Tuesday 24 February 2009

ဒီရေ လို ဖြစ်နေတဲ့ စတော့ရှယ်ယာဈေးကွက်

နယူးယောက် စတော့ ဈေးကွက် မှာ စိတ်ပျက်နေသူတဦး

-မြတ်စိုး-

အမေရိကန် စတော့ရှယ်ယာဈေးကွက်မှာ ဒေါင်းဂျုံး (Dow Jones) အညွှန်းပြကိန်းဟာ မနေ့က ၂၅၀.၉ အမှတ် (သို့) ၃ ဒသမ ၄ ရာခိုင်နှုန်း တနေ့တည်း ထိုးကျသွားတာကြောင့် ၁၂ နှစ် အတွင်း အနိမ့်ဆုံးအမှတ် ၇၁၁၄ ဒသမ ၈ ကိုရောက်ရှိ ခဲ့ပါတယ်။ စတော့ရှယ်ယာဈေးကွက်မှာ ဈေးနှုန်းတွေကျဆင်းသွားတာကြောင့် ရေနံစိမ်း တစ်ပေပါ ဟာလည်း အမေရိကန် ၃၈ ဒေါ်လာထိ မနေ့က ထိုးကျဈေးပေါက်ခဲ့ပါတယ်။

မနေ့က အမေရိကန် စတော့ရှယ်ယာဈေးကွက်မှာ ဒေါင်းဂျုံး (Dow Jones) အညွှန်းပြကိန်း ကျဆင်းသွားပြီး ဈေးပိတ်သွား သလို၊ ဒီနေ့ မနက် ဟောင်ကောင်ရှိ စတော့ရှယ်ယာ ဈေးကွက် မှာလည်း ဟောင်ကောင် အညွှန်းပြကိန်းဟာ ၅၁၉ ဒသမ ၄၅ (သို့) ၃ ဒသမ ၉၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၁၂၆၅၅ ဒသမ ၆၅ အမှတ် နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

ဒီလို စတော့ရှယ်ယာဈေးကွက်မှာ ထိုးကျနေတာဟာ အမေရိကန် ဘဏ်ကြီးတွေဖြစ်တဲ့ စီးတီဘဏ် ( Citibank) နှင့် Bank of America အပါအ၀င် ဘဏ်တော်တော်များများဟာ အစိုးရဆီက ငွေကြေးကျားကန်မှု အထောက်အပံ့တွေ ရရှိထားသော်လည်း ဆက်လက် ငွေကြေးထပ်မံတောင်းဆိုနေမှုတွေကြောင့် အစိုးရက ဒီဘဏ်တွေရဲ့ ပိုင်ဆိုင်မှု ရှယ်ရာတွေကို ထိမ်းချုပ်သွားမှာကို စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြုပ်နှံသူတွေ၊ စတော့ရှယ်ယာ ရောင်းဝယ်သူတွေက အထူးစိုးရိမ် နေကြတာကြောင့် ဒီလိုထိုးကျနေခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ Citibank ဘဏ်ဟာ လွန်ခဲ့တဲ့လပိုင်း အတွင်းကပဲ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က ၄၅ ဘီလီယံထောက်ပံ့မှုယူထားတာကြောင့် ကုမ္ပဏီ ကို ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခဲ့ပါတယ်။

စီးပွားရေး ပညာရှင်များ နဲ့ စီးပွားရေး လေ့လာသူတွေရဲ့ သုံးသပ်ချက်ကတော့ ဒီလို အရှုံးပေါ်နေသော၊ ငွေကြေးလိုအပ်နေသော ဘဏ်များကို အစိုးရက ရေတို ၂ နှစ် ထိ ထိမ်းချုပ်စီမံခန့်ခွဲခြင်းပြုလုပ်ပြီး၊ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို ပုံမှန် လည်ပတ်လာအောင်ပြုလုပ်ခြင်းဟာ အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း၊ ဒီနည်းလမ်းကို ဆွီဒင် နှင့် အခြားဥရောပနိုင်ငံများ မှာလည်း လုပ်ဆောင်ခဲ့ကြောင်း အကြံပြု ထောက်ပြ ခဲ့ကြတယ်။

