Thursday, 31 January 2013

ဆေးကျောင်းသားများ ကျောင်းထုတ်ခံနေရခြင်း ( ကိုထိုက် -လန်ဒန်)

ဆေးကျောင်းသားတွေ အဆမတန် ကျောင်းထုတ်ခံနေရတဲ့ မန္တလေး ဆေးကျောင်းအတွက် ကျန်းမာရေး ဒုဝန်ကြီးက ပြောတယ်။ အဲဒီ ကျောင်းသားတွေကို အဆင့်မမှီလို့ ပြန်လက်ခံဖို့ မရှိဘူးတဲ့။

ပညာရေးဆိုတာ ဘာအတွက် အဓိက ရည်ရွယ်တာလဲဆိုတာ ဒုဝန်ကြီးတို့၊ ဆေးကျောင်း ပါချုပ်တို့ မေ့နေကြပြီလို့ ထင်ပါတယ်။

အဲဒီလို ထုတ်ခံရတဲ့ အထဲမှာ အလုပ်သင် ဆရာဝန်တွေပါ ပါတယ်ဆိုတော့ မခက်ဘူးလား။ ဆရာဝန်တွေ အရည်အချင်း မပြည့်ဝရင် လူနာတွေ ခံရမယ်ဆိုတာ မှန်ပေမယ့် ... တကယ်ကြိုးစားလိုတယ်ဆိုရင် ခွင့်ပြုသင့်ပါတယ်။ အားနည်းချက်၊ လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးသင့်ပါတယ်။

အခုလို ပြန်လက်မခံလို့ လူငယ်တစ်ယောက်ဟာ မြန်မာပြည်ရဲ့ ပညာရေးအရ ဘယ်မှာမှ သုံးလို့ မရတော့ဘူးဆိုရင် ... အဲဒီ လူနဲ့ သူ့မိသားစုတင် နစ်နာတာ မဟုတ်ဘူး တိုင်းပြည်ပါနစ်နာတယ်။

ကျွန်တော့် ကိုယ်တွေ့ကြုံဖူးတာလည်း ရှိပါတယ်။ ကျွန်တော် (၁၀) တန်းအောင်တော့ တက္ကသိုလ်တွေ အားလုံး ပိတ်ထားတယ်။ G.T.I တစ်ခုပဲ ဖွင့်တယ်။ (DSA ကတော့ ဖွင့်ပေမယ့် .. စစ်တပ်ရဲ့ လုပ်ရပ်တွေကို သဘောမကျလို့ လျှောက်ဖို့ စိတ်တောင် မကူးဘူး။ ဒီလို ဆုံးဖြတ်ခဲ့တဲ့ အတွက်လည်း ကိုယ့်ဘာသာ အခုအထိ ဂုဏ်ယူနေတုန်းပဲ။)

ဒီတော့ G.T.I ကျောင်းတက်ဖြစ်ခဲ့တယ်။ G.T.I မှာ ၃ နှစ် ပြီးတော့ ... တက္ကသိုလ်တွေ ပြန်ဖွင့်တယ်။ G.T.I ဆိုတာ အသက်မွေး ဝမ်းကျောင်းမှု ပညာရပ်၊ ဒီပလိုမာ အဆင့်ပေါ့။ ကျွန်တော်က ပညာရေး အဆင့်အတန်းအရ G.T.I ထက် မြင့်တဲ့ တက္ကသိုလ် တက်ချင်တယ်။ ဘွဲ့တစ်ခုခု ရချင်တယ်ပေါ့ဗျာ။ ပညာ နှစ်မျိုးလုံး တတ်တာ ကျွန်တော့်အတွက် ပြဿနာ မရှိဘူးလို့ ခံယူတယ်။ Y.I.T တက်ချင်ပေမယ့် သူက မဖွင့်သေးဘူး။ (ဖွင့်ရင်လည်း အစက ပြန်တက်ဆိုလည်း ၁၀ တန်း အောင်မှတ်က အမှတ်မှီနိုင်ပါတယ်။) ဒါပေမယ့် Y.I.T ကို စောင့်မနေဘဲ ... အခြား သိပ္ပံဘာသာဖြစ်တဲ့ Physic တက်ဖို့ လျှောက်တယ်။

