Wednesday 13 January 2010

ဂိုဂဲလ်၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း တရုတ်နိုင်ငံမှာ ရပ်ဆိုင်းပစ်ဖို့ စဉ်စားနေပြီ


တရုတ်အင်တာနက်သုံးစွဲသူများ ဂိုဂဲလ် ကုမ္ပဏီ ဌာနချုပ် ကို လာရောက်ပြီး ၀မ်းနည်းကြောင်း ဂါရ၀ပြု
ပုံ-နယူးယောက်တိုင်းမ်စ်
 -မြတ်စိုး-
၀၁.၁၃.၂၀၁၀

တရုတ်နိုင်ငံမှာ အင်တာနက် သုံးစွဲမှုကို နည်းမျိုးစုံ တိုက်ခိုက်ခံနေရမှု၊ ဆင်ဆာပိတ်ဆို့ထားခံနေရမှု နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူကြည့်ရှု့ ခံနေရမှုများ အကြိမ်ကြိမ်ခံခဲ့ကြရပြီးနောက် ဂိုဂဲလ် ကုမ္ပဏီ က သူတို့ရဲ့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းကိုရပ်ဆိုင်းပစ်ဖို့ စဉ်စားနေပြီလို့ ယနေ့ထုတ်ပြန် ကြေညာလိုက်ပါသည်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂိုဂဲလ်ကုမ္ပဏီ ပြောခွင့်ဆိုခွင့်ရှိသူ တစ်ဦးက ကုမ္ပဏီရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ ကုမ္ပဏီကြီးပေါင်း ၃၄ ခု ဟာ တိုက်ခိုက်ခံ ခဲ့ရပြီး၊ ယင်းကုမ္ပဏီများ၏ အရေးကြီးအချက်အလက်များ ခိုးယူဖို့အကြိမ်ကြိမ် ကျိုးစားခဲ့ကြကြောင်း အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ် လူ့အခွင့်ရေးလှုပ်ရှားသူများ၊ တီဗက် အတိုက်အခံနိုင်ငံရေးသမားများ၏ ဂိုဂဲလ် အီးမေးအကောင့်များကိုလည်း ဦးစားပေး ပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး၊ သတင်း အချက်အလက်များကို ခိုးယူခဲ့ကြောင်း အထောက်အထားများတွေ့ရှိခဲ့ရတယ်လို့ ပြောဆိုသွားခဲ့သည်။

ဂိုဂဲလ် မှ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို ရပ်ဆိုင်ဖို့ကြေညာလိုက်ခြင်းကြောင့် တရုတ်နိုင်ငံမှာ သန်းနှင့်ချီသော အင်တာနက်သုံးစွဲနေသူများ တုန်လှုပ်စိုးရိမ်ခဲ့ကြကြောင်း သတင်းများတွင် ထုတ်ဖော်ရေးသားဖော်ပြထားကြပါသည်။ တရုတ်နိုင်ငံမှာ အင်တာနက် သုံးစွဲနေသူ သန်း ၃၀၀ ကျော်ရှိပြီး၊ တပတ်လျှင် နာရီပေါင်း ၂ ဘီလီယံ ကျော် သုံးစွဲလျှက် ရှိကြောင်းသိရှိရပါသည်။ တရုတ်အစိုးရတာဝန်ရှိသူများနှင့်အစိုးရ၀န်ထမ်းများလည်း ဂိုဂဲလ်အီမေး အကောင့်များကို သုံးစွဲနေကြပါသည်။ ဂိုဂဲလ် ကုမ္ပဏီ သည် တရုတ်နိုင်ငံတွင် ၂၀၀၀ ခုနှစ်မှာ စတင်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်မှာ တရုတ်ဘာသာဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ ကို အလုပ်သမားပေါင်း ၇၀၀ ကျော်ဖြင့် လုပ်ကိုင်လျှက်ရှိပါသည်။ ဂိုဂဲလ် ကုမ္ပဏီ သည် တရုတ်နိုင်ငံတွင် တနှစ် သန်း ၃၀၀ ၀င်ငွေရှိကြောင်းလည်း သတင်းများတွင် ဖော်ပြထားပါသည်။ အလုပ်သမားအများစုဟာ လစာကောင်းကြသည့် ကွန်ပြူတာ အင်ဂျင်နီယာများ၊ System အင်ဂျင်နီယာများ နှင့် Network အင်ဂျင်နီယာများ ဖြစ်ကြပြီး၊ အလုပ်အကိုင်များလည်း ဆုံးရှုံးမှာ ကို စိုးရိမ်နေကြကြောင်းသိရှိရပါသည်။

