Saturday 23 August 2014

ငြိမ်းချမ်းရေးခရီး နဲ့ တော်လှန်ရေး ရဲ့ခေါင်း နဲ့ ကိုယ် (ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း)

    အရပ်သားတပိုင်းစစ်တပိုင်းအစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတာကိုအားလုံးအသိပါ။ ငြိမ်းချမ်းရေးလုပ်တာကို ကျနော်တို့ကြိုဆိုရမှာပဲ။ ငြိမ်းချမ်းရေးဟာ ဗမာပြည်အတွက် အရေးကြီးဆုံးလိုအပ်ချက်ပါ။ ဒါပေမယ့် ရိုးသားဖို့လိုတယ်။ စေတနာမှန်ဖို့လိုတယ်။ အရပ်သားတပိုင်း စစ်တပိုင်းအစိုးရပီသစွာ၊ ငြိမ်းချမ်းရေးတဖက် စစ်ပွဲတဖက်လုပ်နေတဲ့ လုပ်ရပ်ကိုတော့ ကန့်ကွက်ရပါလိမ့်မယ်။ ဒီနေ့ဖြစ်နေပုံက လူရှေ့သူရှေ့မှာ ငြိမ်းချမ်းရေးစကားပြောပြီး တောကြိုအုံကြားလူကွယ်ရာရောက်တာနဲ့
စစ်တိုက်နေသလိုဖြစ်နေတယ်။ ဒီတော့ အခုလုပ်နေကြတဲ့ငြိမ်းချမ်းရေးလုပ်ငန်းဟာ ဘယ်လောက်စေတနာမှန်မှန်နဲ့လုပ်နေသလဲ။ နည်းမှန်လမ်းမှန်လုပ်နေတာ ဟုတ်ရဲ့လားဆိုတာကို ကျနော်တို့ပြန်ကြည့်ဖို့လိုလာပါပြီ။

    အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေထဲမှာ သံသယဖြစ်စရာတွေ ပြည့်နေတယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ဟာ နိုင်ငံတကာကပေးတဲ့ငွေထုပ်ကို ဖင်ခုထိုင်ပြီး အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့ သံသယတွေလည်း အများအပြားရှိနေတယ်။ အများပြည်သူက သူတို့အပေါ်မှာ အယုံကြည်နည်းတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအလားအလာတွေ ကောင်းနေတယ်လို့ ဆိုနေကြသူတွေဟာ ဦးအောင်မင်းတို့အုပ်စုသာမကဘဲ တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါဝင်ကြတော့ အများပြည်သူက အားတက်တယ်။ မျှော်လင့်ချက်ထားတယ်။

    ဒီတခါတော့ ငြိမ်းချမ်းရေးနဲ့ သိပ်မဝေးတော့ဘူးလို့ တချို့ကထင်တယ်။ အဲဒီအထင် ဘယ်လောက် မှန်နိုင်ပါသလဲ။

    အပစ်အခတ်ရပ်စဲရေးအတွက် တခုတည်းသောမူကြမ်း ထွက်ပေါ်လာရေးကို သင်္ကြန်မတိုင်ခင်က ဆွေးနွေးကြရာမှာ ငြင်းစရာတွေကပွားပွားလာပြီး အငြင်းပွားကြရလွန်းလို့ မူလသတ်မှတ်ထားတဲ့ အစည်းအဝေးရက် ၂ ရက်ဟာ ဆန့်ထွက်သွားတာကို တွေ့ရတယ်။ နောက်ဆုံး ရက်ကြာလာလို့ အစည်းအဝေးသာရပ်လိုက်ရတယ်၊ သဘောတူညီချက်တော့ မရခဲ့ကြဘူး။ သဘောတူညီချက်ရသယောင်ယောင် အဆင်ပြေသယောင်ယောင် ဖုံးဖုံးဖိဖိပြောတဲ့ ပူးတွဲကြေညာချက်တခုတော့ ထွက်လာပါရဲ့။

    ဒါပေမယ့် တကယ့်ဖြစ်ရပ်ဟာ မကြေလည်မှုတွေနဲ့ တခန်းရပ်ခဲ့ရတာသာဖြစ်ကြောင်းကိုတော့ လေ့လာကြည့်ရင်သိနိုင်ပါတယ်။

    မကြေလည်မှုတွေက ဘာတွေပါလဲ။

    စကားလုံးအသုံးအနှုန်းလေးတွေ ကွဲလွဲနေတယ်လို့ နှစ်ဖက်စလုံးက ပြောကြတယ်။ ဒါပေမယ့် အဲဒီလိုပြောနေကြတာဟာ ဖော့ပြောနေတာပါ။ ဖော့ပြောနေတာဖြစ်ကြောင်းကို သူတို့ကွဲလွဲချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ သူတို့ကွဲလွဲချက်တွေက ဘာတွေလဲဆိုတာကို ကြည့်ကြရအောင်ပါ။

၁။ တိုင်းရင်းသားတွေဘက်က တော်လှန်ရေးဆိုတဲ့စကားလုံးသုံးနှုန်းတာကို အစိုးရဘက်က မကြိုက်ဘူးလို့ ဆိုတယ်။

