Sunday 8 March 2009

ဘာကြောင့် လက်နက်ကိုင်အုံကြွမှုကို မပြောကြသလဲ။

-အေးဆောင်-

ငြိမ်းချမ်းစွာစီတန်းလှည့်လည်တဲ့ သံဃာတွေ ရိုက်နှက်သတ်ဖြတ်ထောင်ချ ခံကြရပြီးတာတောင် စစ်အာဏာရှင် တို့ကို လက်နက် ကိုင် အုံကြွတိုက်ခိုက်ဖို့ မစဉ်းစားကြ၊မပြောကြတာဟာ တော်တော်ရင့်ကျက်တဲ့ ခန္ဒီပါရမီရှင် တွေ ဖြစ်နေကြလို့ဘဲလား၊ ဒါမှမဟုတ်အကြမ်းဘက်သမားလို့ အခေါ်ခံရမှာစိုး လို့လား၊ဒါမှမဟုတ် NGO တွေက ထောက်ပံကြေးဖြတ်မှာစိုးလို့လား၊ ကိုယ့်အမျိုးအချင်းချင်းမို့ သွေးထွက်သံယို မဖြစ်ချင်တဲ့ မျိုးချစ်စိတ် ကြောင့် လား၊ သေနတ်ကိုမကိုင်တတ်ကြလို့လား၊ တယောက်ယောက်ကလုပ်မပြလို့လား၊ ခေါင်းဆောင်သူ မရှိလို့လား။ ဒီလို“လား”တွေ အများအပြားထဲမှာ ကျွန်တော်တို့ ဘယ်လိုစဉ်စား အဖြေရှာရမလဲ။

ကျွန်တော့်အနေနဲ့တော့ ဒီနေ့သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင်စစ်ဗိုလ်တွေဟာ အမျိုးချစ်စိတ် ဆိုတာ မရှိကြတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက်ထားရပါတယ်၊ ဒါအတွက် အထောက်အထားတွေက ၁၉၆၂ ခု ဇူလိုင်၇ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို သတ်တာကစပြီး ငွေသိမ်းမှုတွေ၊ ဦးသန့် အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ၈၈ ခုကျောင်းသားတွေ ကို အစုအပြုံလိုက်သတ်တာ၊ ၉ဝခု ရွေးကောက်ပွဲရလာဒ် အတိုင်း အာဏာမလွှဲပေးတာ၊ ဒီပဲယင်းလို နိုင်ငံတော်ဆိုသူတွေက ဦးစီးတဲ့အကြမ်းဘက် သတ်ဖြတ်မှုမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့အတွက် ဆန္ဒပြသူတွေကို အကြမ်းဘက်ဖိနှိပ်တာ၊ နောက်ဆုံး သံဃာ တွေကို မြင်မကောင်းလောက်အောင် သတ်ဖြတ်ညှင်းပမ်းတာတွေ၊ နာဂစ်မုန်တိုင်းခံရသူတွေကို အမြန်မကူဘဲ လက်ပိုက်ကြည့် နေရက်တာတွေဟာ စစ်အာဏာရှင်တွေအနေနဲ့ မျိုးချစ်စိတ် လုံးဝမရှိတာကို အထပ်ထပ် အခါခါပြနေတာပါဘဲ။ ဒီတော့မျိုးချစ်စိတ်ဟာ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာ မှာ အသုံးဝင်တဲ့ ဆေး မဟုတ်တော့ပါဘူး။ ဒီတော့မေ့လိုက်ရပါတော့မယ်။ ဖိနှိပ်သူလူတန်းစားကို ဆန့်ကျင်ရတဲ့ အတန်းအစား တိုက်ပွဲအမြင်နဲ့သာ တော်လှန်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။

