပါပြီး ထိန်းကျောင်းပေးနေ၇တာမျိုးများ သက်ရောက်သွားလေမလား။ 

ကိုယ့်တစ်ယောက်တည်းတွေးတောရင်း ဒီအကြောင်းအ၇ာတွေကို ရင်ဖွင့်ပြောပြဖို့ မြို့ထဲက ဆရာ့ထံကို ထွက်လာခဲ့တယ်။ ဆရာ့ဆီမှာ ပြောပြတယ်။ ပြီးတော့ ကျန်တဲ့ဆရာတွေ၊ မြို့ခံတွေ ဘယ်လိုသုံးသပ်ကြလဲ။ ဘယ်လိုတွေးလည်းဆိုတာကိုလည်း လက်လှမ်းမီသလောက်လိုက်မေးဖြစ်ခဲ့ပါတယ်။ 

“ဗုဒ္ဓဘာသာတရားဆိုတာက ငြိမ်းချမ်းရေးတရားပါ။ နည်းနည်းတော့လွဲနေတယ်။ ပြောပြန်ရင်လည်း ဆန့်ကျင်သလိုဖြစ်သွားဦးမယ်။ အခုလောလောဆယ်မှာတော့ ဒါတွေကို မလုပ်စေချင်သေးဘူး။ အခုက ရှုပ်ထွေးနေတဲ့အချိန်လေ။ မငြိမ်းချမ်းကြဘူး။ အခွင့်အခါကို စောင့်နေတဲ့သူတွေကလည်း အများကြီးပဲ။ ဒီအခွင့်အရေးကို ရဖို့ ဒီလိုဖြစ်အောင်ဖန်တီးနေသလားဆိုတာလည်း မခန့်မှန်းနိုင်ဘူးလေ။ 

အခု ဘာသာခြားနဲ့ပိုဖြစ်လာတာ။စိတ်တွေကို အရမ်းကို လှုံ့ဆော်လိုက်သိုဖြစ်နေတယ်။ ကလေးတွေရင်ထဲမှာတောင် ရောက်နေပြီ။ စောင့်လေမျိုးနွယ်ဆိုတာကလည်း ဘုရားဟောတာက ဒီလိုကြီးစောင့်ရမယ်လို့ ဟောတာမဟုတ်ပါဘူး။ အခုက ရောထွေးနေတယ်။ တစ်ယောက်နဲ့တစ်ယောက်က သံသယတွေနဲ့လေ။ သူတို့ကလည်းကြောက်နေကြတယ်။ ဒီတိုင်းကတော့ အတူယှဉ်တွဲနေထိုင်ဖို့တာ ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ။ ”လို့ မန္တလေးမြို့ခံ အချို့ကလည်း သုံးသပ်ပြောဆိုကြပါတယ်။ 

“ဘုရားရှင်ရှိစဉ်ကတောင် ဘုရားက ဒိဌိကျောင်းကို သွားတာပါပဲ။ဘုရားကျောင်းဘေးမှာလည်း ဒိဌိကျောင်းတွေရှိတာပဲ။ ပြီးတော့ ဗုဒ္ဓဘာသာက စည်းရုံးပိုင်ခွင့်မရှိဘူး။ စည်းလည်းမစည်းရုံးရဘူး။ ဘုရားကိုယ်တိုင်ကိုယ်က ယုံကြည်ရင်ကိုးကွယ်ပေါ့။ ဗုဒ္ဓဘာသာမိဘက မွေးလို့ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မပြောဘူး။ ကိုယ်တိုင်ယုံကြည်မှ လက်ခံ၊ ကိုယ်တိုင်ကျင့်ပဲ။ ”လို့လည်း လူကြီးသူမတွေက ပြောပြပါတယ်။ 


ဘယ်လိုဆုံးဖြတ်မလဲ

ကိုယ့်လက်ထဲကို လက်မှတ်ထိုးတဲ့ စာရွက်များရောက်လာခဲ့ရင် လာလုပ်ရမလဲ။ လက်မှတ်ထိုးမှာလား။ မထိုးဘူးလား။ ဘယ်သူတွေက ထောက်ခံပြီး ၊ ဘယ်သူတွေက ကန့်ကွက်ကြပါသလဲ။ ထောက်ခံသူတွေကကော ဘယ်လိုလူတွေဖြစ်ပြီး ဘာကြောင့်ထောက်ခံကြပါသလဲ။ ကန့်ကွက်ကြသူတွေကကော ဘယ်လိုလူတွေဖြစ်ပြီး ဘာ့ကြောင့်ကန့်ကွက်ကြပါသလဲ။ 

တစ်အိမ်တက်ဆင်း လက်မှတ်လိုက်ထိုးခိုင်းတာမျိုးနဲ့ မကြုံတွေ့ပါစေနဲ့လို့တော့ ဆုတောင်းနေမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်မှတ်မထိုးပေးဘူးလို့ ပြောရင် သူငယ်ချင်းပြောသလို ဘာသာခြားမယားဖြစ်ချင်နေလို့လို့ အော်တော်မစ်တစ် စာရင်းသွင်းခံရမယ်။ လက်မှတ်ထိုးလိုက်ပြန်ရင်လည်း ကိုယ်တွေ သိက္ခာမရှိ၊ အကျင့်ပျက်၊ အမျိုးဂုဏ်ကို မစောင့်ထိန်း၊ ဘာသာတရားကို လျစ်လျှူရှုတဲ့ မိဘဆိုဆုံးမလို့ မရတဲ့ အမျိုးသမီးဖြစ်ပြန်ဦးမယ်။ 


ကျွန်မတစ်ယောက်တည်းရဲ့ အတွေးကတော့ ဒီလိုလွတ်လပ်ပွင့်လင်းလာတဲ့ ခေတ်၊ ကိုယ်ပိုင်ရွေးချယ်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ၊ လူ့အခွင့်အရေးတွေ တောင်းဆိုနေတဲ့ အချိန်မျိုးမှာ ကိုယ်ကျင့်သိက္ခာကို ထိပါးတယ်လို့ ခံစားရတဲ့ ဘယ်လိုဥပဒေမျိုး ဘယ်လိုအမိန့်မျိုးကို မှ ဘောင်ခတ်မခံချင်ခဲ့ဘူး။ ဘယ်လိုလူတွေ ဘယ်လိုတွေးမှန်းမသိပေမယ့် ကိုယ့်ဆီလက်မှတ်ထိုးစာရွက်ရောက်လာခဲ့ရင် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်အတွက် ဂုဏ်သိက္ခာကို ထိပါးစော်ကားကြဦးမှာလား ဆိုတဲ့အတွေးကို တွေးနေကြတဲ့သူတွေလည်း အများကြီးကျန်နေပါသေးတယ်။

No comments :