၂။ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်လို့သုံးတာကို အစိုးရဘက်က မကြိုက်ဘူး။ ဖက်ဒရယ်အစား ပြည်ထောင်စုလို့ပဲ သုံးရမယ်။

၃။ တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ စကားလုံးသုံးတာကို အစိုးရက မကြိုက်ဘူး။

၎။ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်ဆိုတဲ့စကားကို အစိုးရဘက်ကသုံးတာကို တိုင်းရင်းသားတွေဘက်က မကြိုက်ဘူး။ ဥပဒေလိုက်နာရမယ်လောက်ဆိုရင်တော်ပြီ။

၅။ လွှတ်တော်ပြင်ပလို့ တိုင်းရင်းသားတွေသုံးတာကို အစိုးရက မကြိုက်ဘူး။

    ဒါလေးတွေကို စကားလုံးအသုံးအနှုန်းလေးတွေ ကွဲလွဲနေတယ်လို့ အစိုးရဘက် UPWC ကရော တိုင်းရင်းသားဘက် NCCT ကရော ပြောကြတယ်။ တကယ်တော့ ဒါဟာ စကားလုံးလေးတွေကွဲလွဲနေတာ မဟုတ်ဘူး။ မူအရ အကြီးအကျယ်ကွဲလွဲချက်တွေဆိုတာကို နိုင်ငံရေးနဲ့သိပ်ဒုံးမဝေးတဲ့သူတိုင်း သိနိုင်တယ်။

    တော်လှန်ရေးဆိုတဲ့စကားကို တိုင်းရင်းသားတွေကသုံးချင်တာဟာ သူတို့ရဲ့တကယ့်ခံစားချက်ကို ထင်ဟပ်စေချင်တာပဲ။ သူတို့ဂုဏ်သိက္ခာကို ပေါ်လွင်စေချင်တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရကိုမကြိုက်လို့ တော်လှန်နေကြသူတွေပဲ။ သူခိုးဓါးပြမဟုတ်ဘူးဆိုတာ သိစေချင်ကြတယ်။ အစိုးရကတော့ သူတို့ကို လက်နက်ကိုင်တိုက်ပွဲကာလတလျှောက်လုံးမှာ သောင်းကျန်းသူလို့သာ သဘောထားခဲ့တယ်။ အဲသလိုပဲ သုံးနှုန်းခဲ့တယ်။ အစိုးရကမတရားလို့ ဖိနှိပ်လို တော်လှန်နေကြတဲ့သူတွေလို့ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူး။ ဒါ့ကြောင့် တော်လှန်ရေးဆိုတဲ့စကားကို လက်မခံချင်ဘူး။ သူတို့ဟာ နိုင်ငံရေးစိတ်ဓါတ်နဲ့ တော်လှန်နေတဲ့သူတွေဆိုတာကို အသိအမှတ်ပြုရတာဟာ သူတို့ရဲ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုရတာ ဖြစ်တယ်။ အဲဒါကို အသိအမှတ်မပြုဘဲ လက်နက်ကိုင်ပြီး အလကားသောင်းကျန်းနေသူတွေလို့သာ ဆိုချင်တဲ့အတွက် လက်နက်ကိုင်တိုင်းရင်းသားလို့သာ သုံးချင်တယ်။ တော်လှန်ရေးကိုမသုံးဖို့ ကန့်ကွက်တဲ့အပြင် လက်နက်ကိုင်တိုင်းရင်းသားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တောင် အငြင်းပွားကြတယ်။ တိုင်းရင်းသားတွေက အစိုးရကိုမကျေနပ်လို့ လက်နက်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မထွက်ဘဲ၊ လက်နက်ကိုင်ထားသော တိုင်းရင်းသားအချို့ဆိုတဲ့အဓိပ္ပာယ် ဖြစ်စေချင်တယ်။ ဒါဟာ သာမန် စကားလုံးအငြင်းပွားမှု မဟုတ်ဘူး။ နောက်ကွယ်မှာ အင်မတန်ကြီးမားတဲ့ အဓိပ္ပာယ်ခြားနားမှုကြီး ရှိနေတယ်။

    တိုင်းရင်းသားတွေက ဖက်ဒရယ်လို့သုံးတာကို အစိုးရက မကြိုက်ဘူး။ ပြည်ထောင်စုလို့ သုံးစေချင်တယ်။ ဒါဟာလည်းမူအရ အလွန်ကြီးမားတဲ့ ခြားနားချက်ကြီးပဲ။ အစိုးရပြောနေတဲ့ ပြည်ထောင်စုဆိုတာ အခု သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ ပြည်ထောင်စုကို ပြောနေတာ။ အခုသူတို့လုပ်ထားတာဟာ ပြည်ထောင်စုပါပဲလို့ ပြောနေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကတော့ အခု ၂၀၀၈ မူကို ပြည်ထောင်စုလို့လက်မခံဘူး။ တပြည်ထောင်စနစ်လို့ပဲ ယူဆတယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး တခုမှမပါဘူးလို့ ယူဆတယ်။ ဖက်ဒရယ်ကို လိုချင်တယ်။ ပြည်ထောင်စုစစ်စစ်ကို လိုချင်တယ်။ ဒါဟာ ဧရာမခြားနားချက်ပါ။

