နားမယောင်ကြနဲ့၊ စစ်ကျွန်တစ်သက် လွတ်ရက်မရှိဘူးဖြစ်သွားမယ်
AFP, Yangon
26th April
ကျော်သိင်္ခ
မြန်မာစစ်အစိုးရအနေနဲ့ လာမယ့်မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ စနစ်ကျပြီး တရားမျှတမှုရှိမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အတွက် အန္တရာယ်ကျလောက်လာခဲ့ရင် နှိမ်နှင်းသွားမည်ဖြစ်ကြောင်း စနေနေ့က ထုတ်ပြန်တဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စစ်အစိုးရအနေနဲ့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံဖို့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပမှာဖြစ်ပြီး၊ ဒီမိုကရေစီလှုပ်ရှားသူများကတော့ စစ်အစိုးရပြုလုပ်တဲ့ ပြည်သူ့ဆန္ဒခံယူ ပွဲဟာ ၁၉၆၂ ခုနှစ်ကတည်းက အုပ်စိုးလာခဲ့တဲ့ ၎င်းတို့ရဲ့ အခန်းကဏ္ဍကို တည်မြဲအောင် ပြုလုပ်ခြင်းသာဖြစ်တယ် လို့ ပြောဆိုနေကြပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေး ကတော့ စစ်အစိုးရအနေနဲ့ ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ The New Light of Myanmar သတင်းစာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
“ရဲဘော်တို့၊ တပ်မတော်ဟာ မြန်မာနိုင်ငံအတွင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပုံဖော်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ်ပေါ်ပေါက်ရေးကို တစိုက်မတ်မတ် ကြိုးပမ်းနေတာဖြစ်တယ်။ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က မေလ၁၀ ရက်နေ့မှာ ကျင်းပမယ့် ဖွဲ့စည်းပုံဥပဒေမူကြမ်းကို ထောက်ခံဖို့အတွက် စနစ်ကျပြီး၊ မျှတတဲ့ ဆန္ဒခံယူပွဲ ဖြစ်အောင် ပြုလုပ်သွားမှာဖြစ်တယ်” လို့ ၎င်းက သောကြာနေ့က ပြောသွားခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုပြီးရင် လမ်းပြမြေပုံခုနှစ်ချက်ကို ကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ် ဟာ ပြီးစီးဖို့ နီးကပ်လာပြီ လို့ပြောလို့ရကြောင်း ၎င်းတို့ရေးဆွဲတဲ့ ဒီမိုကရေစီအတွက် လမ်းပြမြေပုံဆိုတာ နဲ့ ပက်သက်ပြီး မောင်အေးကပဲ ပြောခဲ့တာဖြစ်ပါတယ်။
စစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ၎င်းတို့ရဲ့ ကြွေးကြော်သံတွေ၊ ၀ါဒဖြန့်ချီတဲ့ စကားလုံးတွေ၊ မုသားစကား တွေ နဲ့ ၎င်းတို့ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေကို သတင်းစာရဲ့ ရှေ့ဘက်စာမျက်နှာတွေမှာ အသားပေး ဖော်ပြထားပြီး ၎င်းတို့ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးဖို့ မက်လုံးတွေပေး၊ လှုံ့ဆော်ထားတာတွေကို တွေ့ရပါတယ်။
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့ဆိုတာ တစ်မျိုးသားလုံး ဒီကနေ့ ထမ်းဆောင်ရမယ့် အမျိုးသားရေးတာဝန်ဖြစ်တယ်။ တစ်မျိုးသားလုံးက စိတ်ဝင်စားစွာနဲ့ ကျွန်ုပ်တို့ကို ထောက်ခံမဲပေးကြပါ” လို့ The New Light of Myanmar သတင်းစာရဲ့ ပထမစာမျက်နှာမှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။
မောင်အေးအနေနဲ့က ၎င်းတို့စစ်အုပ်စုရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် ကန့်ကွက်မဲပေးကြဖို့ ပြည်သူလူထုကို နှိုးဆော်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို သတိပေးတာတွေ ပြုလုပ်ပြီး အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ထို့နောက် ၎င်းကပင်ဆက်ပြီး “တပ်မတော်အပေါ်နားလည်မှုလွဲပြီး မဲမပေးဘဲ နေအိမ်မှာဘဲ နေကြသူတွေရော၊ ပြည်ပရောက်အတိုက်အခံ တွေအားလုံးဟာ တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းဖို့ စနစ်တကျကြိုးပမ်းနေချိန် မှာ တပ်မတော်ရဲ့လုပ်ရပ်တွေကို နှောက်ယှက်ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်။ သို့သော်လည်း တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး၊ မည်သည့် အနှောင့်အယှက် အဖျက်မှောင့်လုပ်ငန်းတွေကိုမဆို ပြည်သူလူထုနဲ့ ပူးပေါင်းလက်တွဲပြီး နှိမ်နှင်းသွားမှာဖြစ်တယ် ဆိုတာ ကျနော့်ဘက်က အတိအလင်းပြောချင်ပါတယ်” လို့လည်း သတင်းစာထဲမှာ ရေးသားထားပါတယ်။
စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ရေးလှုံ့ဆော်ကြတဲ့ အတိုက်အခံအင်အားစုတွေကတော့ အာဏာပိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို ခံနေရတယ်လို့ NLD ပါတီက သောကြာနေ့က ပြောကြားခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ မေ ၁၀ ရက် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြဖို့ ပြည်သူတွေအပေါ် အာဏာသုံးပြီး ဖိအားတွေပေးနေတယ်လို့လည်း သိရပါတယ်။
ယခုကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲဟာ NLD ပါတီအနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆန္ဒခံယူပွဲဖြစ်ပါတယ်။ စစ်အစိုးရဟာ NLD ပါတီ အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်မပြုခဲ့ပါဘူး။
No comments :
Post a Comment