AFP, Yangon
25 March
ကျော်သိင်္ခ
25 March
ကျော်သိင်္ခ
ရန်ကုန်က ဘုန်းတော်ကြီး ကျောင်းဝင်းတစ်ခုထဲမှာ သက်တော်ကြီးကြီး ဘုန်းတော်ကြီးတစ်ပါးက အ၀ါရောင် သင်္ကန်း ကို ၀တ်ရုံပြီးထိုင်နေကို တွေ့ရပါတယ်။ အခြား နာယကဆရာတော်အနည်းစုကတော့ စာပေသင်ကြားဖို့ ပြင်ဆင် နေကြပါတယ်။ သူတို့ရဲ့ အနားမှာတော့ ရဟန်း သာမဏေငယ်တွေက ပရိယတ္ထိစာပေများကို သင်အံ ရွတ်ဖတ် နေတာကို တွေ့ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ခြောက်လလောက်ကတော့ ဒီဘုန်ကြီးကျောင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာဆန္ဒပြပွဲတွေ တုန်းက ရှေ့တန်း က နေပါဝင်ခဲ့ကြတဲ့ သံဃာတော်များနဲ့ ပြည့်လို့နေပါတယ်။ အဲဒီဆန္ဒပြပွဲမှာတုန်းက လူပေါင်း တစ်သိန်းကျော် လောက်ဟာ လည်း ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်ထွက်ပြီး သံဃာတော်များနဲ့အတူဆန္ဒပြခဲ့ကြပါတယ်။
အခုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က စလို့ စစ်အစိုးရရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သံဃာတော်တွေ နဲ့အတူ အခြားဆန္ဒပြသူတွေပါ ထွက်ပြေးတိမ်းရှောင်ကြရတဲ့အခါ အခြားအဓိကကျတဲ့ မြို့ကြီးတွေလိုဘဲ ဒီဘုန်း ကြီးကျောင်းမှာလည်း သံဃာဆိုလို့ မရှိသလောက်တောင် ဖြစ်သွားပါရောလား။
“ဦးပဉ္ဇင်းတို့ ဘုန်းကြီးတွေကတော့ လူတွေအတွက် ဦးပဉ္ဖင်းတို့လုပ်နိုင်တာကို လုပ်ခဲ့ပြီးပြီ။ ရလာဒ်ကဘာလဲ? သံဃာတော်တော်များများ ကတော့ သူတို့ရဲ့မွေးရပ်ဋ္ဌာနေကို ပြန်သွားခဲ့ကြပြီ။ ဘာလို့လဲဆိုတော့ စစ်အစိုးရရဲ့ ရက်စက်မှုတွေကြောင့် ကြောက်ရွံ့ပြီး ဘုန်းကြီးကျောင်းတွေကနေ စွန့်ခွာ ထွက်ပြေးသွားကြတာပါ” လို့ အမည် မဖော်လိုသူ ဦးပဉ္ဇင်းတစ်ပါးက AFP ကို အခုလိုပြောပြသွားတာဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် မြန်မာအာဏာပိုင်များဘက်က အခုလိုအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်ဟာ ကမ္ဘာကို တုန်လှုပ်သွားစေခဲ့ပြီး၊ မြန်မာနိုင်ငံထဲမှာ လူတွေဟာ ကြောက်ရွံ့မှုတွေရှိနေဆဲပါ။ ဘုရား၊ တရားကို ကြည်ညိုကြတဲ့ ဒီလိုဗုဒ္ဓဘာသာနိုင်ငံမှာ ပြည်သူတွေဟာ သံဃာတော်တွေကို အမြတ်တနိုးထားပြီး ကိုး ကွယ်ကြ ပါတယ်။ အစွမ်းကုန် ရိုသေလေးစားကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာဆန္ဒပြပွဲတွေတုန်းက သံဃာတော်တွေဟာ လမ်းတွေပေါ်ကိုထွက်ပြီး ဆုတောင်း မေတ္တာပို့သကြတုန်းက ပြည်သူတွေ က သံဃာတော်တွေကို အသက်ဘေး မှ ကယ်တင်သူများပမာ တရိုတသေ ဖူးမြော်ကြပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့ ရန်ကုန်မှာ ဆန္ဒပြပွဲတွေ ပထမဦးဆုံး စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်က လောင်စာ ဆီဈေးနှုန်းတွေ အဆမတန် ထိုးတက်သွားခဲ့တဲ့အတွက်ကြောင့် လူတွေဟာဘတ်စ် ကားတောင်မစီးနိုင်ကြတော့ တဲ့အခြေအနေမှာ ဒေါသတွေပေါက်ကွဲပြီး လမ်းတွေပေါ်ကို ထွက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့က သံဃာတော်တွေဟာ ရာနှင့်ချီပြီး မြို့လယ်ခေါင်မှာ ဆန္ဒပြကြပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေဘက်က ဆန္ဒပြကြတဲ့လူတွေကိုသာမက ဘုန်းကြီးတွေကိုပါ ရိုက်နှက်ပြီး၊ သေနတ်တွေပစ် ဖောက် ခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ သိခဲ့ရပါတယ်။
အဲဒီလို အကြမ်းဖက်မှုတွေဟာ မြို့တော်တွေမှာ ဆန္ဒပြကြတဲ့ သံဃာတော်တွေကိုပါ ဒဏ်ရာအနာတရ ဖြစ်ခဲ့ပါတယ်။ သံဃာ ၃၀၀ လောက်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့မှာ ပထမဦးဆုံး စတင်ပြီး ချီတက်ဆန္ဒပြကြတာဟာ နေ့စဉ်ပါဘဲ။ ပြည်သူအများစုကတော့ သံဃာတော်တွေ ဆန္ဒပြပြီး လေးရက်အကြာ မှာ စတင်ပြီး ဆန္ဒပြကြပါတယ်။ အဲဒီနောက်ပိုင်းမှာ သံဃာတော်တွေဟာ လုံခြုံရေးအစောင့်အကြပ်တွေကြား ကနေဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့ကြပါ တယ်။
အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ နေအိမ်ခြံဝင်းတံခါးဝကနေ ပြူကြည့်ခဲ့ပြီး သံဃာတော်တွေ နဲ့ လူထုတွေ သူတို့ ဆန္ဒတွေကို ပုံဖော်ဖို့ လမ်းပေါ်ထွက်ပြီး စိတ်အားတက်ကြွစွာ ဆန္ဒပြနေတာတွေကို မြင်ပြီး မျက်ရည်လည်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ များပြားလာပြီး ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ လူပေါင်း တစ်သိန်းလောက်ဖြစ်သွားပါတယ်။ အခြားမြို့တော်တွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။
စစ်အစိုးရက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူတို့ (ဆန္ဒပြသူ) တွေရဲ့ နည်းဗျူ ဟာ ကလည်းပိုပြီးပြင်းထန်လာခဲ့ပါတယ်။ အဲဒီပွဲမှာ သံဃာတော်တွေအပါအ၀င် ဆန္ဒပြသူတွေ ရိုက်နှက်ခြင်းခံရ တယ်။ စစ်သားတွေဟာ ဆန္ဒပြတဲ့ လူအုပ်ထဲကို သေနတ်တွေနဲ့ ပစ်ခတ်တယ်။ ဂျပန် သတင်းထောက် အနီးကပ်ပစ်သတ်ခံရပြီး၊ သေဆုံးခဲ့တယ်။ သံဃာတော်တွေ အပါအ၀င် လူ ၃၀၀၀ ကျော် အဖမ်းခံရတယ်။ လူ့ အခွင့် အရေးအုပ်စုတွေကတော့ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၈၀၀ ကျော်ရှိတယ်လို့ ခန့်မှန်း ကြတယ်။
သံဃာတော်တွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ မြင်ကွင်းတွေဟာ ရန်ကုန်မြို့နေ လူထုအတွက် ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးတပ်တွေဟာ ဘုန်းကြီးကျောင်းတွေထဲကို ညအချိန်မတော် ၀င်စီး၊ သံဃာတော်တွေ ကို ရိုက်နှက်ဖမ်းဆီးပြီး စစ်ကြောရေးစခန်းတွေဆီကို ခေါ်ဆောင်သွားခဲ့ကြတယ်။ ဘုန်းကြီးကျောင်းတွေရဲ့ ကြမ်းပြင် တွေမှာတော့ သွေးတွေစွန်းထင် ကျန်ခဲ့ပါတယ်။
သံဃာတော်အများစုဟာ အကြမ်းဖက်မှုတွေကြားကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး၊ ကျေးရွာတွေမှာ ပုန်းခိုဖို့ နေရာ ရှာခဲ့ကြရတယ်။
အာဏာရှင် စစ်အစိုးရက မေလမှာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ပြီး၊ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြီးခဲ့တဲ့လက အချိန်ဇယားနဲ့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာနိုင်ငံထဲက လူထု တွေရဲ့ နေ့စဉ်ဘ၀တွေဟာ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေဆဲပါ။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာဆန္ဒပြပွဲကာလတွေ တုန်းကထက်တောင် ပိုပြီးဆိုးရွားလာနေပြီ။ အာဏာရှင်တွေက ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ အတွက်ကြောင့် တစ်ချိန်က မြန်မာနိုင်ငံကို သူတို့ရဲ့မြို့တော်လို့တောင် ထင်ထားခဲ့ကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ လည်း အခုတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရမှာကို ကြောက်လန့်ကုန်ပါပြီ။ စီးပွားရေးက ကျမှာပေါ့။ သူတို့က ကမ္ဘာ လှည့်ခ ရီးသည်တွေကိုလည်း မောင်းထုတ်သလိုဖြစ်နေတာကိုး။ ဒါနဲ့များ ကမ္ဘာလှည့်ခရီးသည်တွေဆီက နိုင်ငံခြား ငွေတွေကိုလည်း လဲလှယ်ချင်သေးတယ်” လို့ သြစတြေးလျ နိုင်ငံ မက်ကွာရီ တက္ကသိုလ်က မြန်မာ့ စီးပွားရေး လေ့လာသူ ဆီးန်တာနယ်လ် ကပြောပါတယ်။
“စစ်တပ်က နှစ်ပေါင်း ၄၆ နှစ်လုံးလုံး အုပ်ချုပ်လာခဲ့တာတောင်၊ သံဃာတော်တွေ အကြမ်းဖက် နှိမ်နှင်းခံ ရတာ ကို ပြည်သူ တွေက ပိုပြီးတော့ ကြောက်နေကြသေးတယ်။ အခုလည်း ဘာမှ မဖြစ်သေးဘူး၊ ကြောက်နေကြတာ က ပိုတောင် များသေးတယ်။ သူတို့ ကြောက်တာက ဒီလိုပါ။ စစ်အစိုးရက သံဃာတော်တွေ အပေါ် တောင် အခုလို နှိပ်စက်နေရင် သာမန်လူဆိုရင် ပိုဆိုးမှာဘဲဆိုပြီး တွေးနေကြတယ်” လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ အရေး လေ့လာသူ ဦးဝင်းမင်းက ပြောပါတယ်။

No comments :
Post a Comment