    နောက်တခါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့အသုံးကို အစိုးရကမကြိုက်ဘူး။ ဒါဟာလည်း စောစောက ဖက်ဒရယ်/ပြည်ထောင်စုကွဲလွဲမှုနဲ့ တသဘောတည်းပဲ။ အစိုးရက တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပေးချင်ဘူး။ ကိုယ့်ပြည်နယ်မှာ ဒေသဆိုင်ရာဥပဒေတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ အခွန်ငွေ ခွဲဝေသုံးစွဲခွင့်၊ သယံဇာတ ခွဲဝေပိုင်ဆိုင်ခွင့်၊ တိုင်းရင်းသားအရေးကို ကိုယ်ပိုင်ဆောင်ရွက်ခွင့်တို့ဆိုတဲ့ အခွင့်အရေးတွေကို မပေးချင်ဘူး။ ဒါလည်း မူအရကွဲလွဲချက်ပါ။

    တည်ဆဲဥပဒေတွေကို လိုက်နာရမယ်လို့ အစိုးရကပြောတယ်။ တိုင်းရင်းသားဘက်က ဥပဒေလိုက်နာရမယ်လောက်ပဲ သဘောတူချင်တယ်။ ဒီကွဲလွဲချက်ကလည်း မသေးဘူး။ တိုင်းရင်းသားဘက်က ဥပဒေလိုက်နာမယ်ဆိုတာ တရားမျှတတဲ့ဥပဒေ၊ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ဥပဒေကို လိုက်နာမယ်ဆိုတဲ့သဘော။ ဥပဒေပီသတဲ့ ဥပဒေကိုလိုက်နာမယ်ဆိုတဲ့ သဘော။ ဥပဒေလိုက်နာရေးကို မူအရသဘော တူတယ်ဆိုတဲ့ သဘော။ အစိုးရဘက်က တည်ဆဲဥပဒေဆိုတာ တည်နေတဲ့ဥပဒေအားလုံးကို လိုက်နာရမယ်ဆိုတဲ့ သဘော။ ဒါဆိုရင် မတရားအသင်းဥပဒေလို ဥပဒေမျိုးကိုလည်း လိုက်နာရမယ်လို့ အဓိပ္ပာယ်ထွက်သွားတယ်။ အခုဆွေးနွေးနေတဲ့ တိုင်းရင်းသားအားလုံးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ခုံရုံးတင်ဖို့ပဲ ရှိတော့မယ်။ ဒါမျိုးကို တိုင်းရင်းသားတွေက မလိုလားဘူး။ ဗမာပြည်မှာ ဖျက်သိမ်းသင့်တဲ့ မတရားတဲ့ဥပဒေတွေ၊ ဥပဒေလို့မခေါ်ထိုက်ဘဲ ဥပဒေစာရင်းဝင်နေတာတွေ အများကြီးရှိနေတယ်ဆိုတာ တိုင်းရင်းသားတွေ သိနေတယ်။ အဲဒါတွေကို အကုန်လိုက်နာပါမယ်လို့ ကတိကဝတ်မပေးချင်ဘူး။ ဒါ့ကြောင့် တည်ဆဲဆိုတဲ့ နှစ်လုံးဟာ အကြီးအကျယ်ငြင်းစရာ ဖြစ်နေတယ်။

    လွှတ်တော်ပြင်ပလို့ တိုင်းရင်းသားတွေကသုံးတာကို အစိုးရက မကြိုက်ဘူး။ ဒါကလည်း အကြီးဆုံး ကွဲလွဲချက်ကြီးတခု ဖြစ်နေပြန်တယ်။ လွှတ်တော်ထဲဆွဲထည့်တာကို တိုင်းရင်းသားတွေ မခံနိုင်ဘူး။ လွှတ်တော်ထဲဆွဲထည့်တာဟာ ၂၀၀၈ အခြေခံဥပဒေအောက်ဆွဲသွင်းတာပဲ။ ကျုံးသွင်းတာပဲဆိုတာ တိုင်းရင်းသားတွေ သိတယ်။ ၂၀၀၈ ကို သူတို့ ဒူးမထောက်ချင်ဘူး။ အစိုးရက ၂၀၀၈ အောက် ဒူးထောက်စေချင်တယ်။ ဒီတော့ လွှတ်တော်ပြင်ပသုံးရေး မသုံးရေးဆိုတာကလည်း ဒူးထောက်ရေး၊ မထောက်ရေးပြဿနာ ဖြစ်နေပြန်တယ်။