သွေးထွက်သံယိုတာကို မလိုလားလို့ သွေးထွက်သံယိုမှုနည်းသွားပါသလား။ ဗုံးဆံတခုဟာသင့် ပေါင်မှာ စိုက်ဝင်နေတယ်ဆိုပါစို့၊ ဒီအဆံကို သွေးထွက်ခံ ခွဲမထုတ်ဘဲ အနာမခံဘဲ သက်သာလာမယ်ထင်ပါသလား။ ဒီအတိုင်းပါဘဲ ဒီနေ့ စစ်အာဏာရှင် စနစ်ဟာ ကျွန်တော်တို့အသားထဲမှာ စူးဝင်နေတဲ့ ဗုံးစလိုပါဘဲ အနာမခံမထုတ်ပယ်ရင် ကျွန်တော်တို့ အသက်ကိုတောင်ရန်ရှာစရာရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ အနာခံအပင်ပန်းခံတိုက်ဖျက် ကြ ရ ပါလိမ့်မယ်။ စူးနေတဲ့ ဗုံးဆံဟာ အလိုလိုဘယ်တော့မှ မထွက်လာပါ။ လေ့လာရတဲ့စကားတခုက“စစ်ထက်ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက် ခြင်း” တဲ့။

မျိုးချစ်စိတ်လဲမရှိ လူထုတွေအတွက်လဲ ဘာမှမလုပ်ပေး စစ်ဗိုလ်ချုပ်တွေအတွက် မျက်စ်စုံမှိတ် မိုက်မိုက် ကန်းကန်း ရက်စက်ပြနေတဲ့ လက်ပါးစေ စစ်ဗိုလ်စစ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေး နဲ့ ပိုမိုသွေးစုတ်နိုင်အောင်လုပ်ပေးနေတဲ့ ပြည်သူကိုဆန့်ကျင်ရေး ကြေးစားများသာဖြစ်ကြတယ်။ ဒီလိုဖြစ်နေ တာကို နီးစပ်ရာ နအဖတပ်မှူးတပ်သားတွေကို ရှင်းပြပြီး အမြန်ဆုံး လက်နက်ကိုင် အုံကြွနိုင်အောင် တိုက်တွန်းအားပေးကြရမယ်။ သူတို့စစ်တပ်တွေ၊ ဘားတိုက်တွေ၊ ကင်းတဲတွေထဲက ထွက်ပြေးအောင် အားပေးကြရမယ်။

သီးခံတယ်ဆိုတာဟာ အတိုင်းအတာ ရှိပါတယ်။အတိုင်းအတာ အကန့်အသတ်မရှိရင် ကျွန်တော်တို့ အစဉ်အဆက်ဒီလိုဘဲ စစ်အာဏာရှင် စံနစ်အောက်မှာ ပြားပြားမှောက်ရင်း အရိုးတွေဆွေးကုန်ကြမယ်၊ အခု စစ်အာဏာရှင် မြန်မာပြည်မှာ ကြီးစိုးနေခဲ့တာ ၆၂ ခုနှစ်ကစ တွက်ရင် ရာစုနှစ်တဝက်ရှိ ရော့မယ်။ ကျွန်တော်တို့ကိုယ်ကိုပြန်ကြည့်ပါ ၊ ဖိနှိပ်ခံဘဝက ကျွတ်လွတ်ပါရဲ့လား၊ ကြီးပွါးလာဖို့မဆိုထားနဲ့ ယခင်မိဘဖိုးဖွါးတို့ အဆင့်အတန်းမျိုးရှိသေးရဲ့လား။

လူ့ဂုဏ်သိက္ခာဆိုတာက ဘယ်မှာလဲ။ ဒီတော့ နိုင်ငံခြားသားတဦးကမေးတယ် “ခင်ဗျားတို့က စစ်အာဏာရှင် ကိုနိုင်ဦးမှာလား”တဲ့ ။ ကျွန်တော်တို့ငုံ့ခံချည့်နေ နေလို့ သူတပါးရဲ့ အထင်သေးအမြင်သေးတာကို ခံကြရပါလိမ့်မယ်။ သီးခံသင့်တဲ့ကာလတွေ ကုန်လွန်သင့် တာကြာပြီ တိုက်ပွဲကိုသာဝင်ရပါတော့မယ်။

