Sunday 24 August 2014

Burma's Broken Education System Under the Military Rule


 
(မြတ်စိုး)
၈.၂၄.၂၀၁၄


" တိုင်းပြည်တပြည်ရဲ့ အနာဂတ် နှင့် ဖွံ့ဖြိုးတိုးတက်မှု ဟာ အဲဒီနိုင်ငံရှိ အုပ်စိုးသူ အစိုးရတွေ က တိုင်းပြည်ရဲ့ လူထု ပညာရေး အပေါ် ဘယ်လောက်ထိ ရင်းနှီးမြုပ်နှံမှု၊ တန်ဘိုးထားတက်မှု အပေါ် မှုတည်ပါတယ်။ နိုင်ငံတနိုင်ငံမှာ အုပ်စိုးသူ အစိုးရ ဟာ အာဏာ တည်မြဲရေး အတွက် ပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာကြမဲ့ ကျောင်းသူ ကျောင်းသားတွေ ကို ရန်သူလို ပြုမှုဆက်ဆံနေရင်တော့ အဲဒီနိုင်ငံဟာ အနာဂတ်မှာ အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ရစ်နေမှာပါပဲ။"

လူငယ်တွေ ဘာကြောင့် စာသင်ခန်းတွေ ကို ကျောခိုင်း၊ ပညာရေးကို စွန့်လွှတ်ခဲ့ရသလဲ?

မြန်မာနိုင်ငံမှာ ဆယ်တန်းအောင်ဖို့ ခက်တယ်ဆိုတဲ့ စကား လူတိုင်းကြားဖူးကြမှာပါ။ ဆယ်တန်းအောင်တဲ့ ရာခိုင်နှုန်းဟာလည်း အင်မတန်မှ နည်းပါးခဲ့ကြတာ ပညာရေး ကို စိတ်ဝင်စားသူတိုင်းသတိထားမိကြတယ်။ ဒါပေမဲ့လည်း ဘာကြောင့် လူငယ်တွေ စာသင်ခန်း ကို ကျောခိုင်းသွားကြရသလဲဆိုတဲ့ အဓိက အကြောင်းအရင်း ကိုတော့ သတိမပြုမိပဲဖြစ်နေတယ်။

တကယ်တော့ အထက်တန်းပညာရေးဟာ တကယ်တော့ မခက်ခဲပါဘူး။ ခက်ခဲနေတာ က အထက်တန်း ပညာရေး ကို အောင်မြင်လာမည့်သူတွေ အတွက် အဆင့်မှီတဲ့၊ ခေတ်မှီတဲ့ စာသင်ခန်းတွေ၊ တက္ကသိုလ်ကျောင်းကြီးတွေ လုံလောက်မှုမရှိတဲ့ ပြဿ နာပါ။

နှစ်စဉ် နှစ်စဉ် သိန်းနဲ့ချီ အောင်လာကြမဲ့ အထက်တန်းကျောင်းသားတွေ အတွက် စာသင်ခန်း၊ တက္ကသိုလ်ကျောင်းတွေ မြန်မာနိုင်ငံမှာ လုံလောက်မှုမရှိသလို၊ စစ်အစိုးရ အဆက်ဆက်တိုင်းကလည်း ပညာရေး အပေါ် လုံလောက်တဲ့ ရင်းနှီးမြုပ်နှံမှုနှင့် ငွေကြေးသုံးစွဲမှုတွေ မပြုလုပ်ကြဘူး။

အာဏာရှင်ဟောင်းကြီး ဦးနေ၀င်း ခေတ်မှာ ကျောင်းသူကျောင်းသားတွေ ကို ရန်သူလိုဆက်ဆံပြီး၊ အဆင့်မြင့် တက္ကသိုလ်ကျောင်းတွေ၊ စာသင်ခန်းတွေ လုံလောက်စွာ မဆောက်ပေးခဲ့ဘူး။ နောက်တက်လာတဲ့ အာဏာရှင် သန်းရွှေခေတ်မှာလည်း စစ်ကျွန်ပြု ပညာရေး ကို သာ စစ်တပ်အတွက်သာ အကောင်အထည် ဖော်ခဲ့ပြီး၊ တက္ကသိုလ်ကျောင်းတွေ ပိတ်ပစ်ခြင်း၊ တက္ကသိုလ် တွေ မြို့ပြင် ကို ပို့ခြင်းတွေပြုလုပ်ခဲ့တယ်။

ဒီလုပ်ရပ်တွေ ဟာ မြန်မာလူငယ်တွေ နှင့် လူငယ်တွေ ရဲ့ အနာဂတ်တွေ အပေါ် ကျူး လွန်ခဲ့တဲ့ ရာဇ၀တ်မှုကြီး အဖြစ် မြန်မာ့ သမိုင်းမှာ မှတ်တမ်း အဖြစ် တင်ရှိနေလိမ့်မယ်။