    ဒီလိုတဖက်မှာဆွေးနွေးနေချိန်မှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့နဲ့ တွေ့တယ်။ တွေ့တဲ့အခါပြောတဲ့ စကားထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းကနေပဲ ဆောင်ရွက်ရမယ်လို့ ထည့်သွင်းပြောခဲ့တယ်။ ဒါဟာ အချိန်ကိုက်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ထွက်ပြောတာပဲဆိုတာ ဘာမှသံသယဖြစ်စရာမရှိဘူး။ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းကပဲ လုပ်ရမယ်ဆိုတဲ့စကားဟာ တော်တော်တာသွားတယ်။ ဒီစကားတခွန်းဟာ ဖက်ဒရယ်မပေးဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပေးဘူး၊ တန်းတူအခွင့်အရေး မပေးဘူးဆိုတာတွေကို စကားတခွန်းတည်းနဲ့ အားလုံးတပေါင်းတည်းအဓိပ္ပာယ် ထွက်သွားစေတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်ထပ်စကားတခွန်းကိုလည်း ပြောခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ တပ်မတော်တခုတည်းရှိရမယ်ဆိုတဲ့ စကားပါပဲ။ တပ်မတော်တခုတည်းရှိရမယ်။ အဲဒီတပ်မတော်ဟာ သူတို့ရဲ့တပ်မတော်ဖြစ်တယ်။ ကျန်တဲ့တပ်မတော်တွေ ဖျက်ပေးရမယ်။ ဒီတော့ အဓိပ္ပါယ်က လက်နက်ချခိုင်းတဲ့အဓိပ္ပာယ်သာ ဖြစ်ပါတယ်။

    ဒါတွေကိုကြည့်ရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စစ်အစိုးရရဲ့သဘောထားဟာ တော်တော် ပေါ်လွင်ထင်ရှားနေတယ်။ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်လာခဲ့ပါ။ လက်နက်ချပါ။ အစိုးရဘက်ကပြောတဲ့ လက်ရှိမူ ပြည်ထောင်စုဆိုတာကို လက်ခံပါ။ ဒါပါပဲ။ ဒါတွေကိုကြည့်ရင် အစိုးရဘက်က ဘာတခုမှ ပြင်ဆင်ဖို့ အလျှော့ပေးဖို့ မရှိဘူးဆိုတာကို ဆွေးနွေးပွဲမတိုင်ခင်မှာ ထပ်ကာထပ်ကာ သတိပေးနေတဲ့သဘော ဖြစ်နေတယ်။ ဒါဆိုရင် ဘာလို့များဆွေးနွေးနေသေးသလဲ။ အစိုးရရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။ ရိုးမှရိုးသားရဲ့လားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

    တခြားတဖက်ကိုလည်းကြည့်ရအောင်။ တိုင်းရင်းသားတွေကရော ဒါတွေကို မရိပ်စားမိဘူးလား။ သူတို့ကရော ဘာမျှော်လင့်ချက်နဲ့ဆွေးနွေးနေသလဲ။ သူတို့လိုချင်တာတွေကို အစိုးရက သဘောတူမယ်လို့ ထင်နေလို့လား။ ဒါမှ မဟုတ်တခြားရည်ရွယ်ချက်တွေ ရှိသေးသလား။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နှစ်ဦးနှစ်ဘက် ဘာရည်ရွယ်ချက်တွေနဲ့ ဆွေးနွေးနေတာလဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မလား။ ဒီအချက်တွေကို သုံးသပ်တာဟာ ဒီဆောင်းပါးရဲ့ အဓိကဦးတည်ချက် ဖြစ်ပါတယ်။

    အစိုးရဘက်က ရည်ရွယ်ချက်တွေကိုအရင် ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာတခုမှ လျှော့ဖို့ ပြင်ဖို့ ညှိနှိုင်းဖို့ရည်ရွယ်ချက်မရှိဘဲ အစိုးရဘက်က ဆွေးနွေးပွဲလမ်းကြောင်းကို လျှောက်နေတာဟာ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမတကြောင်းကတော့ ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးဖိအားပေးနေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို သူတို့အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးလိုလားပါတယ်လို့ သတင်းစကာပေးပို့နေတာပါ။ ဒီလို သတင်းစကားပေးပို့ခြင်းအားဖြင့် ငြိမ်းချမ်းရေခေါင်းစဉ်အောက်မှာ ငွေတွေအများအပြားရတယ်။ ဒါ့ထက် ပိုအရေးကြီးတာက ငြိမ်းချမ်းရေးလုပ်ပြမှ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချလက်ချ ပုံအောရင်းနှီးကြမယ်။ ဒါ့ကြောင့် မဖြစ်မနေ လုပ်ပြနေရပါတယ်။

    ဒုတိယတကြောင်းကတော့ ငြိမ်းချမ်းရေးကို အင်မတန် အာသာငမ်းငမ်း ဆာလောင်မွတ်သိပ်နေကြတဲ့ ပြည်သူတရပ်လုံးကို ချွေးသိပ်နှစ်သိမ့်ဖို့ပါပဲ။ ပြည်သူတွေကျေနပ်မှ တိုင်းပြည်ငြိမ်သက်မယ်။ ပြည်သူတွေကျေနပ်မှ သူတို့ကိုမဲပေးမယ်။ ဒီသဘောကတော့ တော်တော်ရှင်းပါတယ်။