စစ်အာဏာရှင်တွေက ရာစုနှစ်ဝက်လောက် အကြမ်းဘက်လာတာကို ဘယ်သူတွေက အခိုင်အမာ အပြစ်တင် ခဲ့ကြလို့လဲ အခုဆိုနိုငံတကာက ၂ဝ၁ဝ ရွေးကောက်ပွဲကို အကွယ်အကာယူပြီး နအဖနဲ့ပေးအယူလုပ်ဖို့၊ နအဖကို အလှချယ်ပေးချင်သူတွေ ပေါ်လာနေတယ်။ ကျွန်တော်တို့မှာ ကိုယ်အခွင့် အရေး အတွက် ကိုယ်တိုက်ပွဲ ဝင်ရမှာကိုတောင် အကြမ်းဖက်သမားလို့ နံမည်တပ်ခံရမှာကြောက်နေရတာက အပြင်ကလူတွေသိရင် ရီကြမယ် ထင်ပါတယ်။ အီရန်နိုင်ငံနဲ့ရဝမ်ဒါနိုင်ငံတွေရဲ့ဖြစ်စဉ်ကို ဘယ်သူက ကြမ်းတယ်နုတယ် အခုပြောကြပါသလဲ။ အောင်ပွဲရတဲ့ သူတွေကို ဘယ်သူက အပြစ်တင်ကြမှာလဲ၊ အပြစ်တင်ရင်တောင် ဘယ်လောက်ကြာကြာတင်နိုင်မှာလဲ။ အောင်ပွဲကဘဲ နောက်ဆုံး လက်တွေ့ အမှန်တရားဖြစ်လာမှာပါ။

NGO တွေဆီက အကူအညီဖြတ်မှာကြောက်ရင်တော့ တော်လှန်ရေးမလုပ်ဘဲ လူမှုရေး သက်သက်လုပ်ရင် ကောင်းမယ်။ အခုဟာက တော်လှန်ရေးနဲ့လူမှုရေးဟာ မတူတာကို သိကြပေမဲ့ ငွေမျက်နှာကို ထောက်နေ ကြတာကို တွေ့ရတယ်။ NGO တွေကငွေတွေကို အသနားခံပြီး သူတို့တိုင်းပြည်ကပြည်သူတွေဆီက တောင်း လာတာပါ။ဒီတော့ တိုက်မယ်ခိုက်မယ်ဆိုရင် သူတို့ကမပေးချင်ဘူး။ “တော်လှန်ရေး” ဆိုတဲ့စကားလုံးဆို ပိုတောင်ကြောက်သေးတယ်။ ကျွန်တော်တို့ အနေနဲ့တောင်ရမ်းရတဲ့ ငွေမှီပြီးမှ တော်လှန်ရေးလုပ်ရမယ်ဆိုရင် သူများရဲ့မယားငယ်အလုပ်ခံရ သလိုဖြစ် နေမယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓါတ်နဲ့ တိုက်ခိုက်ရေးစိတ်ဓါတ်ကို မြှင့်တင်ရင်း တော်လှန်ရေးလမ်းကို လျှောက်ကြရမှာပါဘဲ။

တော်လှန်ရေးကို အောင်မြင်အောင်မဆင်နွဲနိုင်သေးတဲ့အတွက် ခေါင်းဆောင်မှုပြဿနာကို ဆန်းစစ်ဖို့ရာ လိုလာပါတယ်။ခေါင်းဆောင်ကိုစီစစ်တာထက်သူတို့ချတဲ့လမ်းစဉ်တွေကိုစီစစ်ရမှာပါ။ခေါင်းဆောင်လုပ်သူတွေကိုပြောင်းလဲပါ။ဆင်းပေးပါပြောရမှာကသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အဖွဲ့ဝင်တွေဖြစ် တယ်။ ကျွန်တော်တို့မှာ တိုက်ရိုက်တာဝန်မရှိပါ။ လမ်းစဉ်အရ ဝေဖန်ပြောဆိုတာတော့ရှိရမှာဘဲ။ ဒီနေ့ကျွန်တော်တွေ့ရှိ နေတဲ့ ပြဿနာက ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့ နည်းနာတွေက တော်တော်များများကို ရိုက်ခတ်နေတယ်။ ပြည်တွင်းမှကျင့်သုံးရင်ရကောင်းရနိုင်ပေမဲ့ပြည်ပနဲ့တောထဲမှာ ကျင့်သုံးလိုမရဘူး။

နေရာဒေသမတူဖြစ်နေတယ်။အထူးသဖြင့်တောထဲမှာနေရတဲ့တော်လှန်ရေးသမားတွေအတွက်ပိုအခက်အခဲရှိတယ်။ စေ့စပ်ဆွေးနွေးရေးအမြင်နဲ့လုပ်ရပ်တွေက ဘယ်လောက်အထိ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးကို ထိခိုက်စေသလဲဆိုတာတော့ စေ့စပ်ထားတဲ့အဖွဲ့တွေ ဖြစ်နေပုံသာကြည့်ပေတော့။

