Sunday 24 August 2008

ဘာကြောင့် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ ကို ဒေါ်အောင်ဆန်းစုကြည် မတွေ့ချင်လဲ! ။




-မြတ်စိုး-

အဓိကအချက်ကတော့ တွေ့ဆုံဆွေးနွေးပွဲရလာဒ်ဟာ ထင်သာမြင်သာရှိတဲ့ ရလာဒ်တွေ မထွက်လာဘူး ဖြစ်နေတယ်။ စစ်အုပ်စု၏ မရိုးသားမှုတွေ ကြောင့် တိုးတက်မှုမရှိဖြစ်နေတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ ဟာ ၃ ကြိမ်လုံး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ခဲ့တယ်။ ၃ ကြိမ်ဆိုတဲ့ နေရာမှာအချိန်အတော်များများ တွေ့ဆုံ ပြောကြားပြီးပြီ။ (၃) ကြိမ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးပွဲ အပြီး၊ ဘာမှ နိုင်ငံရေးတိုးတက် ပြောင်လဲမှုမရှိတဲ့အပြင်၊ လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဆုတ်ယုတ်နေတာတွေ့ရတယ်။ ဒီလို အခြေအနေမှန်ကို ပြောဆိုခဲ့တဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ချားလ်စ်ပက်ထရီ ကိုတောင် မြန်မာစစ်အုပ်စုခေါင်းဆောင် တွေကမောင်းထုတ်လိုက်သေးတယ်။

Ref: "The top United Nations diplomat in military-run Burma, Charles Petrie, is leaving the country after the junta ordered his expulsion over a scathing statement on the country's dire humanitarian state. The junta was angry over an October statement from the UN team in Rangoon that denounced the "deteriorating humanitarian situation" in Burma, one of the world's poorest nations."

ဝမ်းနည်းဖို့ကောင်းတယ် ၊စိတ်ပျက်ဖို့ကောင်တယ်၊ အထူးစိုးရိမ်ရပါတယ်ဆိုတဲ့ ကုလသမဂ္ဂ ရဲ့ တုံ့ပြန်ချက်၊ ထုတ်ပြန်ချက်တွေ တခုတည်းနှင့် မြန်မာနိုင်ငံအခြေအနေကို ဘာမှသိသိသာသာ ပြောင်းလဲနိုင်မှာ မဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည် က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီကို မပြောဘဲ မတွေ့ဆုံဘဲ ပေးလိုက်တဲ့ သတင်းစကား ဆိုလိုရင်းပါဘဲ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျည်းသား တွေ မလွတ်ပေးသမျှ၊ နိုင်ငံရေးပါတီတွေဟာ လွတ်လပ်စွာ ဖော်ထုတ် စည်းရုံး လုပ်ရှားနိုင်ခွင့် မရှိသ၍၊ အခြေခံ လူ့အခွင့်အရေး တွေကို အကာအကွယ်မပေးနိုင်သ၍၊ တွေ့ဆုံဆွေးနွေးပွဲရလာဒ်ဟာ အောင်မြင်တဲ့ရလာဒ်တွေဖြစ် မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်ရာမှာလည်း ထိရောက်မူ့ရှိမှာမဟုတ်ပါဘူးဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကော၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ သိဘို့လိုအပ်နေပြီ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီတည်တံ့ ရေး နှင့် နိုင်ငံရေး ပြဿနာတွေ ပြေလည်အောင် ဆောင်ရွက်ရာမှာ နိုင်ငံရေးအင်အားစုတွေ အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေး ဖို့ လိုအပ်တယ်။ နိုင်ငံရေးအင်အားစုတွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ကို ငြင်းပယ်ခဲ့တဲ့ အပြင်၊ ဒီနေ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ အခြား တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေ၊ ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်သွင်း အကျည်းချထားတယ်။

ဒါဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လုပ်နေပါတယ်ဆိုတဲ့ ၊နိုင်ငံရေးပြသနာကို တွေ့ဆုံဆွေးနွေးမှုနှင့် အဖြေရှာ ချင်ပါတယ်ဆိုတဲ့ န၀တစစ်ခေါင်းဆောင်တွေရဲ့ပြောဆိုချက်တွေ၊ ကမ္ဘာကိုဝါဒဖြန့်ချီမှုတွေကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။

တွေ့ဆုံဆွေးနွေပွဲအပြီး မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို မလေးစားတဲ့အပြင်၊ လူ့အခွင့်အရေး ချိုးဖောက်မူ့တွေကို အားပေးအားမြောက်ပြုနေခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာစစ်အစိုးရဟာ ပြီးခဲ့ စက်တင်ဘာ က လူထုလှူပ်ရှားမူ့ နဲ့ ဒီမိုကရေစီ အတွက် ဆန္ဒ ပြတောင်းဆိုပွဲ မှာ၊ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြတဲ့ အပြစ်ရှိတဲ့သူတွေ နှင့် တာဝန်ရှိတဲ့သူတွေကို အရေးယူ အပြစ်ပေးမူ့တွေကိုမပြုလုပ်ခဲ့တဲ့အပြင် လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီး ထောင်ချမူ့တွေ ပြုလုပ်နေတယ်။

အရင်ခရီးစဉ်တွေ တုန်းက တွေ့ဆုံဆွေးနွေးရေးအတွက်ကြားခံဆောင်ရွက်ဘို့ စစ်အစိုးရက ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အကြား တွေ့ဆုံမှုတွေရှိခဲ့ပေမဲ့လည်း အခုတခေါက်မှာတော့ ဒါမျိုးတွေလည်း မရှိခဲ့ပါဘူး။ မတွေ့ခဲ့ရဘူး။ ဒီလုပ်ရပ်ကိုကြည့်ချင်ဖြင့် စစ်အစိုးရ ခေါင်းဆောင်ပိုင်းဟာ တွေ့ဆုံဆွေးနွေးရေး ကို ရပ်ဆိုင်လိုက်ပြီ ဆိုတာ မရိုးမသား ပြသလိုက်တာပါဘဲ။

များမကြာခင်ကမှ စစ်အစိုးရကိုယ်တိုင်ကျေညာခဲ့တာပါ။ Ref: "The New Light of Myanmar newspaper, a mouthpiece of the junta, printed a brief official announcement on its front page saying that Deputy Labor Minister Aung Kyi had been appointed “Minister for Relations” to coordinate contacts with Aung San Suu Kyi, the country's democracy icon."

အခုတော့ မစ္စတာ ဂမ်ဘာရီ တွေ့ခဲ့ရတဲ့သူတွေဟာ မောင်အေးနှင့်သန်းရွှေမိသားစုဝင်တွေ၊ ဂိုဏ်သားတွေဖြစ်နေတယ်။ အထူးသဖြင့် အဆင့်မရှိသော၊ အောက်တန်းကျကျ လူစွမ်းကောင်တွေလုပ်နေတဲ့ ကြပ်ပြေးကျော်ဆန်းနှင့် အောင်သောင်းက ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး ဟာ နိုင်ငံတနိုင်ငံမှာ အဓိကကြပါတယ်။ အခုတော့ နိုင်ငံခြားရေးဝန်ကြီးလို့ဆိုတဲ့ ညဏ်ဝင်းဟာ ကြပ်ပြေးကျော်ဆန်းနှင့် အောင်သောင်းဘေးမှာကုပ်ကုပ်လေးထိုင်ပုပ်သင်ညိုတကောင်လိုနားထောင်နေရတယ်။
စစ်အစိုးရက ကိုယ်တိုင် ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကိုတော့ အာဏာရှင်လောင်း မောင်အေးက ဂျောင်ထိုးလိုက်ပြီး၊ သူ့သမီး ယောက်က္ခမ အောင်သောင်းကို ၂၀၁၀ ရွှေကောက်ပွဲ အတွက်ပွဲထုတ်လာတာတွေ့ရတယ်။

ယနေ့မြန်မာစစ်အစိုးရဆိုတာ မောင်အေးနှင့် သန်းရွှေ မိသားစုဝင်တွေကြီးဘဲ ကြီးစိုးလာတာ တွေ့ရတယ်။ တဖြေးဖြေး အာဏာရှင်ဟောင်း ဆဒမ်ဟူစိမ်ရဲ့ မိသားစုအစိုးရဖြစ်နေတယ်။



အာဏာရှင်ဟောင်းဆဒမ်ဟူစိမ်ရဲ့ မိသားစုကိုဆန့်ကျင်တဲ့ ဗိုလ်ချုပ်တွေဟာ အသတ်ခံရရင်ရ၊ စောစောနုတ်ထွက်ရင်ထွက်၊ ထောင်ထဲမှာနေချင်ရင်နေ နည်းလမ်း(၃) ခုဘဲရှိတယ်။ အခုလည်း အာဏာရှင် မောင်အေးနှင့် သန်းရွှေ မိသားစုဝင်တွေကို အမှန်တရားပြောမိယင် အသတ်ခံရရင်ရ၊ စောစောနုတ်ထွက်ရင်ထွက်၊ ထောင်ထဲမှာနေချင်ရင်နေဆိုတာ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ တို့က သက်သေပြနေတယ်။

ဆိုလိုတာက တိုင်းပြည်အကျိုးထက် မိသားစုရေး အကျိုးကြည့်ပြီး၊ တွေ့ဆုံဆွေးနွေး အဖြေရှာ ရေးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အဓိကတရားခံဟာ အာဏာရှင်သန်းရွှေနှင့် မောင်အေးရဲ့ မိသားစုဝင်ဂိုဏ်သားတွေဖြစ်နေတယ်။ သူတို့ ရှိနေသ၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်း ဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို ရိုးရိုးသားသားပြုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတာပါဘဲ။ တိုင်းပြည်လည်းတိုးတက်မှာမဟုတ်ဘူး။ ဒီအခြေအနေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ ကနေတဆင့် နိုင်ငံတကာကိုရှင်းပြဘို့ လိုအပ်နေပြီ။ ။






Rest of your post

No comments :