တရုတ်အစိုးရက ကွန်ပျူတာမှ အချက် အလက်များကို ခိုးယူ နှောင့်ယှက်သူများ ကို စံနစ်တကျ ကြီးကြပ်ကွပ်ကဲပြီး အင်တာနက်သုံးစွဲသူများ နှင့် ကုမ္ပဏီများ ကို နည်းမျိုးစုံအကြိမ်ကြိမ် တိုက်ခိုက်နေမှု၊ ကွန်ပြူတာမှ အရေးပါသော သတင်းအချက်အလက်များကို လှို့ဝှက်ခိုးယူနေမှု၊ ဆင်ဆာများပိတ်ဆို့ထားမှုများကြောင့် လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် လူသားများ၏လွတ်လပ်ခွင့် များပိတ်ဆို့ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ နှင့် နိုင်ငံတကာ အစိုးရများ က ပြစ်တင်ဝေဖန် ခဲ့ကြသည်။ တရုတ်အစိုးရသည် တရုတ်အင်တာနက်သုံးစွဲသူများအား Facebook နှင့် Twitter တို့သုံးစွဲမှုကိုလည်း တားမြစ်ထားပြီး၊ Youtube သုံးစွဲမှုကိုလည်း ပိတ်ပင်ဟန့်တားထားကြောင်း သိရှိရပါသည်။

ဂိုဂဲလ် ကုမ္ပဏီ က အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းကိုရပ်ဆိုင်း ပစ်ဖို့စဉ်စား နေပြီလို့ ထုတ်ပြန်ကြေညာ လိုက်ပြီးနောက် မကြာမီမှာပဲ တရုတ်အင်တာနက် သုံးစွဲသူများဟာ ဂိုဂဲလ် ကုမ္ပဏီ ဌာနချုပ်ကို လာရောက်ကြပြီး ဂိုဂဲလ် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း နှင့် တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအတွက် ၀မ်းနည်းကြောင်း ပြသခဲ့ကြတယ်လို့ နိုင်ငံတကာ ရုပ်မြင်သံကြားများ နှင့် သတင်းစာ များ၌ပါ ဖော်ပြထားကြသည်။ တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ ဂိုဂဲလ် ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို အသေးစိတ်သိရှိဖို့ လေ့လာသွားမယ်လို့ပြောဆိုခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က တရုတ်အစိုးရရဲ့ ဖြေရှင်းချက်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ တောင်းဆိုထားကြောင်းသိရှိရပါသည်။

တရုတ်အင်တာနက်သုံးစွဲသူများက ဂိုဂဲလ် ကုမ္ပဏီ တရုတ်နိုင်ငံက ထွက်သွားခြင်းဟာ တရုတ်နိုင်ငံ အနေဖြင့် ကမ္ဘာကြီးအပြင်ကိုထွက်ခွာသွားတာနဲ့တူတယ်လို့ ၀မ်းနည်းစွာဝေဖန်ပြောဆိုနေကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။

1 comment :

Wei Zheng said...

Good. What an embarrassment to Chinese government! That will teach Chinese government to stop state-sponsored information stealing and paranoidal censoring of news to its own citizens.