ဒီတော့ ကျွန်တော်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး အနေနဲ့၊ နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖြုတ်ချရေးလမ်းစဉ်ကို အခိုင်အမာဆုတ်ကိုင် အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်။ အဖိနှိပ်ခံညီညွတ်ရေး၊ဘုံရန်သူဝိုင်းတိုက်ရေး အချောင်သမားဝါဒ ဆန့်ကျင်ရေး ဆိုတဲ့ အခြေံမူပေါ်မှာ ရပ်တည်တိုက်ပွဲဝင်သွားမယ်။ လမ်းစဉ်မှန်ဖို့ခေါင်းဆောင် မှုမှန်ကန်ဖို့တော် လှန်ရေးအဖွဲ့အစည်းတိုင်း သက်ဆိုင်ရာ အဖွဲအစည်းအလိုက်လုပ်ကြရမှာပါ။

ရှင်းလင်းနေတဲ့ မြင်ကွင်းက စစ်အာဏာရှင် ဖိနှိပ်သူတွေက အလိုလိုမဆင်းသွားသလို၊ ခေါင်းဆောင်ဆိုသူတွေ ဟာလဲ သူ့ဟာသူဆင်းမဲ့သူ အင်မတန် နည်းမှာဘဲ။ တော်လှန်ရေးဆိုတာ အောက်ခြေအဆင့်ဆင့်က လုပ်သွားရပါလိမ့်မယ်။ ဖိနှိပ်သူနအဖစစ်အာဏာရှင်တွေကအဖိနှိပ်ခံပြည်သူတွေကိုတန်ဖိုး ထားလေးစားဖို့ ဆိုတာမပြောနဲ့ လူလိုသူလိုတောင် အသိအမှတ်မပြုတော့ ကျွန်တော်တို့လုပ်ရမှာ ကစကားပြောပွဲ မဟုတ်၊ စေ့စပ်ပွဲမဟုတ်စစ်အာဏာရှင်ဖိနှိပ် သူတွေကိုအကြမ်း နည်းနဲ့ဖယ်ရှားဖို့အတွက်အ ဖိနှိပ်ခံပြည် သူအားလုံးကဝိုင်းဝန်းတိုက်ဖျက်ကြဖို့ဘဲဖြစ်တယ်။ ပြည်သူ့စွမ်းပကားကိုယုံ ရင်ပေါ့။ မယုံ တဲ့လူတွေက တခြားနည်းလမ်း လုပ်ပေါ့။ ဒါကသူ့လမ်းကိုယ့်လမ်းဘဲ။

ကျွန်တော်တို့ဘက်မှာ ပြတ်သားတဲ့ အမြင်နဲ့တိုက်ပွဲဝင်မှ ပြည်သူတွေရဲ့ ပြတ်ပြတ်သားသားအင်နဲ့အားနဲ့ ထောက်ခံတိုက်ပွဲ ဝင်လာ ကြမှာ ဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်က ဘာမှတိုက်ပွဲမဝင်ဘဲ ရန်သူထံက တောင်းဆိုမှုသက်သက်၊ နိုင်ငံတကာကို အပူကပ်သက်သက်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့အားကိုးမှု၊ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေကျဆင်းသွားယုံသာမက စစ်အာဏာရှင်ရဲ့လှဲ့ကွက်ထဲမှာ NGO တွေရဲ့ကြိုးဆွဲရာထဲမှာ တဝဲဝဲလည်နေနေရမှာပါဘဲ။

ဦးရွှေအုန်းလို “ရတဲ့နေရာကနေ လုပ်ရမယ်” ဆိုရင်တော့ သူရတဲ့နေရာက သူလုပ်ပါစေ။ ဝိဓူရဦးချစ်မောင်လဲ ဒီလိုလုပ်ခဲ့တာပါဘဲ။ ကျွန်တော်တို့က ရန်သူပေးတဲ့နေရာမဟုတ်ဘဲ ကိုယ်ဘာသာတည်ဆောက်ယူတဲ့ နေရာက ထိမိပြတ်သားတဲ့တော်လှန်ရေး၊ အမြင့်ဆုံးဖြစ်တဲ့လက်နက်ကိုင်တော်လှန်ရေး။ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး ကို မြင့်မြင့်မားမား ရည်မှန်းချက်နဲ့လုပ်ရမှာပါ။

