Monday, 11 August 2008
ရေငတ်ပန်း
နူးညံ့တဲ့မိဘရင်ခွင်ပျောက်တော့
မြက်ခင်းတွေက ငါ့ရဲ့မွေ့ရာ
မကူသစ်တုံးတွေက ငါ့ရဲ့ခေါင်းဦးပေါ့
ကောင်းကင်ညိုညိုတွေအောက် ငါအိပ်ခဲ့ရတယ်
အိပ်မက်တွေအကျဉ်းချခံရတော့
မျက်ရည်တွေနဲ့ ငါမျက်နှာသစ်ခဲ့ဖူးတယ်
ရေတခွက်နဲ့ ညစာစားခဲ့ဖူးတယ်
မနက်ဖြန်ဆိုတာကိုတောင် ငါမေ့ထားခဲ့ရသေးတယ်
နှလုံးသားတွေ အခိုးခံရပြန်တော့
မိုးတွေရွာလည်း ငါမသိဘူး
နေတွေပူလည်း ငါဂရုမစိုက်နိုင်ဘူး
ခိုလုံရာတစ်ခုအတွက် ငါပြေးနေရတုန်းပဲ
အိမ်ဆိုတာတောင် မရှိခဲ့တဲ့ငါ့မှာ
သူငယ်ချင်းဆိုတာလည်းမရှိ
ကစားစရာအရုပ်ဆိုတာလည်း ငါ့မှာနတ္တိ
ငါ့ရဲ့ကစားကွင်းက ဗုံးခိုကျင်းတွေဖြစ်ခဲ့ရတယ်
ကလေးတစ်ယောက်ရဲ့အိမ်မက်
ဘောင်တွေနဲ့လှောင်ပိတ်
ရက်စွဲတွေကိုအတင်းမေ့ထားခဲ့ရ
လိုချင်တပ်မက်မှုတွေကို ချိုးနှိမ်ခဲ့ရလို့
အတ္တနဲ့ကမ်းတဲ့ ရင်ငွေ့တောင် ငါ့ရဲ့ကမ္ဘာထင်မိတယ်
လေပြေအသုတ်မှာ ရေချိုတစ်ပေါက် မခခဲ့ရတဲ့ ရေငတ်ပန်းပေမယ့်
မြေကြီးမနမ်း ကောင်းကင်ဖက်လှမ်း ဇာနည်သွေးမို့
မနွမ်းမခြောက် ဆူးမကြောက်ပဲ ဆူးနွယ်ပန်းလို
ကောင်းကင်ကိုတက် ကြယ်တွေနဲ့အလှပြိုင်ဖို့
ရဲရဲသာပွင့်နေသေးတယ်လေ။
ငယ်ဆူးအိမ်
at 23:19
Labels: လူငယ်ကဗျာ ကဏ္ဍ
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment