Monday, 24 March 2008

တိဗက် လှုပ်ရှားမှု ကို အမေရိကန် အားပေး



Hindustan Times, India
23rd March
ကျော်သိင်္ခ

အမေရိကန်နိုင်ငံ အိမ်ဖြူတော် ကိုယ်စားလှယ် နန်စီ ပယ်လိုစီ က အဝေးရောက်တိဘက်အစိုးရ ကို တိဘက်မှာ ဖြစ်ခဲ့တဲ့ တရုတ်အစိုးရရဲ့ အကြမ်းဖက်မှုတွေနဲ့ပက်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုပြီးပြုလုပ်ဖို့ သောကြာ နေ့က ပြောကြားလိုက်ပါတယ်။ တိဘက်ဆန္ဒပြသူတွေအပေါ် တရုတ်အစိုးရက အခုလိုအကြမ်းဖက်နှိမ်နှင်း လိုက်တာဟာ တစ်ကမ္ဘာလုံးကို စိန်ခေါ်လိုက်တာဘဲလို့ သူမ ကပြောပါတယ်။


တရုတ်အစိုးရက အခုလို ဆန္ဒပြ သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်း တဲ့အပေါ် သူမအနေနဲ့ အံ့သြမှု မရှိကြောင်း၊ ဒါပေမယ့် တစ်ကမ္ဘာလုံးက တော့ တရုတ်အစိုးရအပေါ် ပြင်းပြင်းထန်ထန်ရှုံချကြမှာဘဲ လို့ သူမက ပြောခဲ့ပါတယ်။ “လွတ်လပ်မှုကို မြတ်နိုးတဲ့ တစ်ကမ္ဘာလုံးက လူတွေက တရုတ်အစိုးရ နဲ့ တရုတ်တွေက တိဘက်မှာ အကြမ်းဖက်ခဲ့တာတွေကို မပြောကြဘူးဆိုရင်၊ ကျမတို့မှာ လူ့အခွင့်အရေးဆိုတာကို ဖော် ထုတ်ဖို့လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးသွားပြီ” လို့ သူမ က ပြောခဲ့ပါတယ်။ ပယ်လိုစီက တိဘက်ခေါင်းဆောင် ဒလိုင် လားမား ကို တွေ့ဆုံအပြီးမှာ ဒါရမ်ဆလာ က တိဘက်လူမျိုးတွေနဲ့ တွေဆုံပွဲမှာ တစ်ခုမှာ ပြောသွားခဲ့ တာဖြစ်ပါတယ်။

တိဘက်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် နိုင်ငံတကာက စုံးစမ်းစစ်ဆေးပေးဖို့ နဲ့ အခုလိုဖြစ်ရပ်အပေါ် နိုင်ငံတကာရဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အပေါ် တရုတ်ကခွင့်ပြုဖို့ ဒလိုင်လားမားရဲ့ တောင်းဆိုချက်အပေါ် သူမ ကထောက်ခံခဲ့ပါတယ်။ “အဲဒီ ကိစ္စကတော့ ကျမတို့ သိဖို့လိုအပ်တယ်” လို့ သူမက ပြန်လည်ပြောဆိုခဲ့ပြီး၊ စုံစမ်း စစ်ဆေးမှုတွေဟာ ဒလိုင်လားမားအပေါ် တရုတ်အစိုးရရဲ့ စွပ်စွဲချက်တွေကို ကင်းရှင်းသွားအောင် ပြုလုပ်ပါ လိမ့်မယ်လို့လည်း သူမ ကပြောသွားပါတယ်။

အိန္ဒိယ ခရီးစဉ်မှာ Democrat နဲ့ Republican ပါတီတို့က လွှတ်တော် အမတ် ကိုးဦးပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ကို ဦးဆောင်ခဲ့တဲ့ ပယ်လိုစီက တိဘက်လူမျိုးတွေကို အမေရိကန်နိုင်ငံအနေနဲ့ ထောက်ခံမှုတွေပေးသွား မှာပါလို့ အာမခံခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ဒါရမ်ဆာလာ ကိုလာတဲ့ ယခုခရီးစဉ်ဟာ တိဘက်အရေးအခင်း မတိုင်မီထဲက စီစဉ်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ သို့သော်ငြားလည်း အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ဖို့ကိုတော့ သူမအနေနဲ့ မထောက်ခံခဲ့ဘူး လို့ပြောသွားပါတယ်။

ဒလိုင်လားမားဟာ အကြမ်းမဖက်မူဝါဒကို လက်ကိုင်ထားသူတစ်ယောက်ဖြစ်တဲ့အတွက် ဒလိုင်လားမားဟာ အကြမ်းဖက်ဆန္ဒပြမှုတွေနောက်က ကြိုးကိုင်သူဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့လည်း သူမကပြောပါတယ်။

ဒလိုင်လားမား အနေနဲ့ကလည်း သူ့ရဲ့ ငြိမ်းချမ်းတဲ့လမ်းစဉ်ကို အမေရိကန်က အခုလို ထောက်ခံတဲ့အတွက် လည်း ကျေးဇူးဥပကာရ တင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျနော်တို့အနေနဲ့ အမေရိကန်နိုင်ငံကို လွတ်လပ်မှု နဲ့ လွတ်မြောက်မှု တို့ဘက်က ရပ်တည်သူ လို့သတ်မှတ်ပါတယ်။ ဒါကြောင့် အဲဒီအောင်မြင်မှုတို့ အတွက် ကျနော်အမြဲတမ်း ဆုတောင်းမေတ္တာ ပို့သပါတယ်” လို့ ဒလိုင်လားမားက ပြောခဲ့ပါတယ်။

No comments :