Tuesday, 16 December 2008

ကြားရသမျှ သတင်းအပိုင်းအစ....။

လုံခြုံရေးအပြည့်ရှိတဲ့ ရန်ကုန်မြို့ ဆိုလားဘဲ

-သက်သက်ထွန်း-

ဟိုတနေ့က သတင်းစာထဲမှာ ကွန်ပျူတာ မဟာသိပ္ပံကျောင်းသူလေး တစ်ယောက် ဆုံးသွားတာ ဖတ်လိုက်ရပါတယ်။ အဲဒီလို ပညာတတ်ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားတာ သတင်းစာထဲမှာ ဖတ်ရရင် စိတ်မကောင်းပါဘူး။ ကျမတို့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်လည်း ကျောင်းပြီးလို့ ဘွဲ့ရကာစ မှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အချိန်မရွေး သေဆုံးနိုင်တယ်ဆိုတာ တရားသဘောအရသာ သိနေပေမယ့် အသက်ကြီးလို့ မီးစာကုန် ဆီခမ်းလို့ ဆုံးပါးသွားတာမျိုးဆို ဖြေသာပါသေးတယ်။ အင်း.. တရားတကယ်မသိဘူး ပြောရင်လည်း ခံရမှာပါပဲ။

အဲဒီကောင်မလေးက နွမ်းပါးရှာပါတယ်။ သူ့ကျောင်းစားရိတ်ကို ကလေးတွေအိမ် ကျူရှင်လိုက်ပြရင်း ဖြည့်ဆည်း ရတာပါ။ မိဘတွေကိုလည်း သိတတ်လိမ္မာစွာ ရှာဖွေကျွေးမွေးနေတာပါ။ ဖြစ်ချင်တော့ သူ.ကျူရှင် တပည့်လေး အိမ်က မြို.ထဲက ကွန်ဒိုတစ်ခုမှာ.. ညနေလေးနာရီလောက်အချိန်။ များသောအားဖြင့် တော့ ကွန်ဒိုတွေမှာ လုံခြုံရေးဝန်ထမ်းတွေ ရှိတတ်ပါတယ်။ အဲဒီကွန်ဒိုအကြောင်းတော့ ကျမ မသိပါဘူး။ အဲဒါနဲ့ ကောင်မလေးက ဓာတ်လှေကားက အထွက်၊ ကော်ရစ်ဒါအချိုးလေးနားမှာ လူတစ်ယောက်က သူ့ပိုက်ဆံအိတ်ကို ဆွဲလု ပြေးပါသတဲ့။ သူကလည်း လွှတ်မပေးပဲ အတင်းဆွဲသွားတော့ ဓားနဲ့ ထိုးသွားတာလို့ ပြောပါတယ်။ ရင်နာစရာကောင်းတာက သူ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ နှစ်ထောင်လေးပဲ ပါတာပါ။


လုံခြုံရေးတွေအပြည့်ရှိတဲ့ရန်ကုန်မြို့မှာဓါးပြတိုက်ခံနေရခြင်း


ကောင်မလေးကလည်း သူ့တပည့်လေးအခန်းဆီရောက်အောင်သွားတော့လည်း အိမ်မှာက ၅-တန်းအရွယ် တပည့်လေးရယ်၊ အိမ်အဖော်လေးရယ်ပဲ ရှိတော့၊ အောက်ကို ပြန်ဆင်းပြီးမှ ပြောတော့ လုယက်ဓားနဲ့ ထိုးသွားတဲ့ သူကိုလည်း မမိ၊ အငှားကားနဲ့ ဆေးရုံရောက်တော့လည်း ဓားကို ထုတ်ထားဖြစ်ပြီးဖြစ်တဲ့ ဓားဒဏ်ရာကို သေသေချာချာ မစစ်ဆေးပေးပဲ အပေါ်ယံသာ ချုပ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ အတွင်းက သွေးထွက်လွန်လို့ အခြေအနေပိုဆိုးပြီး ဆုံးသွားတာလို့ ကြားရတာပါပဲ။

တဆင့်စကားကြားရတာဆိုပေမယ့် သေချာတာကတော့ ပညာတတ် အမျိုးကောင်းသမီးလေးတစ်ဦး နေ့ခင်းကြောင်တောင် မြို.လယ်ကောင်ကြီးမှာ ပိုက်ဆံ နှစ်ထောင်တည်းပါတဲ့ ပိုက်ဆံအိတ်ကို ကာကွယ်ရင်း ဓားထိုးခံရပြီး အသက်တစ်ချောင်း ဆုံးပါးသွားခဲ့ရတာပါ။

ကျမတို့ မြို့မှာ လုံခြုံရေးတွေမှ အပြည့်ရယ်။ လုံခြုံရေးတွေ.... အများကြီးမှ အများကြီးပါပဲ။ လက်နက်ကိရိယာတွေ အပြည့်အစုံတွေနဲ့...။ ဒီလောက်လုံခြုံရေး တင်းကြပ်နေတဲ့ ကြားကတောင်နော်.... လုံခြုံမှု အားနည်းနေသေးတယ်ဆိုရင်တော့... ခုတ်ရာ တခြား ရှရာ တလွဲများ ဖြစ်နေတာလား။ ဒါမှ မဟုတ် အဲဒီ လုံခြုံရေးဆိုတာတွေက ကျမတို့ ပြည်သူတွေနဲ့များ မသက်ဆိုင်လေရော့သလားပဲ...နော်။

Rest of your post

1 comment :

Anonymous said...

All Security forces are deployed in Yangon are trained and responsible for how to crack down on turmoil like Saffaron Revolution but not to save or protect people.