Wednesday 13 January 2010

နာဂစ် လူသတ်တရားခံများ ဟေတီကို သင်ခန်းစာယူပါ။

Visit msnbc.com for breaking news, world news, and news about the economy

၃၆ နာရီအတွင်း နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ဟေတီကိုရောက်ရှိ


-တီကေ (WFWW)-

ဟေတီမှာလှုပ်ခတ်သွားတဲ့ ပြင်းထန်တဲ့မြေငလျင်ကြောင့် လူပေါင်း ၁၀၀, ၀၀၀ ကျော် သေဆုံးလိမ့်မယ်လို့ ခန့်မှန်းပြောဆို နေချိန်မှာ ဟေတီအစိုးရ က နိုင်ငံတကာကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့များ၊ လူမှုရေးထောက်ပံ့ကူညီပေးအဖွဲ့များ၊ ဆေးပညာကျွမ်းကျင်သူအဖွဲ့များ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို အမြန်ဆုံးလာရောက် အကူအညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ကြတယ်။ သေဆုံးသည့် လူများတွင် ကမ္ဘာ့ကုလသမဂ္ဂ ၀န်ထမ်းများ နှင့် တပ်ဖွဲ့ဝင်များ လည်းပါရှိကြောင်း သိရှိရပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ဟေတီနိုင်ငံမှာ အမေရိကန် နိုင်ငံသား ဟေတီလူမျိုး ၄၅၀၀၀ ကျော်ရှိမယ်လို့လည်းခန့်မှန်းထားကြပြီး၊ အသေအပျောက် အတိအကျမသိရှိရသေးပါ။

ဟေတီအစိုးရရဲ့မေတ္တာရပ်ခံချက်ကြောင့် ဒေသတွင်းရှိ အမေရိကန်လေယာဉ်တင်သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ စစ်တပ်သုံး သယ်ယူပို့ဆောင်ရေးကုန်တင်လေယာဉ်ကြီးများ၊ ကျွမ်းကျင်သည့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နှင့် မရိန်းတပ်ဖွဲ့ဝင် ၃၅၀၀ ကို အမြန်ဆုံးစေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန် ဆောင်ရွက်ဖို့ အမိန့်ပေးထားပြီး၊ တောင်ပိုင်းရေတပ် စစ်ဗိုလ်ချုပ်ကြီးကိုလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို ကြီးကြပ်ဖို့စေလွှတ်ခဲ့တယ်။ ဗာဂျီးနီးယား ပြည်နယ် နော်ဖော့ ရေတပ်အခြေစိုက် စခန်းမှ လေယာဉ်တင်သင်္ဘော Navy aircraft carrier Carl Vinson လည်း ကြာသာပတေးနေ့မှာဟေတီကျွန်း ကိုရောက်ရှိလာပါလိမ့်မယ်။ ပစ္စိဖိတ်ကို ခရီးနှင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟီလာရီ ဟာလည်း ခရီးစဉ်ကို ဖျက်သိမ်းပြီး ၀ါရှင်တန်ကိုပြန်လာပါလိမ့်မယ်။

ပြင်သစ်နိုင်ငံကလည်း စစ်တပ်သယ်ယူပို့ဆောင်ရေး ကုန်တင်လေယာဉ်များ၊ ရေတပ်သင်္ဘောများ နှင့် ပြင်သစ်စစ်သား ၁၀၀ ကျော် ကို ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ၂၄ နာရီအတွင်းရောက်ရှိဖို့စေလွှတ်ထားပြီး၊ ဗြိတိန်၊ ဂျာမဏီနိုင်ငံ တို့ကလည်း ကယ်ဆယ်ရေးနှင့် အပျက်အဆီး တွက်ချက်စောင့်ကြည့်လေ့လာရေးအဖွဲ့များကို စေလွှတ်ထားခဲ့တယ်။ ဟေတီနိုင်ငံမှာ ဆေးပညာကျွမ်းကျင်သူ ၈၀၀ ကျော် စေလွှတ်ထားတဲ့ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ကလည်း ဆေးပညာ ကျွမ်းကျင်သူများ ကို ထပ်မံစေလွှတ်ဖို့ ပြင်ဆင်နေပါပြီ။