    ဒီနှစ်ခုစလုံးထက်ပိုအရေးကြီးတဲ့ တတိယအကြောင်းလည်း ရှိပါသေးတယ်။ ဒါဟာ ရည်မှန်းချက်လို့လည်း ဆိုနိုင်တယ်။ အဲဒါကတော့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ သေနတ်မဖောက်ဘဲ အောင်ပွဲခံနိုင်ရေးပါပဲ။ ဘယ်လို အောင်ပွဲခံနိုင်မှာလဲ။ တဒိန်းဒိန်း တဂျိန်းဂျိန်းနဲ့ ပစ်ခတ်သတ်ဖြတ်လာတာ ၆၅ နှစ်ကျော်ပြီ။ အခုကျမှ သေနတ်မဖောက်ဘဲ အောင်ပွဲခံနိုင်ရေးကို သူတို့ဘက်က မျှော်လင့်နေတယ်ဆိုတာ ဟုတ်ပါ့မလားလို့ တချို့က မေးခွန်းထုတ်ချင်လိမ့်မယ်။

    သူတို့ အဲသလိုမျှော်လင့်နေကြောင်း သူတို့လုပ်ဟန်တချို့က ဖော်ပြနေပါတယ်။ သူတို့ရည်မှန်းချက်ဟာ တိုင်းရင်းသားထုတခုလုံးနဲ့ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးတာမျိုးမလုပ်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကို လူထုနဲ့ခွဲထုတ် ဖဲ့ထုတ်စည်းရုံးဖို့ပါ။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာတွေကို တခုမှမပေးဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကိုသာ သူတို့ကျေနပ်လောက်မယ့် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတချို့ပေးပြီး စေ့စပ်ညှိနှိုင်းလိုက်ဖို့ ဖြစ်ပါတယ်။ ကားပါမစ်လက်ဆောင်ဟာ ပထမအဆင့် စမ်းသပ်လာဘ်ထိုးတာ ဖြစ်ပါတယ်။ သူတို့စမ်းသပ်ချက်ဟာ အတိုင်းအတာတခုအထိ ပေါက်ရောက်အောင်မြင်ခဲ့ပြီလို့တောင် ဆိုနိုင်ပါတယ်။ သူတို့ရဲ့အောင်မြင်မှုအသီးအပွင့်ကို ဥပမာအနေနဲ့ လူနှစ်ယောက်နဲ့ ညွှန်းဆိုဖော်ပြချင်ပါတယ်။ ပုဂ္ဂိုလ်ရေးသဘော မပါပါ။ သိသာမြင်သာတဲ့သူကိုသာ ရည်ညွှန်းတာ ဖြစ်ပါတယ်။ မန်းငြိမ်းမောင်နဲ့ ဆလိုင်းငွန်ကျုံးလျန်ကိုကြည့်ပါ။ သူတို့ အခုပြောဆိုနေကြတဲ့ စကားတွေဟာ အစိုးရကိုယ်စား အစိုးရပြောချင်တဲ့စကားတွေကို ပါးစပ်အငှားနဲ့ ပြောပေးနေကြသလိုတောင် ဖြစ်နေပါတယ်။ အဲဒါအစိုးရဘက်က အောင်မြင်မှုအသီးအပွင့်တွေပါ။ ကားအစီး ၆၀၊ ၁၀၀ ပေးပြီးနောက်မှာ ဒီလိုရလဒ်တွေထွက်လာတာပါ။ ဒီတော့ နောက်ထပ်လည်းပေးဦးမှာပါ။ ဒီ့ထက် မြိုးမြိုးမြက်မြက်ပေးဦးမှာပါ။ ဒီလောက်ကလေးကို ဘာမပေးနိုင်စရာရှိသလဲ။ တိုင်းရင်းသားတွေဆီကနေ စစ်ခေါင်းဆောင်တွေရတဲ့သယံဇာတတွေက ဒီ့ထက်မက အများကြီးရထားတာပဲ။ ဒီလောက်ကလေးပေးလိုက်ရတော့ ဘာဖြစ်သလဲ။

    အစိုးရလုပ်နေတဲ့ဗျူဟာဟာ တော်လှန်ရေးကို ခေါင်းနဲ့ကိုယ်ခွဲထုတ်ပြီး ခေါင်းဖြတ်ဝယ်ယူနေတဲ့ဗျူဟာ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အောက်ခြေလူထု၊ အောက်ခြေ တိုင်းရင်းသားပြည်သူတွေရဲ့လိုလားချက်ကို မပေးဘူး။ ဦးဆောင်ဆွေးနွေးတဲ့ ခေါင်းဆောင်တွေကိုတော့ ပုဂ္ဂလိကခံစားခွင့်တွေ ပေးမယ်ဆိုတဲ့မူ ဖြစ်ပါတယ်။

    အမှန်မှာတော့ တော်လှန်ရေးတခု၊ တော်လှန်စစ်ပွဲတခုဆိုတာဟာ နိုင်ငံရေးပြဿနာမပြေလည်ဘဲ ပြီးပြတ်သွားရိုးမရှိပါဘူး။ ဒါပေမယ့် တော်လှန်ရေးခေါင်းဆောင်တွေကို ဝယ်ယူလိုက်နိုင်ရင် ခေါင်းဆောင်တွေက နောက်လိုက်တွေကို သစ္စာဖောက်သွားရင်တော့ တော်လှန်ရေးဟာ ယာယီငြိမ်သွားနိုင်ပါတယ်။ အစိုးရအခုလုပ်ကိုင်နေတဲ့ လုပ်နည်းလုပ်ဟန်ကိုကြည့်ရင် သူတို့ရဲ့ရည်မှန်းချက်ဟာ အဲသလိုဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ အစိုးရဟာ တိုင်းရင်းသားခေါင်းဆောင်တွေကို သူဋ္ဌေးတွေဖြစ်လာအောင် မြှောက်စားပေးကမ်း ပါလိမ့်မယ်။ တော်လှန်ရေးကိုစွန့်လွှတ်ပြီး လက်နက်ချခိုင်းပါလိမ့်မယ်။ အဲသလို လက်နက်ချတာကိုလည်း သိက္ခာဆည်နိုင်အောင် ငြိမ်းချမ်းရေးလို့ နာမည်တပ်ပေးပါလိမ့်မယ်။ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ပြည်သူနာ လမ်းစဉ်ဖြစ်ပါတယ်။

