Thursday 2 April 2009

ခေတ်သစ် ဆွေမျိုးစု နိုင်ငံရေး နှင့် အကျင့်ပျက်ခြစားမှု

ဗြိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ကို ညီမဖြစ်သူနေအိမ်မှာ သတင်းထောက်တွေက မေးမြန်းနေစဉ်

ကေသွယ်( လန်ဒန်)

ဗြိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး Jacqui Smith ဟာ ဗြိတိန်နိုင်ငံရေး လောကမှာ အနာဂတ်မှာ အလားအလာရှိနေတဲ့ လေဘာ ပါတီရဲ့ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြု ခြင်းခံနေရသူတစ်ဦးဖြစ်ပါတယ်။ အစိုးရ၀န်ကြီးတစ်ဦး၊ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာတာနဲ့ အမျှ သူမ မှာ အတိုက်အခံ တွေက မျက်စိဒေါက်ထောက် ကြည့်ခံနေရပြီး၊ သူမရဲ့ လုပ်ဆောင်မှု တွေနဲ့ ပက်သက်ပြီး သတင်းမီဒီယာတွေမှာ ဝေဖန်ခြင်း ခံနေရတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ပြည်ထဲရေး ၀န်ကြီး ဖြစ်ကတည်းက သူမ မိသားစုနေထိုင်တဲ့ အိမ်ကို အစိုးရက ထောက်ပံ့ကူညီ ခဲ့သော်လည်း၊ သူမ လက်ရှိနေထိုင် နေတဲ့ လန်ဒန်ရှိ ညီမဖြစ်သူ နေအိမ်ကို သူမရဲ့ ဒုတိယ နေအိမ်အဖြစ် အစိုးရထံမှ ပေါင်စတာ လင် ၁၁၆,၀၀၀ (အမေရိကန် ဒေါ်လာ ၁၆၄, ၀၀၀ )တောင်းခံခဲ့ မှုအပေါ် အတိုက်အခံနိုင်ငံရေး ပါတီတွေက စုံးစမ်း စစ်ဆေးမှု တွေပြုလုပ်ဖို့ အစိုးရ ကို တောင်းဆိုခြင်းခံနေရပါတယ်။ ဒီလို ပြစ်တင်ဝေဖန် ခံနေရပြီး၊ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေတဲ့ အချိန်မှာပဲ၊ လစာ ပေါင်စတာလင် ၄၀, ၀၀၀ ( အမေရိကန် ဒေါ်လာ ၅၆, ၀၀၀) ၀င်ငွေရှိတဲ့ သူမရဲ့ ခင်ပွန်း ဖြစ်သူ သူမရုံးခန်း မန်နေဂျာ တင်နီစမစ် (Timeny Smith) က ပြန်ကြားဆက်သွယ်ရေးနဲ့ ပက်သက်ပြီး ပေါင်စတာလင် ၆၇ ပေါင် (အမေရိကန်ဒေါ်လာ ၉၅) ဒေါ်လာ ကုန်ကျခဲ့မှုအပေါ် အစိုးရက ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ရာမှာ သူကိုယ်တိုင်ကြည့်ခဲ့တဲ့ အပြာရောင် ရုပ်ရှင် နှစ်ကားစာ ပေါင်စတာလင် ၅ ပေါင် (အမေရိကန်ဒေါ်လာ ၇ ဒေါ်လာ ) ပါဝင်နေကြောင်း ကို ဗြိတိန်အစိုးရ ရဲ့ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်။

သူမ ရဲ့ ခင်ပွန်းဖြစ်သူ တင်နီစမစ် ( Timeny Smith) က သူဟာ မှားယွင်းစွာ တောင်းဆိုခဲ့မှုဖြစ်ကြောင်း ၀န်ခံခဲ့ပေမဲ့၊ သူ့ရဲ့ ဇနီး ပြည်ထဲရေးဝန်ကြီးနှင့် ထိပ်တန်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ Jacqui Smith က တော့ အရှက်တကွဲဖြစ်သွားခဲ့ရတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံရေးခေါင်းဆောင်တွေ အတွက်တော့ သင်ခန်းစာ တစ်ခုပါဘဲ။ မိမိဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက် မည်သို့ပင် အနှစ်နာခံ ကျိုးစားပြီး တာဝန်ထမ်းဆောင် နေပင်မဆို၊ မိမိတို့ ရဲ့ အနီးစပ်ဆုံးမိသားစုဝင် တွေကြောင့် အရှက်တကွဲ မဖြစ်ဖို့ကိုတော့ သတိထား အလေးအနက်ပြုသင့်တယ်။ ပြည်သူတွေ၊ အခွန် ပေးဆောင်နေသူတွေဟာ အမြဲတမ်း စောင့်ကြည့်နေကြတယ်ဆိုတာ မမေ့သင့်ပါဘူး။ ပေါင်စတာလင် ၅ ပေါင် ( အမေရိကန်ဒေါ်လာ ၇ ဒေါ်လာ ) ဟာ ဘာမှတန်ဖိုး မရှိပေမဲ့ ၊ အစိုးရမှာ တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့ ဒီလို ပြည်သူတွေရဲ့ အခွန်ငွေအပေါ် ဖောက်လွဲဖောက်ပြန်ပြု၊ ကိုယ်ကျိုး ကြည့် အကျင့်ပျက်ပြုလုပ် နေမှုဟာ ခေတ်သစ် ဆွေမျိုးစု နိုင်ငံရေး လောကမှာ ဒီငွေကြေးပမာဏထက်တောင် ပိုမိုပေးဆပ်ရလိမ့်မယ် ဆိုတာ ဖော်ပြနေတာပါပဲ။

ကေသွယ် ( လန်ဒန်)

Rest of your post

No comments :