Sunday, 6 April 2008

ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းများ

  • ပေးပို့ သူ- ဖုန်းမြင့်
  • ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊

    လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။

    အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။


    အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊
    နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။
    - ပေးပို့ သူ ဖုန်းမြင့်  -

No comments :