Monday 23 February 2009

အာဏာ နဲ့ တာဝန် (Powers and Duties)

အာဏာ လွှဲပေး ပြီးခြင်းဘဲ အိမ်ဖြူတော် က ချက်ခြင်းစွန့်ခွာ သွားခဲ့တဲ့ သမ္မတဟောင်းများ နှင့် အတူ သမ္မသစ် အိုဗားမား

-ကိုလတ်တူး-

ပြည်သူက တိုက်ရိုက်ရွေးချယ်ခြင်းခံခဲ့ ရတဲ့ အမေရိကန်သမ္မတလောင်းများ အများစုဟာ အစိုးရထိပ်တန်း အုပ်ချုပ်သူများအနေနဲ့ ငွေကြေးတခုပဲ မက်ပြီး အရွေးခံကြတာမဟုတ်ပါဘူး။ သမ္မတ အပါအ၀င် လွှတ်တော်အမတ် များဟာ သာမန်အရပ်သားများထက် လစာ ပိုကောင်းကြတာ မှန်ပေမဲ့ သူတို့ရဲ့ Private Sector ခေါ်တဲ့ အပြင်က ကုမ္ပဏီများမှာ ၀င်ရောက်လုပ်ကိုင်ကြမယ် ဆိုရင် ၀င်ငွေရော၊ စည်းစိမ်ပါ အဆပေါင်းများစွာ ရနိုင်ကြပါတယ်။

သမ္မတ နဲ့ ဒုတိယ သမ္မတ ဟောင်းများဖြစ်ကြတဲ့ ဂျော့ဘုရှ် နဲ့ ဒစ်ချေနီ တို့ဟာ နဂိုမိရိုးဖလာ ကိုက ချမ်းသာ ကြွယ်ဝသူများ ဖြစ်ကြတယ်။ သမ္မတ ဂျော့ဘုရှ် ဟာ ၁၉၈၉ ခုမှာ တက်ဆက်ရိမ်းဂျား မေဂျာ လိဂ်ဘေ့စ်ဘော အသင်း ( Texas Ranger Major League Baseball Team) ကို အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ကျော် ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ၁၉၉၈ မှာ အဲဒီအသင်းကို အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉ သန်း နဲ့ပြန်ရောင်းခဲ့ပါတယ်။ ဒုတိယ သမ္မတ ဒစ်ချေနီဟာ ဒုတိယ သမ္မတ ရာထူးမယူခင် ဟေလီဘာတန် ( Halliburton) ရေနံကုမ္ပဏီ ကြီးရဲ့ အကြီးအကဲ (C.E.O) တဦးပါ။ ကုမ္ပဏီ မှာ အနားယူတဲ့အခါ သူ့ရဲ့ ကိုယ်ပိုင်ကြွယ်ဝမှုဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိပါတယ်။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်သမ္မတ တဦးဟာ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ နဲ့ ဒုတိယ သမ္မတ တဦးဟာ အမေရိကန်ဒေါ်လာ ၂၂၁,၁၀၀ လစာ အသီးသီးရှိခဲ့ကြတယ်။ ဒီလခအပြင် အပိုအသုံးစရိတ်နဲ့ နေအိမ် အပြည့်အစုံရရှိကြတယ်။ သူတို့နေထိုင်ရုံးလုပ်နေကြတဲ့ အိမ်ဖြူတော်(White House) မှာ အခန်း ၁၃၂ ခန်းရှိပြီး၊ ဒီအခန်းတွေထဲမှာ ရေချိုခန်း နဲ့ အိမ်သာ ၃၅ ခန်း၊ ရုပ်ရှင် ( Movie Therater) ရုံ ၁ ရုံ ၊ မီးဖိုချောင် ၃ ခန်း၊ အိပ်ခန်း ၁၁ ခန်း၊ ဧည့်ခန်းမကြီး ၃ ခန်း၊ စာကြည့်တိုက် ၁ ခန်း၊ မီးလင်းဖို ပါရှိတဲ့ အခန်း ၂၈ ခန်း၊ bowling alley ကစားခန်း ၁ ခု၊ တင်းနစ် ကစားကွင်းတခု၊ အပြေး လေ့ကျင့် နိုင်မဲ့ ပြေးလမ်း၊ ဂေါက်သီးလေ့ကျင့်ခန်း ၁ ခန်း၊ တို့ပါဝင်ပါတယ်။ သမ္မတဟာ Camp David လို့ခေါ်တဲ့ အပန်းဖြေရိပ်မြုံနဲ့ ဒုတိယ သမ္မတဟာ Number One Observatory Circle လို့ခေါ်တဲ့ ဂေဟာတခုကိုလည်း အသုံးချ နားနေခွင့် ရကြပါတယ်။ အမေရိကန် သမ္မတ တဦးဟာ ဒီစည်းစိမ်များအပြင် ကမ္ဘာမှာ အမြင့်ဆုံး အာဏာ နဲ့ တာဝန် များကို ပိုင်ဆိုင်သူများ ဖြစ်ကြ တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ အစိုးရ၀န်ထမ်းများကို တရားဝင်ခန့်အပ်နိုင်ခြင်း၊ ကာကွယ်ရေး ၀န်ကြီး ဌာနကို တိုက်ရိုက်ညွှန်ကြားနိုင်ခြင်း၊ လွှတ်တော်ဆုံးဖြတ်ချက်တွေကို ပယ်ချနိုင်ခြင်း၊ နိုင်ငံတကာ သဘောတူ စာချုပ်များ ချုပ်ဆိုနိုင် တဲ့ အခွင့်အာဏာတွေ ရှိသလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွေဟာ သက်တမ်း (၂) ကြိမ် သာ တာဝန်ထမ်းဆောင် ခွင့်ရှိရမယ်လို့ ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ သူတွေဟာ သမ္မတ သက်တမ်းကို ၂ ကြိမ် သာ သတ်မှတ်ပြဌာန်း ပေးထားခြင်းဖြင့် အာဏာရှင်စံနစ် နဲ့ အာဏာရှင်များ မပေါ်ပေါက် လာစေရန် ရည်ရွယ်ပြီး ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။