    တိုင်းရင်းသားတွေဘက်က ဒါတွေမသိဘူးလား။ အခု ကျနော်တွေးသလို သူတို့ မတွေးကြဘူးလား။ သူတို့ မရိပ်စားမိဘူးလား။ မဟုတ်ပါဘူး။ သူတို့သိပါတယ်။ ရိပ်မိပါတယ်။ ဗမာပြည်မှာ အတိုက်အခံ ဒီမိုကရေစီသမားဆိုတဲ့သူတွေကသာ အစိုးရအကြော၊ စစ်အာဏာရှင်တွေရဲ့အကြောကို မသိရင်ရှိမယ်။ လက်နက်ချင်းယှဉ်တိုက်လာတဲ့ တိုင်းရင်းသားတွေက အစိုးရအကြောကို နောကျေပါတယ်။ အစိုးရအပေါ်မှာ ကျနော့်ထက်လည်း သံသယကြီးကြီးထားတတ်တယ်ဆိုတာ တိုင်းရင်းသားတွေနဲ့ ပြောဆိုဆက်ဆံဖူးသူတိုင်း သိပါလိမ့်မယ်။ ဒါဆိုရင် တိုင်းရင်းသားတွေကပါ ငြိမ်းချမ်းရေးအလားအလာကောင်းပါတယ်၊ တိုးတက်နေပါတယ်လို့ ဘာကြောင့် ဟန်ချက်ညီညီနဲ့ အသံတွေထုတ်ပေးနေပါသလဲ။ ဘာ့ကြောင့် အကျောက်အကန် အခြေအတင် တောင်းဆိုဆွေးနွေးတာမျိုးတွေ မလုပ်သေးဘဲ၊ ရေလိုက်ငါးလိုက် အလိုက်သင့်မျှောလိုက် ဆွေးနွေးနေကြသလဲ။

    သူတို့မှာလည်းသူတို့ အကြောင်းတွေနဲ့ သူတို့ရှိမှာပါ။ သူတို့အကြောင်းတွေက ဘာတွေလဲဆိုတာ ကျနော်ရသလောက် သတင်းအချက်အလက်အပေါ်တည်ပြီး စဉ်းစားကြည့်ပါမယ်။ ပထမအချက်က သူတို့ စစ်မောနေပြီ။ တိုက်ရည်ကျနေပြီ။ စည်းရုံးရေးကျနေပြီ။ အကွဲကွဲအပြဲပြဲဖြစ်တဲ့လူကလည်း ဖြစ်နေပြီ။ ခဏနားချင်တယ်။ အားမွေးချင်တယ်။ အင်အားပြန်လည်တည်ဆောက်ချင်တယ်။ ဒါက ဆက်တိုက်ဦးမယ့် ဇွဲကောင်းသူတချို့ရဲ့ စိတ်ကူးပါ။ ဒုတိယတချက်ကတော့ စစ်ပမ်းနေချိန်မှာ နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးတိုက်ပွဲဆင်ကြည့်ချင်တယ်။ တတိယအချက်ကတော့ အစိုးရက ဘာပေးမလဲဆိုတာ သိချင်တယ်။ ဈေးစကား ပြောချင်တယ်။ ဒါကတော့ လိုချင်လို့မျှော်နေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ မျှော်လင့်ချက်ပါ။ စတုတ္ထအချက်ကတော့ သူတို့အပေါ်မှာလည်း နိုင်ငံတကာဖိအားရှိပါတယ်။

    သူတို့ကိုလက်နက်ပေးနေတဲ့၊ ငွေကြေးထောက်ပံ့နေကြတဲ့သူတွေက ဆွေးနွေးခိုင်းနေတာကို ကျေနပ်အောင် ဆွေးနွေးပြရပါမယ်။ ဒါကလည်း အကြောင်းတချက်ပါ။ တချိန်က သူတို့ကို ငွေပေး၊ လက်နက်ပေးပြီးကူညီနေသူတွေ စစ်တိုက်ရေး အားပေးနေသူ နိုင်ငံတကာအလှူရှင်တွေဟာ အခုတော့ စစ်အစိုးရနဲ့ပြေလည်ချင်နေပါပြီ။ စစ်အစိုးရကို တရုတ်ရင်ခွင်ထဲကဆွဲထုတ်ပြီး၊ သူ့ရင်ခွင်မှာ ချော့သိပ်ချင်နေပါပြီ။ တည်ငြိမ်အေးချမ်းတဲ့ခွင်တခုမှာ အေးအေးဆေးဆေး စီးပွားရှာချင်နေပါပြီ။ ဒီလိုအချိန်မှာ တိုင်းရင်းသားတွေကို စစ်အစိုးရနဲ့ဆွေးနွေးဖို့ ဖိအားပေးလာနေတာ ဖြစ်ပါတယ်။ ဒါဟာလည်း အရေးကြီးတဲ့ အချက်ကြီးတချက်ပါ။ ပဉ္စမအချက်ကတော့ဆွေးနွေးသူ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ သူဋ္ဌေးဖြစ်ချင်တဲ့သူတွေ တော်လှန်ရေးကိုရောင်းစားဖို့ အဆင်သင့်ဖြစ်နေသူတွေလည်း ပါဝင်နေနိုင်ပါတယ်။

