Monday 28 April 2008

မျှော်လင့်ယုံကြည် ပုံလိုက်သည်.......။ (ကိုမွှေး)



မေလ သို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာတော့မည်။
နအဖ လွှဲသော လမ်းကြောင်းပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ၊ ညွန့်ပေါင်းအစိုးရ နှင့် အသီးသီးသော နအဖ စစ်အာဏာရှင်ကို နည်းသဏ္ဍာန်ပေါင်းစုံဖြင့် တော်လှန်တိုက်ခိုက်နေကြသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများ ၏ ကန့်ကွက်မဲပေးရေး ကန့်ကွက်မဲပေးရေးဟူသော
ကျယ်လောင်ညီညွတ်သည့်အသံတစ်ခုကို ကြားနေမြင်နေရ၏ ဘာမှမလုပ်တာထက်စာလျှင်တော့ မဆိုး... ။
မြန်မာလူထုအနေဖြင့်ဆိုလျှင်လည်း အင်မတန်ညီညွတ်သော သဘောထားတစ်ခုကို ကမ္ဘာအနှံ့ ပြသနေကြ၏ လုံးဝ စစ်အာဏာရှင်စနစ်ဆိုးအား အလိုမရှိသော လူထု၏ စိတ်ဓါတ်ရေးရာသည်ကား အချိန်ကာလနှင့် အခက်အခဲများ၏ စစ်ဆေးမှုများအောက်မှပြောင်မြောက်စွာ တောက်ပထွန်းလင်းလျှက်။

ဟိုအကွေ့ဟိုတက်ဖြင့်လှော်လို့ ဒီအကွေ့ဒီတက်ဖြင့်လှော်ခဲ့ကြသည်။ စစ်အာဏာရှင်၏ တူးမြောင်းကျဉ်းထဲတွင်
ရေစီးအတိုင်း မျောလိုက်ရင်းရွှေ့ယုံလေး လှော်နေရင်းဖြင့် ခရီးတော့ရောက်နေကြ၏ ။ သို့သော် ဦးတည်ရာ သို့
တကယ်တန်းရောက်ပါ့မလားဆိုသည့်ကိစ္စကိုတော့ပြန်လည်စဉ်းစားကြမည်ဆိုလျှင်ပြည်တွင်းစစ်အစကမွေးသော သူသည် ငွေရေးကြေးရေးလေး အသင့်အတင့်ရှိပါက မြေးရှင်ပြုအတွက် အဆင်သင့် ဖြစ်နေပေလောက်ပြီဖြစ်၏ ၊
ပြည်တွင်းစစ်ကားမဆုံးသေး၊ စစ်အာဏာရှင်တို့သည်သာ တယောက်ပြီးတယောက်ပြောင်းကာ တယောက် ခေါင်းတယောက်နင်း ဘ၀ဖျက် လက်စားချေရင်း သူတို့ချင်းသာ ဇာတ်တူသားစားနေကြသလို ပြည်သူလူထုမှာလည်း နစ်မွန်းဆင်းရဲစုတ်ပြတ် သိက္ခာမဲ့ဖြစ်ရပြီးရင်းဖြစ်ရခဲ့သည်မှာ လူ့ သက်တန်းတခုစာနီးပြီ ဖြစ်၏။