ကျွန်တော် လျှောက်တဲ့ ဘာသာကို တက္ကသိုလ်က လက်မခံဘူးတဲ့။ ဘာလို့လည်းဆိုတော့ သိပ္ပံ ဘာသာရပ် ဖြစ်နေလို့တဲ့။ ကျွန်တော်က.. ၁၀ တန်းအောင်မှတ်အတွက် အမှတ်ထုတ်ပေးတဲ့ လသာရုံးက တစ်ခါပဲ ထုတ်ပေးတဲ့ အမှတ်စာရင်း မူရင်း မရှိလို့တဲ့လေ။ (နောက်ပိုင်း ထုတ်ယူရင် မိတ္တူ ဆိုပြီးပဲ ထုတ်ပေးတယ်။ သူတို့ သတ်မှတ်ချက်။ အခုတော့ အဲဒီလို လုပ်သေးလား မသိဘူး။) ဒါကြောင့် ကျွန်တော် လျှောက်တဲ့ သိပ္ပံဘာသာရပ် အတန်းတွေကို တတ်ခွင့် မရှိဘူး။ ဝိဇ္ဇာ ဘာသာပဲ တက်လို့ရမယ်တဲ့။ ကျွန်တော်က G.T.I တက်တုန်းက အမှတ်စာရင်း မူရင်းကို ကျောင်းကို ပေးလိုက်ရတယ်။ ဒါကြောင့် မရှိတော့တာ။

ကျွန်တော့်မှာ ၁၀ တန်း အောင်ကြောင်း အောင်လက်မှတ်လည်း ပြနိုင်တယ်။ အမှတ်စာရင်းလည်း (တရားဝင်) မိတ္တူလည်း ပြနိုင်တယ်။ အမှတ်လည်း အကုန်လုံး မှီတယ်။ ဒါပေမယ့် အဲဒီ အမှတ်စာရင်း မူရင်းမရှိလို့ သိပ္ပံဘာသာ တက်မရဘူးတဲ့။

ကျွန်တော်က သိပ္ပံဘာသာတွေပဲ တောက်လျှောက် သင်ယူလာတာ။ အခုမှ ဝိဇ္ဇာဘာသာကို သင်ရမယ်ဆို အဆင်မပြေလို့ သိပ္ပံဘာသာပဲ သင်ပါရစေဆိုတာ မရဘူးတဲ့။ (ပိုက်ဆံ မပေးတာလည်း ပါမယ် ထင်တယ်။ မိဘက ပေးဖို့ မတတ်နိုင်သလို .. တတ်နိုင်လည်း ဒီလိုမျိုး အဓိပ္ပါယ် မရှိတဲ့ စည်းမျဉ်းအတွက် ပေးဖို့ ဆန္ဒမရှိပါ။)

နောက်ဆုံးတော့ .. သင်ချင်တဲ့ ဘာသာကို မသင်ရရင်တော့ မတတ်တော့ဘူးဆိုပြီး နေရင်း ... ကံတရား မျက်နှာသာ ပေးမှုနဲ့ ဒီဘက် နိုင်ငံကို ရောက်လာခဲ့တာပါပဲ။ တကယ်လို့ ဒီဘက်ကို ရောက်မလာဘူးဆိုရင် ... G.T.I က သင်ခဲ့တာနဲ့ အသက်မွေးရင် မွေး၊ ဒါမှ အဆင်မပြေရင် ... တက္ကသိုလ်က ဘွဲ့မရဘဲ ..G.T.I ဒီပလိုမာလောက်ပဲ ရတဲ့ ဟိုယောင်ယောင်၊ ဒီယောင်ယောင် လူတစ်ယောက် အဖြစ် ရှိနေဦးမှာ။

ကျွန်တော့်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ဟာ ပညာရေးရဲ့အဓိက ရည်မှန်းချက်ဖြစ်တဲ့ လူငယ်တွေ ပညာတတ်ရေးကို အကောင်အထည် ဖေါ်တာထက် ဘာမှ အဓိပ္ပါယ် မရှိတဲ့ ကြိုးနီစနစ်နဲ့ လူငယ်တွေရဲ့ ဘဝတွေကို ဖျက်ဆီးနေတာ သက်သက်ပဲလို့ မြင်မိတယ်။ အခု မန္တလေး ဆေးတက္ကသိုလ်က ကျောင်းသားတွေဆို ဘယ်လို ခံစားရမလဲ ကိုယ်ချင်းစာမိတယ်။

