Wednesday, 19 March 2008

ဓားခုတ်ရာ လက်ဝင် လျိုသူများ


AFP, Bangkok
17 March
သာသာပြန် - ကျော်သိင်္ခ
ဒီတစ်ပတ် မြန်မာ့ကျောက်မျက် အရောင်းပြပွဲမှာ ပြသထားတဲ့ မြန်မာ့ကျောက်မျက်တွေထဲက ပတ္တမြား နဲ့ ကျောက်စိမ်းတွေကို ထိုင်းကျောက်မျက်ကုန်သည်တွေက အထူးပဲ မျက်စိကျကြတယ်လို့ သိရပါတယ်။ အဲဒီကျောက်မျက်တွေကရမယ့် များပြားလှတဲ့ သန်းချီတဲ့ ဒေါ်လာတွေဟာ စစ်အစိုးရအတွက် လူသတ်လက်နက်တွေ ၀ယ်ဖို့ အင်အားတစ်ခုဖြစ်စေပါတယ်။
ထိုင်းကုန်သည်တွေအနေနဲ့ စစ်အစိုးရဆီက ကျောက်မျက်တွေကို ၀ယ်ယူပေမယ့်လည်း၊ သူတို့အနေနဲ့ အဲဒီကျောက်မျက်တွေကို နိုင်ငံခြားကုမ္ပဏီတွေ၊ အနောက်တိုင်းအစိုးရတွေဆီကို ပြန်လည်ရောင်းချတဲ့အခါမှာ အနောက်နိုင်ငံအုပ်စုတွေရဲ့ မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ရောင်းချရာမှာ ပြဿနာ တက်ကိန်းတော့ ဆိုက်နေပါပြီ။
မြန်မာစစ်အစိုးရရဲ့ ဒီတစ်ပတ် ကျောက်မျက်လေလံတင် ရောင်းချပွဲမှာ ရောင်းချထားတဲ့ ကျောက်မျက်တန်ဖိုး ဟာ အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး ရှိပါတယ်။ ယခုတစ်ခါ ကျောက်မျက်လေလံတင်ရောင်းချပွဲဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ပြုလုပ်တဲ့ ရောင်းချပွဲဖြစ်ပြီး၊ ကမ္ဘာ့အကောင်းဆုံးအရည်အသွေးမှီတဲ့ ကျောက်မျက်တွေကို ရောင်းချထားတာဖြစ်ပါတယ်။ ကမ္ဘာ့ပတ္တမြားဈေးကွက်က ပတ္တမြား ၉၀ ရာခိုင်နှုန်းဟာ မြန်မာပြည်က ထွက်ရှိတဲ့ ပတ္တမြားတွေဖြစ်ပါတယ်။ အဲဒီထဲကမှ အချို့အကောင်းဆုံးသော ပတ္တမြားတွေထဲက အချို့သောပတ္တမြားတွေရဲ့ အလေးချိန် တစ်ကာရက်တန်ဖိုးဟာ အရည်အသွေးကောင်းစိန်တစ်လုံးရဲ့ တန်ဖိုးထက်တောင် များတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံကထွက်ရှိတဲ့ မြစိမ်းရောင်းအသွေးရှိတဲ့ ကျောက်စိမ်းတစ်မျိုးဟာ ရှားပါးစာရင်းဝင် ကျောက်စိမ်းမျိုး ကောင်းတစ်မျိုးဖြစ်ပါတယ်။ သို့သော်ငြားလည်း အခုလို ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ Fiffany, Cartier နဲ့ Bulgari ကျောက်မျက်ကုမ္ပဏီတွေဟာ စစ်အစိုးရရဲ့ ပြီးခဲ့တဲ့စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့မှုနဲ့ပက်သက်ပြီး စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံက ကျောက်မျက်တွေကို ရောင်းဝယ်ဖို့ ငြင်းဆန်ထားပါတယ်။ ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရက ရောင်းချတဲ့ ကျောက်မျက်တွေကို မ၀ယ်ယူဖို့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေပြုလုပ် နေစဉ်မှာဘဲ အထက်ပါ ကျောက်မျက်ကုမ္ပဏီတွေက အခုလို တစ်ညီတစ်ညွတ်တည်း စစ်အစိုးရကို ၀ိုင်းပြီး သပိတ်မှောက်ကြတာပါ။ အမေရိကန်အနေနဲ့လည်း မြန်မာစစ်အစိုးရအပေါ်ကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုမိုပြုလုပ်ဖို့ အခုလို နီးနီးကပ်ကပ် အာရုံစိုက် နေစဉ်မှာဘဲ၊ ပတ်ဆို့ဒဏ်ခတ်မှုတွေက ထိုင်းနိုင်ငံဘက်ကို ခြေဦးလှည့်လာမယ့် အခြေအနေမျိုးဖြစ်လာပါတယ်။
