Thursday 17 April 2008

ပြည်ပရောက် မြန်မာတချို့ သံရုံးမှာ ကန့်ကွက်မဲ ထည့်




မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၁၆၊ ၂၀၀၈

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံများတွင် ရွှေ့ပြောင်းမြန်မာ အများအပြားရှိသည့်တိုင် ဆန္ဒမဲပေးသည့် အစီအစဉ် ယခုအချိန်အထိ အတိအကျ ထုတ်ဖော်မပြောသေးသော်လည်း အနောက်နိုင်ငံအချို့တွင် မြန်မာသံရုံးများက ကြိုတင်မဲပေးခွင့်ကို စီစဉ်ပေးနေပြီဖြစ်ကြောင်း ကြားသိရသည်။

အထူးသဖြင့် အစိုးရက စေလွှတ်သည့် မြန်မာများ၊ တရားဝင်မြန်မာပတ်စ်ပို့ကိုင်ဆောင်သူ မြန်မာများ အနည်းငယ်သာရှိသည့် ဒေသများက မြန်မာသံရုံးများတွင် ၎င်းမြန်မာမိသားစုများကို သံရုံးသို့ ဖိတ်ခေါ်ပြီး ကြိုတင်ဆန္ဒမဲထည့်ရန် စီစဉ်ပေးခဲ့သည်ဟု ဆိုသည်။ စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ရှင်းလင်းပြောပြခြင်း၊ ကြိုတင်မဲပေးသည်တို့ကို မြန်မာပြည်သို့ ပေးပို့ပြီး မေလ ၁၀ ရက်တွင် အများဆန္ဒမဲများနှင့်အတူ ရေတွက်မည်အကြောင်း အသိပေးခြင်း နှင့် ထောက်ခံမဲပေးရေးနှင့် ပတ်သက်သည့် အချက်အလက်တို့ကို သံရုံးက ဖိတ်ကြားထားသော မြန်မာများကို အကျဉ်းချုပ်ရှင်းလင်းခဲ့သည်ဟု သိရသည်။

သံရုံးအတွင်း သံအမတ်ကြီးရှေ့မှောက်တွင် ဗြောင် ကြိုတင်မဲထည့်ကြရသော မြန်မာတို့အတွက် ထောက်ခံမဲထည့်ရန် မခဲယဉ်းသော်လည်း ကန့်ကွက်မဲထည့်ကြမည်သူတို့အတွက် အတော်ပင် ကြိုးပမ်းအားထုတ်ရသည့် ကိစ္စဖြစ်သည်ဟု မိုးမခသို့ မျက်မြင်တဦးက ပြောကြားသည်။ သို့သော်လည်း မြန်မာအချို့က ကန့်ကွက်မဲကိုပင် သံရုးံဝန်ထမ်းများရှေ့မှောက်တွင် ထည့်ပြီး မိမိတို့၏ လွတ်လပ်ပွင့်လင်းသော ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြသည်ဟု ဆိုပါသည်။



Summary

Rest of your post

No comments :