    ကျနော် အခုသုံးသပ်တင်ပြတဲ့ အချက်တွေအတိုင်းသာ မှန်ရင်တော့ အဖိနှိပ်ခံ တိုင်းရင်းသားတွေ အတွက်ရော၊ မြန်မာလူမျိုးတွေအတွက်ပါ လက်ရှိဆွေးနွေးပွဲ အနေအထားတွေကနေ အားတက်စရာ ရလဒ်ကောင်းတွေ ထွက်လာစရာ သိပ်မရှိသေးပါဘူး။ တိုင်းရင်းသားတွေအတွက်က ပိုဆိုးနိုင်ပါတယ်။ သူတို့တော်လှန်ရေးကို ရောင်းစားမယ့် ခေါင်းဆောင်တွေ ပေါ်ထွက်လာနိုင်ပါတယ်။ သူတို့လိုချင်တဲ့ ဖက်ဒရယ်တွေ၊ တန်းတူအခွင့်အရေးတွေကို တော်လှန်ရေးခေါင်းဆောင်တွေက ရောင်းစားပြီး နာမည်ခံ ငြိမ်းချမ်းရေးကြီးကို သယ်ဆောင်လာဖွယ် ရှိပါတယ်။

    ငြိမ်းချမ်းရေးအစစ်အမှန်မရဘဲ ဟိုအရင် ဗိုလ်ချုပ်ခင်ညွန့်လုပ်သလိုပဲ ယာယီ အပစ်အခတ်ရပ်စဲရေးတမျိုးတော့ ကာလတခုအထိ ပေါ်ထွက်လာဖွယ်ရာရှိပါတယ်။

    အဲသလို ယာယီအပစ်အခတ်ရပ်စဲရေးကရော တနိုင်ငံလုံးအတိုင်းအတာ ဖြစ်လာမလား။ ကျနော့်အထင်တော့ တနိုင်ငံလုံး မဖြစ်လောက်ဘူးထင်ပါတယ်။ တချို့နေရာမှာ စစ်မီးခြွင်းချန်ထားရစ်နိုင်တယ်လို့ ထင်ပါတယ်။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အုပ်ချုပ်သူအစိုးရက အခရာပါ။ သူတို့တကယ်ငြိမ်းချမ်းချင်ရင် ငြိမ်းချမ်းအောင်လုပ်လို့ ရပါတယ်။ သူတို့က ထိုးစစ်ပါ။ ကျန်တော်လှန်ရေးအင်အားစုအားလုံးဘက်က သေနင်္ဂဗျူဟာအရ ခံစစ်ဖြစ်ပါတယ်။

    ဒါပေမယ့် အစိုးရအဖို့ရာမှာ စစ်ကိုချန်ထားချင်စရာအကြောင်းတချို့ ရှိနေတာကို မြင်မိပါတယ်။ အခုအစိုးရဟာ အရပ်အစိုးရအမည်ခံထားသော်လည်း စစ်အာဏာရှင်ကနေ လာပါတယ်။ အခုအစိုးရခေါင်းဆောင်တွေအားလုံးဟာ အရင်စစ်အာဏာရှင်တွေပါပဲ။ စစ်ပွဲရဲ့ယေဘုယျသဘောဟာ စစ်အာဏာရှင်ကို အကျိုးပြုတတ်ပြီး စစ်ပြေငြိမ်းခြင်းဟာ စစ်အာဏာရှင်တွေအတွက် ပြဿနာတချို့ ပေါ်ပေါက်စေနိုင်ပါတယ်။ တကယ်လို့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲသွားရင်၊ ငြိမ်းချမ်းရေးရသွားရင် စစ်သားအရေအတွက်ဟာ ဒီလောက်အများအပြား ထားစရာမလိုတော့ဘူး။ မလွှဲမရှောင်သာ လျှော့ကိုလျှော့ရပါတော့မယ်။ အဲသလို စစ်သားအရေအတွက် လျှော့လိုက်ရရင် စစ်အာဏာရှင်စနစ်လည်း အားပျော့သွားပါမယ်။ အဲဒါကို စစ်တပိုင်းအစိုးရက မကြိုက်ပါဘူး။ အဲဒီ အခြေအနေကို စစ်အာဏာရှင်တွေက အဖြစ်မခံနိုင်ပါဘူး။ ဒါကတချက်။