ကျွန်တော် ဒီနိုင်ငံမှာ ၉ နှစ်လောက် နေရင်း ပညာရေးကို စိတ် မကုန်သေးဘဲ ... ပညာ တစ်ခုခု တတ်အောင် သင်ဖို့ စိတ်ဖြစ်ပြီး ... ကျောင်းတတ်ဖို့ စုံစမ်းတော့ ... ပညာရေးနဲ့ ၁၀ နှစ် နီးပါး ဝေးနေတာရယ်၊ ကိုယ်တိုင်လည်း တက္ကသိုလ် တန်းကို ဝင်လျှောက်ဖို့ စိတ်က မလိုက်နိုင်မှာ စိုးရိမ်တာရယ်၊ အခု တတ်ချင်တဲ့ ဘာသာက နိုင်ငံရေး သိပ္ပံဘာသာလို တစ်ခါမှ မထိတွေ့ဖူးတဲ့ ဘာသာတွေ ဖြစ်နေတာနဲ့ ... တက္ကသိုလ် ဝင်တန်းကနေ ပြန်ဖြေဖို့ လုပ်ရပါတယ်။

ဒီတော့ ကျောင်းက ... ဘာမှ မေးမနေဘဲ ဒီအတိုင်း လက်ခံလိုက်တယ်။ ... အသက် (၂၀) ကျော်တယ်ဆိုရင် .. ပညာသင်ယူလိုစိတ် ရှိဖို့ပဲ လိုတယ်တဲ့။ ဒီမှာက ကိုယ်တတ်ချင်တဲ့ ဘာသာရပ်ကို ... ဆေးကျောင်း မကလို့ ... ဘယ်ဘာသာပဲဖြစ်ဖြစ် ... အဲဒီ ဘာသာကို တက်ချင်တယ်ဆို ... တက်လိုတာကို ရည်မှန်းပြီး သက်ဆိုင်တဲ့ ဘာသာရပ်ရဲ့ အခြေခံ တက္ကသိုလ်ဝင်တန်းကို ဖြေပြီး ... တက္ကသိုလ်မှာ အဲဒီ ဘာသာတွေကို သင်ယူလို့ရတယ်။ ခွင့်ပြုတယ်။ မြန်မာပြည်မှာကတော့ ... အမှတ်စာရင်း စာရွက်လေး တစ်ခု မရှိတာနဲ့ သင်ယူခွင့် မရှိတော့ဘူးတဲ့။

အခု မန္တလေး ဆေးကျောင်းသားတွေလည်း ပညာ ဆက်လက် သင်ယူလိုစိတ် ရှိပါရဲ့နဲ့ လူ အယောက် ရာဂဏန်းကျော်ကို ကျောင်းခေါ်ချိန် မပြည့်လို့ စာမေးပွဲချပြီး ဆက်လက် သင်ယူခွင့် မပေးတာဟာ မဖြစ်သင့်ပါဘူး။ တကယ် သင်ယူလိုတယ် ဆိုရင် ... သေချာသင်ယူပါ့မယ် ဆိုတဲ့ ခံဝန် ကတိတောင်းပြီး ... ကျောင်းနဲ့ ဆရာတွေရဲ့ ဘက်ကလည်း ကျောင်းသား လိုအပ်တာကိုဖြည့်ပေးပြီး ... လူငယ်တွေကို ပညာတတ်တွေ ဖြစ်အောင်သာ ပြုစု ပျိုးထောင်ပေးသင့်ပါတယ်။ ဒီအတိုင်း ကျောင်းထုတ်ပြီး ဘဝ ပျက်အောင် မလုပ်သင့်ပါဘူးလို့ ထင်မိပါတယ် ခင်ဗျာ။ တိုင်းပြည်လည်း နစ်နာပါတယ်။

(ကိုထိုက်)

2 comments :

Anonymous said...

Better not involve in the matter you know little.
Only professionals will understand why they make such decision.

Unknown said...

အပေါ်ကကောင်
ဗမာပြည်က ပညာရေးဝန်ကြီးနဲ့ ပရောဖက်ဆာတွေ အကုန်တတ်သိနားလည်နေတယ်ထင်နေလို့လား။ ဗမာပြည်မှာ တက္ကသိုလ် ပါမောက္ခတွေဘယ်လိုမျိုးနဲ့ဖြစ်လာကြတယ်ဆိုတာရောမင်းသိရဲ့လား။
ဗမာပြည်ရဲ့ပညာရေးကိုဖျက်ဆီးနေတဲ့အထဲမှာ သူတို့တွေလည်း ပါတယ်။