ကျွန်တော်တို့ဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ တရွေ့ရွေ့ ဖြစ်စဉ်သမားတွေမဟုတ်ဘူး။ ဒီနေ့လုပ်ရမည့် အလုပ်က စစ်အာဏာရှင်စံနစ်ကို အမြစ်ကနေ တော်လှန်မှ ပြည်သူတွေရဲ့ဘဝဟာ သာယာဝပြောနိုင်မယ်။ စစ်အာဏာရှင်တွေရဲ့ တီးလုံးအတိုင်းလိုက်ကယပြီး မရေရာမသေချာတဲ့ မျှော်လင့်ချက် အိမ်မက်တွေပေါ်မှာ မှီခိုနေလို့မရဘူး။စစ်ဗိုလ်ချုပ် တစုလောက်ကို ဝိုင်းညှပ်ထားဖို့စိတ်ကူးတဲ့ အေးလွင်ဆိုတဲ့ လူက သူကိုယ်တိုင်က သိုးဖြစ်နေပြီး စစ်ဗိုလ်ချုပ်က မြေခွေးဖြစ်နေတယ်ဆိုတာသူမသိရှာတော့၊ ကြောင်ကို ချူဆွဲမည့် ကြွက် အိမ်မက်သာဖြစ်နေတော့တယ်။ ဗိုလ်နေဝင်းတယောက်ကို အားကောင်းတဲ့ ဦးနုအစိုးရက နိုင်အောင် ထိန်းချုပ်နိုင်ခဲ့သလား ပြန်စဉ်းစားကြည့်သင့်တယ်။ အာဏာဟာ ဘယ်ကလာသလဲဆိုတာကို မမေ့သင့်ဘူး။

သူတို့တတွေ စိတ်ကူးယဉ်မှုကို သူတို့မသိပေမဲ့ ပြည်သူတွေက သိပါတယ်။သူတို့က ရန်သူရဲ့လိုင်စင်ရ နိုင်ငံရေးသမားဆိုတော့ လိုင်စင်မရတဲ့သူ တွေကြားမှာ တမူးသာသလိုလို၊ သူတို့ဟာ ပြည်သူတွေရဲ့ ဆန့်ကျင်တာကို တနည်းမဟုတ်တနည်းခံရမှာပါဘဲ။

ဒီနေ့ကျွန်တော်တို့ လုပ်ရမည့်အလုပ်ဖြစ်တဲ့ စစ်အာဏာစစ်တိုက်ဖျက်ရေးဟာယနေ့သမိုင်းပေးတာဝန်ဘဲ။ လူထုတိုက်ပွဲနဲ့လက်နက် ကိုင်တိုက်ပွဲပေါင်း စပ်ဖို့ ဘဲ။တခြားလမ်းလွှဲလမ်းခွဲတွေက လက်နက်ကိုင် အုံကြွရေးအလုပ်ကို မထိခိုက်ဖို့ ကျွန်တော်တို့ အမြဲတမ်းထိမ်းသိမ်းတည့် မတ်သွားရပါမယ်။ တော်လှန် ရေးရဲ့အမြင့်ဆုံးလက္ခဏာဖြစ်တဲ့ လက်နက်ကိုင် အုံကြွပုန်ကန်မှုကို ဦးတည်လုပ်ဆောင်ကြရမှာဘဲ။ ရည်ရွယ်ချက်က နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့၊အမြစ်မကျန်လှန်ပစ်ဖို့ဖြစ်တယ်။ စေ့စပ်ဖို့၊ဆွေးနွေးဖို့၊ အတုအယောင်ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်ခံ၊ အချိန်ကုန်ခံဖို့မဟုတ်ဘူး။

အဖိနှိပ်ခံတို့ညီညွတ်ကြ။
အချောင်သမားဝါဒဆန့်ကျင်ကြ။
စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
မတ်လ၊ ၃ ၊ ၂ဝဝ၉။


Rest of your post

2 comments :

Anonymous said...

I definately agree with you.

Anonymous said...

me too. we must.