Monday 19 May 2008

ဗြိတိသျှစစ်သင်္ဘော မြန်မာရေပိုင်နက်အနီး ရောက်ပြီ

NEJ/ ၁၉ မေ ၂၀၀၈


မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် ဗြိတိသျှစစ်သင်္ဘော HMS Westminster သည် မြန်မာကမ်းရိုးတန်းနှင့် (၁၂) မိုင်အကွာတွင် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာဒုက္ခသည်များကို ကူညီခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗြိတိသျှစစ်သင်္ဘော HMS Westminster ရေတပ်ဒု-ဗိုလ်မှူးကြီး Ken Houlberg က ပြောသည်။ အမေရိကန်စစ်သင်္ဘောနှင့် ပြင်သစ်စစ်သင်္ဘောများ မြန်မာရေပိုင်နက်အနီး ရောက်ပြီးမကြာခင် ဗြိတိသျှစစ်သင်္ဘော HMS Westminster ကို မြန်မာနိုင်ငံသွားရန် ဗြိတိသျှဝန်ကြီးချုပ် Gordon Brown က အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပြင်သစ်စစ်သင်္ဘော Le Mistral က မြန်မာကမ်းရိုးတန်းနှင့် (၁၃) မိုင်ဝေးသည့်နေရာ၌ ရှိနေပြီး USS Essex ခေါင်းဆောင်သည့် အမေရိကန်စစ်င်္ဘော (၃) စီးက မြန်မာကမ်းရိုးတန်းနှင့် မိုင်(၆၀)အကွာတွင် ရောက်နေသည်။ ဗြိတိန်နိုင်ငံသည် မကြာခင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူ တော့မည် ဖြစ်သည့်အလျောက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရာထူးကို အသုံးချပြီး မြန်မာစစ်အစိုးရကို နိုင်ငံတကာ အကူအညီများ လက်ခံရန် ဖိအားပေးသွားမည်ဟု ဗြိတိသျှဝန်ကြီးချုပ်က ပြောသည်။

No comments :