တကယ်တော့ ပင်မရေစီး နှင့် စစ်အာဏာရှင်လမ်းကြောင်းပေးသော တူးမြောင်းကျဉ်းတို့ကြား ဘာမှ ဝေးကွာသောခရီးမဟုတ် ။ လှေစုတ်ဖြင့် စီးရာမျော သက်သာခို ကာ စစ်အာဏာရှင်ဆိုက်စေချင်သည့်ကမ်းကို ဆိုက်ကြမလား သို့မဟုတ် တခေါ်လောက်သာဝေးသည့် ပင်မရေစီးကြောင်းကြီးသို့ ကိုယ့်အားကိုယ့်မာန်ဖြင့်
ကမ်းကပ် လမ်းကြောင်းပြောင်း တလှမ်းချင်းလျှောက်ကာ ကိုယ်လိုချင်သည့် ဦးတည်ချက်သို့ အားနှင့်အင်နှင့်သွားကာ ကိုယ့်ခရီးအတွက် သစ်လွင် ခိုင်မာသော လှေကြီးတစင်းတည်ဆောက်ကာ ခရီးဆက်ကြမည်လား .. လုပ်ဖို့ သာလိုသည်အရာရာကအသင့် စိတ်ဓါတ်နှင့်သံဓိဌာန်သာအခရာဖြစ်၏မဟုတ်လော ….။
ဒါကတော့ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ တွေးရမည့်အချက်ဖြစ်သကဲ့သို့ ပြည်သူလူထုကိုယ်တိုင်လည်း တွေးရမည့် တာဝန်ယူရမည့် ကိစ္စတရပ်ဖြစ်ပေသည်။

ဖွတ်ကိုဖွတ်မြီးနှင့်ချည်သည် ဆိုသည့် ဝေါဟာရသည် အင်မတန်ပြောင်မြောက်သဘောကျဖွယ်ဖြစ်၏ မုဆိုးကျော် တွတ်ပီအနေဖြင့် ဖြစ်နိုင်မဖြစ်နိုင် ဖြစ်မဖြစ် ပိုမိုသိမည့်ကိစ္စဖြစ်၏။ အခြားမိရိုးဖလာစကားပုံများလဲရှိပြန်၏ .... ဖွတ်မရ ဓါးမဆုံးနှင့်ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ ဟူ၏။
ဖွတ်ကို ဖွတ်မြီးနှင့်ချည်ရင်း ဖွတ်ကိုက် လျှင် ဇွတ်မိုက်သည့် ကိုယ့် အချိန်ဖြုန်းအတတ်ဆန်းမှုဖြင့် ဇာတ်လမ်းအမျောခံကြဦးမည်ဆိုလျှင်တော့ မနိပ်လှ။
လုပ်သင့်သည်များ ဖြစ်သင့်သည်များအား နိုင်ငံရေးဦးဆောင် ပါတီအဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုတရပ်လုံးအား ဦးဆောင်ကာ စစ်ကျွန်ဘ၀မှ ထာဝရလွတ်မြောက်ရေးတိုက်ပွဲကြီးအား ပြတ်ပြတ်သားသား တိုက်ပွဲဝင်မည်ဆိုသည့် ပြင်ဆင်မှုများရှိကြပါစေ။

ကျားသေကိုအသက်သွင်းမည့် တတိယအုပ်စုဆိုသည့် ပညာတတ်ကြီးများ အနေဖြင့်လည်း...“ ကျားသေမဟုတ် အဆီယစ် ဇိမ်ပြည့် ခေတ္တ အားအင်စုစည်းနေသည့် ၀ံပုလွေ အုပ်၏ ဖြစ်ထွန်းသက်ဆိုးရှည်ရေးကိုစွမ်းစွမ်းတမံလုပ်နေကြခြင်းအား ပြန်လည် စဉ်းစားကြစေလိုကြောင်း ”(ပြောလောက်သည့် အစဉ်အလာများမရှိကြသည်ကိုသိသော်လည်း) မေတ္တာရပ်ခံလိုက်ရင်း “ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား” ဟူသော မေးခွန်းကို ကိုယ်တိုင်လက်တွေ့စမ်းသပ်မည့် ပညာရှင်ကြီးများဟု အသိအမှတ်ပြုကာ လူထုတရပ်လုံး ပါဝင်ပြီး စစ်အာဏာရှင်စနစ်ဆိုး အား အောင်မြင်စွာ အဆုံးသတ် မည့် တော်လှန်ရေးကြီးအတွက် အစွမ်းကုန်ပြင်ဆင်ကြပါစို့ဟု …….။

ကိုမွှေး



No comments :