ဆင်းရဲမွဲတေမှု အောက်မှာ နေထိုင်နေကြရတဲ့ ဟေတီနိုင်ငံသားများဟာ သဘာဝဘေး ကပ်ဆိုးကြီးကို ရင်ဆိုင်ခဲ့ကြရပေမဲ့ ဟေတီအစိုးရခေါင်းဆောင်များရဲ့ မှန်ကန်သော ဆုံးဖြတ်ချက်များကြောင့် ၃၆ နာရီအတွင်း နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ရဲ့ အကူအညီများကို ရရှိကြတော့မှာဖြစ်ပါတယ်။ နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူပညာရှင်များ၏ အကူအညီဖြင့် လူအမြောက်အများရဲ့ အသက်ကို ကယ်တင်နိုင်ကြလိမ့်မယ်လို့မျော်လင့်နေကြတယ်။

ဟေတီနိုင်ငံမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအကူအညီကို ၃၆ နာရီအတွင်းရရှိခဲ့ကြပေမဲ့ မြန်မာနိုင်ငံ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက်ခဲ့စဉ်က နိုင်ငံတကာ ကယ်ဆယ်ရေးကျွမ်ကျင်သူအဖွဲ့များ၊ အကူအညီများ ကို နအဖ စစ်အုပ်စုက ၀င်ခွင့်မပြုပဲငြင်းဆိုခြင်းခံခဲ့ရတယ်။ ကုလသမဂ္ဂက သုတေသနပြု ထားသော အစီရင်ခံစာအရ ၂၀၀၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက် ဖျက်ဆီး ခဲ့မှုကြောင့် လူပေါင်း ၁၃၄၀၀၀ မျှ သေဆုံး၊ ပျောက်ဆုံးခဲ့၍ လူပေါင်း ၂ ဒဿမ ၄ သန်း အိုးအိမ်များ ပျက်စီးဆုံးရှုံးပြီး မုန်တိုင်းဒဏ်ခံခဲ့ရသည်ဟု ဆိုသည်။

ဒီလိုသေဆုံးမှုများပြား ခဲ့ခြင်းဟာ နအဖ စစ်အုပ်စုခေါင်းဆောင်တို့၏ လူသားမဆန်သည့် မှားယွင်းသော ဆုံးဖြတ်ချက်၊ ယုတ်ညံ့ သေးသိမ်တဲ့စိတ်ဓာတ် နှင့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေကြောင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထား အကူအညီပေးနိုင်တဲ့ ငြိမ်းချမ်းရေးစစ်တပ်တွေကို သူရဲဘောကြောင် ကြောက်ရွံ့နေမှု တို့ကြောင့် ဖြစ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များ ဟာ ဟေတီနိုင်ငံသားတွေရရှိခဲ့သလို လူသားချင်းစာနာထောက်ထားတဲ့ ကျွမ်းကျင်မှု ကယ်ဆယ်ရေး အကူအညီများရရှိဖို့ အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရတယ်။ နအဖ စစ်ခေါင်းဆောင်များ ဟာ ကယ်ဆယ်ရေး လုပ်ငန်းများထက် စစ်တပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ဦးစားပေး လုပ်ဆောင်ခဲ့ခြင်းကြောင့် လူသိန်းနဲ့ချီသေဆုံး ခဲ့ရတာ သာဖြစ်ပါတယ်။ နအဖ စစ်အုပ်စု ခေါင်းဆောင်များသာလျှင် နားဂစ်လူသတ်တရားခံများသာ ဖြစ်တယ်ဆိုတာ တကမ္ဘာလုံးက သိရှိနေကြသလို၊ မြန်မာပြည်သူ လူထုတရပ်လုံးကလည်း နားလည်သဘောပေါက်သိရှိနေကြပါပြီ။

1 comment :

Nay Lin said...

အမှန်ပဲ...ကျွန်တော်တို့မြစ်ဝကျွန်းပေါ်သားတွေ
မသေသင့်ပဲသေကြေပျက်စီးရတာတွေအတွက်..
တနေ့မှာ နအဖအဖွဲ့ဝင်အားလုံးကို(အသက်မသေပဲ)
ကျန်သေးရင်..နာဇီတွေကိုအမဲလိုက်သလို..လိုက်ရှာပြီး
ခုံရုံးတင်ဖို့ကြိုးစားရမယ်..