၂၀၀၆ ခုနှစ် ပညာရေးဌာန က ထုတ်ပြန်တဲ့ အချက်အလက်မှာ ၂၀၀၆-၂၀၀၇ ပညာသင် ခုနှစ် မှာ အထက်တန်းပညာ သင်ကြားနေသူ ၆၃၈ ၄၀၂ ယောက်ရှိတယ်။
၂၀၀၆-၂၀၀၇ ပညာရေးစနစ်သစ်မှာ ဆယ်တန်း ဖြေဆိုသူ ၄၈၄၆၀၅ ယောက် အနက် အောင်မြင်သူ ၁၃၁၆၇၁ ယောက်ရှိခဲ့လို့ ၂၇.၁၇ ရာခိုင်နှုန်းသာရှိခဲ့တယ်။

၁၉၈၅-၁၉၈၆ ပညာသင်နှစ်မှာ ဖြေဆိုသူ ၃၄၅၇၅၀ ယောက် အနက် အောင်မြင်သူ ၉၄၉၄၄ ယောက်ရှိခဲ့လို့ ၂၇.၄၆ ရာခိုင်နှုန်းသာရှိခဲ့တယ်။ ဒီအချက်အလက် ကို ကြည့်ခြင်းအားဖြင့် အနှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အရည်အချင်းရော၊ အရည်အတွက်ပါ ဘာမှ သိသိသာသာ ထူးခြားမှုမရှိဘူးဆိုတာ ပေါ်လွှင်ထင်ရှားနေတယ်။

လူဦးရေ နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အထက်တန်းပညာရေး ကို ဇြေဆိုသူနဲ့ အောင်မြင်သူဟာ ၁ ရာခိုင်နှုန်းမရှိဖြစ်နေတယ်။

၁၉၈၅-၁၉၈၆ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့် ( University) လျှောက်သူ ၁၉၂၈၁ ယောက်၊ အသက်မွေး နှင့် အတက် ပညာရေး ( Professional) လျှောက်ခဲ့သူ ၃၉၀၅ ယောက် ၊ ၂၀၀၆-၂၀၀၇ ပညာရေးစနစ်သစ်မှာ တက္ကသိုလ်ဝင်ခွင့် ( University ) လျှောက်သူ ၆၅၁၇၇ ယောက် ၊ ( Professional) ၂၀၆၉၀ ယောက် ရှိတယ်။

(၂၀၀၆- Department of Population က ထုတ်ပြန်တဲ့ အချက်အလက်အရ အရ ရန်ကုန်မှာ လူဦးရေ ၆.၆ သန်း၊ မန္တလေးမှာ ၇.၉ သန်း၊ ဧရာဝတီတိုင်း မှာ ၇.၇ သန်း၊ စစ်ကိုင်းမှာ ၆.၁ သန်း၊ ပဲခူးမှာ ၅.ရ သန်း၊ ရှမ်းပြည်မှာ ၅.၄ သန်း၊ မကွေးမှာ ၅.၃ သန်း နေထိုင်ကြတယ်။

သန်းချီနေထိုင်တဲ့ မြို့တော်တွေ မှာ အဆင့်မြင့် တက္ကသိုလ်ကျောင်းတွေ၊ စာသင်ခန်းတွေ လုံလောက်မှုမရှိဖြစ်နေတယ်။ ဒီတော့ ဆယ်တန်းအောင်ချက် ရာခိုင်နှုန်း နိမ့်ချ  ပြုလုပ်ရာကနေ လူငယ်တွေ ပညာရေး စွန့်လွှတ်ခဲ့ရမှုတွေ၊ စာသင်ခန်းတွေကို ကျောခိုင်းမှုတွေနဲ့ အဆုံးသတ် ခဲ့ရတော့ တယ်။  ကျောင်းသား ကျောင်းသူတွေ ပညာရေး ကို ကျောခိုင်းသွားလေ၊ စစ်တပ်အတွက်  စစ်သားစုဆောင်းရေးအတွက် ပိုမိုလွယ်ကူတာမို့ စစ်အစိုးရ ဆက်တိုင်း
ပညာရေးအပေါ်
ရင်းနှီးမြုပ်နှံမှု၊ တန်ဘိုးထားတက်မှု  နည်းလာ လေဖြစ်လာကြတော့တာပါပဲ။
 
Ref: Myanmar Statistical Data 2007: EDUCATION
http://www.myanmararchives.com/myanmardata2007/17.htm

No comments :