သမိုင်းမှာ ရွေးချယ်ခွင့် ခံခဲ့ရတဲ့ အမေရိကန် သမ္မတများ ဖြစ်ကြတဲ့ ဂျော့ဝါရှင်တန်မှ အစ ဘာရက်အိုဗားမား အဆုံး သူတို့အုပ်ချုပ်စဉ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုတွင်း သာမက ကမ္ဘာ့အနှံ့ နိုင်ငံများရဲ့ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ လူသားချင်းစာနာထောက်ထားထောက်ပံ့မှုအရေး၊ ငြိမ်းချမ်းရေး၊ နှင့်တည်ငြိမ်မှုရှိရေး စတဲ့ ကမ္ဘာ့အရေးအခင်း များမှာ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သောနည်းဖြင့် တာဝန်ယူဖြေရှင်း ပေးခဲ့ကြတယ်။ သူတို့ရဲ့ အာဏာဟာ နိုင်ငံတကာ အရေးတွေမှာ ထိရောက်စွာ ကယက် ရိုက်ခဲ့ရတာပါဘဲ။ သူတို့ရဲ့ ကိုယ်ရေးရာဇ၀င် ကို ပြန်ကြည့် မယ်ဆိုရင်လည်း ပညာရေးအရ ဥပဒေဘွဲ့ ၊ စီးပွားရေးဘွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးဘွဲ့ စတဲ့ အသိပညာရှင်၊ အတက်ပညာရှင် ပညာရေးနောက်ခံ ရှိကြသူတွေ၊ မိမိတို့တိုင်းပြည် အတွက် နေ့မအား ညမအား ကြိုးစား ဦးဆောင် ပြုခဲ့သူများဖြစ်ပါတယ်။ ဒီလို ကြီးမားလေးလံတဲ့ ရာထူး အရိုက်အရာကို ယူထားကြတဲ့သူတွေရဲ့ ကိုယ်ခန္ဓာစွမ်းအင် နှင့် ရုပ်ပုံသဏ္ဍန် များဟာလည်း သက်တမ်းအဆုံးမှာ များစွာရင့်ရော်လာကြတယ်။ သမ္မတ တဦး သက်တမ်းတခုရဲ့ ဖိစီးမှု လောကဓံဟာ သာမန်လူတဦးရဲ့ သက်တမ်း အနှစ် ၂၀ လောက်နဲ့ ညီမျှတဲ့ လောကဓံ စိတ်ပိုင်းဆိုင်ရာဖိစီးမှု နဲ့ ညီမျှကြတယ်လို့ဆိုတယ်။

သမ္မဟောင်း ဂျော့ဘုရှ် အာဏာလွှဲပေး ပြီးခြင်းဘဲ ပြုံးရွှင်စွာ အိမ်ဖြူတော် က ချက်ခြင်းစွန့်ခွာသွားစဉ်

ဒီပုဂ္ဂိုလ်ကြီးများရဲ့ အထူးခြားဆုံး သင်္ကေတ ကတော့ သူတို့ရဲ့ သမ္မတ သက်တမ်းတကြိမ် (သို့) နှစ်ကြိမ် အပြီးမှာ နောက်တက် လာမဲ့ သမ္မတသစ် လက်ကို ညင်သာ ချောမွေ့စွာ လူထုပရိသတ်ရှေ့ မှာ လက်ဆွဲနုတ်ဆက် အာဏာ လွှဲပြောင်း ပေးအပ်ပြီး၊ အာဏာလွှဲပေး ပြီးခြင်းဘဲ အိမ်ဖြူတော် က ချက်ခြင်းစွန့်ခွာကာ မိမိတို့ရဲ့ (Private Life) သာမန်အရပ်သား ဘ၀ ကို ပြုံးရွှင်စွာ ထွက်ခွာမှု ပြုလုပ်သွားနိုင်ခြင်းပါဘဲ။

မြန်မာ့ နိုင်ငံရေးသမားများ၊ အနာဂတ် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာကြမည့်သူများ အာဏာ နဲ့ တာဝန်ကို သိက္ခာရှိရှိ ရင့်ကျက်တဲ့ စိတ်ဓာတ်ဖြင့် တာဝန်သိသိ လက်ဆင့်ကမ်း စွန့်ခွာမှုပြုလုပ်နိုင်ကြပါစေ။


Rest of your post

2 comments :

Anonymous said...

I don't think so. (for oversea Burmese politicians and dummy military junta)

Ma Htin Par.

Anonymous said...

မြန်မာ့အလင်းက ကျော်ရဲမင်း ဆောင်းပါး ဖတ်နေရသလိုမျိုးပဲ...။ နအဖ စစ်အုပ်စုကို ဖားထားတဲ့ ဆောင်းပါးလေ...။ ဖတ်ကြည့်ပါဦး။