အဲဒီပိတ်ဆို့ဒဏ်ခတ်မှုဟာ ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာ ပြည်ပတင်ပို့ရောင်းချမှုကို ထိခိုက်စေမှာဖြစ်ပါ တယ်။ ထိုင်းနိုင်ငံရဲ့ ကျောက်မျက်ရတနာ ပြည်ပတင်ဖို့မှုတန်ဖိုးဟာ မနှစ်က ဆိုရင် ထိုင်းဘတ်ငွေ ၁၈၅.၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ) အထိမြင့်တက်သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေ ကျောက်မျက်ရတနာ အများဆုံးဝယ်ယူတဲ့နိုင်ငံဟာ အမေရိကန်နိုင်ငံဖြစ်ပါတယ်။ အဲဒီနောက် ဟောင်ကောင်က ဒုတိယနဲ့ သြစတေးလျနိုင်ငံတိုက တတိယ အသီးသီးဝယ်ယူကြပါတယ်။ “မြန်မာ့နိုင်ငံကထွက်တဲ့ ကျောက်မျက်တွေ ၀ယ်ယူတာတွေကို ပိတ်ဆို့တဲ့ အမေရိကန် နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုဟာ ထိုင်းကျောက်မျက်ကုန်သည်တွေကိုလည်း ထိခိုက်မှာ သေချာတယ်” လို့ ထိုင်းကျောက်မျက်ရောင်းဝယ်ရေးလုပ် ငန်းရှင်များအသင်းချုပ် အကြီးအကဲဖြစ်သူ ၀ီချိုင် အက်ဆာရာဆာကွန် ကပြောသွားခဲ့တာဖြစ်ပါတယ်။
သူ့အနေနဲ့ ခန့်မှန်းတွက်ချက်ရာမှာ ထိုင်းနိုင်ငံက မြန်မာနိုင်ငံက ကျောက်မျက်ရတနာဝယ်ယူတင်သွင်းမှု၊ အဓိကအားဖြင့် ပတ္တမြားဝယ်ယူမှုဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သန်းဖိုးအထိရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားဝင်ကျောက်မျက်ရတနာ ၀ယ်ယူတင်သွင်းတဲ့မှတ်တမ်းမရှိလို့ တိတိကျကျပြောဖို့တော့ ခက်တယ်လို့လည်းဆိုပါတယ်။တကယ်တော့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကနေ ကျောက်မျက်ဝယ်ယူမှုတန်ဖိုးဟာ ၎င်းခန့်မှန်းတာထက် ပိုပါတယ်။ မြန်မာနိုင်ငံက တစ်နှစ်ကို ကျောက်မျက်ရတနာ ရောင်းချမှုတန်ဖိုး ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုးကျော်ပါတယ်။ အဲဒီထဲမှာ မှ ထိုင်းနိုင်ငံနဲ့ တရုတ် နိုင်ငံတို့ဟာ မြန်မာနိုင်ငံက ကျောက်မျက်တွေကို အများဆုံးဝယ်ယူတဲ့နိုင်ငံတွေဖြစ်ကြပါတယ်။
တစ်ကမ္ဘာလုံးက ကျောက်မျက်လုပ်ငန်းရှင်များ အဖွဲ့အစည်းတွေက လာမယ့်လမှာ ဆွစ်ဇာလန်နိုင်ငံမှာ တွေ့ဆုံပွဲတစ်ခုပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် ကျောက်မျက်ရတနာ ရောင်းဝယ်မှုတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂကို စာရေးပြီးတောင်းဆိုဖို့ စီစဉ်နေပါတယ် လို့ အဆိုပါ ထိုင်းကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းချုပ်ဖြစ်သူက ပြောပြသွားတာဖြစ်ပါတယ်။
“အမေရိကန် အစိုးရနဲ့ နိုင်ငံရေးသမားတွေအားလုံးအနေနဲ့ အားလုံးကို သေသေချာချာ၊ စေ့စေ့စပ်စပ်စဉ်းစားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေဟာ ပြဿနာတွေကို ဖြေရှင်းဖို့မှန်ကန်တဲ့ အဖြေမဟုတ်ပါဘူး” လို့လည်း သူကပြောပါတယ်။ လုထိုင်းကုန်သည်များအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ပြောင်းလဲရေးလုပ်ဆောင်ဖို့ကို တစ်ကမ္ဘာလုံးနဲ့ အတူတကွလုပ်ဆောင်သွားမယ်လို့ သဘောတူညီပြီးသားပါ။ ဒါပေမယ့် အခုတော့ ထိုင်းနိုင်ငံက “ကျောက်မျက်ရတနာလုပ်ငန်းတွေအပေါ်မှာ အားကိုပြီး နေနေရတဲ့ မြန်မာလူမျိုး ၄၀၀၀၀ လောက်ဟာ ဒီပိတ်ဆို့မှု ဒဏ်တွေကို ခံနေရတယ်” လို့ သူကဆိုပါသေးတယ်။


No comments :