စီးတီး( Citi) ဘဏ်ရဲ့ အစုရှယ်ရာဈေးနှုန်းဟာ ၂၀၀၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၅ ရှိခဲ့ရာက ၂၀၀၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ မှာ ၂၇ ဒသမ ၃၅ ဒေါ်လာရောက်ရှိခဲ့ပြီး၊ သောကြာနေ့ မှာတော့ ၁ ဒသမ ၉၅ ဒေါ်လာ သာရှိတော့ပါတယ်။ ၁.၉၅ ထွီလီယံ တန်ဖိုးရှိတဲ့ စီးတီး( Citi) ဘဏ်ရဲ့ အစုရှယ်ရာဈေးနှုန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့ စတော့ရှယ်ယာ ဈေးကွက် ပိတ်ချိန်မှာ ၉၃ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့တယ်။ ထို့အတူ Bank of America ဘဏ်ရဲ့ အစုရှယ်ရာဈေးနှုန်းဟာ ၂ ဒသမ ၅၃ ဒေါ်လာနဲ့ ဈေးပိတ်သွားတာကြောင့် မှုလဈေးနှုန်းထက် ၉၄ ရာခိုင်နှုန်း ဈေးနှုန်းထိုးကျသွားကြောင်းသိရပါတယ်။ Goldman Sachs နဲ့ Morgan Chase ဘဏ်တွေရဲ့ အစုရှယ်ရာဈေးနှုန်းဟာလည်း သိသိသာသာ ထိုးကျနေပါတယ်။

ဒီနေ့မနက် နယူးယောက် စတော့ရှယ်ယာဈေးကွက်ဖွင့်ချိန်မှာတော့ Citibank နဲ့ Bank of America တို့ ရဲ့ ရှယ်ရာ ဈေးနှုန်းတွေ ပြန်တက်လာတာတွေ့ရတယ်။ ဒေါင်းဂျုံ ( Dow Jones) အညွှန်းပြကိန်းဟာလည်း တဖြေးဖြေး ပြန်တက် လာတာတွေ့ရတယ်။ စတော့ရှယ်ယာဈေးကွက်မှာ ဈေးနှုန်း အတက်အကျ နေ့စဉ် လျင်လျင်မြန်မြန် ပြောင်းလဲ နေတာကြောင့် အရောင်းအ၀ယ် လုပ်မှုကို ကြောက်ရွံ့နေကြတယ်။ ဒီလို ကမ္ဘာ့ဘဏ်တွေရဲ့ ငွေကြေးပြဿနာ တွေနဲ့ သူတို့ရဲ့ အစုရှယ်ရာ ဈေးနှုန်း ထိုးကျနေမှု တွေဟာ အိန္နိယ၊ဂျပန်၊ဟောင်ကောင်၊ စင်္ကာပူ၊ ဘန်ကောက်၊ ဥရောပနဲ့ လက်တင်အမေရိကန်နိုင်ငံ ရှိဘဏ်လုပ်ငန်းတွေ၊ စတော့ရှယ်ယာဈေးကွက်တွေ ဆီ ရိုက်ခတ်နေ ပါတယ်။ စတော့ရှယ်ယာဈေးကွက်မှာ အစုရှယ်ယာဈေးနှုန်း တွေဟာ အတောတန်ကြာအောင် ဒီရေလို တက်လိုက် ကျလိုက် ဖြစ်နေအုန်းမှာပါလို့ ရင်းနှီးမြုပ်နှံမှု လေ့လာနေတဲ့ စီးပွားရေး ပညာရှင်တွေ က ခန့်မှန်းထားကြတယ်။

ပြီခဲ့တဲ့ အပတ်တွေ က ဘဏ်အတိုးနှုန်းတွေ ကို သိသိသာသာတိုးမြှင့်လိုက် ခဲ့တာကြောင့် ဘဏ်တွေက ချေးငွေယူထားသူများ အထူးသတိပြု ကြ ပါလို့ စီးပွားရေး နဲ့ ဘဏ်လုပ်ငန်း ကို လေ့လာလာနေသူ ပညာရှင်များကလည်း သတိပေးမှုတွေ ထွက်ပေါ် နေပါတယ်။

Rest of your post

2 comments :

Anonymous said...

great article!!

Unknown said...

good and you have to write more.
thank for your info