Monday 11 January 2010

ထိုင်းလေကြောင်းလိုင်းကုမ္ပဏီဥက္ကဌ အကျင့်ပျက်မှုကြောင့် ရာထူးမှ နုတ်ထွက်ရ

-အောင်မိုး/ဂျေရာပွန်သော်မဆင်-
ဘန်ကောက်

ထိုင်းလေကြောင်းလိုင်းကုမ္ပဏီ (Thai Airways International) အကြီးအကဲ ဖြစ်သူ Wallop Bhukkanasut ဟာ ပြီးခဲ့တဲ့ အပတ်က အာဏာကို အလွှဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီတဲ့နောက် ရာထူးကနေ အနားယူသွားခဲ့ကြောင်း သိရှိရပါသည်။ Wallop Bhukkanasut ဟာ လေကြောင်းလိုင်းကုမ္ပဏီကြီးရဲ့ ဥက္ကဌ (Executive Chairman) နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့ဝင်တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်။

လေကြောင်းလိုင်း အလုပ်သမားသမဂ္ဂ က ထိုင်းလေကြောင်းလိုင်းကုမ္ပဏီ (Thai Airways International) အကြီးအကဲ ဖြစ်သူ Wallop Bhukkanasut ၊ ဇနီးသည် Jaruwan နှင့် ခရီးသွားလေကြောင်းလိုင်း အရေးကို ကြီးကြပ်ကွပ်ကဲနေသူ ထိပ်တန်းအရာရှိကြီး Pruek Bupphakham တို့ဟာ မိမိတို့ ရာထူး နှင့် အာဏာကို အလွှဲသုံးစားပြုပြီး၊ ခရီးသွား လေကြောင်းလိုင်းများမှာ ချမှတ်ထားတဲ့ဥပဒေများ၊ စည်းကမ်းများကို ချိုးဖောက်ခဲ့ကြောင်း၊ ကုမ္ပဏီ အကြီးအကဲများ အဖြစ်တာဝန်ယူထားသူများဟာ ကိုယ်ကျင့်တရားပျက် လုပ်ဆောင် နေတာကြောင့် ရာထူးမှ နုတ်ထွက်ပေးရန် ပြီးခဲ့တဲ့ အပတ်က တောင်းဆိုခဲ့ကြသည်။

သူတို့ သုံးဦးဟာ ဂျပန်နိုင်ငံမှာ စားသောက်ဆိုင်လုပ်ငန်းဖြစ် စီးပွားရေးလုပ်ကိုင်နေသူ ထိုင်းစီးပွားရှင်တစ်ဦး အတွက် ထိုင်းလေကြောင်းလိုင်း ကို အခမဲ့ဝန်ဆောင်ခွင့်ပြုခဲ့ပြီး၊ လာဘ်ပေးလာဘ်ယူမှုတွေ ပြုလုပ်နေကြောင်း စွပ်စွဲခဲ့ပြီးနောက် စုံစမ်းစစ်ဆေးအရေးယူမှုတွေကို ပြုလုပ်ပေးပါရန် လေကြောင်းလိုင်း ဦးဆောင်ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့ကို တောင်းဆိုခဲ့တယ်။

ဘုတ်အဖွဲ့၏ စုံစမ်းစစ်ဆေးခဲ့မှု၌ ထိုင်းလေကြောင်းလိုင်းကုမ္ပဏီ အကြီးအကဲ ဥက္ကဌ ဖြစ်သူ Wallop Bhukkanasut က ၂၀၀၉ ခုနှစ် နိုဝင်ဘာလ၌ ထိုင်း-ဂျပန် ခရီးစဉ်အတွင်း အလေးချိန် ၃၉၈ ကီလိုဂရမ် ညီမျှသော ၀န်စည်စလယ် အထုပ်အပိုးအိတ် ၃၀ ကို သယ်ဆောင်ခဲ့ရာတွင် အလေးချိန် ၁၇၀ ကီလိုဂရမ်ကိုသာ အကောက်အခွန် ပေးဆောင်ရန် ကြေညာခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ သိရှိရပါသည်။

ထိုင်း ခရီးသွားလေကြောင်းဥပဒေအရ ဂျပန်နိုင်ငံသို့ပျံသန်းသည့် လေယာဉ်များတွင် ပထမတန်းမှာ စီးနင်းလိုက်ပါသူများဟာ အလေးချိန် ၅၀ ကီလိုထက် ကျော်လွန်ပြီး သယ်ဆောင်လာပါက တကီလို ဘတ် ၃၀၀ ပေးဆောင်ကြမည်ဖြစ်သော်လည်း၊ Wallop Bhukkanasut ၊ ဇနီးသည် Jaruwan နှင့် ခရီးသွားလေကြောင်းလိုင်း အရေးကို ကြီးကြပ်ကွက်ကဲနေသူ ထိပ်တန်းအရာရှိကြီး Pruek Bupphakham တို့ဟာ သူတို့၏ ရာထူးများကို အသုံးပြုပြီး ၊ စီးပွားဖြစ် အခမဲ့ သယ်ဆောင်ခဲ့ကြကြောင်း လေကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့က စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ထိုင်းလေကြောင်းလိုင်းကုမ္ပဏီ ပြောခွင့်ဆိုခွင့်ရှိသူ အရာရှိကြီးကတော့ ကုမ္ပဏီ ရဲ့ ဥက္ကဌ ဖြစ်သူ Wallop Bhukkanasut နုတ်ထွက် အနားယူသွားခဲ့ခြင်းဟာ ထိုင်းနိုင်ငံရဲ့ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ် နှင့် ဂုဏ်သိက္ခာ တိုင်းတာမှု စံနှုန်းကို မြှင့်တင်လိုက်တာဖြစ်တယ်၊ ကုမ္ပဏီ နာမည် မပျက်အောင် ထိမ်းသိမ်းလိုက် တာလည်းဖြစ်တယ်လို့ ပြောဆိုသွားပါသည်။ အာဏာကို အလွှဲသုံးစားပြုလုပ်ပြီး လေကြောင်းလိုင်းကို အသုံးချကာ ကိုယ်ကျိုးစီးပွားရှာနေမှုကို လုံးဝခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ ဒီကိစ္စနဲ့ပက်သက်ပြီး ရာထူးက နုတ်ထွက်သွားခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားပါသည်။


No comments :