    နောက်ပြဿနာတခုက စစ်ပွဲတွေမရှိရင် စစ်သားတွေက ဘာလုပ်ကြရမလဲ။ ဒါဟာလည်း သူတို့အတွက်တော့ ပြဿနာပါ။ စစ်ပွဲမရှိရင် စစ်သားတွေဟာ ကုန်ထုတ်လုပ်ရပါလိမ့်မယ်။ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ရပါလိမ့်မယ်။ အဲသလိုလုပ်ကြရင် စစ်သားနဲ့ပြည်သူ ထိတွေ့ကြပါမယ်။ စစ်သားနဲ့ပြည်သူ ရင်းနှီးလာမယ်။ နားလည်မှုရလာမယ်။ ဒါဆိုရင် စစ်သားတွေဟာ ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်လာနိုင်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ကျဆုံးမယ့် လမ်းစပါ။ စစ်သားနဲ့ပြည်သူကို ဝေးနိုင်သမျှ ဝေးဝေးနေစေချင်တာဟာ ကမ္ဘာပေါ်မှာရှိတဲ့ စစ်အာဏာရှင်တိုင်းရဲ့သဘောထားပါ။ ဒါ့ကြောင့် ကမ္ဘာတလွှား စစ်အာဏာရှင်များဟာ စစ်ပွဲကို မွေးမြူထားလေ့ရှိကြပါတယ်။ စစ်ပွဲဟာ သူတို့ ရှင်သန်ရပ်တည်ရေးပါ။ သူတို့ဟာ စစ်ပွဲကြောင့် ကောင်းစားနေသူတွေပါ။ စစ်သားတွေ စစ်တိုက်ပေးနေလို့ ကောင်းစားနေကြတဲ့သူတွေပါ။ စစ်သားတွေကပြည်သူတွေကို ပစ်ခတ်ဖြိုခွဲပေးနေလို့ အသက်ရှင်ရပ်တည်နေနိုင်သူတွေပါ။

    တိုင်းပြည်မှာ ငြိမ်းချမ်းရေးရှိလာရင် စစ်အာဏာရှင်စနစ်သက်ဆိုးမရှည်နိုင်ပါဘူး။ ဒါဟာ ယေဘုယျသဘောတရားပါ။ ဒါ့ကြောင့်လည်း စစ်အာဏာရှင်များက တိုင်းပြည်ငြိမ်းချမ်းရေးရတာကို မလိုလားကြပါဘူး။ ဒီလိုပြောတော့အခု ဆွေးနွေးနေတာတွေ မလုပ်ရတော့ဘူးလား။ ရပ်ပစ်လိုက်ရမလားလို့ တချို့က မေးချင်ပါလိမ့်မယ်။ ဒီလို မဟုတ်ပါဘူး။ ပြောင်းပြန်ပါ။ ဒီ့ထက်ပိုပြီး ဆွေးနွေးဖို့လိုပါတယ်။ ဒီ့ထက် တက်တက်ကြွကြွ ဆွေးနွေးဖို့လိုပါတယ်။

    တကယ် စိတ်ရင်းစေတနာရင်း မှန်မှန်ကန်ကန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒါပေမယ့် အဲသလို မှန်မှန်ကန်ကန် ရပ်တည်ဖို့၊ လက်ရှိတိုက်နေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့ အစိုးရကို ပြည်သူတွေက တိုက်တွန်းကြရပါမယ်။ ဖိအားပေးရပါမယ်။ တိုင်းရင်းသားသူပုန်တွေကို စစ်တိုက်ပြီး စစ်နဲ့ဖိအားပေးတဲ့လုပ်ရပ်တွေ၊ အင်အားချိနဲ့အောင်အရင်လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ကန့်ကွက်ကြရပါမယ်။ အစိုးရကိုဖိအားပေးဖို့လိုသလို ကိုယ့်ခေါင်းဆောင်တွေကိုလည်း မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။ အဆက်မပြတ် ဝေဖန်ဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့်ခေါင်းဆောင်တွေကို ငွေပေးအဝယ်မခံရအောင်၊ အလိမ်မခံရအောင် ထိန်းကွပ်တည့်မတ်ဖို့ လိုပါတယ်။

    ဒီနေ့ခေတ်ဟာ နိုင်ငံ့အရေး နိုင်ငံ့ကံကြမ္မာကို ခေါင်းဆောင်တွေဆိုသူ လူလက်တဆုပ်စာလက်ထဲ ထိုးအပ်ထားတဲ့ခေတ် မဟုတ်တော့ပါဘူး။ ခေါင်းဆောင်တွေကို သာမန်ပြည်သူတွေက ထိန်းကျောင်းပေးကြရမယ့် ခေတ်ပါ။ စစ်တပိုင်း အာဏာရှင်တွေကိုသာမက၊ ကိုယ့်ခေါင်းဆောင်တွေကိုပါ သတိထားစောင့်ကြည့်ဖို့ ဖိအားပေးဖို့လိုအပ်တယ်လို့ သတိပေးချင်ပါတယ်။ ကျနော်လည်း အဲသလို စောင့်ကြည့်နေတဲ့ သာမန်ပြည်သူတယောက်ပါ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

No comments :